ဖန်ဆင်းရှင်တို့၏ နောက်ကွယ်က လျှို့ဝှက်ချက်
Vol. 70 Ch. 912
ချင်မူက ကြယ်တာရာကောင်းကင်ကို မော့ကြည့်ပြီးနောက် တတွတ်တွတ် ရွတ်နေသည်။ သူ ရွတ်နေသည်မှာ သင်္ချာကိန်းဂဏန်းများ ဖြစ်ပြီး သူ့ပတ်ဝန်းကျင်၌ သင်္ချာသင်္ကေတများ ပျံဝဲဖြစ်တည်လာသည်။ သင်္ကေတများသည် လိုက်ကြည့်၍ မမှီလောက်အောင် အဆက်မပြတ် ပြောင်းလဲနေ၏။
ချီကျုံရီမှာ တုန်လှုပ်လာသည်။ ချင်မူက သူ့အစ်ကိုကြီး ချန်ခဲ့သော ပုစ္ဆာကို ဖြေရှင်းရန် ကြယ်လမ်းကြောင်းများကို ဆုံးဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သူ သိလေသည်။
ချိမင်သားတို့၏ ဆန်းကြယ်ကြယ်ကြီးဆီ သူတို့နှစ်ယောက် ရောက်သွားတုန်းက ချီကျုံရီ ယခုလိုအရာမျိုး မြင်ခဲ့ဖူးသည်။
ထိုစဉ်တုန်းက ဝေစွေ့ဖုန်းသည် နက္ခတ်တာရာဝင်္ကပါတစ်ခုအထဲ၌ ချင်မူ့အတွက် ဘူးအသေးလေးတစ်ဘူး ထားခဲ့၏။ ဘူးလေးထဲတွင် နတ်ဘုရားစီရင်ရာဓားမ ရှိခဲ့ပြီး ချင်မူ့လက်ထဲ ရောက်သွားခဲ့သည်။ ဤဓားမကြောင့်လည်း ချင်မူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ချိမင်ခေတ်၏ လက်ကျန်ပြည်သူများကို အဆက်အသွယ် လုပ်ပေးနိုင်ခဲ့ပြီးနောက် နတ်ဘုရားချိရှီနှင့်အတူ ချိမင်ရွှမ်ခုံးကမ္ဘာဆီသို့ သွားကာ မဟာမိတ်ဖွဲ့နိုင်ခဲ့ခြင်းလည်း ဖြစ်၏။
‘ငါ ဝေစွေ့ဖုန်း ချန်ခဲ့တဲ့ ပုစ္ဆာကို ဂိုဏ်းသခင်ချင် မဖြေရှင်းနိုင်ခင် ဖြေရှင်းနိုင်ရင် သူ ချန်ခဲ့တဲ့ဟာကို ငါ ရနိုင်မလား’
ချီကျုံရီ အတွေးပေါ်လာသည်နှင့် ခေါင်းယမ်းမိလိုက်သည်။ နတ်ဘုရားစီရင်ရာစင်မြင့်တွင် ကျဲ့ဟွလီသည် ဝေစွေ့ဖုန်း ချန်ခဲ့သော ပုစ္ဆာကို ဦးစွာတွက်ချက်ခဲ့သော်လည်း ချင်မူက အရင်ဆုံး ဖြေရှင်းနိုင်ခဲ့သေး၏။
‘အဲဒီတုန်းကတည်းက အဲဒီခွေးသူတောင်းစားရဲ့ သင်္ချာစွမ်းရည်က ငါ့ထက် အများကြီး သာနေပြီ... ဒီနှစ်တွေထဲမှာ ပိုလို့တောင် ကျွမ်းလာဦးမယ်’ ကျဲ့ဟွလီ သူ့ဘာသာသူ တွေးလိုက်မိသည်။
ချင်မူဆီမှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။ သူက ပြုံး၍ လက်ချောင်းတစ်ချောင်းဖြင့် ကောင်းကင်ဆီသို့ အသာအယာ တို့ထိလိုက်၏။ ထိုအခါ ကောင်းကင်ထဲရှိ ကြယ်များသည် စတင် လည်လာပြီး ကြယ်လမ်းကြောင်းများလည်း ပြောင်းလဲစပြုလာသည်။
တချို့ကြယ်များက လမ်းကြောင်း တစ်သမတ်တည်း ရှိသော်လည်း တချို့ကြယ်များသည် ခေါင်းပြတ်သွားသည့် ယင်ကောင်များသဖွယ် ယောက်ယှက်ခတ်နေကြ၏။
နောက်ဆုံးတော့ ကြယ်များ လည်ပတ်နေခြင်း ရပ်တန့်သွားပြီး မရေအတွက်နိုင်သော ကြယ်များမှ ပန်းဖူးတစ်ဖူး၏ ပုံသဏ္ဍာန် ဖွဲ့တည်လာသည်။
ချင်မူ လက်ချောင်းတစ်ချောင်း ကွေးကာ ပန်းဖူးကို အသာအယာ တောက်လိုက်၏။ ကောင်းကင်ထဲရှိ ကြယ်များ စတင်ပြောင်းလဲသွားပြန်ပြီး ကြယ်ရောင်များဖြင့် ဖွဲ့တည်ထားသည့် ပန်းဖူးကား ဖြည်းဖြည်းချင်း ပွင့်အာကျလာသည်။
‘ဘယ်လောက် ထူးခြားလိုက်တဲ့ အစွမ်းအစလဲ’ အားလုံး ထိုမျှသာ တွေးနိုင်တော့သည်။
ဤစကားက ချင်မူ့ကို ချီးကျူးခြင်းဖြစ်သော်လည်း ဤကြယ်တာရာကောင်းကင်ကို ချန်ထားခဲ့သည့် ဝေစွေ့ဖုန်းကိုလည်း ချီးကျူးရာ ကျသည်။
ဝေစွေ့ဖုန်းနှင့် ချင်မူ ဆရာတူညီအစ်ကိုနှစ်ယောက်သည် မဟာကြယ်တာရာကောင်းကင်သင်္ချာ၏ အလှတရားအား သူတို့ဆီသို့ ပြသပေးခဲ့၏။ အလွန်တရာ ခမ်းနားလှပချေသည်။
ပန်း ပွင့်လာသည့်အခါ ပန်းအတွင်းမှ သွေးရောင်အလင်း ဖြာထွက်လာသည်။
ချင်မူက လက်ဝါးကို ဖွင့်လိုက်ပြီး သွေးရောင်အလင်းတန်းသည် သူ့လက်ဝါးပြင်ထက်သို့ လေးထောင့်စပ်စပ် ကျလာ၏။ အလင်းရောင် မှေးမှိန်သွားသည့်အချိန်တွင် လက်မဝက်ခန့် ရှိသော ဆဋ္ဌဂံသဏ္ဍာန်သလင်းကျောက်တစ်ခု ပေါ်လာသည်။
ချင်မူက ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်ကို ကိုင်၍ ကြယ်တာရာလမ်းကြောင်းများဆီ မော့ကြည့်သည်။ သူ့ရင်ထဲတွင် အံ့ဩတုန်လှုပ်နေသော်လည်း သူ့အမူအရာသည် တည်ငြိမ်အေးဆေးစွာ ပြုံးနေ၏။ “နောင်တော်ချီ၊ ဒီသလင်းကျောက်က ရုပ်ကြွပန်းချီတွေထဲက ဖန်ဆင်းရှင်ခေါင်းဆောင်ရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ မြှုပ်ထားတဲ့ တစ်ခုနဲ့ တူတယ်မထင်ဘူးလား”
ချီကျုံရီ အနည်းငယ် အံ့အားသင့်သွားသည်။ သူက အနီရောင်ဖန်ဆင်းသလင်းကျောက်ကို ကြည့်ပြီးနောက် ဇဝေဇဝါ မေးလေသည်။ “ဂိုဏ်းသခင်ချင်၊ မင်း ဘာကို ပြောချင်တာလဲ”
“ဘာမှမဟုတ်ပါဘူး”
ချင်မူက သွေးနီရောင်သလင်းကျောက်ကို သိမ်း၍ ပြုံးသည်။ “တစ်ခုတည်းတော့ မဟုတ်လောက်ဘူး... အစ်ကိုကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သောင်းကတည်းကနေ အတော်လေး လှုပ်ရှားခဲ့တယ်... ငါ့အတွက် ပစ္စည်းတွေ ချန်ပေးခဲ့ရတာကိုလည်း ကြိုက်တယ်... သူနဲ့ငါ့ကြားမှာ နှစ်ပေါင်းနှစ်သောင်းတောင် မကဘူး ကွာခြားနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိနေခဲ့တာ ကြာလှပြီ... သူက ဒီသလင်းကျောက် အတော်လေး လှလို့ ငါ့အတွက် ချန်ထားဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်မယ်”
ချီကျုံရီမှာ ချင်မူ့ကို လည်ပင်းညှစ်၍ ‘မင်း ဘာပြောချင်တာလဲ’ဟုသာ မေးလိုက်ချင်လာသည်။ သူက သူ့ကိုယ်သူ ချုပ်တည်းထားသော်လည်း ယန်အာမှာ မနေနိုင်ဘဲ ချင်မူ့ဆီသို့ စွမ်းအင်ဆေးလုံးတစ်လုံး ပို့ကာ မေး၏။ “သခင်လေး၊ အသေးစိတ်ပြောပါလား”
ချင်မူက စွမ်းအင်ဆေးလုံးကို နဂါးချီလင်ဆီ ပို့ပေးပြီး ချင်မူ ခေါ်လာသည့် နတ်ဘုရားကိုးပါးအား ကြည့်ကာ ပြုံးလိုက်သည်။ “ဒီမှာ လူတွေအများကြီးပဲ... ထပ်ရှင်းပြစရာ မလိုတော့ဘူး ထင်တယ်”
ချီကျုံရီက လက်ဝှေ့ယမ်းကာ နတ်ဘုရားကိုးပါးဆီ ပြောသည်။ “သင်္ဘောဆီ ပြန်နှင့်ကြ... ငါတို့ မကြာခင် လိုက်လာခဲ့မယ်”
နတ်ဘုရားကိုးပါးမှာ ချင်မူ ပြောတော့မည့် အကြောင်းအရာကို အလွန်သိချင်နေကြသော်လည်း သခင်လေးက အမိန့်ထုတ်ပြန်လိုက်သဖြင့် ထွက်ခွာသွားကြသည်။
ချီကျုံရီ၏ မျက်ဝန်းများ လှုပ်ခတ်သွား၏။ “ဂိုဏ်းသခင်ချင်၊ အခု ပြောလို့ရပြီမလား”
ချင်မူက ပြန်ဖြေသည်။ “ငါ့အစ်ကိုကြီး ဒီဖန်ဆင်းသလင်းကျောက်ကို ချန်ခဲ့တဲ့ အကေကြာင်းရင်းက ဒီဖန်ဆင်းသလင်းကျောက်ရဲ့ ပိုင်ရှင် အသက်ရှိနေသေးတယ် ထင်လို့ပဲ”
ချီကျုံရီမှာ ကျောရိုးတစ်လျှောက် စိမ့်အေးသွားသည်။ “မင်းဆိုလိုတာက”
ချင်မူ အလေးအနက် ပြန်ဖြေလိုက်၏။ “ဒီဖန်ဆင်းသလင်းကျောက်ရဲ့ ပိုင်ရှင်က အင်အားကြီးမားတဲ့ ကမ္ဘာဦးအစက ဖန်ဆင်းရှင်တစ်ယောက် ဖြစ်လိမ့်မယ်... ကမ္ဘာဦးအစ ဖန်ဆင်းရှင်တွေ မျိုးတုံးပျောက်ကွယ်သွားတာလည်း သူနဲ့ ပတ်သက်နေလောက်တယ်... သူက သမိုင်းတစ်လျှောက် အင်အားအကြီးဆုံးတစ်ယောက်ပဲ.... ဒီကမ္ဘာပေါ်မှာ ရှိနေလောက်သေးတယ်... အတိတ်တုန်းက သူက ရှေးဟောင်းနတ်ဘုရားတွေကြားမှာ အသန်မာဆုံးဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကောင်းကင်နတ်ဘုံကို ကြိုးကိုင်နေတဲ့လူတွေထဲက တစ်ယောက် ဖြစ်နေလိမ့်မယ်”
ချီကျုံရီ၏ ကိုယ်ပေါ်၌ အမွှေးအတောင်များ ထွက်လာပြီး သူ့မှာ ငေးကြောင်သွား၏။
ယန်အာက သူ့ကို စပ်စပ်စုစု ကြည့်ရင်း သူလည်း ငှက်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
ယန်အာနှင့် ချီကျုံရီ၏ အာရုံစိုက်မှုက မတူပေ။ ချင်မူက သံသယများကို ရှင်းပြပေးခဲ့၍ ယန်အာက ထွေထွေထူးထူး မတွေးဘဲ နားသာ ထောင်နေခဲ့သည်။ ချီကျုံရီကမူ နက်နက်နဲနဲ တွေးမိသွားသောကြောင့် သွေးများ အေးခဲလာသည့်တိုင်အောင် ကြောက်လန့်နေသည်။
ထိုမျှကြောက်စရာကောင်းသော ဖြစ်တည်မှုတစ်ခုက ရှေးဟောင်းနတ်ဘုရားခေတ်တွင် ဇာတ်မြှုပ်နေခဲ့ပြီး ယခုတွင်လည်း ကောင်းကင်နတ်ဘုံ၌ ပုန်းနေကြောင်း တွေးကြည့်လိုက်ရုံနှင့် ချီကျုံရီမှာ ဤအဖြစ်အပျက်နှင့် ရှေးဟောင်းနတ်ဘုရားခေတ်၏ အဆုံးသတ်၊ နဂါးဟန်ခေတ်၊ ချိမင်ခေတ်၊ ချုံဧကရာဇ်ခေတ်နှင့် ခိုင်ဧကရာဇ်ခေတ်အတွင်း မတည်ငြိမ်မှုအား ဆက်စပ်မတွေးကြည့်မိဘဲ မနေတော့ပေ။
ထိုမျှကြောက်စရာကောင်းသော ဖြစ်တည်မှုသည် ရှေးဟောင်းနတ်ဘုရားများကို ကလဲ့စားချေ၍ ဂြိုဟ်မွှေရန် ခေတ်အသီးသီး၌ ပုန်းကွယ်နေခဲ့လျှင် မည်မျှသည်းထိတ်ဖွယ်ရာကောင်းလှမည်နည်း။
ချီကျုံရီ မစဉ်းစားတတ်တော့ပေ။ သူ့မှာ ရှေ့လျှောက်နောက်လျှောက် လျှောက်ရင်း ကြားလိုက်ရသည့်စကားကို မေ့ချင်လာတော့သည်။
ရုတ်တရက် သူက ခြေလှမ်းများကို ရပ်၍ ချင်မူ့ကို စိုက်ကြည့်သည်။ “ဂိုဏ်းသခင်ချင်၊ အဲဒီလူက ဘယ်သူဖြစ်မယ်ထင်လဲ”
ကောင်းကင်နတ်ဧကရာဇ်၏ ပုံရိပ် ချင်မူ့မျက်လုံးထဲတွင် ပေါ်လာသော်လည်း တခဏကြာသော် သူက ခေါင်းယမ်းသည်။
ကောင်းကင်နတ်ဧကရာဇ်၏ အချက်အလက်များက အနည်းငယ်တော့ ကိုက်ညီ၏။ ဥပမာ ကောင်းကင်နတ်ဧကရာဇ်သည် အလွန်ရှေးကျပြီး မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်း ဖြစ်တည်မလာခင်ပင် မွေးဖွားလာခဲ့သူ ဖြစ်သည်။
ထိုမျှသာမက ကောင်းကင်နတ်ဧကရာဇ်က ရှေးဟောင်းနတ်ဘုရားခေတ်၏ အဆုံးသတ်တွင် ပါဝင်ခဲ့၏။ သူက ရှေးဟောင်းနတ်ဘုရားကောင်းကင်နတ်ဘုံကို တည်ထောင်ကာ သူ့ကို ဆန့်ကျင်သူများကို ချေမှုန်းပြီး နတ်ဘုရားတစ်ပိုင်းများနှင့် သက်ရှိသတ္တဝါများအား သွေးထိုးခဲ့သည်။
သို့သော် နောက်ပိုင်း လွန်လွန်းလာသဖြင့် ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ယွီနှင့် ကျန်ရှိသူများ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရကာ ရုပ်ခန္ဓာကို ဆုံးရှုံးခဲ့ရသည်။
သို့တိုင်အောင် သူသည် မသေခဲ့ပေ။ အမှောင်ရိပ်တွင် ခိုလျက် လက်ရှိကောင်းကင်နတ်ဘုံ၏ အရှင်သခင်များအထဲမှ တစ်ယောက်၊ ကောင်းကင်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်တစ်ယောက်ပင် ဖြစ်လာခဲ့သည်။
ကောင်းကင်နတ်ဧကရာဇ်သည် ချိမင်ခေတ်၊ ချုံဧကရာဇ်ခေတ်၊ ခိုင်ဧကရာဇ်ခေတ်တို့၏ အဆုံးသတ်များနှင့်လည်း တစ်နည်းနည်းဖြင့် ပတ်သက်နေလောက်၏။ သမိုင်းတစ်လျှောက်တွင် သူ၏အရိပ်က အုပ်စိုးနေခဲ့လိမ့်မည်။
သို့သော် ကောင်းကင်နတ်ဧကရာဇ်သာ ဖန်ဆင်းရှင်တို့၏ ခေါင်းဆောင်ဆိုလျှင် ဤကမ္ဘာဦးဖန်ဆင်းရှင်ခေတ်သည် ရှေးဟောင်းနတ်ဘုရားခေတ်မတိုင်ခင် တည်ရှိပြီး ရှေးဟောင်းနတ်ဘုရားများအား ဖန်ဆင်းခဲ့သူက သူတို့ ဖြစ်နေလိမ့်မည်။
ထို့ကြောင့် ချင်မူ အတပ်မပြောနိုင်ပေ။
အဘယ်ကြောင့်ဆိုသော်လည်း ရှေးဟောင်းနတ်ဘုရားများသည် အလွန်ရှေးကျလွန်း၏။ အမိကမ္ဘာမြေ၏ အသက်ဆိုလျှင် အနည်းဆုံး သန်းနှင့်ချီ အိုမင်းလေသည်။
သို့သော် ရှေးဟောင်းနတ်ဘုရားများတွင် ဝိညာဉ်များ ရှိကြသည်။
ဤအတွက် လေလ့ာဆန်းစစ်မှုများ လုပ်ရန် လိုအပ်သည်။
ထို့အပြင် ချီကျုံရီ ကြားဖူးသော ကောလဟာလအရ ရှေးဟောင်းနတ်ဘုရားများက ဖန်ဆင်းရှင်များကို မျိုးတုံးသတ်ဖြတ်ခဲ့ခြင်း ဖြစ်တန်ရာသည်။ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ရှေးဟောင်းနတ်ဘုရားတို့၏ ခေါင်းဆောင်ဖြစ်ပြီး မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းနှင့် အမိကမ္ဘာမြေပင်လျှင် သူ၏အကျင့်စရိုက်ကို ရွံရှာသော်လည်း သူ့အပေါ် လေးစားမှုရှိကြ၏။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သာ ဖန်ဆင်းရှင်တို့၏ ခေါင်းဆောင်ဖြစ်ရိုးမှန်လျှင် သူက နတ်ဘုရားများကို ဦးဆောင်၍ သူ့မျိုးနွယ်သူ သစ္စာဖောက်လိမ့်မည်လော။
သို့သော် ဝေစွေ့ဖုန်းမှာ ကောင်းကင်နတ်ဧကရာဇ်၏ ဖမ်းဆီးအကျဉ်းချခြင်း ခံခဲ့ရသည်။
ဝေစွေ့ဖုန်း ဖန်ဆင်းသလင်းကျောက်ကို ဆုပ်ကိုင်လိုက်တုန်းက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သည် ဖန်ဆင်းရှင်တို့၏ ခေါင်းဆောင်ဖြစ်ကြောင်း တွေ့ရှိသွား၍ နှုတ်ပိတ်ထားရန်များလော။
“ငါလည်း ဘယ်သူဖြစ်မလဲ မတွေးတတ်ဘူး”
ချင်မူက အပြင်သို့ လမ်းလျှောက်ထွက်သွားရင်း ပြုံးလိုက်သည်။ “ဒါပေမဲ့ တစ်ခုတော့ သေချာတယ်... သူ ကောင်းကင်နတ်ဘုံမှာ ရှိတယ်... ဒီခရီးကတော့ ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီ... နောင်တော်ချီ၊ ဖက်တီးနဂါး ပြန်စို့”
ယန်အာသည် သူ့ပခုံးအပေါ် လာနားပြီး ချီကျုံရီနှင့် နဂါးချီလင်က အနောက်မှ ခပ်သွက်သွက် လိုက်လာ၏။
ချင်မူ ရုပ်ကြွပန်းချီတန်း၏ အရှေ့တွင် ရပ်လိုက်ပြန်ပြီး ဖန်ဆင်းရှင်တို့ အားကောင်းပြင်းထန်သည့် အသိစိတ်အလျဉ်များဖြင့် ကမ္ဘာနောက်တစ်ခု ဖန်ဆင်းနေသော ပန်းချီကို အသေချာ ကြည့်နေမိသည်။
ချီကျုံရီက သူ့ကို လောသည်။ “ယဇ်ပလ္လင်အပေါ်က ကောင်းကင်နယ်စားမင်း အချိန်မရွေး ပြန်ဖွဲ့တည်လာတော့မယ်... မြန်မြန် သွားစို့”
ချင်မူ သဘောတူလိုက်သော်လည်း သူ့အကြည့်က ထိုပန်းချီဆီမှ မခွာပေ။
ရုပ်ကြွပန်းချီမှ ဖော်ပြထားသော လျှို့ဝှက်ချက်သည် အမှန်တကယ် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်း၏။ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် အားကောင်းသော အသိစိတ်အလျဉ်ဖြင့် ကမ္ဘာတစ်ခုအား နိတ္ထိဗလာမှ ဖန်ဆင်းခြင်း၊ ကောင်းကင်နှင့်မြေပြင် တည်ဆောက်ခြင်း... ၎င်းသာ အောင်မြင်သွားလျှင် ဤဖန်ဆင်းရှင်များသည် ရှေးဟောင်းနတ်ဘုရားများနှင့် စစ်ပွဲတွင် အနိုင်မရသင့်ဘူးလော။
ဤကမ္ဘာ၏ အလွန်တွင် ပိုမို၍ အစွမ်းထက်သော ဖန်ဆင်းရှင်များ နေထိုင်သည့် ကမ္ဘာတစ်ခု တည်ရှိနေလောက်မည်လား။ တည်ရှိနေလျှင် သူတို့သည် လျှို့ဝှက်ဆန်းကြယ်သော ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်များကို မျက်ခုံးနှစ်ဖက်ကြား၌ နစ်မြုပ်လျက် ကြယ်တာရာများ ဖန်ဆင်းကာ ကြယ်ရောင်တို့ ထွန်းလင်းတောက်ပနေလိမ့်မည်။
ထိုဖန်ဆင်းရှင်များ ဤကမ္ဘာကို ပြန်လာဦးမည်လော။
ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ကျေးရွာကို ကောင်းကင်နတ်ဘုံမှ ရှာမတွေ့ခဲ့ချေရာ... ထိုနေရာသည် ဖန်ဆင်းရှင်များ ဖန်ဆင်းထားသော ကမ္ဘာနှင့် ပတ်သက်နေမည်လား။
ကောင်းကင်ဆရာသခင် ကျစ်ရှီဖြစ်စေ၊ ကြင်ယာတော်မင်းသမီးကျန်းဖြစ်စေ၊ ရွှင်ပျော်ပျော်ကျေးရွာမှ လူများဖြစ်စေ ... သူတို့အားလုံးသည် ရွှင်ပျော်ပျော်ကျေးရွာက အင်မတန် အန္တရာယ်များသည်ဟု ဆိုကာ ချင်မူအား ရွှင်ပျော်ပျော်ကျေးရွာသို့ မပြန်လာစေချင်ခဲ့ပေ။
ရွှင်ပျော်ပျော်ကျေးရွာက ဖန်ဆင်းရှင်များ ဖန်ဆင်းထားသည့် ကမ္ဘာပေါ်တွင် တည်ဆောက်ထားသဖြင့် ရွှင်ပျော်ပျော်ကျေးရွာ အန္တရာယ်များရသည့် အကြောင်းရင်းက ဤဖန်ဆင်းရှင်များ ဖြစ်နိုင်မည်လား။
“ဂိုဏ်းသခင်ချင်၊ ငါတို့ အခု သွားမှဖြစ်တော့မယ်” ချီကျုံရီက အချိန်ဆွဲမနေတော့ဘဲ ချင်မူ့ကို ဆွဲ၍ ထွက်ပြေးတော့သည်။
ချင်မူလည်း အကြည့်လွှဲ၍ ပြေးသည်။ နဂါးချီလင်က တရှိန်ထိုး ပြေးလာကာ ပြော၏။ “ဂိုဏ်းသခင်၊ တတိယညီလေး ကျောပေါ်တက်... နှစ်ယောက်စလုံးကို ခေါ်သွားပေးမယ်”
သူတို့နှစ်ယောက် သူ့ကျောပေါ် ရောက်သည့်အခါ နဂါးချီလင်က အရှိန်တင်သည်။ များစွာမကြာလိုက်ဘဲ သူတို့ ယဇ်ပလ္လင်၏ဘေးသို့ ရောက်သွားကြပြီး နဂါးချီလင်က လျင်မြန်စွာ ဖြတ်ကျော်ပြေးသွား၏။
ယဇ်ပလ္လင်၏ ချိုင့်နေသော အလယ်တွင် အလင်းရည်ကြည်များ ပိုမိုစုဝေးလာသည်။ ယဇ်ပလ္လင်ကို ဝိုင်းရံထားသော အရိုးစုများ၏ နဖူးထဲမှ သလင်းကျောက်များက မှိန်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှတ်နေသည်။
ချင်မူ အံ့ဩထိတ်လန့်သွားသည်။ “ဖက်တီးနဂါး၊ မြန်မြန် ပြေး”
နဂါးချီလင်လည်း ကောင်းကင်သို့ တရှိန်ထိုး ပြေးတက်၍ လေလယ်ရှိ ဇာမဏီသင်္ဘောဆီသို့ ပျံသန်းသွားသည်။
ချင်မူနှင့် ချီကျုံရီ နောက်လှည့်ကြည့်လိုက်၏။ သူတို့၏အောက်တွင် အရိုးစုများ၏ နဖူးထဲရှိ သလင်းကျောက်များဆီမှ အလင်းရောင်ကား လျင်မြန်စွာ အားကောင်းလာနေသည်။ ရုတ်တရက် အလင်းတန်းများ ယဇ်ပလ္လင်၏ အလယ်သို့ ဝှမ်ခနဲ ဖြာကျသွားသည်။
ချိုင့်နေသော အလယ်ရှိ အလင်းရည်ကြည်များ အုံကြွကာ အလင်းစက်ကွင်း အလွှာအထပ်ထပ် ဖွဲ့တည်လာပြီး အပြင်သို့ ပြန့်ကားဖြာထွက်သွား၏။
ထို့နောက် အလင်းတန်းများသည် ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး အလင်းတန်းအလွှာအရစ်ရစ်အကြားမှ ဧရာမသတ္တဝါကြီးတစ်ကောင် ထိုးထွက်လာသည်။ အလင်းတန်းများသည် အတိုင်းထက်အလွန် တောက်ပနေသော အလင်းစင်းကြောင်းများအဖြစ် ပြောင်းလဲသွားပြီး မပြိုကွဲသွားသည့် အလင်းစက်ကွင်းများမှာမူ သတ္တဝါကြီး၏ ခေါင်းအနောက်၌ ဖွဲ့တည်နေသော ရောင်ခြည်တော်စက်ဝန်းများ ဖြစ်လာကြ၏။
ကောင်းကင်နယ်စားမင်း။
ဖန်ဆင်းရှင်တို့၏ စုစည်းထားသော အသိစိတ်အလျဉ်ဖြင့် ဖန်ဆင်းထားသည့် ကောင်းကင်နယ်စားမင်းလက်နက်။
ကောင်းကင်နယ်စားမင်းက အရပ်မြင့်သထက် မြင့်လာသည်။ သူက လက်တစ်ဖက်မြှောက်၍ ဇာမဏီသင်္ဘောဆီသို့ အသားကုန်ပြေးနေသော နဂါးချီလင်ထံ လှမ်းဖမ်းလိုက်၏။
ချင်မူ၏ပခုံးပေါ်ရှိ ယန်အာ၏ အမွှေးအတောင်များက ပြန့်ကားသွားပြီး တောင်ပံတဖျတ်ဖျတ် ခတ်သည်။ နောက်တခဏတွင် သူမသည် ဧရာမနဂါးစာကလေးအသွင် ပြောင်း၍ ချင်မူ၊ ချီကျုံရီနှင့် နဂါးချီလင်တို့ကို ကျောတွင် သယ်ကာ မြွေလိမ်မြွေကောက် ပျံတက်သွားသည်။ သူမမှာ ကောင်းကင်နယ်စားမင်း၏ လက်ဝါးအား လွတ်သည်ဆိုရုံသာ ရှောင်လိုက်နိုင်ပြီး ဇာမဏီသင်္ဘောဆီသို့ တရှိန်ထိုး ပျံသန်းသွား၏။
ချီကျုံရီက ယန်အာ၏ အမွှေးအတောင်များကို ဆုပ်ကိုင်ထားရင်း ဇာမဏီသင်္ဘောအပေါ်ရှိ စစ်သည်တော်များထံ လှမ်းအော်သည်။ “သင်္ဘောကို အသက်သွင်း”
ဇာမဏီသင်္ဘောအပေါ်ရှိ နတ်စစ်သည်တော် အယောက်ခြောက်ထောင်သည် မှော်စွမ်းအင်ကို တမုဟုတ်ချင်း အသက်သွင်းလိုက်ရင် ဇာမဏီတောင်ပံများ လှုပ်ခါလာစေသည်။ တောင်ပံကြီးများက ပြန့်ကားလာပြီးနောက် သင်္ဘောက အသက်ဝင်လာတော့သည်။
ယန်အာက သင်္ဘောအပေါ် ဆင်းသက်ရင်း ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်မှ အရှိန်ရပ်လိုက်နိုင်သည်။
ချင်မူ၊ ချီကျုံရီနှင့် နဂါးချီလင်လည်း သူမကျောပေါ်မှ အလျင်အမြန် ဆင်းလိုက်သည်။ နဂါးချီလင် ကုန်းပတ်အပေါ် ဆင်းလိုက်သည့်အချိန်တွင် သူ့နဂါးအမြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် အကောင်အသေးလေးတစ်ကောင် ရှိနေကြောင်း သတိထားမိလိုက်၏။ သူ စိုက်ကြည့်လိုက်သည့်အခါ ချင်မူ ဖန်ဆင်းထားသော လက်ဝါးအရွယ် မြေအောက်ဘုံအရှင်သခင်လေး ဖြစ်နေသည်။
နဂါးချီလင်က ပေါက်စလေးကို ကောက်၍ ချင်မူ့ကို မေးရန် ပြင်သော်လည်း ချင်မူ၊ ချီကျုံရီနှင့် ကျန်ရှိသူများမှာ ဇာမဏီသင်္ဘောအား အသက်သွင်းရင်း အလုပ်များနေသဖြင့် နဂါးချီလင်အပေါ် အာရုံမရှိပေ။
‘ဒီပေါက်စလေးကို ဒီတိုင်း ထားလိုက်ရင် တစ်ရက်ထက် ပိုပြီး အသက်ရှင်မှာ မဟုတ်ပါဘူး... ငါ့နောက် လိုက်လည်း လိုက်ပလေ့စေ”
ဤသို့ တွေးရင်း နဂါးချီလင်က မြေအောက်ဘုံအရှင်သခင် ပေါက်စလေးကို အောက်ချပေးလိုက်သည်။ ဤအရာလေးသည် အလွန်ရန်လိုခက်ထန်ပြီး သူ့ဆီသို့ တဘူးဘူး အော်ပြနေ၏။
နဂါးချီလင် တခဏ စဉ်းစားပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ချင်မူနှင့် ယန်အာ သူ့ဘက် ကြည့်မနေကြောင်း မြင်လျှင် စွမ်းအင်ဆေးလုံးတစ်လုံး ထုတ်၍ ပေါက်စလေး၏ လက်ထဲ ထည့်ပေးကာ ခပ်တိုးတိုး ပြောသည်။ “ဆူဆူညံညံ လုပ်မနေနဲ့... ငါ့မှာ စွမ်းအင်ဆေးလုံးတွေအများကြီး ရှိတဲ့အကြောင်း ဂိုဏ်းသခင်ချင်နဲ့ မမကြီးယန်အာ သိသွားလို့ဖြစ်ဘူး”
မြေအောက်ဘုံအရှင်သခင် ပေါက်စလေးက သူ့ထက် နည်းနည်း ပိုကြီးသည့် စွမ်းအင်ဆေးလုံးကို ထမ်းရွက်ထားရ၍ အနည်းငယ် ကသိကအောက် ဖြစ်နေသည်။ သူ့မှာ ဤလုံးလုံးအရာကြီးနှင့် မည်သို့မည်ဖုံ လုပ်ရမည်မှန်း မသိပေ။
“အဲဒါက စားဖို့” နဂါးချီလင်က စွမ်းအင်ဆေးလုံး နောက်တစ်လုံး ထုတ်၍ သူ့ပါးစပ်ထဲသူ ထည့်ကာ ဖြည်းဖြည်းချင်း ရှင်းပြသည်။
မြေအောက်ဘုံအရှင်သခင် ပေါက်စလေးက သူလုပ်သည့်အတိုင်း လိုက်လုပ်ကြည့်သည်။ သူက ဝိညာဉ်ဆေးလုံးကို ဖက်ရင်း တစ်ကိုက်ကိုက်ကြည့်သည်။ စွမ်းအင်ဆေးလုံးမှာ ကြီးမားလွန်းပြီး သူ့ပါးစပ်က သေးလွန်းသောကြောင့် အခဲသေးသေးလေး တစ်ခဲကိုသာ ကိုက်လိုက်နိုင်၏။
နဂါးချီလင် သဘောကျသွားသည်။ “ဘယ်လိုလဲ... အရသာ ရှိတယ်မလား”
မြေအောက်ဘုံအရှင်သခင် ပေါက်စလေးက မြေပြင်ပေါ် ထိုင်ချပြီး စွမ်းအင်ဆေးလုံးကို ဖက်ကာ ကြိုးစားပမ်းစား စားနေသည်။ သို့သော် သူ့အစာအိမ်က သေးလွန်းသောကြောင့် တစ်ဝက်သာ စားရသေးသော်လည်း သူ့ဗိုက်မှာ လုံးတစ်ကာ အင့်နေပြီဖြစ်၍ မစားနိုင်တော့ပေ။ သူသည် စွမ်းအင်ဆေးလုံး၏ ကျန်တစ်ဝက်ကို မလွှတ်ချဘဲ ဖက်ထားသေး၏။
နဂါးချီလင်က သူ့ကို မြှောက်ပြီး နားရွက်ထဲ ထည့်သည်။ "ဆူဆူညံညံ မလုပ်နဲ့... တော်ကြာ တစ်ယောက်ယောက် မင်းကို တွေ့သွားလိမ့်မယ်... အစာချေရအောင် တရေးကောင်းကောင်း အိပ်လိုက်...”
ရုတ်တရက် ချင်မူ့အသံက ကျယ်လောင်စွာ ပျံ့လွင့်လာသည်။ “ကောင်းကင်ခေါင်းလောင်းကို သတိထား”
နဂါးချီလင် အလျင်အမြန် လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နယ်စားမင်း၏ ရောင်ခြည်တော်စက်ဝန်း အလွှာအထပ်ထပ်ကို မြင်လိုက်ရပြီး ကောင်းကင်နယ်စားမင်းသည် လက်နှစ်ဖက်လုံး မြှောက်လျက် ပွေ့ဖက်ထားသော အသွင်သဏ္ဍာန် ရှိသည်။ ကောင်းကင်နယ်စားမင်း၏ ခေါင်းပေါ်တွင် အလင်းခေါင်းလောင်းတစ်ခု ဖွဲ့တည်လာ၏။
ခေါင်းလောင်းက ဧရာမကြီးမားလှ၍ မြေပြင်ထက်ရှိ လေထဲတွင် လည်ပတ်နေသည်။ ခေါင်းလောင်း၏ အဝက အောက်သို့ မျက်နှာမူထားရာမှ ယခုတွင် လှည့်သွား၍ ဇာမဏီသင်္ဘောအား မျက်နှာချင်း ဆိုင်သွားချေပြီ။
“ကောင်းကင်တာအို ၃၃၆ ၊ ကောင်းကင်တာအိုခေါင်းလောင်း"
ခေါင်းလောင်းသံသည် ဇာမဏီသင်္ဘော၏ အနောက်၌ ရုတ်တရက် ထွက်ပေါ်လာကာ သင်္ဘောပေါ်ရှိ လူတိုင်း မိုကြိုးဖြင့် ပစ်ချခံလိုက်ရ၏။ သူတို့၏ခန္ဓာကိုယ်များ တုန်ခါ၍ အက်ကွဲလာကာ နောက်တခဏတွင် အသားစိုင်များ အရပ်လေးမျက်နှာသို့ ပျံထွက်သွားတော့သည်။