← Chapters

လေးပွင့်ဆိုင်ဒိတ်

Vol. 10 Ch. 12

လေးပွင့်ဆိုင်ဒိတ်

Vol. 10 Ch. 12

“သခင်မရှင့်၊ ထပါတော့။ ဒီနေ့အပြင်သွားရဦးမှာမဟုတ်လား။”

မနက်ငါးနာရီခွဲရုံရှိသေးတယ် အေမီက သူ့ကိုယ်ပေါ်ခြုံထားတဲ့ စောင်ကိုခပ်ကြမ်းကြမ်းဆွဲဖယ်ပစ်လိုက်တဲ့အတွက် မက်ဒါနာအရိုးကွဲလုမတတ်ချမ်းသွားပြီး ကိုယ့်ကိုယ်ကိုယ်ဖက်ထားမိလိုက်တယ်။ တစ်ချိန်တည်းမှာပဲ အေမီရဲ့မျက်နှာကိုကြည့်လိုက်တော့ အေမီရဲ့မျက်နှာက ဆူပုပ်လို့ရယ်။

“အေမီ၊ ဘယ်လိုလုပ်ပြီး နင့်မျက်နှာက ဘီလူးမကြီးသံပုရာသီးစားမိသလိုဖြစ်နေတာလဲ။”

“ပေါက်ကရတွေပြောနေဖို့ အချိန်မရှိပါဘူးရှင့်။ ကိုယ်လက်သန့်ရှင်းသာ မြန်မြန်သွားလုပ်ပါတော့၊ မစ်မက်ဒါနာ။”

မစ်မက်ဒါနာဆိုတဲ့ခေါ်သံက မက်ဒါနာရဲ့နားထဲကို အတောင့်လိုက်ကြီးဝင်လာတယ်။ ဘာကြောင့် သူ့ကိုအေမီလေစိမ်းတွေတိုက်နေမှန်း နားကိုမလည်နိုင်တော့ဘူး။ ဒါပေမဲ့ တကယ်လည်း ဟိုသုံးယောက်နဲ့ဒိတ်ဖို့ရှိတဲ့အတွက်ကြောင့် စကားများမနေတော့ဘဲ အိပ်ရာထဲကထကာ ရေချိုးခန်းထဲ ဝင်လိုက်ပါတယ်။

ရေမိုးချိုး၊ ခေါင်းလျှော်ပြီးတဲ့နောက်တော့ မက်ဒါနာက ရေချိုးခန်းသုံးကီမိုနိုကိုဝတ်ပြီး အပြင်ပြန်ထွက်လာပါတယ်။ အေမီကတော့ သူ့ကို မနက်စာနဲ့စောင့်နေပြီးပြီ။ ဒီအတိုင်းထူးခြားမှုမရှိတဲ့ အီတလီစပါဂတီပါ။ ဝက်သားအသားတုံးတွေနဲ့ဟင်းသီးဟင်းရွက်တွေကို မြင်ရရုံကလွဲလို့ ဘာမှမရှိတာရယ်။

“မြန်မြန်စားပါ၊ ပြီးရင်အဝတ်လဲရဦးမယ်။”

“ဟုတ်... ဟုတ်ကဲ့။” အေမီက လူသတ်ချင်နေတဲ့ မျက်နှာနဲ့ပြောနေတာကြောင့် မက်ဒါနာအထွန့်မတက်ရဲဘဲ ဝင်စားပါတယ်။ မက်ဒါနာ မနက်စာစားနေတုန်းတော့ အေမီက မက်ဒါနာဝတ်ဖို့အတွက် အဝတ်တွေကို အသင့်ပြင်ပေးနေပါတယ်။ မက်ဒါနာစားလို့ပြီးတော့ ဝတ်စုံသုံးစုံက ရှေ့မှာအသင့်ဖြစ်နေပါပြီ။ တစ်ခုက အစိမ်း၊ တစ်ခုက လာဗင်ဒါခရမ်း၊ တစ်ခုက အပြာ။ အကုန်လုံးက ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်တဲ့ ပေါင်အထိဖုံးတဲ့ ဂါဝန်တွေဖြစ်နေပြီးတော့ အရောင်တူဖန်စီ လည်ဆွဲတစ်ခုစီလည်းရွေးပေးထားတယ်။

“ဝိုး... အေမီက ဖက်ရှင်နဲ့ပတ်သက်လာရင် တကယ့်ကို ဆရာကြီးပါ။”

“​သုံးထည်ထဲက တစ်ထည်ကို မြန်မြန်ရွေးလိုက်တော့...”

မက်ဒါနာက အေမီကို ခေါင်းစောင်းပြီးကြည့်လိုက်ပါတယ်။ ရေချိုးထမင်းစားပြီးတာတောင် ခုမှခြောက်နာရီကျော်တယ်ဆိုရုံလေးရှိသေးတာလေ။ ဘာလို့ ဒီဟာမလေးက တအားတွေလောနေရတာလဲ။

“အေမီ၊ ငါတစ်ခုလောက်မေးလို့ရမလား။ ဘာလို့ငါ့ကို ဒီလိုဆက်ဆံနေရတာလဲ။”

အေမီက မက်ဒါနာကို မှုန်တေတေမျက်နှာထားမျိုးနဲ့စိုက်ကြည့်လိုက်တယ်။ တကယ်မသိတာလားလို့ မေးချင်နေတဲ့ရုပ်နဲ့။ နောက်တော့ သူ့ရဲ့အိမ်စေဂါဝန်ကို လက်နှစ်ဖက်နဲ့မပြီး မက်ဒါနာကိုဦးညွှတ်ကာ ရှင်းပြလိုက်ပါလေရော။

“မစ်မက်ဒါနာက တခြားမိန်းမသုံးယောက်နဲ့ ပျော်ပါးဖို့သွားမယ်ဆိုတဲ့အတွေးက ဟောဒီတောင်ကြားက လီလီပန်းလေးကို နာကျင်စေပါတယ်။”

“ဟမ်...” မက်ဒါနာက နားကိုမလည်နိုင်တော့တာကြောင့် ခေါင်းကိုချည်းဖိကုပ်မိတော့တယ်။ ဒါပေမဲ့ အေမီကို ဆန့်ကျင်ရခက်ခဲတာကြောင့် နောက်ဆုံးမှာတော့ လာဗင်ဒါခရမ်းရောင်ဂါဝန်လေးကို ရွေးယူလိုက်ပါတယ်။ အေမီက ဂါဝန်ဝတ်ဖို့အတွက် ကူညီပေးပြီး လည်ပင်းမှာ တော်ဝင်ပြာရောင်ကျောက်ပါတဲ့ ရွှေဖန်စီလည်ဆွဲကို ဆွဲပေးလိုက်တယ်။ ရွှေအစစ်မဟုတ်ပေမဲ့ မက်ဒါနာနဲ့အတော်လိုက်ဖက်ပါတယ်။ အဲဒီနောက်တော့ ခေါင်းမှာပါ ချစ်စရာကောင်းတဲ့ ခရမ်းရောင်လီလီပန်းပုံပါ ဆံထိုးလေးထိုးပေးလိုက်တယ်။

“အေမီ၊ ဘာလို့ငါ့ခေါင်းမှာ လီလီပန်းပုံထိုးပေးတာလဲ။ ခုနကလည်း နင့်ကိုယ်နင် တောင်ကြားထဲက လီလီဆိုပြီးပြောလိုက်သေးသလိုပဲ။”

“ရှင့်ကိုသန့်စင်တဲ့အချစ်နဲ့ ချစ်မိနေတဲ့ လီလီပန်းလေးက စိတ်မကောင်းဖြစ်နေကြောင်း သင်္ကေတပါ။”

“.....” ဒီတော့မှ မက်ဒါနာသဘောပေါက်သွားတယ်။ အေမီက ကျွဲမြီးတိုနေတာပဲ။ ဒီနေ့မက်ဒါနာဒိတ်မယ့်လူစာရင်းမှာ အေမီမပါပေမဲ့ အေမီက တစ်နေကုန်သူနဲ့လိုက်ရမှာ။ ပြောရရင် အူတိုစရာဖြစ်ရပ်တွေကို မက်ဒါနာနောက်မှာနေပြီးမြင်နေရမှာလေ။

ဒါကြောင့် မက်ဒါနာလည်း မပြောမဆိုနဲ့အေမီရဲ့လက်ကိုဆွဲပြီး ပြောလိုက်ပါတယ်။ “အေမီ၊ အပြန်ကျရင် နင်နဲ့ငါနဲ့ဒိတ်ကြမလား။”

ဒါပေမဲ့ အေမီက မကျေမနပ်နဲ့မျက်နှာရှစ်ခေါက်ချိုးဖြစ်နေတုန်းပဲ။ ပြီးတော့ ခုလိုပြောလာတယ်။ “ဝတ္တရားအရဒိတ်တာကို လက်ခံရလောက်တဲ့အထိ ကျွန်မက အဆင့်မနိမ့်ပါဘူးနော်။”

“ဒါဖြင့် နင်ဘာလုပ်ချင်လဲ။”

“ညနေကျရင် အင်ပါယာစတိတ်အဆောက်အဦးပေါ်မှာ နှစ်ယောက်အတူကချင်တယ်။”

“ကိစ္စမရှိဘူး။” ဒီလိုနဲ့အပေးအယူဖြစ်သွားပြီး အေမီရဲ့မျက်နှာမှာ အပြုံးလေးတွေ ပြန်အစားထိုးယူလာပါတယ်။ အဲဒီနောက်တော့ မက်ဒါနာတို့က အဆောင်ကတခြားမိန်းကလေးတွေမနိုးခင် ကျောင်းဝင်းထဲကနေပြီး ခိုးထွက်ခဲ့ကြ​တယ်ဆို​ပါတော့။

...

ပထမဆုံး မက်ဒါနာချိန်းတွေ့ဖို့အတွက် ဆုံးဖြတ်လိုက်တဲ့သူကတော့ ဖလေရာပါ။ မနက်ကိုးနာရီဒေါင်ဆိုတာနဲ့ မက်ဒါနာကို အေမီက ငှားထားတဲ့သံရုံးကားပေါ်ကနေဆင်းခိုင်းပြီး ဘားနက်ပန်းခြံထဲကို ဝင်ခိုင်းတော့တာပဲ။

“ကောင်းကောင်းသွားပါ မမလေး၊ နားထဲက လျှို့ဝှက်နားကျပ်ကိုလည်း မပျောက်စေနဲ့ဦး။” သူက သတိပေးလိုက်တယ်။

“သူနောက်ကျနေတာလား။” ပန်းခြံကို တစ်ပတ်ပတ်ကြည့်ပြီးတဲ့နောက် ဖလေရာကို မတွေ့ရသေးတဲ့အတွက် မက်ဒါနာက သက်ပြင်းချလိုက်ပါတယ်။ တကယ်တော့ ဖလေရာနောက်ကျနေတာမဟုတ်ဘဲ သူတို့နှစ်ယောက်က စောနေတာ။ ဒါနဲ့ပဲ မက်ဒါနာက ပန်းခြံရဲ့အလယ်မှာရှိတဲ့ ​ရေဖလားပုံရေပန်းကြီးနားက ခုံတန်းမှာဝင်ထိုင်နေလိုက်တယ်။ အဲဒီနောက် ဖုန်းက နာရီကိုငုံကြည့်ဖြစ်တယ်ဆိုပေမဲ့။

“တောင်းပန်ပါတယ်၊ ကျွန်မနောက်ကျသွားတာလား။” ဖလေရာရဲ့အသံကိုကြားလို့ မက်ဒါနာမော့ကြည့်လိုက်တော့ ဖလေရာဟာ သူမြင်ဖူးသမျှထဲမှာ အလှဆုံးဝတ်ဆင်ထားတာကို တွေ့လိုက်ရပါတယ်။

ဖလေရာက လူကြီးလူကောင်ဆန်ပြီး ယဥ်ယဥ်လေးလှပတဲ့ ဇာနားပါအဖြူရောင်ဘလောက်ဇာ လက်ရှည်အင်္ကျီကိုဝတ်ထားပြီး အင်္ကျီရဲ့ရင်ဘတ်ကျယ်သီးနေရာမှာ သူနဲ့လိုက်ဖက်တဲ့အနီရောင်ကျောက်မျက်တစ်လုံးကို ဝတ်ဆင်ထားပါတယ်။ အနက်ရောင်ဘောင်းဘီရှည်နဲ့အညိုရောင်ဒေါက်ဖိနပ်ကို ဝတ်ဆင်ထားပြီး ရင့်ကျက်လှပတဲ့ စီအီးအိုမိန်းကလေးဟာ ဒီနေ့အတွက်တော့ ဆွေကြီးမျိုးကြီးအိမ်တော်တစ်ခုကနေ အိမ်အပြင်ထွက်လာတဲ့ သခင်မလေးလိုထင်ရပါတယ်။

“ဖလေရာ၊ နင်က လှနေတော့တာပဲ။” မက်ဒါနာက ချီးကျူးလိုက်တဲ့အတွက် ဖလေရာရှက်သွေးဖြာသွားတယ်။ အဲဲဒီနောက်တော့ ဖ​လေရာက မက်ဒါနာရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီး ပြုံးပြလိုက်တယ်။

“မင်းလေးလည်း သိပ်လှနေပါတယ်၊ မက်ဒါနာ။”

ရုတ်တရက်ချီးကျူးခံလိုက်ရတဲ့အတွက် မက်ဒါနာရင်ထဲ တစ်မျိုးတစ်မည်ဖြစ်သွားတယ်။ သူတို့အချိန်အတော်ကြာတဲ့အထိ စကားစပြတ်သွားပြီးတဲ့နောက်မှာတော့ မက်ဒါနာက တိတ်ဆိတ်မနေတော့ဘဲ စကားစဖို့ ကြိုးစားလိုက်ပါတယ်။

“ဘားနက်ပန်းခြံက နေရာကောင်းလေးပဲနော်၊ သိပ်မကျယ်ပေမဲ့ပေါ့။”

တကယ်လည်း ဘားနက်ပန်းခြံဆိုတာက အရမ်းကျယ်တဲ့နေရာမဟုတ်ဘူး။ နယူးယောက်မြို့ရဲ့အထပ်မြင့်တိုက်တာပင်လယ်ကြီးအလယ်မှာ ရှိနေတဲ့ ကျွန်းလေးတစ်ခုလိုပါပဲ။ ဖလေရာကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။

“အင်း၊ အရင်ကဆိုရင် ဒီနေရာကို ခဏခဏလာဖြစ်တယ်လေ။ ကုမ္ပဏီမှာ အလုပ်ရှုပ်ပြီးဖိအားတွေများလာရင် ခဏလာအပန်းဖြေဖြစ်တဲ့နေရာပေါ့။”

အဲဒီနောက်တော့ ဖလေရာက ထိုင်နေရာကနေ ထလိုက်ပြီး မက်ဒါနာရဲ့လက်ကိုဆွဲလိုက်တယ်။ “ခဏလောက် လမ်းအတူလျှောက်ကြမလား။”

မက်ဒါနာကလည်း ငြင်းစရာမရှိတဲ့အတွက် ခေါင်းကိုညိတ်ပြလိုက်တယ်။ သူတို့နှစ်ယောက် မြက်ခင်းဘေးမှာရှိတဲ့ ကတ္တရာလမ်းလေးအတိုင်း လျှောက်ဖြစ်ကြတယ်။ ဘားနက်ပန်းခြံက မြို့လယ်ခေါင်မှာဖြစ်လို့ တိတ်ဆိတ်တဲ့နေရာတော့မဟုတ်ဘူး။ လူတွေအများကြီးရှိနေပြီး စာဖတ်တဲ့သူတွေနဲ့ဖုန်းထိုင်သုံးတဲ့သူတွေနဲ့ပါ။

မက်ဒါနာက လမ်းလျှောက်နေရင်းကနေ ပန်းခြံနဲ့ကပ်လျက်မှာရှိနေတဲ့ ကလေးတွေစီးတဲ့ မြင်းစီးချားရဟတ်ကိုတွေ့သွားပြီး ရှက်စရာအတွေးတစ်ခုပေါ်လာတယ်။ ဘေးကနေ မက်ဒါနာရဲ့အရိပ်အခြေကို ကြည့်နေတဲ့ ဖလေရာကလည်း ချက်ချင်းသတိထားမိသွားပြီး

“မင်းသမီးလေး၊ ကျွန်မနဲ့အတူ မြင်းစီးကြမလား။”

ဖလေရာက သူ့အတွေးကို လွယ်လွယ်နဲ့ဖတ်နိုင်သွားတဲ့အတွက် မက်ဒါနာရှက်သွားတယ်။ အဲဲဒီနောက်မှာတော့ ဖလေရာက မက်ဒါနာရဲ့လက်ကိုဆွဲပြီး မြင်းဖြူရုပ်တစ်ကောင်ပေါ် တင်ပေးလိုက်တယ်။ ပန်းခြံအစောင့်က ချားရဟတ်မှာလူပြည့်တဲ့အထိ စောင့်ချင်တယ်ဆိုပေမဲ့ ဖလေရာက ဒေါ်လာတစ်ရာတန်ကြီးကို လက်ထဲထည့်ပေးပြီး မျက်လုံးပြူးပြတာကြောင့် အစောင့်က စက်ကိုနှိုးပေးရလေရဲ့။

အဲဒီနောက်တော့ ဖလေရာက မက်ဒါနာနောက်ကနေ ဝင်ထိုင်ပြီး မင်းသမီးလေးကို မြင်းစီးသင်ပေးနေတဲ့ မင်းသားလေးလိုမျိုး မြင်းဇက်ကြိုးကိုကိုင်ပြီး ဟန်ပါပါနဲ့နောက်ကနေ ဖက်ထားတော့တာပဲ။

“ပြောခါမှ ငါ့တစ်ဘဝလုံး မြင်းဇောင်းအဟောင်းမှာအိမ်ငှားနေပြီး မြင်းတစ်ခါမှ မစီးဖူးဘူးပဲ။”

မက်ဒါနာက ပြောလိုက်မိတယ်။ ဆုဗာနာမှာတုန်းက မြူတန့်လိပ်ပြာကြီးစီးဖူးပေမဲ့ နတ်သမီးပုံပြင်တွေထဲက မင်းသမီးလိုမျိုး မြင်းတော့မစီးဖူးသေးဘူး။ ဖလေရာက မက်ဒါနာနားနားကိုကပ်ပြီး ပြောလိုက်ပါတယ်။

“ဒါဆို ကျွန်မရှင့်အတွက် ဗီလာမှာမြင်းတစ်ကောင်ဝယ်ပေးမယ်လေ။ မြင်းစီးသင်တန်းဆရာလည်း ငှားတာပေါ့။”

မက်ဒါနာက ဖလေရာကို လှည့်ကြည့်လိုက်တယ်။ လေအဝေ့မှာ သူ့ဆံပင်တွေ လွှင့်သွားပြီး ဖလေရာက သူ့ကိုစိန်းစိန်းဝါးဝါးကြည့်နေတယ်။ စဥ်းစားကြည့်မယ်ဆိုရင် ဖလေရာက သူတို့လက်ထပ်ပြီးရင်နေဖို့ဆိုပြီး မြို့ပြင်မှာ ဇိမ်ခံဗီလာကြီးတစ်လုံးဝယ်ထားပြီးသားလေ။ တစ်ခါက သူ့ကိုတောင် အဲဒီမှာအပိုင်သိမ်းဖို့ ကြိုးစားခဲ့သေးတယ်။

“ရပါတယ်၊ ဒုက္ခမခံပါနဲ့။” မက်ဒါနာက ငြင်းလိုက်တယ်။ ပြောရရင် သူ့အတွက် ဖလေရာကို ဒုက္ခမရောက်စေချင်ဘူးလေ။ မြင်းစီးချားရဟတ်လည်း ရပ်သွားပြီ။ လာဘ်ထိုးခံထားရတဲ့ ပန်းခြံလုပ်သားက ဆက်စီးဦးမှာလားလို့ လာမေးပေမဲ့ ကိုယ်ဖျောက်ပြီးတပ်ထားတဲ့ မက်ဒါနာရဲ့ညာဖက်နားထဲက နားကျပ်က မြည်လာပါလေရော။

တီ... တီ... (နားကျပ်က လိုင်းချိတ်သံအသံ။)

ဝူးဝူး.... (လေတိုးသံ)

“မမလေး၊ မမလေး။ အင်ပါယာစတိတ်အဆောက်အဦးရှေ့မှာ ဆိုဖီယာရောက်နေပြီ။ ဖလေရာကို လှည့်ထားခဲ့ပြီး ထွက်လာတော့။”

မက်ဒါနာက အဲဒီစကားကိုကြားတာနဲ့ဗိုက်ကိုနှိပ်ပြီးတော့ မြင်းပေါ်ကနေ ဆင်းလိုက်တယ်။ ဖလေရာလည်း စိုးရိမ်သွားတော့တာပေါ့။

“မက်ဒါနာ၊ ဘာဖြစ်လို့လဲ။”

“မနက်က ငရုတ်သီးပါတဲ့ အီတလီခေါက်ဆွဲစားတာများသွားပြီး ဗိုက်ရစ်နေတာထင်တယ်။ အိမ်သာသွားလိုက်ဦးမယ်။ ခဏစောင့်နေနော်။”

မက်ဒါနာက အဲဒီလိုပြောပြီး ပန်းခြံနားက အများသုံးသန့်စင်ခန်းထဲကို ပြေးဝင်လိုက်တယ်။ အဲဲဒီနောက်မှာတော့ လွတ်နေတဲ့ အိမ်သာခန်းတစ်ခန်းထဲကိုဝင်ကာ လက်ဖျောက်တီးလိုက်တယ်။ ဇွန်ဘီမလေးရဲ့ပေါ်တယ်က အိမ်သာခန်းထဲမှာပွင့်လာပြီး မက်ဒါနာက ပေါ်တယ်ထဲဝင်ကာ ပျောက်ကွယ်သွားပါတော့တယ်။

ခဏနေတော့ မက်ဒါနာက အင်ပါယာစတိတ်အဆောက်အဦးကြီးရဲ့ကပ်လျက် ချက်ကျောင်းရဲ့ နောက်ဖေးလမ်းကြားလေးထဲမှာ ပေါ်လာတယ်။ အေမီနဲ့ခွေးနက်ကြီးစေဘာစတိန်းက သူ့ကိုအသင့်စောင့်နေပါတယ်။

“အေမီ၊ ခုနတုန်းက နင်ဘယ်ရောက်နေတာလဲ။ လေတိုးသံတွေ တဟူးဟူးနဲ့။”

“တခြားကောင်မလေးတွေ ဘယ်ရောက်နေလဲစောင့်ကြည့်ဖို့အတွက် အင်ပါယာစတိတ်တာဝါရဲ့အင်တာနာတိုင်ပေါ်မှာ CCTV မြင်ကွင်းတွေကို စစ်ကြည့်နေတာ။ မမလေးကို အကြောင်းကြားပြီးပြီးချင်း ပြန်ဆင်းလာတာလေ။”

မက်ဒါနာက အေမီကို မျက်ခုံးပင့်ပြီးကြည့်ကာ မေးလိုက်ပါတယ်။ “အေမီရေ၊ အဲဒီအပေါ်မှာက ရှုခင်းကြည့်တဲ့သူတွေ အများကြီးနဲ့မဟုတ်လား။ နင့်ကိုမြင်မကုန်လောက်ပါဘူးနော်။”

“ကျောင်းသားဂရေဟမ်ထွင်ထားတဲ့ ကိုယ်ပျောက်လက်ပတ်ကြောင့် လုံလုံခြုံခြုံရှိကြောင်းပါ။”

အေမီက သူ့လက်မှာ လက်ကောက်လိုဝတ်ထားတဲ့ ဟီးရိုးအကူပစ္စည်းကိရိယာကို ပြလိုက်တယ်။ မက်ဒါနာက နည်းနည်းဗားရှင်းမြှင့်ထားတဲ့ မူလတီထွင်သူဂရေဟမ်ရဲ့ကိုယ်ပျောက်နည်းပညာပါ။

“ကောင်းပြီလေ၊ အခုတော့ ဆိုဖီယာဆီသွားတော့မယ်။”

“နေဦး၊ ငွေရောင်စစ်သည်သေတ္တာကိုကိုင်ထားပြီး စေဘာစတိန်းကိုစီးသွား။ အလုပ်များနေသလို ဟန်ဆောင်လိုက်။ အကြောင်းပြချက်မရှိဘဲ နောက်ကျနေမယ်ဆိုရင် သခင်မလေးကို ဟိုနတ်သူငယ်က မိုးပေါ်မြှောက်ပစ်လိမ့်မယ်။”

အေမီက သတိပေးလိုက်တဲ့အတွက် မက်ဒါနာက ငွေရောင်စစ်သည်သေတ္တာကိုကိုင်ပြီး စေဘာစတိန်းပေါ်ကိုတက်လိုက်တယ်။ သိတဲ့အတိုင်း ဆိုဖီယာတကယ်ဒေါသထွက်လာရင် မလွယ်ဘူးလေ။ ဟိုးတစ်ခါကလည်း အီဂိုကို လေပေါ်မြှောက်ပစ်ခဲ့ပြီးပြီ။

“သွားပါတော့မယ်...” မက်ဒါနာက အေမီကိုလက်ပြပြီး နောက်ဖေးလမ်းကြားထဲကနေ ထွက်လာတယ်။ အေမီကတော့ မက်ဒါနာကို အကြာကြီးထွက်သွားတော့မယ့်သူလိုမျိုး လက်ကိုင်ပဝါလေးကို ခါကာခါကာနဲ့ နှုတ်ဆက်လေရဲ့။

“ကောင်းကောင်းသွားပါ၊ မမလေး။”

....

ဝုတ်... ဝုတ်...

စေဘာစတိန်းက အင်ပါယာစတိတ်အဆောက်အဦးရှေ့မှာ ရပ်လိုက်တယ်။ လူတချို့ရုတ်ရုတ်သဲသဲဖြစ်သွားပေမဲ့ ကိစ္စတော့မရှိပါဘူး။ မက်ဒါနာက ဆိုဖီယာကိုတွေ့တာနဲ့ ခေါင်းနပန်းကြီးသွားလေရဲ့။

နတ်သူငယ်မလေးက လက်ကိုပိုက်၊ ခြေကိုဆောင့်ပြီးတော့ သူ့ကိုစောင့်နေတာ။ ဒေါသထွက်လွန်းလို့ သူ့နားမှာ လောကဓာတ်စွမ်းအင်တွေ ပတ်ချာလည်ရမ်းနေပြီး နယူးယောက်မြို့ကြီးကို အချိန်မရွေးဖျက်ဆီးပစ်တော့မယ့်အတိုင်းပဲ။

“ဆိုဖီယာ၊ ငါရောက်ပြီ။” မက်ဒါနာက ဆိုဖီယာကို လက်ယမ်းပြလိုက်တော့မှပဲ ဆိုဖီယာနားမှာရှိနေတဲ့ စွမ်းအင်တွေက ပျောက်ကွယ်သွားတယ်။

“မက်ဒါနာ၊ နင်တော်တော်နောက်ကျတာပဲ။”

“ဒီကိုလာတဲ့လမ်းမှာ လူရမ်းကားတချို့နဲ့တွေ့လို့ ရင်ဆိုင်နေရတာနဲ့...”

မက်ဒါနာက လိမ်ပြောလိုက်ပေမဲ့ ဆိုဖီယာကတော့ ယုံပုံမရပါဘူး။ သူက မက်ဒါနာကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်ပြီး သူ့ကိုယ်သူလက်ညိုးထိုးပြပါတယ်။

“မက်ဒါနာ၊ ငါက နတ်ဘုရားအသံလေ။ နင်က ငါ့ကိုလိမ်လို့ရမယ်ထင်နေတာလား။”

ဆိုဖီယာဆီကနေ ဒီစကားကြားပြီးတဲ့နောက် မက်ဒါနာရဲ့နှလုံးခုန်သံက ဘာကြောင့်မှန်းမသိ မြန်သည်ထက်မြန်လာလေရဲ့။ သူတို့အထက်တန်းကျောင်းတုန်းက တင်မီမျက်လှည့်ပြတဲ့ ဖဲချပ်တွေအားလုံးကို ဆိုဖီယာခန့်မှန်းနိုင်ခဲ့တာ မှတ်မိပြီးတဲ့နောက်မှာတော့

မက်ဒါနာက ဆိုဖီယာကို မလိမ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

“တကယ်တော့ ဒီကိုမလာခင် ဝင်စရာလေးရှိခဲ့လို့လေ။” မက်ဒါနာက အမှန်အတိုင်းပြောလိုက်ပေမဲ့ အတိအကျတော့မဟုတ်ဘူး။ ဆိုဖီယာက သံသယနဲ့သူ့ကိုကြည့်လိုက်ပေမဲ့ ဘာမှမပြောတော့ဘူး။

“ရောက်လာတာပဲ ကျေးဇူးတင်ရမယ်။ ဘာပဲဖြစ်ဖြစ်အထဲဝင်ရအောင်။”

ဆိုဖီယာက မက်ဒါနာရဲ့လက်ကိုဆွဲပြီး အင်ပါယာစတိတ်အဆောက်အဦးထဲဝင်လာတယ်။ သမိုင်းဝင်အဆောက်အဦးဖြစ်တာကြောင့် အဆောက်အဦးအကြောင်းကိုရှင်းပြမယ့် လမ်းညွန်တွေလည်း ရှိနေကြပါတယ်။

“အရာ... ချစ်စရာသမီးလေးနဲ့မေမေပါလား။ ပိတ်ရက်မှာ အတူလာလည်ကြတာလား။”

လမ်းညွန်တွေထဲက အမျိုးသမီးတစ်ယောက်က မက်ဒါနာတို့ကို စကားလာစပြောတယ်။ နတ်သူငယ်မလေးဖြစ်နေတဲ့ ဆိုဖီယာကတော့ ဒေါသထွက်လွန်းလို့အသားတွေတဆတ်ဆတ်တုန်နေပါလေရော။

“ငါက ကလေးမဟုတ်ဘူး၊ ခန္ဓာကိုယ်သေးနေတာဟဲ့။ သေးနေတာ။”

နတ်သူငယ်မလေးရဲ့စကားကြောင့် လမ်းညွန်အမျိုးသမီးက နောက်ကိုကြောက်လန့်တကြားဆုတ်ခွာသွားတယ်။ ဒီတော့မှ မက်ဒါနာလည်း ဆိုဖီယာရဲ့အသက်ကို စိတ်ဝင်စားသွားပါတယ်။ ဒါပေမဲ့ တခြားလူတစ်ယောက်ရှိနေတော့ မမေးသေးဘဲနဲ့ လမ်းညွန်က အဆောက်အဦးအကြောင်းရှင်းပြတာကိုသာ ငြိမ်နားထောင်နေလိုက်တယ်။

“ဒီအဆောက်အဦးကို ၁၉၃၀ ခုနစ်မှာ တည်ဆောက်ခဲ့တာပါ။ ၁၃လခွဲအကြာမှာပဲ ဆောက်လုပ်ပြီးစီးဖွင့်လှစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြိုခေတ်အမေရိကန်ရဲ့စက်မှုစွမ်းအားကို ပြသခဲ့ပါတယ်။ ပြီးတော့ ဖောင်တိန်ပုံစံရှိတဲ့ဒီဇိုင်းက ထိုစဥ်က နာမည်ကြီးခဲ့တဲ့ Art Deco ရဲ့အမွေအနှစ်ကို ဖော်ပြနေတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။”

ငါးမိနစ်လောက် ရှင်းပြပြီးတဲ့နောက်မှာတော့ လမ်းညွန်က သူတို့ကိုလှည့်ပတ်ကြည့်ဖို့နဲ့ အထပ်တိုင်းမှာ ဆိုင်ရာဆိုင်ရာလမ်းညွန်တွေရှိတဲ့အကြောင်း ပြောလိုက်သေးတယ်။ ဆိုဖီယာကတော့ ရှုခင်းကြည့်လို့ရတဲ့ အပေါ်ဆုံးထပ်ကို သွားချင်နေပြီ။ သူတို့ဓာတ်လှေကားထဲဝင်တော့မှ မက်ဒါနာက စိတ်အာရုံကို စုစည်းလိုက်ပြီး ဆိုဖီယာကို တီးတိုးလေးပြောပါတယ်။

“ဆိုဖီယာ၊ နင့်အသက်က တကယ်ဘယ်လောက်ဖြစ်သွားပြီလဲ။”

“ငါ့အသက်လား၊ ရုဖီနာရဲ့အသက်လား။ ဘာပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်ရဲ့အသက်ကိုမေးတာ ရိုင်းရာကျတယ်နော်။”

ဒါပေမဲ့ မက်ဒါနာက ဆိုဖီယာကို တကယ်သိချင်နေတာဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်တော့ ဆိုဖီယာကလည်း သက်ပြင်းချလိုက်ပြီး

“ငါ့အသက်ကတော့ နင်ထင်တာထက်ကြီးနိုင်တယ်။ ရုဖီနာကတော့ ကမ္ဘာ့သက်တမ်းနဲ့ဆို နှစ်ခြောက်ဆယ်ရှိပြီ။ အာကာသနတ်သူငယ်တွေက သက်တမ်းနှစ်ရာ့သုံးဆယ်ကနေ သုံးရာအထိအသက်ရှည်နိုင်တယ်။ ရုဖီနာက နတ်သူငယ်သက်တမ်းနဲ့ဆိုရင် ငယ်သေးပေမဲ့အသက်လေးဆယ်မှာ အရွယ်ရောက်ပွဲ လုပ်ပြီးနေပြီ။”

“အဲဒီလိုလား...” ကမ္ဘာမြေမှာ အဖွားကြီး​ဖြစ်ရမယ့် အသက်အရွယ်က ဟိုမှာအပျိုလေးအရွယ်ပဲရှိတာလားလို့ မက်ဒါနာတွေးမိတော့ ဆိုဖီယာက မျက်စောင်းထိုးပြီး ကြည့်ပါလေရော။

“ရုဖီနာက သူ့ရောဂါကြောင့် ငယ်ငယ်လေးတည်းက ကြီးထွားနှုန်းနှေးတယ်။ မာရီယာက ရုဖီနာထက် ဆယ်နှစ်ပဲကြီးတယ်။ ဒီလောက်ဆိုရင် ငါ့လက်ရှိခန္ဓာကိုယ်က ကလေးဖြစ်နေတာပဲမဟုတ်ဘဲ သေးနေတာမှန်း နားလည်လောက်ပါပြီနော်။”

မက်ဒါနာက ဆိုဖီယာတစ်ယောက် ရုဖီနာအတွက် ခုခံပေးနေတာမြင်တော့ ပြုံးလိုက်မိတယ်။ အဲဒီနောက် ခုလိုပြောလိုက်မိပါလေရော။ “ဒါဆို သက်ကြီးပုလေးပေါ့။”

All Chapters