← Chapters

သန်မာတဲ့စိတ်

Vol. 72 Ch. 4.586

သန်မာတဲ့စိတ်

Vol. 72 Ch. 4.586

"အကြီးအကဲနဲ့ တောင်ထွတ်သခင်ရဲ့ ဂရုစိုက်​ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

လုရွှမ် သူ့လက်ကို ခေါင်းငုံ့ အရိုအသေပေးလိုက်သည်။ လုရွှမ် ဒီအတိဒုက္ခကြီးထဲမှာ ထျန်းရှုးတောင်ထွတ်ကို အခွင့်ကောင်း ယူမိခဲ့ကြောင်း သူကောင်းကောင်း သိပါ၏။ မဟုတ်ရင် မတိုင်ခင်က ခရမ်းရောင်မိုးကြိုး အန္တရာယ်က ထျန်းရှုးတောင်ထွတ်ကို ဖုံးအုပ်သွားဖို့ လုံလောက်သွား​ပြီ။ နောက်ပြီး သူ ယွမ်ယန်ကျင့်စဥ်ကို မဖြတ်ကျော်နိုင်​လောက်တော့ဘူး။

လော့ချင်းယီးက အရိုအသေပေးနေတဲ့ လုရွှမ်ကို အလျင်အမြန် ကူညီပေးလိုက်သည်။ လုရွှမ်ကို သူမရှေ့တွင် အငယ်တန်းလေး တစ်ယောက်ပါလို့ ကြည့်ဖို့ ခက်ခဲသွားတာကို ရုတ်တရက် တွေ့လိုက်ရသည်။

အခုအချိန်မှာတော့ နယ်ပယ်နဲ့ ပတ်သက်ရင် သူက လုရွှမ်ရဲ့ လူကြီးဖြစ်နိုင်သေး၏။ သို့သော်လည်း သူနဲ့ရွယ်တူချင်းတွေ ဖြစ်လာဖို့က သိပ်မကြာခင်မှာပဲ ဖြစ်ကောင်းဖြစ်လာနိုင်ပါသည်။ အနာဂတ်မှာတော့ လုရွှမ်ဟာ ကောင်းကင်ကို ပျံတက်သွားပြီး လူတိုင်းကို ချန်ထားခဲ့လိမ့်မည်။

ကျန့်ချောင်းရန်နဲ့ လော့ချင်းယီတို့သည် မဟာသူတော်စင် နယ်ပယ်က ကျင့်ကြံမှုတွေနဲ့ ပတ်သက်၍ လုရွှမ်ကို အကြံဉာဏ်​တွေ ပေးခဲ့ပြီး လုရွှမ်သည်လည်း သူတို့ရဲ့ထင်မြင်ချက်များကို ဂရုတစိုက် နားထောင်ခဲ့သည်။ အရင်နဲ့ ဒီဘဝမှာ သွားနေတဲ့လမ်းနဲ့ နှိုင်းယှဥ်ကြည့်ဖူးပေမယ့် အခုတော့ နှိုင်းယှဉ်စရာ မရှိတော့ပေ။

လုရွှမ်သည် သူ၏လက်ရှိ အင်အားဖြင့် သူ့ယခင်ဘဝတွင် အမြင့်ဆုံး အဆင့်တွင် ရှိခဲ့သောကြောင့် လူတိုင်းကို အလွယ်တကူ နှိပ်စက် အုပ်စိုးနိုင်ကြောင်း ယုံကြည်ထားခဲ့သည်။

အခုတော့ လူတွေအကြောင်း ပိုမြင်ပြီး နယ်ပယ်တွေ ပိုမြင့်လာဖို့အတွက် တကယ်ပဲ အပြင်ထွက်ကြည့်ဖို့ လိုအပ်လာလေပြီ။

"စကားမစပ် လုရွှမ် မင်းရဲ့ အတိဒုက္ခက အပြောင်းအလဲတွေကို မင်းသိလား?"

ကျန့်ချောင်းရန်မှာ သူ့သံသယတွေက ရှိနေသေးသောကြောင့် မေးလိုက်လေသည်။

"သိပါတယ်... ကျွန်တော်တို့ဆီက ရွှမ်ထျန်းတံဆိပ်ပြားကို လုယူချင်တဲ့ ဆန်းကြယ်ကောင်းကင် စံအိမ်က ကောင်လေး အနည်းငယ် ရှိတယ်... ကျွန်တော်တို့ သူတို့နဲ့ အကြိမ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ဖူးတယ်။ အဲဒီတုန်းက အတိဒုက္ခကို ဖြတ်ကျော်လာတဲ့ လူတစ်ယောက်ကို ကျွန်​တော်တွေ့ခဲ့တယ် သူ့ရဲ့ မိုးခြိမ်းသံက ကျွန်တော်ရဲ့ အရင်အတိဒုက္ခနဲ့ မတူဘူး... သူ့ရဲ့ အကြီးမားဆုံး ခွန်အားတွေနဲ့ ကျွန်တော်တို့ လုံးလုံးလျားလျား ဗုံးကြဲခံခဲ့ရတယ်"

"ဒီလိုအတိဒုက္ခမျိုးကမှ တကယ့်အတိဒုက္ခလို့ ကျွန်တော်ထင်တယ်... အဲဒါကလည်း ဆန်းကြယ်ကောင်းကင်အိမ်တော်က ကျင့်ကြံသူတွေရဲ့ ခွန်အားအတွက် သော့ချက် ဖြစ်နိုင်တယ်... ဒါကြောင့် ကျွန်တော် နည်းနည်း လေ့လာခဲ့တာ နောက်ပိုင်းမှာ အခွင့်အရေးဆိုတာ ရှိကောင်းရှိနိုင်တယ် ဆိုတာ သိလိုက်ရတယ်လေ... ဒါ​ပေမဲ့ အတိဒုက္ခ​က ဒီ​လို​ဖြစ်​လာ​မယ်လို့တော့ မထင်ထားဘူး”

ကျန့်ချောင်းရန်နဲ့ လော့ချင်းယီးတို့လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ပေမယ့် စိတ်ထဲမှာတော့ ငိုကြွေးနေလေသည်။ ဒီကောင်လေးရဲ့ နှလုံးသားက ဒီလောက်တောင် မာကျောနေပြီလား။

အတန်ကြာ စဉ်းစားပြီးနောက် လော့ချင်းယီးသည် အကြီးအကဲကြီးပြောသော ဆန်းကြယ်ကောင်းကင်အိမ်တော်ကြီး၏ လျှို့ဝှက်ချက်များကို ပြောပြလိုက်သည်။

လုရွှမ်လည်း အံ့အားသင့်သွားသည်။ မတိုင်ခင်က ဖြတ်ကျော်ခဲ့သည့် အဆုံးစွန်သော အတိဒုက္ခက အလွန်အားကောင်းပြီး အနာဂတ် ကျင့်ကြံမှုလမ်းကြောင်းမှာ ကြီးကြီးမားမား တိုးတက်မှု​တွေ ရှိလာမယ်လို့ သူခံစားခဲ့ရသော်လည်း အဲဒါက ဘာကိုဆိုလိုမှန်းတော့ တစ်ခါမှ မတွေးခဲ့ဖူးပေ။

"လတ်စသတ်တော့ အဲ့လိုကိုး... ဒီလိုဆိုရင်တောင် ကျွန်တော် ရှေ့ကိုဆက်သွားပြီး ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး"

လုရွှမ်က တည်ငြိမ်တဲ့ အမူအရာ၊ တည်ငြိမ်တဲ့လေသံနဲ့ ပြောလိုက်ပါ၏။

"အရမ်းကောင်းတယ် ငါ့ဘဝမှာ မရေမတွက်နိုင်တဲ့ လူတွေနဲ့ တွေ့ဖူးတယ်... တစ်ယောက်ယောက်က ဒီလိုမျိုး ဆက်လျှောက်နိုင်မယ် ဆိုရင်တောင် မင်းပဲဖြစ်နိုင်တယ်"

ကျန်းချောင်းရန် ခေါင်းညိတ်ပြပြီး လုရွှမ်ပုခုံးကို အားပါပါနဲ့ ပုတ်လိုက်သည်။

"စကားမစပ် မင်းရဲ့ဓားကျိုးသွားတာကို ငါမြင်လိုက်တယ်... ငါ့ရဲ့ တံဆိပ်ပြားကို ယူပြီး ကောင်းကင်နဲ့ မြေကြီးရတနာတွေရှာဖို့ ဂိုဏ်းရဲ့ဘဏ္ဍာတိုက်ကို တိုက်ရိုက်သွားလိုက်"

"ဟုတ်​ကဲ့!"

လုရွှမ် တံဆိပ်ပြားကိုယူကာ တိုက်ရိုက် ထွက်ခွာလာခဲ့သည်။

ထျန်းရှူးခန်းမမှ ထွက်လာပြီးနောက် ကျန့်ကျောက်က ခန်းမအပြင်ဘက်တွင် စောင့်နေပြီး လုရွှမ် ထွက်လာတာကို မြင်သောအခါ ကမန်းကတန်း နှုတ်ဆက်ရင်း လုရွှမ်အား အပေါ်အောက် ငုံ့ကြည့်လိုက်သည်။

"ကောင်လေး မင်းတကယ်ပဲ လုရွှမ်လား?"

ကျန့်ကျောက်က သူ့အသံကို လျှော့ပြီး မေးလေ၏။ လုရွှမ်လည်း ပြုံး၍

"အတုဆိုရင်ရော? လုရွှမ်က တခြားဘာတွေများ ဟန်ဆောင်​နေပါ့မလဲ"

ကျန့်ကျောက်က တခစ်ခစ်ရယ်ပြီး

"ဟုတ်ပါတယ် မင်းကမှ ဒီလိုပြောနိုင်တာ... တခြားသူတွေသာ သူတို့ အထောက်အထားတွေ ပြောင်းချင်ရင် သိပ်တော့ မလွယ်ဘူး... အပြင်မှာ မင်းလို အသွင်ပြောင်းချင်တဲ့သူတွေ အများကြီး ရှိလာလိမ့်မယ်"

"ကျစ် ကျစ် ငါတကယ် မျက်စိကောင်းတာပဲကွာ.... မင်းတို့ငါးယောက်ထဲမှာ ငါ့မျက်လုံးက တစ်ချက်ကြည့်လိုက်တာနဲ့ မင်းကို မြင်ရတယ်လို့ပဲ ဟားဟားဟား"

ကျန့်ကျောက် တစ်ယောက်တည်း အားရပါးရ ရယ်မောလိုက်လေသည်။

လုရွှမ်လည်း ပြုံးလိုက်ပေမယ့် အနည်းငယ်လည်း စိတ်ပူသွားရသည်။ ကျန့်ကျောက်သာ သူ့အထောက်အထားကို သိလျှင် သူ ကြောက်ရွံ့ပြီး နောက်တစ်ကြိမ် အနား မကပ်ရဲ​လောက်တော့ပေ။

ပိုမိုနက်ရှိုင်းစွာ လေ့ကျင့်လေလေ အောင်မြင်မှုများက မြင့်မားလေ ဖြစ်ပြီး ပတ်ဝန်းကျင်တွင် သူငယ်ချင်းနည်းပါးလာလေလေ ဖြစ်သည်။ လုရွှမ်မှာ ကောင်းကင်အောင်ခြင်းဂိုဏ်းတွင် တွေ့ခဲ့သော ရှားရှားပါးပါး တစ်ဦးတည်းသော သူငယ်ချင်းကို သူစိမ်း မဖြစ်သွားစေလိုချေ။

"လာ မင်းရဲ့ အောင်မြင်မှုကြီးကို ဂုဏ်ပြုဖို့ အရက်သွားသောက်ကြရအောင်"

လုရွှမ် ငြင်းချင်ခဲ့သည်။ ပစ္စည်းတွေ ထုတ်ယူပြီး မိုးနတ်ဘုရားဓားကို သန့်စင်ဖို့ ဘဏ္ဍာတိုက်ကို သွားဖို့ စဉ်းစားထားသည်လေ။ သို့သော် ကျန့်ကျောက်က သူ့အတွက် စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်နေသော မျက်လုံးများကို မြင်လိုက်ရတော့ သူက သဘာဝအလျောက် အခိုင်အမာ ခေါင်းညိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဘဏ္ဍာတိုက်လည်း ရှိနေတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေကို အချိန်မရွေး သွားယူပြီး သန့်စင်နိုင်တယ်လေ။

"ကောင်းပြီ ကျွန်တော်လည်း ဝမ့်ရှန်းကမ္ဘာက ဝိုင်ကောင်းကောင်းကို မြည်းစမ်းချင်နေတာ ကြာပြီ"

"မင်း လက်မလွှတ်ချင်အောင် ဖြစ်သွားစေရမယ်လို့ ကတိပေးတယ်။"

ကျန့်ကျောက်က သူ့မျက်လုံးတွေကို မှိတ်ထားရင်း တိတ်တိတ်လေး နားလည်မှုကို ပြသလိုက်သည်။ လုရွှမ်ခမျာ သူ့ကိုယ်သူ ပင်လယ်ဓားပြ သင်္ဘောပေါ် ရောက်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

သူတို့နှစ်​​ယောက်​က ​တောင်​​ပေါ်က ဆင်း​တော့ တပည့်​​ တော်​​တော်​​တော်​များများနဲ့​ တွေ့​ရ၏။ တပည့်​​ဟောင်း​တွေမှာ လုရွှမ်ကိုမြင်​​တော့ ထိတ်​လန့်​သွားလေ၏။ လွန်ခဲ့သော ဆယ်နှစ်ခန့်က အငယ်တန်း ဆရာတူညီဖြစ်သူ ကျန်းထျန်းချိုင်က နာမည်ကြီးလာခဲ့သည်။ ထို့နောက်တွင် သူသည် ဆယ်နှစ်ကြာအောင် တံခါးပိတ် ကျင့်ကြံသွားပြီး မမျှော်လင့်ဘဲ ယခုအခါ ပြန်ပေါ်လာခဲ့ပြန်သည်။

ကျန်းထျန်းချိုင်သည် လုရွှမ် ဖြစ်ကြောင်း ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ ထိပ်တန်းခေါင်းဆောင်များ ကြားတွင်သာ သိထားကာ သာမာန်တပည့်များကတော့ မသိကြပေ။ လွန်ခဲ့တဲ့သုံးရက်က ထျန်းရှုးတောင်ထွတ်မှာ ဖြစ်ခဲ့တဲ့ အတိဒုက္ခဟာ လုရွှမ်ကြောင့် ဖြစ်ခဲ့တယ်လို့ ဘယ်သူမှ မထင်ထားကြပေ။

သို့သော်လည်း လုရွှမ်ရဲ့ အင်အားက မဟာသူတော်စင် နယ်ပယ်သို့ ရောက်ရှိသွားတာကို တွေ့ရတော့ အနည်းငယ် ထိတ်လန့်သွား​ကြသည်။

မကြာသေးမီ အချိန်များအတွင်း ကောင်းကင်အောင်ခြင်း ဂိုဏ်းထဲ လူကြိုက်များသွားသော အကြောင်းအရာသည် အတိဒုက္ခကို ကျော်လွှားနိုင်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သူပဲ ဖြစ်ပေ၏။

သူတော်စင် လုရွှမ်သည် မဟာသူတော်စင်သာ ဖြစ်လာသောကြောင့် သဘာဝအတိုင်း ထို​သူနှင့် နှိုင်းယှဉ်၍ မရပေ။

သို့သော် ဆရာတူညီလေး ကျန်းထျန်းချိုင်က ပါရမီရှင် တစ်ဦးဖြစ်တဲ့ အချက်ကတော့ ငြင်းမရသော အချက်ဖြစ်သွားသည်။ သူသည် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း နယ်ပယ်ငယ်သုံးရပ်ကို တိုးသွားခဲ့သူပင်။

"ဆရာတူညီလေး ထျန်းချိုင်... မင်း နောက်ဆုံးတော့ တံခါးပိတ် ကျင့်ကြံနေတာကနေ ထွက်လာပြီပေါ့"

"နောက်ဆုံးတော့ မဟာသူတော်စင်ကြီး တစ်ယောက် ဖြစ်လာပြီ.... ဒီပင်လယ်အမဲလိုက် အဖွဲ့မှာလည်း ပါဝင်နိုင်သွားပြီနော်"

"စကားမစပ် ညီလေးထျန်းချိုင် လျှို့ဝှက်ဆန်းကြယ်တဲ့ အတိဒုက္ခရဲ့ အရှင်သခင်က ဘယ်သူလဲဆိုတာ မင်းသိလိုက်လား?"

ကောင်းကင်ဘုံသခင်၊ မဟာသူတော်စင်များဟာ လုရွှမ်ကို တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ဖို့ အစပြုလာခဲ့သည်။ လုရွှမ်သည် ကျန့်ကျောက်ကို တိတ်တိတ်လေး အံ့သြသွားစေတဲ့ အပြုံးလေးနဲ့ လူတိုင်းကို ပြန်နှုတ်ဆက်လိုက်သည်။

လုရွှမ် ပါရမီရှင်တစ်ဦးဟာ ကျင့်ကြံခြင်းကိုပဲ စွဲလမ်း​​နေရမယ်လို့ တစ်ချိန်က သူထင်ခဲ့သည်။ အများစုမှာ လူအချင်းချင်း ပြောဆိုဆက်ဆံရတဲ့ အရာမျိုးနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ကြဘူးလေ။ မမျှော်လင့်ဘဲ လုရွှမ်သည် ကျင့်ကြံသူများနှင့် ထိတွေ့ဆက်ဆံခဲ့သည်။ ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးမှာ စကားလုံးအနည်းငယ်မျှသာ ပြောဖူးသော်လည်း တစ်ယောက်ကို တစ်ယောက် ဆယ်စုနှစ်များစွာ ရင်းနှီးလာသလို ခံစားရ၏။

ကျန့်ကျောက် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ပါရမီရှင်ဆိုတာ သာမန်လူတွေ မှန်းဆလို့ မရတဲ့အရာတစ်ခုပါပဲ။

အေးစက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့သူတွေလည်း အများကြီးရှိသေးသည်။ မထီမဲ့မြင်ပြုသံများက ဆက်တိုက်ဆိုသလို သူတို့နှစ်ဦးရဲ့ နှလုံးသားထဲအထိ ပျံ့နှံ့သွားသည်။

"ဟမ့် အခု သူလူ​တွေရဲ့ ရှေ့မှောက်ကို တိုးဖို့ ထွက်လာရင်တောင် အဲဒီဆန်းကြယ်တဲ့လူက သူမဟုတ်ပါဘူးကွာ"

"မှန်တယ်ဟေ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာတူအစ်ကို ပေါ်လာတာနဲ့ ကျန်းထျန်းချိုင်လို မဟာသူတော်စင်က သူနဲ့ ယှဉ်ပြိုင်နိုင်မှာတဲ့လား? ဟားဟား အဲဒီအစ်ကိုက နတ်မီးလုံးကို ထွန်းညှိပြီး နတ်မီးနယ်ပယ်ထဲကိုတောင် ဝင်သွား​လောက်ပြီ"

"မဟာသူတော်စင်နဲ့ နတ်မီးနယ်ပယ် ဆိုတာ ကောင်းကင်နဲ့ မြေကြီးပေါ်က ပိုးစုန်းကြူးနဲ့ တောက်ပ​နေတဲ့ လလိုပဲလေ"

"ဒါပဲပေါ့.. ငယ်​တုန်းတောက်ပထား အသက်​ကြီးလာရင်တော့ မ​ကောင်း​တော့ဘူး!"

လုရွှမ် ထိုစကားများကို နားထောင်​​နေပြီး သူ့အပြုံးတွေကတော့ မလျော့သွားဘဲ ငြိမ်သက်နေ၏။

ကျန့်ကျောက်လည်း လျှို့ဝှက်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူက သာမန်လူတစ်ယောက် အဖြစ် တည်ရှိနေနိုင်ပေမယ့် သူ့ရဲ့ ဆရာတူညီလေးက လူလား ဘီလူးတစ်ကောင်လား? မပြောတတ်တော့ပေ။

"အစ်ကိုဖက်တီး ကျွန်မတို့ ပြန်တွေ့ကြပြန်ပြီနော်... အိုး ဆရာတူမောင်လေး ထျန်းချိုင်လည်း နောက်ဆုံးတော့ တံခါးပိတ် ကျင့်ကြံနေတာကနေ ထွက်လာပြီကိုး"

ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်က လှမ်းလာပြီး သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။ သူမက လုရွှမ် တံခါးပိတ် ကျင့်ကြံနေတာကနေ ထွက်လာတာကို အံ့သြသွားပုံရ၏။

All Chapters