နိတ္ထိဗလာမှ ခေတ်သစ်တစ်ခေတ်ကို ဖန်ဆင်းခြင်း
Vol. 70 Ch. 911
ချီကျုံရီသည် ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်တချို့ကို ကလော်ထုတ်ရန် ကြိုးစားနေသော်လည်း ချင်မူ့စကားကြားသည့်အခါ ရပ်လိုက်၏။ သူက ရယ်ကြဲကြဲဖြင့် မေးကြည့်သည်။ “ဂိုဏ်းသခင်ချင်၊ မင်းရဲ့ သာမန်အားကောင်းတဲ့ အသိစိတ်အလျဉ်နဲ့ဆို ဒီရ တနာကနေ ဖန်ဆင်းနိုင်တဲ့ မြေအောက်ဘုံအရှင်သခင်က ဘယ်လောက် အစွမ်းထက်နိုင်မလဲ... မင်းထက် သာနိုင်လား”
ချင်မူက ခေါင်းခါလိုက်သည်။ သူက ဖန်ဆင်းထားသည့် မြေအောက်ဘုံအရှင်သခင်လေးကို ကောက်ယူ၍ သူ့လက်ဖဝါးအပေါ် တင်သည်။ “သူ့မှာ ဝိညာဉ်တောင် အပြည့်အဝရှိတာ မဟုတ်ဘူး... ဒီတိုင်း ဘာမှမသိတဲ့ ဖြစ်တည်မှုလေးပဲ... ရန်လိုခက်ထန်တာပဲ ရှိတယ်”
ချီကျုံရီက လက်ချောင်းတစ်ချောင်းဖြင့် မြေအောက်ဘုံအရှင်သခင်လေးကို ထိုးကြည့်ပြီး ပြော၏။ “ဒါဖြင့် ဒီသလင်းကျောက်တွေက အသုံးမဝင်ဘူးပေါ့... ဖန်ဆင်းခံလိုက်ရတဲ့ သတ္တဝါတွေက မင်းအောက် အများကြီး အားနည်းနေရင် ကောင်းကင်နတ်သိုင်းပညာရှင်တောင် ဘယ်ဟုတ်တော့မလဲ.. အဲဒီလိုပဲ ဝိညာဉ်မရှိတော့ သိုင်းမကျင့်နိုင်ဘူးလေ... ဒီသလင်းကျောက်တွေက ဘယ်လိုလုပ် အသုံးဝင်မှာလဲ”
သူက မြေအောက်ဘုံအရှင်သခင်အသေးစားလေး၏ အပေါ်သို့ လက်ချောင်းဖြင့် ဖိလိုက်သည်။ သတ္တဝါလေးသည် ရန်လိုလာပြီး သူ့လက်ချောင်းကို ဆွဲကိုင်ကာ ကိုင်ပေါက်ပစ်ရန် ကြိုးစားနေ၏။ သို့သော် ၎င်းတွင် ခွန်အားမရှိပေ။ ဒေါသတကြီး မာန်ဖီနိုင်ရုံသာ ရှိသည်။
ချင်မူက မြေအောက်ဘုံအရှင်သခင်အသေးစားလေးကို အောက်ချပေးပြီး ပြောသည်။ “ငါ မှန်ရင် ကမ္ဘာဦးခေတ်က ဖန်ဆင်းရှင်တွေမှာ သာမန်လူတွေထက် သာလွန်တဲ့ အသိစိတ်အလျဉ် ရှိကြလိမ့်မယ်... သူတို့ရဲ့ အသိစိတ်အလျဉ်က ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားနေလိမ့်မယ်... ကြည့်၊ ရုပ်ကြွပန်းချီထဲက အားလုံးက သလင်းကျောက်တွေကို သုံးပြီး နိတ္ထိဗလာကနေ တစ်စုံတစ်ခု ဖန်ဆင်းနိုင်ကြတယ်... ငါဆို ထာဝရနတ်ဘုရားအသိစိတ်အလျဉ် ကျင့်ကြံပြီးနောက်မှ လုပ်နိုင်မှာ... ဒါဆို ကြည့်တာနဲ့ သူတို့အားလုံးရဲ့ အသိစိတ်အလျဉ်က ငါ့အောက် မနိမ့်ကျဘူးဆိုတာ ပေါ်လွင်တယ်”
ချီကျုံရီက ထူးဆန်းသည် မခံစားရသော်လည်း နဂါးချီလင်နှင့် ယန်အာကတော့ သူဆိုလိုသည်ကို နားလည်သည်။
ချင်မူ၏ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်မှာ ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားနေပြီ ဖြစ်၏။ ယန်ရှောင်ချင်းသည် နတ်ကောင်းကင်ခန်းမအဆင့် အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်ပါသော်လည်း ချင်မူက သူ ဖန်ဆင်းထားသော အိပ်မက်များ၊ ပုံရိပ်ယောင်များဖြင့် ယန်ရှောင်ချင်းကို ပိတ်လှောင်ထားနိုင်ခဲ့သည်။
ချင်မူ၏ အသိစိတ်အလျဉ်က ယန်ရှောင်ချင်းလောက် မအားကောင်းသော်လည်း အရည်အသွေးသည် ပိုမိုကောင်းမွန်၏။
ကမ္ဘာဦးအစမှ ဖန်ဆင်းရှင်များတွင် သူ့နည်းတူ သာမန်အားကောင်းသော အသိစိတ်အလျဉ်များ ရှိနေခြင်းမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်ပေသည်။
ချင်မူက ကမ္ဘာဦးအစမှ ဖန်ဆင်းရှင်များ၏ ရုပ်ကြွပန်းချီများကို လက်ညှိုးထိုးပြပြီးနောက် ဆက်ပြောသည်။ “ပိုပြီး ထူးဆန်းတာက သူတို့ရုဲ့ရုပ်ခန္ဓာတွေက အရင်ထက် ပိုကြီးထွားလာတာပဲ... သူတို့က ဖန်ဆင်းပညာနဲ့ ရုပ်ခန္ဓာကို အဆင့်မြှင့်ခဲ့တာ ဖြစ်လောက်တယ်”
နဂါးချီလင်မှာ သူ ဆိုလိုသည်ကို နားမလည်၍ မေး၏။ “ဂိုဏ်းသခင်၊ သူတို့ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုအဆင့်မြှင့်ကြတာလဲ”
“ဒီသလင်းကျောက်ကို သုံးရင် သူတို့ရဲ့ အသိစိတ်အလျဉ်ကို ကြောက်ခမန်းလိလိ ကြီးထွားလာအောင် လုပ်ပြီး ရုပ်ခန္ဓာ ပြန်တည်ဆောက်လို့ ရတယ်... မြေအောက်ဘုံအရှင်လေးတစ်ယောက် ဖန်ဆင်းတာထက် မခက်ဘူး”
ချင်မူ ရှင်းပြသည်။ “စောစောက သွေးသံချေးဇုန်မှာ ဂြိုဟ်တစ်လုံးလောက် ကြီးမားတဲ့ အရိုးခေါင်းကြီးတစ်ခေါင်း ငါတို့ မြင်ခဲ့ရတယ်မလား.. အဲဒီခေါင်းရဲ့ ခန္ဓာကိုယ်က ပိုလို့တောင် ကြီးမားလိမ့်မယ်... ဘယ်သူက အဲဒီလောက် အရွယ်အစားအထိ ကြီးထွားနိုင်မလဲ... သူတို့က သလင်းကျောက်တွေ သုံးရင်း သူတို့ခန္ဓာကိုယ်ကို ပိုကြီးလာအောင် ဖန်ဆင်းထားတာပဲ ဖြစ်လိမ့်မယ်”
သူက တခဏ ရပ်ပြီးနောက် အစောပိုင်း ရုပ်ကြွပန်းချီများဆီသို့ ပြန်သွားသည်။ “သလင်းကျောက် ရလိုက်တဲ့ ပထမဆုံး ဘီလူးကြီးက ကျန်တဲ့သူတွေထက် ပိုကြီးမားပြီး ပိုသန်မာတဲ့ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်... သူက ဖန်ဆင်းပညာနဲ့ သူ့ရုပ်ခန္ဓာကို အဆင့်မြှင့်ခဲ့တာ ဖြစ်နိုင်တယ်... ဒါ့အပြင် အရေးပါတဲ့ အချက်နောက်တစ်ချက် ရှိတယ်.... သူတို့က မသေနိုင်ဘူး.. နတ်ဘုရားတွေလို့ပဲ ပြောရမှာပေါ့”
ချီကျုံရီ မှုန်ကုပ်သွားသည်။
ချင်မူက လေးနက်သောအမူအရာဖြင့် ပြောသည်။ “ဖန်ဆင်းပညာကို အဆင့်တစ်ခုအထိ ကျင့်ကြံတဲ့အခါ သူတို့ရုပ်ခန္ဓာဟာ မသေဆုံးနိုင်တော့ဘူး ဖြစ်လာတယ်... ဝိညာဉ်သန္ဓေသားအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်လေးပဲ ဖြစ်ရင်တောင် ဖန်ဆင်းပညာမှာ ကျွမ်းကျင်သရွေ့ နတ်ဘုရားတစ်ပါးလို မသေနိုင်တော့ဘဲ ထာဝရရှင်သန်နိုင်လိမ့်မယ်... ဒီကမ္ဘာဦးအစက ဖန်ဆင်းရှင်တွေက တကယ်တမ်း မသေမျိုးနတ်ဘုရားတစ်စုပါပဲ”
ချင်မူ၏ စကားအရ ချင်မူကိုယ်တိုင်မှာလည်း သူတို့နှင့်မခြားပေ။
ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်အတွက် နတ်ဘုရားများသည် မူလဝိညာဉ်များဖြင့် ကောင်းကင်နန်းဆောင်အဆင့်သို့ တက်လှမ်းသွားခဲ့သူများ ဖြစ်ကြ၏။ ထိုနတ်ဘုရားများက ပြင်းထန်အားကောင်းသော မှော်စွမ်းအင်၊ အင်အားကြီးမားသည့် အစွမ်းအစတို့ဖြင့် မသေနိုင်ကြပေ။
ချင်မူ့လို လူတစ်ယောက်အတွက်မူ သာမန်ကောင်းကင်နတ်သိုင်းပညာရှင်များ ပြောသည့် နတ်ဘုရားတစ်ပါး၏ အဓိပ္ပါယ်မှာ ဟာသသာ ဖြစ်နေသည်။
ဦးစွာပြောရလျှင် သိုင်းအဆင့်များသည် ကောင်းကင်နတ်အရှင်ခုနစ်ဦး ဖန်တီးခဲ့သောအရာများ ဖြစ်၏။ ချင်မူကိုယ်တိုင်လည်း သိုင်းအဆင့်နယ်ပယ်များ တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။
နဂါးဟန်ခေတ်၏ ပထမနှစ်တွင် ချင်မူက ကောင်းကင်နတ်အရှင်ယွီ၏ ကိုယ်စား နတ်ဘုရားဖြစ်နိုင်မည့်နည်းလမ်းအား သတ္တဝါများဆီသို့ ဖြန့်ဝေပေးခဲ့သည်။ သူနှင့် ကောင်းကင်နတ်အရှင်ယွီက တောင်ကောင်းကင်မုခ်ဝမှ ကောင်းကင်နတ်ဘုံအထိ နတ်ဘုရားအဆင့်ခုနစ်ဆင့် ဖန်တီးခဲ့၏။
ထို့နောက်ပိုင်း ချင်မူ၊ ရှုရှန်းဟွာနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပါရမီရှင်များသည် သိုင်းအဆင့်နယ်ပယ် ကန့်သတ်ချက်များကို ထပ်ခါတလဲလဲ ဖောက်ထွက်ခဲ့ပြီး ကောင်းကင်ရတနာ ကျင့်စဉ်စနစ်၏ အဆင့်ခုနစ်ဆင့်ကို တစ်ဆင့်တည်း ပေါင်းစည်းခဲ့၏။
ချင်မူက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကိုလည်း ပြန်လည်ဖွင့်လှစ်ကာ ဝိညာဉ်တည်ဆောက်ခဲ့သည်။
သာမန်လူတစ်ယောက်သည် သိုင်းအဆင့်များကို ဘုရားလို ကိုးကွယ်ပြီး နယ်ပယ်၏ ကန့်သတ်ချက်များအတိုင်းသာ ကျင့်ကြံသည်။ အများနှင့်အတူသာ လိုက်သွားတတ်သည်။
အခြားတစ်ဖက်တွင် ပါရမီရှင်များသည် သိုင်းအဆင့်နယ်ပယ်၏ စည်းဘောင်ထဲမှ ခုန်ထွက်ကာ အသစ်အသစ်များ ဖန်တီးကြ၏။
သူတို့က သိုင်းအဆင့်များ၏ တည်ထောင်သူများ၊ ဖန်တီးသူများ ဖြစ်လာကြသည်။
ချီကျုံရီက ရုပ်ကြွပန်းချီများကို ကြည့်ရင်း ခေါင်းယမ်းသည်။ “သူတို့က မသေနိုင်တော့ရော ဘာလုပ်ရမှာလဲ... ဒီအတိုင်း အကောင်ကြီးရုံပဲ ရှိတာ... မဟာတာအိုကောင်းကင်နတ်သိုင်းတွေကို ဘာတစ်ခုမှ သိတာမဟုတ်ဘူး... ပြီးတော့ ဒီဖန်ဆင်းပညာက ကြီးထွားလာပြီး မသေနိုင်အောင် လုပ်ပေးတာက လွဲလို့ မည်မည်ရရ အသုံးဝင်တာလည်း မရှိဘူး... ဖန်ဆင်းပေးတာတွေကလည်း အားနည်းလွန်းအားကြီးတယ်”
ချင်မူက ပြောသည်။ “မရေမတွက်နိုင်တဲ့ ဖန်ဆင်းရှင်တွေ သူတို့ရဲ့အသိစိတ်အလျဉ်ကို တစ်ပြိုင်တည်း သုံးပြီး တူညီတဲ့အရာကိုပဲ တစ်ပြိုင်တည်း တွေးကြရင်ရော”
ချီကျုံရီ မှင်သက်သွား၏။ ရုတ်တရက် သူက အပြင်ရှိ ယဇ်ပလ္လင်နှင့် အရိုးစုများကို တွေးမိကာ အော်လိုက်မိသည်။ “မင်းဆိုလိုတာက ငါတို့ကို တိုက်ခိုက်ခဲ့တဲ့ ကောင်းကင်နယ်စားမင်းက သူတို့ဖန်ဆင်းစွမ်းရည်တွေနဲ့ ဖော်ဆောင်လိုက်တဲ့ဟာပေါ့”
ချင်မူက ကျန်ရုပ်ကြွများဆီသို့ လျှောက်သွားသည်။ “ယဇ်ပလ္လင်ပတ်ပတ်လည်က အရိုးစုတွေက ကမ္ဘာဦးအစက ဖန်ဆင်းရှင်ဆရာသခင်တွေပဲ.... သူတို့က အားလုံးရဲ့ အသိစိတ်အလျဉ်တွေကို စုစည်းပြီးတော့ သလင်းကျောက်တွေကတဆင့် ခွန်အားကို မြှင့်တင်လိုက်တယ်... အဲ့ဒီလိုနဲ့ သူတို့ထိန်းချုပ်နိုင်တဲ့ ကောင်းကင်နယ်စားမင်းတစ်ပါးကို ဖန်ဆင်းနိုင်လိုက်တာပဲ”
ချီကျုံရီက အံ့ဩမှင်သက်စွာဖြင့် ခေါင်းရမ်းနေသည်။ ကမ္ဘာဦးအစမှ ဤဖန်ဆင်းရှင်ဆရာသခင် အယောက်တစ်သောင်းသည် ဧရာမဖြစ်တည်မှုကြီးတစ်ခုအား ပြိုင်တူတွေးမြင်လိုက်ပါက သူတို့အသိစိတ်အလျဉ်ပေါင်းစုမှ ဖန်ဆင်းပေးလိုက်မည့် သတ္တဝါကြီးက အတိုင်းထက်အလွန် သန်မာအားကောင်းလိမ့်မည်လော။
ကမ္ဘာဦးအစမှ ဖန်ဆင်းရှင်ဆရာသခင်အားလုံး အတူတူပူးပေါင်းလျှင် မည်သို့ဖြစ်သွားမည်နည်း။
သူတို့ဖန်ဆင်းလိုက်သော သတ္တဝါသည် ပို၍ပင် သန်မာအားကောင်းလာမည်လား။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာခွန်အားတွင် အကန့်အသတ်တစ်ခု ရှိနေမည်လား။
ရုတ်တရက် ချင်မူက ကျယ်လောင်စွာ ရယ်ကာ အော်လိုက်သည်။ “သူတို့ နတ္ထိဗလာကနေ ကောင်းကင်နယ်စားမင်းတစ်ပါး ဖန်ဆင်းနိုင်ရင်တောင်မှ တကယ့်ကောင်းကင်နယ်စားမင်းနဲ့ မယှဉ်နိုင်ဘူး... တကယ့်ကောင်းကင်နယ်စားမင်းက ကောင်းကင်တာအို.... ရွှမ်တုရဲ့အရှင်သခင်... မိုးကောင်းကင်အောက်င နတ်ဘုရားအားလုံးရဲ့ ခေါင်းဆောင်ပဲမဟုတ်လား” ချင်မူက ရုပ်ကြွပန်းချီနောက်တစ်ပုံ၏ အရှေ့တွင်ရပ်၍ ပြောသည်။ “ဒီကို တစ်ချက်ကြည့်လိုက်”
ချီကျုံရီက ထိုရုပ်ကြွပန်းချီများကို ကြည့်လိုက်၏။ ကမ္ဘာဦးအစမှ ဖန်ဆင်းရှင်အားလုံး၏ နဖူးအပေါ်တွင် သလင်းကျောက်များ ရှိကြ၏။ သူတို့က သူတို့ထက် များစွာပို၍ သန်မာအားကောင်းသော သတ္တဝါများကို ဖန်ဆင်း၍ ကမ္ဘာဦးအစမှ ကျန်ဖန်ဆင်းရှင်အဖွဲ့ကို သတ်ဖြတ်တိုက်ခိုက်နေလေသည်။
သူ ရုပ်ကြွပန်းကျီနောက်တစ်စုံကို မြင်လိုက်ရသည်။ ကမ္ဘာဦးအစမှ ဖန်ဆင်းရှင်ဆရာသခင်ခေါင်းဆောင်တစ်ဦးက ယဇ်ပလ္လင်အလယ်တွင် မတ်တပ်ရပ်နေ၏။ သူက လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်ကားထားရင်း ကောင်းကင်ဆီသို့ ခေါင်းမော့ကြည့်ထားသည်။ သူ့လက်ထဲတွင်မူ ရွှေရောင်ကျိုင်းတုတ်တစ်လက် ရှိနေ၏။
ယဇ်ပလ္လင်၏ပတ်ပတ်လည်တွင် ကမ္ဘာဦးအစမှ ကျန်ဖန်ဆင်းရှင်များသည် ခေါင်းဆောင်ဖြစ်သူအတွက် ယဇ်ပူဇော်မှုပြုလုပ်ရင်း သူ့အား ကြီးသထက်ကြီးအောင် သန်မာသထက်သန်မာလာအောင် လုပ်ပေးနေကြသည်။
သူတို့၏ခေါင်းဆောင်တွင် စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်သည့် အစွမ်းအစများရှိပြီး ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်နေ၏။
ချီကျုံရီမှာ ကြောက်လန့်စွာ ရင်တဒိန်းဒိန်း ခုန်လာပြီး အက်ကွဲကာ ပြောလိုက်မိသည်။ “ကောင်းကင်နတ်သိုင်းတွေကို ဒီလိုမျိုးထုတ်လုပ်တာ မဟုတ်ဘူးလေ... ကောင်ကင်းနတ်သိုင်းတွေကို ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုစွမ်းအားကို သုံးပြီးတော့မှ ထုတ်လုပ်ကြတာမဟုတ်လား... ကောင်းကင်နတ်သိုင်းတွေတာ ရှေးဟောင်းနတ်ဘုရားတွေ ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုကို တတ်မြောက်ပြီး အဲ့ဒီမဟာတာအိုရဲ့ စွမ်းအားကို သုံးပြီးတော့မှ ထုတ်လုပ်ထားကြတာမဟုတ်လား... ပြီးတော့ ငါတို့လို ကမ္ဘာဦးအစသတ္တဝါတွေရဲ့ ကောင်းကင်နတ်သိုင်းတွေဆိုတာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုကို လေ့လာပြီး ထုတ်လုပ်ထားတဲ့ ရလဒ်တွေလေ”
ချင်မူက ခေါင်းရမ်း၍ ရှေ့ဆက်လျှောက်သွားသည်။
အမိုးမဲ့သော ခန်းမသည် ကမ္ဘာဦးအစမှ ရာဇ၀င်အဖြစ်အပျက် မှန်သမျှကို မှတ်တမ်းရေးထိုးထားသော မော်ကွန်းဆောင် ထင်ရ၏။
ကမ္ဘာဦးအစမှ ဖန်ဆင်းရှင်များက နွားခေါင်းနှင့်လူကိုယ်၊ ငှက်ခေါင်းလူကိုယ် အစရှိသော ဆန်းကြယ်သတ္တဝါများနှင့် သားရဲများ၊ မြွေများ ဖန်ဆင်းနေသည်ကို သူတို့မြင်ကြရသည်။ လူခေါင်းမြွေကိုယ်ကဲ့သို့ ဆန်းပြားသော သတ္တ၀ါများလည်း ရှိကြ၏။
ချီကျုံရီမှာ သူတို့ ဇာမဏီငှက်များ ဖန်ဆင်းနေသည်ကိုမြင်လျှင် မျက်နှာဖြူဆုတ်သွားသည်။
“အဟက်” သူက ဟက်ခနဲ ရယ်လိုက်သော်လည်း မည်သည်ကိုမှ မပြောပေ။
ဤရုပ်ကြွပန်းချီများ မှတ်တမ်းတင်ထားသည့် အဖြစ်အပျက်များသည် ကြောက်စရာကောင်းလှ၏။ ကမ္ဘာဦးအစမှ ဖန်ဆင်းရှင်များ ဖန်ဆင်းနေသည့်အရာများက ပိုပို၍ ထူးဆန်းလာသည်။ တချို့သတ္တဝါများသည် ရှေးဟောင်းနတ်ဘုရားများနှင့်ပင် တူလာသည်။
“သူတို့က ရှေးဟောင်းနတ်ဘုရားတွေကို လိုက်တုနေတာပဲ” ချီကျုံရီက တဟားဟားရယ်သည်။ “သူတို့က ရှေးဟောင်းနတ်ဘုရားတွေကို လိုက်တုပြီး သတ္တဝါတွေ ဖန်ဆင်းနေတာ... ဒါပေမဲ့ သူတို့ ရှေးဟောင်းနတ်ဘုရားတွေကို ဘယ်တော့မှ ကျော်တက်နိုင်မှာလဲ မဟုတ်သလို ယှဉ်နိုင်မှာလည်းမဟုတ်ဘူး”
ချင်မူက ပြောသည်။ “သူတို့က ရှေးဟောင်းနတ်ဘုရားတွေကို တုပနေတာလား... ဒါမှမဟုတ် ရှေးဟောင်းနတ်ဘုရားတွေကို ဖန်ဆင်းနေတာလား”
ချီကျုံရီမှာ မှင်သက်သွားပြီး ရုတ်တရက် အော်လိုက်၏။ “ပေါက်ကရတွေ မပြောနဲ့... မင်း ဘာပြောနေလဲ မင်းသိလား”
ချင်မူလည်း သူ၏အတွေးက ယုတ္တိမရှိကြောင်း ခံစားရ၏။ သူက တဟားဟားရယ်ပြီးနောက် ခေါင်းယမ်းကာ ကျန်ရုပ်ကြွပန်းချီများကို ဆက်ကြည့်နေသည်။
ချီကျုံရီမှာ ဒေါသမထိန်းနိုင်တော့ဘဲ အော်ဟစ်၏။ “မင်းပြောတာ ဒီလူရိုင်းတွေက ကောင်းကင်နတ်ဧကရာဇ်၊ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ အမိကမ္ဘာမြေနဲ့ ကောင်းကင်နဲ့မြေပြင်ရဲ့ တာအိုတွေကို ဖန်ဆင်းခဲ့တာလို့ ပြောချင်တာလား...မင်း ဘာပြောနေလဲ မင်းသိလား”
ချင်မူက သူ့ကို လျစ်လျူရှု၍ ရှေ့ဆက်လျှောက်သွားသည်။
ရုပ်ကြွပန်းချီများ၏ အဖြစ်အပျက်များက ပို၍ပင် အံ့အားသင့်ဖွယ်ရာ ကောင်းလာ၏။ ကမ္ဘာဦးအစမှ ဖန်ဆင်းရှင်တို့က သူတို့ကိုယ်သူတို့ မျိုးနွယ်စုကြီးများအဖြစ် အုပ်စုခွဲကြသည်။ လူများများ ရှိလေလေ ယဇ်ပူဇော်ဖို့စွမ်းအား များပြားလာလေလေဖြစ်သည်။
သူတို့သည် ကြီးကျယ်ခမ်းနားသော ယဇ်ပူဇော်ပွဲများ ကျင်းပကြ၏။ မျက်လုံးသုံးလုံး မျိုးနွယ်စုများက နေ့နေ့ညည ယဇ်ပူဇော်ပွဲများ ကျင်းပကာ ပိုပို၍ ကြီးမားသန်မာသော ဝိညာဉ်ခန္ဓာများကို ဖန်ဆင်း၍ ရန်သူများအား နှိမ်နင်းချေမှုန်းကြ၏။
သို့သော် သူတို့၏ခေါင်းဆောင်အတွက်သာ ယဇ်ပူဇော်ပြီး ခေါင်းဆောင်ကို ပိုပို၍ ကြီးမားသန်မာလာစေသော မျိုးနွယ်စုတစ်ခုရှိသည်။
သူတို့ခေါင်းဆောင်၏ ရုပ်ခန္ဓာသည် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားပြီး ကောင်းကင်တမျှ မြင့်မား၏။ မရေမတွက်နိုင်သော ဘီလူးကြီးများက ၀န်းရံနေပြီး သူတို့၏သလင်းကျောက်များက တဖြတ်ဖြတ် လက်နေသည်။ ခေါင်းဆောင်၏ ကိုယ်ပေါ်ရှိ အလင်းရောင်က သူ့အား မြင့်မြတ်သော နတ်ဘုရားတစ်ပါးပမာ ထည်ဝါနေစေသည်။
ခေါင်းဆောင်တွင်လည်း နဖူးပေါ်၌ ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်တစ်ခု ရှိသည်။ သို့သော် ဤသလင်းကျောက်သည် ကျန်ရှိသူများနှင့် မတူပေ။ အရောင်က မီးနီရောင် ဖြစ်ကာ ကျန်သလင်းကျောက်များဆီမှ အလင်းရောင်ကို စုပ်ယူရင်း မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
ချင်မူမှာ ခေါင်းဆောင်၏မျက်နှာကို ကြည့်ရန် ကြိုးစားကြည့်သည်။ သို့သော် သူ၏မျက်နှာမှာ ကျန်သလင်းကျောက်များမှ အလင်းရောင် ဟပ်နေသောကြောင့် သေသေချာချာ မမြင်ရပေ။
ချီကျုံရီက သူ့ဘေးမှ လိုက်လာပြီး အေးစက်စက် ပြောသည်။ “သူတို့က အသိစိတ်အလျဉ်ကို သုံးပြီး လျှောက်ဖန်ဆင်းနေတာတွေ... တကယ့်နတ်ဘုရားတွေကို ဘယ်တော့မှ မဖန်ဆင်းနိုင်ဘူး... ရှေးဟောင်းနတ်ဘုရားတွေက ဖန်ဆင်းခံရတာမဟုတ်ဘူး... ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုကနေ မွေးဖွားလာကြတာ”
ချင်မူက အလွန်စိတ်၀င်စားစရာကောင်းသည့် ရုပ်ကြွပန်းချီနောက်တစ်စုံဆီသို့ ကြည့်လိုက်သည်။
ဤရုပ်ကြွပန်းချီများက ဖန်ဆင်းရှင်အားလုံး စုဝေးနေသကဲ့သို့ ကြီးမားသော မျိုးနွယ်စုတစ်စုကို ပြသထား၏။ ဖန်ဆင်းရှင်တို့သည် စုဝေး၍ သူတို့၏အသိစိတ်အလျဉ်ကို အာရုံစူးစိုက်၍ ဤကမ္ဘာမှ ထွက်သွားရန် ပြင်ဆင်နေကြ၏။ သူတို့က ဤကမ္ဘာ၏ ဖရိုဖရဲအခြေအနေများတွင် သူတို့၏လူများ ဒုက္ခမခံရစေရေးအတွက် နေရာရွှေ့ပြောင်းရန် အခြားကမ္ဘာတစ်ခုကို ဖန်ဆင်းချင်ကြလေသည်။
“နတ္ထိဗလာကနေ ကမ္ဘာတစ်ခု ဖန်ဆင်းနေကြတာပဲ... ဒီကမ္ဘာဦးအစက ဖန်ဆင်းပညာရှင်တွေ အောင်မြင်သွားလားမသိဘူး... နေဦး ရွှင်ပျော်ပျော်ကျေးရွာ... ခိုင်ဧကရာဇ်ရဲ့ ဗလာနတ္ထိကနေ ဖန်ဆင်းထားတဲ့ ကမ္ဘာတစ်ကမ္ဘာမဟုတ်လား”
ချင်မူမှာ တွေးကြည့်ရင်း စိတ်လှုပ်ရှားလာတော့သည်။ သူက အလျင်အမြန် ရှေ့ဆက်လျှောက်သွားပြီးနောက် အံ့အားသင့်သွား၏။ သူ့အရှေ့ရှိ ကျောက်သားနံရံပေါ်တွင် ရုပ်ကြွပန်းချီများ မရှိတော့ပေ။
အားလှိုင်းတစ်ရပ်က ၎င်းတို့ကို ဖျက်ဆီးထား၍ ကြမ်းပြင်ထက်တွင် ကျောက်ပြားချပ် အပိုင်းအစများသာ ကျန်ခဲ့၏။ ချင်မူက ၎င်းတို့ကို ငုံ့ကြည့်သည်။ ကျောက်ပြားအများစုတွင် အင်္ဂေတအဖောင်းအကြွများ မရှိတော့ရာ တစ်စုံတစ်ယောက် မျက်နှာပြင်ထက်ရှိ အကြောင်းအရာများကို ဖယ်ရှားထားခဲ့ကြောင်း သိသာ၏။ ထိုသို့ ဖယ်ရှားရုံက မလုံလောက်သည့်အလား ရုပ်ကြွပန်းချီများကို ဖျက်ဆီးခဲ့လေသည်။
ချင်မူမှာ သဲလွန်စတစ်ခု ရလိုရငြား ဂရုတစိုက်ကြည့်ရှုနေ၏။ “ဂိုဏ်းသခင်ချင် မင်း အရေးကြီးတဲ့ အချက်တစ်ချက်ကို မေ့သွားတယ်.... ရှေးဟောင်းနတ်ဘုရားတွေမှာ ဝိညာဉ်ရှိတယ်... ဒီကမ္ဘာဦးအစက ဖန်ဆင်းရှင်တွေ ဖန်ဆင်းထားတဲ့အရာတွေမှာ ဝိညာဉ်မရှိဘူး... စောစောက ကောင်းကင်နယ်စားမင်းမှာ ဝိညာဉ်မရှိသလို... မင်း ဖန်ဆင်းလိုက်တဲ့ မြေအောက်ဘုံအရှင်သခင် အသေးစားလေးမှာလည်း ဝိညာဉ်မရှိဘူး”
ချီကျုံရီက ပြောသည်။ “ကမ္ဘာဦးအစတွေက ဖန်ဆင်းရှင်တွေက ရှေးဟောင်းနတ်ဘုရားတွေကို လိုက်တုပပြီး သတ္တဝါတွေကို ဖန်ဆင်းနေကြတာ... သူတို့က ရှေးဟောင်းနတ်ဘုရားတွေရဲ့ အကျိုးစီးပွားကို ထိပါးပြီး သူတို့ကို စော်ကားနေတယ်.... သူတို့ ဖန်ဆင်းထားတဲ့ ဆန်းကြယ်သတ္တဝါတွေကိုတောင် သုံးပြီးတိုက်ခိုက်ကြတယ်... ဒါက အကြိမ်တစ်ထောင် သေသင့်တဲ့ ပြစ်မှုပဲ... သူတို့ ဖျက်ဆီးခံရသင့်တယ်”
ချီကျုံရီမှာ အနည်းငယ် စိတ်ထွေပြားနေပုံရပြီး တာအိုနှလုံးသားမှာည်း မတည်ငြိမ်ပေ။
ချီကျုံရီသည် စကားနည်းသော လူတစ်ယောက်ဖြစ်၏။ ယခုတွင် ချင်မူ့နောက်တွင် ပွစိပွစိပြောနေသည်။ အပြင်ပန်းအရ ချင်မူ့ကို ဖျောင်းဖျနေသယောင် ထင်ရသော်လည်း တကယ့်တကယ်တွင် သူ့ကိုယ်သူ ဖျောင်းဖျနေခြင်းဖြစ်၏။
စောစောက ချင်မူ၏စကားများက သူ့စိတ်ထဲတွင် တွေဝေချောက်ချားမှုများ ဖြစ်လာစေပြီး ဣန္ဒြေပျက်သွားစေခဲ့သည်။
သို့သော် သူပြောသည့် အချက်တစ်ချက်ကဘည်း အရေးကြီးသည့် အချက်တစ်ချက်ကို အမှန်တကယ် ထောက်ပြသွားခဲ့၏။ သူတို့ကို စောစောက တိုက်ခိုက်ခဲ့သော ကောင်းကင်နယ်စားမင်းဖြစ်စေ၊ ချင်မူဖန်ဆင်းခဲ့သော မြေအောက်ဘုံအရှင်သခင်အသေးစားလေးဖြစ်စေ နှစ်ယောက်စလုံးတွင် ဝိညာဉ်သော်လည်းကောင်း၊ အသိစိတ်အလျဉ်သော်လည်းကောင်း မရှိပေ။
နဂါးချီလင်က ပြောသည်။ “တတိယညီလေး... ဒီနေရာရဲ့ ကောင်းကင်နယ်စားမင်းက ကမ္ဘာဦးအစက ဖန်ဆင်းရှင်တွေရဲ့ လက်ကျန်အသိစိတ်အလျဉ်နဲ့ ဖန်ဆင်းထားတဲ့အရာပဲ... သူတို့အင်အားအကြီးဆုံး အခြေအနေနဲ့ အများကြီးဝေးကွာတယ်... ကမ္ဘာဦးအစမှာ သူတို့က ဝိညာဉ်နဲ့ အသိစိတ်အလျဉ်ရှိနိုင်တဲ့ ကောင်းကင်နယ်စားမင်းတစ်ယောက်ကို အမှန်တကယ် ဖန်ဆင်းနိုင်ခဲ့တယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ”
ချီကျုံရီ မှင်သက်သွားပြီး သူ့အသံမှာ တုန်ရီနေသည်။ “ဒုတိယအစ်ကို ပေါက်ကရတွေ မပြောပါနဲ့”
ချင်မူက ခေါင်းမော့၍ ပတ်၀န်းကျင်တွင် လိုက်ရှာနေသည်။
“တွေ့ပြီ”
သူက ဝမ်းသာတရ ပြေးထွက်သွား၏။ ချီကျုံရီမှာ အရူးကြီးတစ်ယောက်သဖွယ် သူ့နောက်မှ လိုက်သွားသည်။ သူက သူ့ကိုယ်သူ ဆက်လက်ဖြောင်းဖျနေသည်။ “ဂိုဏ်းသခင်ချင် မင်းရဲ့အတွေးတွေက ရှေးဟောင်းနတ်ဘုရားတွေကို စော်ကားရာရောက်တယ်”
ချင်မူသည် ခန်းမ၏အလယ်သို့ ရောက်လာပြီးနောက် ခေါင်းမော့ကြည့်ကာ ရယ်လိုက်သည်။ “နောင်တော်ချင်၊ မင်း ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်လိုက်စမ်း... ဘာတွေမြင်ရလဲ”
ချီကျုံရီ ခေါင်းမော့ကြည့်လိုက်သည်။ မှောင်မိုက်နေသော ကြယ်တာရာကောင်းကင်ထဲတွင် ကြယ်စင်များစွာ လင်းလက်နေသည်။
“ကြယ်တာရာကောင်းကင်ထဲမှာ ကြယ်တွေလေကွာ”
နဂါးချီလင်ကလည်း ခေါင်းမော့ကြည့်သည်။ “ကောင်းကင်ထဲမှာ ကြယ်တွေရှိနေတယ်”
ယန်အာ၏အကြည့်က စူးရှ၏။ သူမက ရယ်၍ ပြောလေသည်။ “အဲ့ဒီကြယ်တွေက အစစ်မဟုတ်ဘူး... ငါတို့နဲ့ ဝေးကွာနေတဲ့ပုံပေါ်ပေမယ့် တကယ်တော့ အစစ်မဟုတ်ဘူး”
ချီကျုံရီက သံသယများဖြင့် မေးသည်။ “ဒီကြယ်တာရာကောင်းကင်က တကယ့်ကြယ်တာရာကောင်းကင်နဲ့ မခြားဘူးလေ... ဘယ်လိုအတုဖြစ်နိုင်မှာလဲ” သူက တခဏ ရပ်တန့်ပြီးနောက် ပြော၏။
“ဟုတ်ပါ့ တကယ် အတုကြီးပါလား... ငါတို့က သွေးသံချေးဇုန်မှာ ရှိတာလေ... ငါတို့ပတ်ပတ်လည်မှာ မြေထုအပိုင်းအစတွေ၊ ဂြိုဟ်အပိုင်းအစတွေ လွင့်မြောနေတဲ့အပြင် ဧရာမအရိုးစုကြီးတွေလည်း ရှိတယ်... ဘယ်လိုနည်းနဲ့မှ အပြင်က ကြယ်တာရာကောင်းကင်ကို မြင်နိုင်မှာမဟုတ်ဘူး”
ချင်မူက ရယ်လိုက်သည်။ “ဒါက ငါ့ရဲ့အစ်ကိုကြီး ငါ့အတွက် ချန်ထားခဲ့တဲ့ ရတနာပဲ”