တတိယမျက်လုံး၏ မူမမှန်မှူများ
Vol. 70 Ch. 913
ခေါင်းကိုးလုံး ဇာမဏီငှက်သည် သင်္ဘောဆီမှ ပျံထွက်လာပြီး တောင်ပံဖြန့်လျက် သင်္ဘောတစ်စင်းလုံးကို အုပ်မိုးကာကွယ်ပေးလိုက်၏။ ချီရှားယွီက ကမ္ဘာဦးဘုံမှ သူမ၏မှော်စွမ်းအင်ကို ထုတ်လွှတ်လျက် သူတို့အား ကာကွယ်ပေးနေခြင်း ဖြစ်ပေသည်။
သင်္ဘောအပေါ်မှ မြောက်တက်သွားသူများမှာ ခေါင်းကိုးလုံး ဇာမဏီငှက်၏ တောင်ပံများနှင့် ဝင်တိုက်မိသွားပြီး အိစက်ညက်ညောသော အတွေ့အထိကြောင့် မထိခိုက်သွားကြပေ။
ကောင်းကင်ခေါင်းလောင်းဆီမှ ကြိမ်နှုန်းများက ပြင်းထန်သထက် ပြင်းထန်လာပြီး ယခုတွင် ဇာမဏီသင်္ဘောကား သွေးသံချေးဇုန်တစ်လျှောက် လှုပ်ယမ်းခါလျက် ပျံသန်းနေရသည်။
သင်္ဘောသည် မြေထုများကို ပွတ်တိုက်သွားပြီး ပျက်စီးနေသည့် ကြယ်များကို တိုက်ချကာ မြေပြင်အပိုင်းအစတစ်ခုဆီသို့ ရောက်သွား၏။ သွေးသံချေးဇုန်ထဲရှိ ရှေးဟောင်းမြေအပိုင်းအစများထဲတွင် ကမ္ဘာဦးမြို့ပျက်များ ရုတ်တရက် တောက်ပလာပြီး အလင်းတန်းများ ဖြာထွက်လာသည်။ ထို့နောက် အားလုံးကို ခေါင်းနပန်းကြီးသွားစေသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
မရေတွက်နိုင်သော မြေပြင်များအပေါ်ရှိ မြို့ပျက်တို့ဆီမှ အလင်းတန်းများ ကွန့်မြူးဖြာထွက်လာပြီး ကြောက်မက်ဖွယ်ရာ ရှေးဟောင်းနတ်ဘုရားတို့၏ ပုံရိပ်သဏ္ဍာန် ဖွဲ့တည်လာကြ၏။ အသွင်သဏ္ဍာန်များက ထိုမြေပြင်များအတွင်းမှ ပျံတက်လာလေသည်။
သွေးသံချေးဇုန်၏ အလျားမှာ အံ့အားသင့်ဖွယ်ရာ ရှည်လျားပြီး အနီရောင်ကြယ်များ၊ မြေပြင်အပိုင်းအစများဖြင့် ပြည့်နှက်နေ၏။ သို့တိုင်အောင် ဤအခိုက်အတန့်တွင် အလင်းရောင်က အလျားတစ်လျှောက် တောက်ပသွားလေသည်။
ခေါင်းကိုးလုံး ဇာမဏီငှက်သည် ဇာမဏီသင်္ဘောကို အတတ်နိုင်ဆုံး ထိန်းချုပ်နေပြီး လာနေသော ကြောက်လန့်စရာ အားလှိုင်းများကို ရှောင်ရှားရင်း သွားနေ၏။ ဇာမဏီငှက်ခေါင်းတစ်ခေါင်းဆီမှ ချီရှားယွီ၏ ဒေါသထွက်နေသော အသံတစ်သံ ထွက်လာသည်။ “သွေးသံချေးဇုန်က နင်တို့ စိတ်ကူးကြည့်လို့မရအောင် အန္တရာယ်များတယ်... ကောင်းကင်နတ်ဘုံမှာတောင် ဒီနေရာကို တားမြစ်ဇုန်လို့ သတ်မှတ်ထားတာဟဲ့... ဘယ်သူက ပြဿနာ ရှာလိုက်တာလဲ”
အသက်ရှင်ကျန်ခဲ့သော နတ်ဘုရားများက ချင်မူ့ကို တစ်ပြိုင်တည်း လှည့်ကြည့်ကာ လက်ညှိုးလှမ်းထိုးကြ၏။
ယန်အာကလည်း တောင်ပံတစ်ဖက် မြှောက်ကာ ချင်မူ့ကို ထိုးပြနေသည်။
နဂါးချီလင်မှာ တွေဝေတွန့်ဆုတ်နေသော်လည်း အဆုံးသတ်တွင် ချင်မူ့ဆီသို့ လက်ညှိုးထိုးမပြပေ။
သို့သော် မြေအောက်ဘုံအရှင်သခင် ပေါက်စလေးက သူ့နားထဲမှ ထွက်လာပြီး လက်တစ်ဖက်မြှောက်၍ ချင်မူ့ကို လက်ညှိုးထိုးသည်။ သူက အလေးအနက် အမူအရာဖြင့် ဘူးခနဲ အော်လိုက်၏။
နဂါးချီလင်က သူ့ကို ကပျာကယာ တားလေသည်။ “လျှောက်မပြောနဲ့ဟ.. စွမ်းအင်ဆေးလုံးတွေကို ဂိုဏ်းသခင်ပဲ ဖော်ပေးတာနော်... မင်း လျှောက်လက်ညှိုးထိုးနေရင် ဂိုဏ်းသခင် မင်းကို အစာမကျွေးဘဲ နေလိမ့်မယ်”
မြေအောက်ဘုံအရှင်သခင် ပေါက်စလေးမှာ လက်ပြန်ချပြီး အမှားလုပ်ခဲ့သည့်အလား ခေါင်းငိုက်စိုက်ကျလျက် သူ့နားပေါက်ထဲ လှည့်ဝင်သွားသည်။
ချင်မူမှာ ရွာအပြင် ထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသော်လည်း ဟန်မပျက် နေသည်။ သူ့ရင်ထဲတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာပြီး သင်္ဘောအပေါ်မှ နှင်ချရတော့မည်ကို မြင်ယောင်နေ၏။
“ကောင်းကင်နတ်အရှင်မူ၊ ငါ နင့်ကို ဒီတစ်ကြိမ်ပဲ ကူညီမယ်... နောက်တစ်ကြိမ် နင့်ကို ကယ်တင်မယ် မထင်နဲ့"
ခေါင်းကိုးလုံး ဇာမဏီငှက်သည် ဇာမဏီသင်္ဘောကို အားကုန်တွန်းနေသည်။ သို့သော် သွေးသံချေးဇုန်မှာ ဖိတ်စင်ကျလာသော ဆန်ပြုတ်အိုးသဖွယ် ဖြစ်နေပြီး အလင်းတန်းများအတွင်းထဲမှ အသွင်သဏ္ဍာန်၊ အရွယ်အစား မျိုးစုံရှိသည့် ရှေးဟောင်းနတ်ဘုရားများနှင့် မိစ္ဆာများ ထွက်ပေါ်လာကြ၏။ သူတို့အားလုံးက လက်များ ဆန့်ထုတ်ရင်း ဇာမဏီသင်္ဘောဆီသို့ လှမ်းဆွဲကြသည်။
သင်္ဘောပေါ်ရှိ လူတိုင်းမှာ လူးလွန့်နေသော သင်္ဘောအပေါ်မှ လွင့်ထွက်မသွားအောင် ကိုင်စရာတစ်ခုခု လိုက်ရှာနေကြသည်။
ခေါင်းကိုးလုံး ဇာမဏီငှက်၏ အသွင်သဏ္ဍာန်က သင်္ဘော၏ အမြန်ဆုံးအရှိန်ဖြင့် မောင်းနှင်နေသည်။ သို့သော် သွေးသံချေးဇုန်မှာ အဆုံးမရှိသည့်အလား ရှည်လျားလွန်းသဖြင့် အချိန်တိုအတွင်း အပြင်သို့ ပျံထွက်နိုင်မည်မဟုတ်ပေ။
ထို့အပြင် မြေပြင်အသီးသီး၏အပေါ်က ယဇ်ပလ္လင်များအထက်ရှိ အသွင်သဏ္ဍာန်များကလည်း သွေးသံချေးဇုန်ကို နှောင့်ယှက်နေသည်။ သူတို့ကြောင့် အရှေ့ရှိ မြို့ပျက်များတွင်လည်း ယဇ်ပလ္လင်များ ပိုမိုအသက်ဝင်လာရာ အရှေ့မှ သူတို့ဆီသို့ ပျံသန်းလာနေသော ရှေးဟောင်းနတ်ဘုရား ဝိညာဉ်ခန္ဓာများလည်း တစတစ များပြားလာ၏။
ဤရှေးဟောင်းနတ်ဘုရား ဝိညာဉ်ခန္ဓာများတွင် အံ့အားသင့်ဖွယ်ရာ အစွမ်းအစများ ရှိကြသည်။ သူတို့ ထုတ်လွှတ်နေသော ကောင်းကင်နတ်သိုင်းများက အင်မတန် အားကောင်းပြင်းထန်သည့် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုကောင်းကင်နတ်သိုင်းများ ဖြစ်ပေသည်။
တစ်ယောက်-တစ်ယောက်ချင်း ချလျှင် ချီရှားယွီသည် ကမ္ဘာဦးဘုံမှတစ်ဆင့် ဇာမဏီသင်္ဘောကို ထိန်းချုပ်ရလင့်ကစား ကြောက်လန့်မည်မဟုတ်ပေ။ သို့သော် သူတို့ကို တိုက်ခိုက်နေသည့် ရှေးဟောင်းနတ်ဘုရားဝိညာဉ်ခန္ဓာများက များပြားလွန်း၏။
သူမမှာ ဇာမဏီသင်္ဘောကိုသာ အရှိန်တင်မောင်းနှင်ရင်း ဤဧရာမဝိညာဉ်ခန္ဓာကြီးများဆီမှ တိုက်ခိုက်မှုများကို ပွတ်ကာသီကာ ရှောင်တိမ်းကာ သင်္ဘောပေါ်ရှိ လူအားလုံး အန္တရာယ်ကင်းအောင် အတတ်နိုင်ဆုံး ကာကွယ်ပေးရုံသာ လုပ်နိုင်သည်။
ဇာမဏီသင်္ဘောမှာ ဆူနာမီလှိုင်းလုံးထဲ၌ လူးလွန့်နေရသော လှေငယ်တစ်စင်းသဖွယ် မြင့်လိုက်၊ နိမ့်လျက် ယမ်းခါနေပြီး အချိန်မှီ မရှောင်တိမ်းနိုင်သော အချိန်များတွင် အရွယ်အစားချုံ့ကာ ရှေးဟောင်းနတ်ဘုရား ဝိညာဉ်ခန္ဓာကြီးများကြားမှ ရဲရဲရင့်ရင့် ဖြတ်သန်းသွားသည်။
သို့သော် ချီရှားယွီမှာ အားနည်းလာသည်။ သူမကိုယ်တိုင် ဤနေရာတွင် ရောက်မနေသည် မဟုတ်ပါ၏လော။ ကမ္ဘာဦးဘုံမှတစ်ဆင့် ဇာမဏီသင်္ဘောကို ထိန်းချုပ်နေရခြင်းက သူမအတွက် တုံ့ပြန်ရခက်သလို၊ အနည်းငယ်လည်း အားနည်းစေသည်။ ဇာမဏီငှက်၏ အသွင်သဏ္ဍာန်မှာ တဖြည်းဖြည်း မှုန်ဝါးလာ၏။
နောက်ဆုံးတော့ သူမ၏မှော်စွမ်းအင် ကုန်လုဆဲဆဲတွင် ဇာမဏီသင်္ဘောကား ကြောက်စရာ သွေးသံချေးဇုန်ထဲမှ ပျံထွက်သွားနိုင်တော့သည်။ သင်္ဘောပေါ်ရှိ လူတိုင်း ဟင်းခနဲ သက်ပြင်းချနိုင်ကြသည်။
ဇာမဏီငှက်၏ အသွင်သဏ္ဍာန်က ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေ၍ ချီရှားယွီ အကြီးအကျယ် ပင်ပန်းနွမ်းနယ်သွားကြောင်း သိသာသည်။
“သူ့ကို ကောင်းကင်နတ်ဘုံဆီ ပို့လိုက်... ဒါပေမဲ့ တောင်ကောင်းကင်မုခ်ဝနားမှာပဲ ချခဲ့... ပြီးရင် သင်္ဘောကို ငါ့ဆီ ပြန်မောင်းလာခဲ့... သူ့မျက်နှာကို ငါ ဘယ်တော့မှ ထပ်မမြင်ချင်ဘူး” ခေါင်းကိုးလုံး ဇာမဏီငှက်သည် ဤစကားကို ပြောပြီးနောက် အလိုအလျောက် ပျောက်ကွယ်သွား၏။
ချင်မူမှာ တိတ်ဆိတ်လျက် ကျန်ခဲ့သည်။
ချီကျုံရီက သူ့ကို ကြည့်၏။ “ဂိုဏ်းသခင်ချင်၊ သွေးသံချေးဇုန်က အင်မတန် အန္တရာယ်များတဲ့အကြောင်း ငါ မင်းကို သတိပေးခဲ့တယ်နော်... ဒါပေမဲ့ မင်းက ငါ့ကို မယုံခဲ့ဘူး... ဒီဇုန်က တားမြစ်နယ်မြေပဲ...ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တွေတောင် ဒီနေရာကို မဆင်မခြင် ဝင်မလာရဲဘူး.. ငါတို့ဆို ပြောမနေနဲ့... ကိုယ်လူတို့... ဂိုဏ်းသခင်ချင် သင်္ဘောပဲ့ခန်းထဲမှာ နားရအောင် လိုက်ပို့ပေးလိုက်ကြ”
နတ်ဘုရားများက ရှေ့တက်လာကြပြီး ချင်မူ့ကို ဘေးတစ်ဖက်တစ်ချက်စီမှ ခြံရံလိုက်ကြသည်။ ကျန်ရှိသူများက နောက်မှ လိုက်လာကြကာ သင်္ဘော၏ ပဲ့ခန်းအတွင်းသို့ ပို့ဆောင်ပေးကြ၏။
ချီကျုံရီမှာ စိတ်မအေးသေးပေ။ ချင်မူ ထွက်ပြေးမည်ကို စိုးရိမ်သဖြင့် သူက နတ်ဘုရားများကို အတားအဆီးအစီအရင် အထပ်ထပ် ချခိုင်းပြီး ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်၊ လမ်းမှာ အန္တရာယ်များတဲ့ မြို့ပျက်တွေရှိသေးတယ်... နည်းနည်းလောက် သည်းခံပြီး စိတ်ရှည်ရှည်ထားပေးပါ.... ကောင်းကင်နတ်ဘုံဆီ ရောက်ရင် ငါ မင်းကို အပြင်ထုတ်ပေးပါ့မယ်”
ယန်အာက စပ်စပ်စုစု မေးသည်။ “လမ်းမှာ အန္တရာယ်ရှိတဲ့ မြို့ပျက်တွေ ရှိသေးတာလား... အဲ့ဒီအန္တရာယ်တွေက သွေးသံချေးဇုန်နဲ့ယှဉ်ရင် ဘယ်လောက်အန္တရာယ်များလဲ”
ချီကျုံရီက ပြန်ဖြေသည်။ “အန္တရာယ်တွေက ဒီနေရာထက် မလျော့ဘူး... နှစ်ရက်လောက် ဆက်သွားရင် မင်ဧကရာဇ် သေဆုံးသွားတဲ့နေရာကို ရောက်လိမ့်မယ်... မင်ဧကရာဇ်က အဲ့ဒီမှာ တိုက်ခိုက်ရင်း သေဆုံးသွားခဲ့တာဆိုတော့ အင်မတန် အန္တရာယ်များတယ်... ဒီနေရာထက်တောင် အန္တရာယ်များသေးတယ်”
ယန်အာက အလေးအနက် ပြန်ပြောသည်။ “နင့်ရဲ့လက်အောက်က နတ်ဘုရားတွေက သခင်လေးကို ချုပ်ထားနိုင်မှာမဟုတ်ဘူး... သခင်လေးက အတားအဆီးအစီအရင်တွေ ချိုးဖျက်နိုင်တဲ့ စွမ်းရည်တိုင်းမှာ ကျွမ်းတယ်... နင့်လက်အောက်က နတ်ဘုရားတွေရဲ့ သိုင်းအဆင့်က သူ့ထက် မြင့်ရင်တောင်မှ သူ့အတွက် အတားအဆီးအစီအရင်တွေကို ချိုးဖျက်ဖို့ မခက်ဘူး... ငါ သူ့ကို ချုပ်ထားမှပဲ သူ မထွက်ပြေးနိုင်မှာ”
ထို့နောက် သူမသည် ပဲ့ခန်း၏ တံခါးပေါ်သို့ အတားအဆီးအစီအရင် အလွှာအထပ်ထပ်ချကာ ချင်မူ ထွက်ပြေး၍ ပြဿနာမရှာရန် ကာကွယ်လိုက်သည်။
အခန်းထဲမှ ချင်မူ၏ ဒေါသထွက်နေသော အသံ ကြားလိုက်ရ၏။ “မမကြီးယန်အာ မမကြီးက သစ္စာဖောက်ပဲ”
နဂါးချီလင်က ကပျာကယာ ပြောသည်။ “ဂိုဏ်းသခင်၊ မမကြီးက ဂိုဏ်းသခင်အတွက် လုပ်ပေးနေတာနော်.... သူက ဂိုဏ်းသခင် ပြဿနာထွက်မရှာအောင် ကြိုတင်ကာကွယ်ထားတာ... နောက်တစ်ကြိမ်ကျ ဇာမဏီနတ်မင်းက ကျွန်တော်တို့ကို ကယ်တော့မှာမဟုတ်ဘူး... အဲ့ကျရင် တကယ်ကြီး မာလကီးယားသွားလိမ့်မယ်”
ချင်မူက အမျက်တချောင်းချောင်း ထွက်ကာ ပြောသည်။ “ ဖက်တီးနဂါး၊ မင်းလည်း သစ္စာဖောက်ပဲ... နှစ်သစ်ကူးရောက်ရင် မင်းကို ပေါ်စားပစ်မယ်”
ဇာမဏီသင်္ဘောသည်အရှိန်တင်၍ ခရီးဆက်၏။
ပဲ့ခန်းထဲတွင် ချင်မူ အနီရောင်ဖန်ဆင်းသလင်းကျောက်ကို ထုတ်လိုက်သည်။ ဤသလင်းကျောက်ကို ရရှိပြီးနောက်ပိုင်း ယခုထက်ထိ မမစပ်စုရသေးပေ။
ဖန်ဆင်းသလင်းကျောက်သည် အရွယ်အစားသိပ်မကြီးမားသည့်အပြင် အပြည့်အစုံရှိသည့် ဖန်ဆင်းသလင်းကျောက်မှ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပုံရ၏။ ဝေစုန့်ဖုန်းက သွေးသံချေးဇုန်၏ မြို့ပျက်များ၌ လျှောက်သွားရင်း ဤရတနာကို တွေ့ခဲ့ခြင်းဖြစ်လောက်သည်။
ဝေစုန့်ဖုန်းသည် လျှို့ဝှက်ချက်များစွာ သိ၏။ သူ၏အစ်ကိုကြီး ယခုလိုအခက်အခဲပေါင်းများစွာ ရင်ဆိုင်၍ လျှောက်သွားနေခြင်းမှာ ကောင်းမှုကုသိုလ်တည်ဆောက်ရန်ဟူသည့် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဖြစ်သည်။ ထို့ကြောင့် ချင်မူ့အတွက် ဖန်ဆင်းသလင်းကျောက် အပိုင်းအစကို ချန်ခဲ့ရခြင်း၏ နောက်ကွယ်တွင် လေးနက်သော အကြောင်းအရင်းတစ်ခု ရှိလိမ့်မည်။
ချင်မူ ဖန်ဆင်းသလင်းကျောက်ကို မျက်ခုံးနှစ်ဖက်ကြားသို့ ထားလိုက်သည်။ သူက စိတ်ကို ရှင်းလိုက်ပြီး အသိစိတ်အလျဉ်အား ၎င်းဆီသို့ ပို့လွှတ်လိုက်သည်။ ဤအခိုက်အတန့်တွင် ထူးဆန်းသော အဖြစ်အပျက် ဖြစ်ပွားလေသည်။
သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ အသားဖုလေးသည် ရုတ်တရက် ရွေ့လျားလာ၏။ ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခုက သူ၏ ချီနှင့်သွေးအားလုံးကို ဆွဲယူ၍ မျက်ခုံးနှစ်ဖက်ကြားသို့ တွန်းပို့လိုက်၏။
ချင်မူ ထိတ်လန့်သွားပြီး ရုတ်ခြည်းဆိုသလို သွေးဆုတ်ဖြူလျော်သွားသည်။ သူ့ကိုယ်ထဲရှိ သွေးအားလုံးက မျက်ခုံးနှစ်ဖက်ကြားဆီသို့ တရှိန်ထိုး စီးဆင်းနေ၍ တစ်စက္ကန့်အတွင်း သူ့တစ်ကိုယ်လုံး ပိန်ချုံးသွားတော့သည်။ သူ့မှာ အရိုးပေါ် အရေတင်နေသော အလောင်းခြောက်နှင့် တူသွားသည်။
“သေစမ်း”
သူက ချီစွမ်းအင်ကို အသက်သွင်း၍ မျက်ခုံးနှစ်ဖက်ကြားသို့ စီးဆင်းနေသော ချီနှင့်သွေးတို့ကို ထိန်းချုပ်ရန် ကြိုးစားပါသော်လည်း ချီစွမ်းအင်ကို အသက်မသွင်းလိုက်ခြင်းကပင် ပိုကောင်းဦးမည်။ သူ ချီစွမ်းအင်ကို အသက်သွင်းလိုက်သည့်အချိန်တွင် ချီစွမ်းအင်သည်လည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ မျက်ခုံးနှစ်ဖက်ကြားဆီသို့ စီးဆင်းသွား၏။
“အစ်ကိုကြီးပေးခဲ့တဲ့ ဒီဖန်ဆင်းသလင်းကျောက်က ဘာကြီးတုန်း”
ချင်မူမှာ ခေါင်းနပန်းကြီးလာသည်။ သူ၏ ပိန်ချုံးနေသော လက်ဝါးက ဖန်ဆင်းကျောက်တုံးအား အားကုန်ဆုပ်ကိုင်၍ မျက်ခုံးနှစ်ဖက်ကြားဆီမှ လာနေသော စွမ်းအင်ကို ခုခံရန် ကြိုးစားနေ၏။ ထိုစွမ်းအင်သည် ဤဖန်ဆင်းသလင်းကျောက်ကို အသေရရ အရှင်ရရ လိုချင်နေသကဲ့သို့ အသည်းအသန် ဖြစ်နေပြီး သလင်းကျောက်အား သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ လမ်းပြဆွဲယူနေ၏။
စွမ်းအင်က အလွန်အားကောင်းလွန်းသဖြင့် ချင်မူအတွက် သလင်းကျောက်ကို ဆက်ကိုင်ထားရန် မဖြစ်နိုင်တော့ပေ။
“ဒီသလင်းကျောက်ကို လိုချင်နေတာ မျက်ခုံးနှစ်ဖက်ကြား မဟုတ်ဘူး... ဒီသလင်းကျောက်ကမှ ငါ့မျက်ခုံးနှစ်ဖက်ကြားမှာ သူ့ဘာသာသူ နေချင်နေတာ” ချင်မူ သဘောပေါက်သွားသည်။
သူ့ကိုယ်တွင်းရှိ စွမ်းအင်သည် သူ၏ကိုယ်ပိုင်စွမ်းအင်ဖြစ်ကာ ယိုတုသားတော်စွမ်းအင်ပင် မဟုတ်ပေ။ ဝိညာဉ်အသစ် ပြန်လည်မွေးဖွားလာကတည်းက ချင်မူသည် ကိုယ်တွင်းရှိ စွမ်းအင်နှင့် အတိုင်းထက်အလွန် ရင်းနှီးလာခဲ့၏။
သူ့ကိုယ်တွင်း၌လည်း ပြင်ပစွမ်းအင် ကိန်းဝပ်နေခြင်း မရှိသည်က သေချာသည်။
သို့ဖြစ်၍ စွမ်းအင်သည် သလင်းကျောက်ဆီမှ လာခြင်းသာ ဖြစ်မည်။
ဖန်ဆင်းသလင်းကျောက်က သူ၏ချီနှင့်သွေး၊ ချီစွမ်းအင်တို့ကို ကူးပြောင်းပေးလွှတ်နေခြင်းသာ ဖြစ်မည်။ ဤရတနာသည် သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် မြှုပ်နှံကာ သူ၏တတိယမျက်လုံး ဖြစ်လာချင်နေ၏။
ချင်မူက အားကုန်ရုန်းကန်သည်။ သူက ပါးစပ်ဟ၍ ယန်အာဆီမှ အကူအညီလှမ်းတောင်းချင်သော်လည်း အသံတစ်သံမှ မထွက်နိုင်ပေ။
ချင်မူမှာ တံခါး၌ စောင့်နေသော နဂါးချီလင်နှင့် ယန်အာကို သတိပေးရန် တုန်ရီနေသော လက်ဖြင့် လှမ်း၍ တစ်စုံတစ်ခုအား ရိုက်ခွဲရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်ကို လှုပ်မရပေ။
သူ၏မူလဝိညာဉ်ပင်လျှင် ခန္ဓာကိုယ်ထဲ၌ ပိတ်မိနေသည်။
ရုတ်တရက် မျက်ခုံးနှစ်ဖက်ကြားမှ ပြင်းထန်သော နာကျင်မှုကို ချင်မူ ခံစားလိုက်ရ၏။ ထိုနေရာရှိ အရေပြားက ဘေးနှစ်ဖက်သို့ ကွဲထွက်သွားကာ ဒဏ်ရာ ဖြစ်ပေါ်လာ၏။
ချင်မူနှင့် မျက်နှာချင်းဆိုင်တွင် မှန်တစ်ချပ် ရှိသည်။ မှန်ကြည့်လိုက်သည့်အခါ မျက်ခုံးနှစ်ဖက်ကြားရှိ ဒဏ်ရာကို မြင်နေရသော်လည်း သွေးစီးကျလာခြင်း မရှိပေ။
ချင်မူမှာ သူ၏ချီစွမ်းအင်၊ ချီနှင့်သွေးတို့ကို လျင်မြန်စွာ ဆုံးရှုံးလာသည်။ သူ၏ချီ၊ သွေးနှင့် ချီစွမ်းအင်တို့မှာ တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းသော်လည်း တကယ့်နတ်ဘုရားအစစ်အတွက် ဖြစ်လာသည့်အခါ ဤမျက်လုံးသည် အဆုံးမရှိသော တွင်းကြီးပမာ ပြည့်မလာတော့ပေ။
ချင်မူမှာ ရင်ထဲတွင် အကြီးအကျယ် ကြောက်လန့်လာ၏။ တတိယမျက်လုံးကို ဖောက်ထုတ်ပြီးနောက် သူ့မျက်ခုံးနှစ်ဖက်ကြားတွင် မျက်လုံးအသစ်တစ်လုံး ထွက်လာပြီး အသားဖုလေး ထနေခြင်း ဖြစ်မည်ဟု သူ သံသယ ရှိခဲ့ဖူးသည်။
သူက ဖန်ဆင်းပညာတွင် ကျွမ်းကျင်သူ မဟုတ်ပါလော။ ထို့ကြောင့် တတိယမျက်လုံး ထွက်လာခြင်းက မထူးဆန်းပေ။
သို့သော် အသားဖုလေးက တစ်ချိန်လုံး မလှုပ်ရှားခဲ့ပေ။ သို့ရာတွင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် သို့မဟုတ် ချီစွမ်းအင်ကို လှည့်ပတ်လိုက်တိုင်း အသားဖုလေးဆီ စီးဆင်းသွားသော ချီစွမ်းအင်၊ ချီနှင့် သွေးတို့ ပျောက်ကွယ်သွားကြောင်း ခံစားခဲ့ရသည်။
၎င်းက အများအပြားတော့ မစုပ်ယူပေ။ ချင်မူကလည်း ဝိညာဉ်မွေးဖွားလာပြီးနောက် ကျင့်စဉ်စွမ်းအင် ဆထက်တိုး မြင့်တက်သွားခဲ့သောကြောင့် ထွေထွေထူးထူး တွေးမနေ။
ဖန်ဆင်းသလင်းကျောက် သူ၏ချီ၊ သွေးနှင့် ချီစွမ်းအင်တို့ကို မျက်ခုံးနှစ်ဖက်ကြားသို့ စုပ်ယူလိုက်သည့်အခါ အပြည့်အဝ ဖြစ်တည်မလာသေးသော ဤမျက်လုံးက သူ့ခန္ဓာကိုယ်တွင်းရှိ ချီနှင့်သွေးအားလုံးကို စားသုံးလိုက်လိမ့်မည်ဟု မည်သူ ထင်မည်နည်း။
‘ငါ့မျက်လုံးကြောင့်တော့ ငါ မသေလောက်ဘူးနော်’
ချင်မူမှာ ကျောရိုးထဲ စိမ့်အေးသွားပြီး သူ့လက်သူ မထိန်းချုပ်နိုင်တော့ပေ။ သူ့လက်ထဲရှိ ဖန်ဆင်းသလင်းကျောက်သည် တတိယမျက်လုံးအနား တဖြည်းဖြည်း ချဉ်းကပ်သွား၏။ ဖန်ဆင်းသလင်းကျောက်မှာ ကိုယ်ပိုင်အသိစိတ် ရှိနေပုံရပြီး သူ့မျက်လုံးထဲ အတင်းအကြပ် ဝင်ကာ တတိယမျက်လုံးနေရာ၌ အစားထိုးရန် ကြိုးစားနေသည်။
‘ဝေစွေ့ဖုန်း၊ သောက်ကျိုးမပေးတဲ့ဟာကြီး… ခင်ဗျားက ကျွန်တော့်ကို အမြဲဒုက္ခရောက်အောင် လုပ်တယ်’
ချင်မူ အံတင်းတင်းကြိတ်ထားမိပြီး လက်နှစ်ဖက်လုံး တုန်ရီနေသည်။ သူ့အတွက် ဖန်ဆင်းသလင်းကျောက်မှ လာနေသော စွမ်းအင်ကို ခုခံရန် ခက်ခဲနေလေသည်။
နောက်ဆုံးတော့ သူ၏တတိယမျက်လုံးက ချီ၊ သွေးနှင့် ချီစွမ်းအင်အားလုံးကို စားသုံးပြီးသွား၍ သူ့ခန္ဓာကိုယ်အတွင်းမှ ချီနှင့်သွေးတို့ ထပ်မစုပ်ယူ၍မရတော့ပေ။ ထိုအခါ မျက်လုံးဆီမှ အားလှိုင်းတစ်လှိုင်း ဖြာထွက်လာပြီး အလင်းတန်းတစ်တန်းသည် သွေးရောင်ဖန်ဆင်းသလင်းကျောက်အပေါ်သို့ ဖြာကျသွား၏။
သူ၏မျက်လုံးကား ဖန်ဆင်းသလင်းကျောက်ဆီမှ စွမ်းအင်စုပ်ယူရန် ကြိုးစားနေချေပြီ။
‘ငါ့မျက်လုံးကလည်း မကောင်းဆိုးဝါးပဲ’
ချင်မူ တိတ်တိတ်လေး ဆဲလိုက်မိ၏။ တတိယမျက်လုံးနှင့် ဖန်ဆင်းသလင်းကျောက် တစ်ခုကိုတစ်ခု တိုက်ခိုက်နေသည်။ တစ်လုံးက ကျန်တစ်လုံး ၏ စွမ်းအင်ကို ယူချင်နေပြီး’ ကျန်တစ်လုံးကမူ တစ်ဖက်တစ်လုံးကို အစားထိုး၍ နေရာယူချင်နေသည်။
ချင်မူမှာ လက်ဝါးကို ခဲရာခဲဆစ် မြှောက်၍ ရင်ဘတ်ဆီ ဖြည်းဖြည်းချင်း ရွှေ့ကာ သူ့လည်ပင်းမှ ကျနေသော ကျောက်စိမ်းလည်ဆွဲကို ဖြုတ်ယူလိုက်သည်။
ကျောက်စိမ်းလည်ဆွဲသည် ချင်စာလုံး ကျောက်စိမ်းလည်ဆွဲဖြစ်၏။ ချင်ဖုန်းကျင့် ရွှင်ပျော်ပျော်ကျေးရွာဆီ သွားတုန်းက ကောင်းကင်နတ်အရှင်ရုံဆီသို့ ကျောက်စိမ်းလည်ဆွဲ အပ်ခဲ့ကာ သူ့အား ပေးခိုင်းခဲ့သည်။ ချင်မူလည်း ထိုလည်ဆွဲကို တစ်ချိန်လုံးဆွဲထားခဲ့လေသည်။
ချင်မူက ကျောက်စိမ်းလည်ဆွဲကို ဆုပ်ကိုင်၍ မျက်ခုံးနှစ်ဖက်ကြားသို့ ဖြည်းဖြည်းချင်း ပြောင်းရွှေ့လိုက်သည်။ သူ့မှာ တတိယမျက်လုံးမှ လာနေသော စွမ်းအင်များကို ကျားကုတ်ကျားခဲ ခုခံနေရပြီး နောက်ဆုံးတော့ ကျောက်စိမ်းလည်ဆွဲကို နှစ်ခုအကြား ပို့လိုက်နိုင်၏။
ဤကျောက်စိမ်းလည်ဆွဲမှာ မြေအောက်ဘုံအရှင်သခင်၏ ချိုမှ သွန်းလုပ်ထားခြင်း ဖြစ်၍ ကျောက်စိမ်းလည်ဆွဲနှင့် တူသော်လည်း မြေအောက်ဘုံအရှင်သခင် ချင်ဖုန်းကျင့်ကို ဖိနှိပ်ရန် သုံးခဲ့သော မြေပြင်တစ်ခု ဖြစ်သည်။
ကျောက်စိမ်းလည်ဆွဲ သူ၏တတိယမျက်လုံးနှင့် ဖန်ဆင်းကျောက်တုံးကြားသို့ ရောက်သွားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်နှစ်ခုကို ခွဲပေးလိုက်သည့်အခါ ချင်မူမှာ ဖန်ဆင်းကျောက်တုံး ကိုင်ထားသည့် လက်ကို အောက်ချနိုင်သွားသည်။ သူ့မျက်လုံးနှင့် အသိစိတ်အလျဉ်မှာ တစ်ခုကို တစ်ခု မဆွဲငင်တော့ပေ။ ထိုအခါမှ ချင်မူ စိတ်သက်သာရာရသွားသည်။
ဤအခိုက်အတန့်တွင် ဖန်ဆင်းကျောက်တုံးက ရုတ်တရက် သူ့လက်ထဲမှ ပျံထွက်သွားပြီး ကျောက်စိမ်းလည်ဆွဲနှင့် ဝင်တိုက်သွား၏။ မထင်မှတ်ထားဘဲ ဖြစ်သွားသဖြင့် ချင်မူ မည်သို့မျှ မလုပ်နိုင်လိုက်ပေ။
ချင်မူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူ့မှာ ဖန်ဆင်းသလင်းကျောက်ကို လှမ်းဆွဲချင်သော်လည်း မင်းကာ တတိယမျက်လုံးနှင့် ကျောက်စိမ်းလည်ဆွဲကို ဝင်တိုက်သွားချေပြီ။
အလင်းတန်းများ သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ထွက်လာပြီး ကျောက်စိမ်းလည်ဆွဲအတွင်းရှိ စွမ်းအားသည် ဖန်ဆင်းသလင်းကျောက်နှင့် တတိယမျက်လုံးနှင့် ဝင်တိုက်သွား၏။ တခဏအတွင်း ချင်မူ၏အသိစိတ်အလျဉ်မှာ အပြင်းအထန် ရိုက်ခတ်ခံလိုက်ရ၍ သူ့မှာ သတိလစ်သွားတော့သည်။
“ဝေစွေ့ဖုန်း သောက်ကျိုးမပေးတဲ့ဟာကြီး” သူက သတိမလစ်ခင် ခက်ခက်ခဲခဲ ဆဲသွား၏။
“ငါတို့ မင်ဧကရာဇ် ကျဆုံးသွားတဲ့ နေရာဆီ ရောက်လာပြီ… ခံစစ်တွေ မြှင့်တင်”
ကုန်းပတ်ဆီမှ နတ်ဘုရားများ၏ အသံများ ထွက်လာကြသည်။ တံခါးအပြင်၌ စောင့်နေသော နဂါးချီလင်နှင့် ယန်အာမှာ ချိမင်ခေတ်မှ ဤကောင်းကင်နတ်ဧကရာဇ်၏ တိုက်ပွဲကွင်းပြင်ကို ကြည့်ရန် အပြေးအလွှား သွားလိုက်ကြ၏။
ဇာမဏီသင်္ဘော ထိုဧရိယာမှ ထွက်သွားမှ ပဲ့ခန်းအနားသို့ သူတို့ ပြန်သွားကြ၏။
“ဒီအချိန် ဂိုဏ်းသခင် ငြိမ်ချက်သား ကောင်းနေပါလား.. အရင်လို သိပ်မစပ်စုတော့ပါလား”
နဂါးချီလင် ရယ်လိုက်မိသည်။ “တကယ် ရှားမှရှားဗျာ… ဂိုဏ်းသခင်ကို ဒီလို ခဏခဏ ချုပ်ထားမှ အသားကျလာမှာ”
ယန်အာကလည်း သဘောတူသည်။
ချင်မူမှာတော့ ပဲ့ခန်းအတွင်း၌ မလှုပ်မယှက် လဲနေ၏။ သူ့အသက်ရှူသံမှာ အားနည်းနေပြီး မျက်ခုံးနှစ်ဖက်ကြားတွင် တတိယမျက်လုံး၊ ကျောက်စိမ်းလည်ဆွဲနှင့် ဖန်ဆင်းကျောက်တုံးတို့ကား ယှဉ်ပြိုင်နေကြဆဲ ဖြစ်လေသည်။