ဖန်ဆင်းရှင် ရှုကျွင်း
Vol. 70 Ch. 915
ချင်မူ လန့်ဖျပ်သွားသည်။ ဤအသိစိတ်အလျဉ်သည် သူ၏တတိယမျက်လုံးအတွင်းရှိ ဖန်ဆင်းသလင်းကျောက်ဆီမှ လာခြင်းဖြစ်၏။
ကြယ်တာရာအရှင်သခင်တို့၏ သင်္ကေတအမှတ်အသားများ သူ စီရင်ခင်းကျင်းနေစဉ် ဖန်ဆင်းသလင်းကျောက်ထဲ၌ ကိန်းဝပ်နေသော ကမ္ဘာဦးအစ ဖန်ဆင်းရှင်ကို တွေ့ရှိခဲ့သည်။ ချင်မူမှာ ဝင်္ကပါကို အေးအေးလူလူ ခင်းကျင်းနိုင်မည် ထင်ခဲ့သော်လည်း ဖန်ဆင်းရှင်က ဤမျှသတိကြီးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချင်မူက နဖူးမှ ချွေးပေါက်များ ဖြစ်ညှစ် ထုတ်လိုက်ပြီး ချီနှင့်သွေးကိုလည်း လှုံ့ဆော်ရင်း နှလုံးခုန်နှုန်း မြန်လာစေ၏။ သူ့အသွင်မှာ ထိတ်လန့်ကြောက်ရွံ့နေသည့်ပုံစံ ပေါက်လာသည်။ သူက တုန်ရီနေသောအသံဖြင့် မေးလေသည်။ “ငါ့ခေါင်းထဲမှာ ဘယ်သူလဲ”
သူ၏ချွေးတစ်ဝက်မှာ အစစ်ဖြစ်ပြီး ကျန်တစ်ဝက်က အတုဖြစ်လေသည်။ အမှန်တကယ်လည်း သူ အနည်းငယ် ကြောက်လန့်နေသည်။ ဖန်ဆင်းရှင် သူ့ကို သတိထားမိလိမ့်မည်ဟု ချင်မူ မထင်ထားခဲ့ပေ။
ချီနှင့်သွေး ထကြွလာပြီး နှလုံးခုန်နှုန်း မြန်လာခြင်းမှာတော့ အတုဖြစ်သည်။ ထိုမျှအခြေအနေအထိ သူ မရောက်သေးပေ။
သူ့စိတ်ထဲတွင် ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ် အသိစိတ်အလျဉ်က တခဏ တိတ်ဆိတ်သွားပြီးနောက် လှိုင်းဂယက်များ ထလာကာ ပြောသည်။ “မင်း ဒီလောက် လန့်ဖျပ်နေစရာ မလိုပါဘူး... စောစောကတော့ ငါ မင်းကို အန္တရာယ်ပြုချင်ခဲ့တာမှန်တယ်... ဒါပေမဲ့ မင်းရဲ့ နည်းလမ်းတွေကို မြင်တွေ့ပြီးနောက်ပိုင်း တော်ရုံတန်ရုံမဟုတ်မှန်း ငါ ခံစားခဲ့ရတယ်... စကားလေးဘာလေး ပြောကြတာပေါ့.. ဘယ်သူသိနိုင်မလဲ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အသေသတ် တိုက်ခိုက်မယ့်အစား အတူတူ ပူးပေါင်းနိုင်မလားဆိုတာ”
ချင်မူ၏ ချီနှင့်သွေးသည် ပုံမှန်ပြန်ဖြစ်သွားပြီး နှလုံးခုန်နှုန်းသည် ပုံမှန်ပြန်ဖြစ်လာ၏။ ထို့နောက် သူ၏အသိစိတ်အလျဉ်မှ လှိုင်းဂယက်များ ဖြာထွက်လာသည်။ “ဆရာကြီးကြည့်ရတာ ကျွန်တော့်ဘာသာစကားကို နားလည်နေသလိုပဲ”
“ငါ နားမလည်ဘူး”
ထိုအသိစိတ်အလျဉ်က ပြောသည်။ “ငါက အသိစိတ်အလျဉ်ကြောင့်သာ မင်းကို စကားပြောနိုင်တာပါ... ငါတို့အသိစိတ်အလျဉ်နှစ်ခု ဝင်တိုက်သွားရင် ဘာသာစကားမလိုဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်တယ်... မိတ်ဆွေလေး၊ စောစောက ငါ မှားသွားပါတယ်... မင်းကို တိတ်တဆိတ် မတိုက်ခိုက်ခဲ့သင့်ဘူး... ပြီးတော့ မင်းလည်း ငါ့ကို တိတ်တဆိတ် တိုက်ခိုက်စရာမလိုပါဘူး... အတူတူ ပူးပေါင်းပြီး နှစ်ဦးနှစ်ဖက် အကျိုးထွက်အောင် ညှိကြတာပေါ့”
ချင်မူ၏ ဝိညာဉ်သန္ဓေသားက ချီစွမ်းအင်ကို ထိန်းချုပ်ရင်း တတိယမျက်လုံးထဲ၌ ဒုတိယကြယ်တာရာအရှင်သခင်အသွင် ခတ်နှိပ်လိုက်သည်။ ထို့နောက် တတိယကြယ်တာရာအရှင်သခင်ဆီသို့ ချက်ချင်း ရွေ့လျားသွား၏။
“ဆရာကြီးကတော့ နောက်ပြီ... ခင်ဗျားအနေနဲ့ ကျွန်တော်နဲ့ အပေးအယူ လုပ်ပိုင်ခွင့်ရှိပေမယ့်... ကျွန်တော့်မှာတော့ အပေးအယူလုပ်စရာမရှိဘူး... ဘယ်လိုလုပ်ပြီး နှစ်ယောက်သား နှစ်ဦးနှစ်ဖက် အကျိုးထွက်မည့် အခြေအနေကို ဖန်တီးနိုင်မှာတုန်း”
ချင်မူ ရယ်နေသဖြင့် ချင်မူ၏အသိစိတ်အလျဉ်မှ လှုပ်ခတ်နေသည်။ “ဆရာကြီး၊ စောစောက ကျွန်တော့်ချီ၊ သွေးနဲ့ ချီစွမ်းအင်အားလုံးနီးပါး ယူပြီး ကျွန်တော့်ကို သေလုမျောပါး ဖြစ်စေခဲ့တယ်... ကျွန်တော်တို့အနေနဲ့ အတူပူးပေါင်းလို့ ရပေမယ့် မပူးပေါင်းခင် ကျွန်တော် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လိုတယ်... ဆရာကြီး၊ ကျွန်တော် ဆရာကြီးကို ဘယ်လို ခေါ်ရမလဲ”
အသိစိတ်အလျဉ်က ပြောသည်။ “ငါက ရှုကျွင်းလို့ ခေါ်တယ်... ဖန့်ပိုပြည်နယ်ရဲ့... ထားပါတော့.. ငါ့မျိုးနွယ်က မျိုးဖြုတ်ခံလိုက်ရတာ ကြာပြီပဲ... အသက်ရှင်နေတုန်းက ရာထူးဂုဏ်သိမ်တွေအကြောင်း ပြောနေလည်း မထူးဘူး... မိတ်ဆွေ၊ မင်း အကုန်လုံး စီရင်ပြီးရင်တောင် မင်း ငါ့ကို ဘာမှမလုပ်နိုင်ဘူး”
ချင်မူ ဝင်္ကပါကို ဆက်လက်တည်ခင်းရင်း ပြောလိုက်၏။ “ဘာမှမလုပ်နိုင်လောက်ပေမယ့် အနည်းဆုံးတော့ စိတ်အေးရပါတယ်”
သူသည် ကြယ်တာရာအရှင်သခင်တို့၏ မဟာတာအိုသင်္ကေတအမှတ်အသားတချို့အား တမင်တကာ ဖယ်ရှားပြီး အမှားလုပ်နေသဖြင့် ကမ္ဘာဦးအစမှ ဖန်ဆင်းရှင်မှာ ချင်မူ့ကို အထင်သေးနေ၏။
ချင်မူအနေဖြင့် ကြယ်တာရာအရှင်သခင် အယောက် ၃၆၀ ၏ သင်္ကေတအမှတ်အသားများကို စီရင်ပြီးသည်နှင့် မျက်စိတစ်မှိတ်အတွင်း နောက်ဆုံးအဆင့်အား အကောင်အထည်ဖော်ကာ လက်ဦးမှုရယူနိုင်လိမ့်မည်။
ရှုကျွင်း၏ အသိစိတ်အလျဉ်က သူ့ဆီသို့ ဆက်ပြောနေသည်။ “ငါက အသက်ပြန်ရှင်ရုံပဲ ပြန်ရှင်ချင်တာပါ... တခြား မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး... မင်း ငါ့ကို ချီ၊ သွေးနဲ့ အသိစိတ်အလျဉ်တချို့ ငှားပေးပြီး အသက်ပြန်သွင်းပေးရင် ငါ မင်းကို မဟာကမ္ဘာဦးအစကျောက်တုံး ပေးမယ်... မင်း မဟာကမ္ဘာဦးအစကျောက်တုံးက ဘယ်လိုဖြစ်တည်လာလဲ သိလား.. အဲဒီကျောက်တုံးက ရှေးဟောင်းကမ္ဘာဦးခေတ်ရဲ့ အစောပိုင်းနှစ်တွေက နတ်ကျောက်တုံးတစ်တုံးပဲ... ငါတို့တွေ စကြဝဠာအနှံ့ ရှာခဲ့ပြီး တစ်တုံးပဲ တွေ့ပေမယ့် မဟာဧကရာဇ်မျိုးနွယ်ကနေ အသက်ရှင်ကျန်ခဲ့တဲ့သူတွေ ယူသွားတယ်”
ချင်မူက ‘အင်း’ ဟုသာ အသံပြုပြီး မဟာကမ္ဘာဦးအစကျောက်တုံးကိုသော်လည်းကောင်း၊ နတ်ကျောက်တုံးကိုသော်လည်းကောင်း စိတ်ဝင်စားပုံမပြပေ။ သူက ရယ်လိုက်သည်။ “ဒီကျောက်တုံးက ကျွန်တော့်ဟာလေ.... ကျွန်တော့်အစ်ကိုကြီး ကျွန်တော့်ဆီ ပေးခဲ့တာ”
ရှုကျွင်းသည် တခဏ တိတ်ဆိတ်နေပြီးနောက် တုံ့ပြန်၏။ “ဒီကမ္ဘာပေါ်မှာ နတ်ကျောက်တုံးနှစ်မျိုး ရှိတယ်... တစ်မျိုးက မဟာကမ္ဘာဦးအစ နတ်ကျောက်တုံး၊ တစ်မျိုးက မဟာကမ္ဘာဦးအစ မူလကျောက်တုံးပဲ... မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးက အသိစိတ်အလျဉ်ကို သန်မာအားကောင်းလာစေတဲ့ သာမန် ဆဋ္ဌဂံသဏ္ဍာန်ကျောက်တုံး... မဟာကမ္ဘာဦးအစ မူလကျောက်တုံးကတော့ ပိုအားကောင်းပြင်းထန်တယ်.. ငါ မင်းကို မဟာကမ္ဘာဦးအစ မူလကျောက်တုံး ဘယ်လိုသုံးရလဲ သင်ပေးမယ်... အဲဒါဆို မင်းအနေနဲ့ မဟာဧကရာဇ်တစ်ပါးလောက် သန်မာအားကောင်းတဲ့ စွမ်းအင်ကို ထိန်းချုပ်နိုင်သွားပြီ”
ချင်မူမှာ အလွန်သိချင်နေသည်။ “မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ဘယ်လိုထိန်းချုပ်ရတာလဲ”
ရှုကျွင်းက ဖြေ၏။ “မဟာကမ္ဘာဦးအစ မူလကျောက်တုံးရဲ့ စွမ်းအားက အကန့်အသတ်မရှိဘူး.. ငါတို့ အဲဒီကျောက်တုံးကို ရှာတွေ့တုန်းက သုတေသနတွေ တစ်ပုံကြီး လုပ်ခဲ့တယ်... ငါ မင်းကို ကျောက်တုံးသုံးတဲ့နည်း တစ်နည်း သင်ပေးနိုင်တယ်... အဲဒါပြီးရင် ငါနဲ့ လက်တွဲမလား မင်း ဆုံးဖြတ်ပေါ့... အခု ငါ့အသိစိတ်အလျဉ်ကို ကျောက်တုံးထဲ ဝင်ခွင့်ပေးပါ”
ချင်မူမှာ မျက်မှောင်ကြုတ်သွားပြီး ရှုကျွင်း ဤအခြေအနေကို အခွင့်ကောင်းယူကာ မူလကျောက်တုံးအတွင်းရှိ ယဇ်ပလ္လင်ထဲ ဝင်ရောက်သွားမည်ကို စိုးရိမ်နေသည်။
ရှုကျွင်းက ပြောသည်။ “မင်း ဝင်္ကပါကို တည်ဆောက်ပြီးမှ စမ်းသင်ချင်လည်း ရတယ်”
ချင်မူ အရှိန်တင်လိုက်သည်။ မည်မျှကြာမှန်းမသိ ကြာသည့်အခါ ကြယ်တာရာအရှင်သခင်တိုင်းအား ခတ်နှိပ်ပြီးသွား၏။
“အခု စမ်းကြည့်လိုက်” စန်းကျွင်း၏ အသိစိတ်အလျဉ်မှ အသံက ချင်မူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။
ချင်မူက အသိစိတ်အလျဉ်တချို့ကို မဟာကမ္ဘာဦးအစ မူလကျောက်တုံးဆီသို့ ပို့လွှတ်ရင်း ဂရုတစိုက် စမ်းသပ်နေသည်။
“မင်း ဘာကိုပဲ တွေးတွေး၊ လက်ခံရရှိလိမ့်မယ်... ဒါက မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးနဲ့ မဟာကမ္ဘာဦးအစ မူလကျောက်တုံးကြားက ကွာခြားမှုပဲ... မင်းရဲ့ အသိစိတ်အလျဉ် သန်မာအားကောင်းလေလေ၊ မင်း စိတ်ကူးလိုက်တဲ့ဟာက ပိုအသက်ဝင်လေလေ ဖြစ်လိမ့်မယ်”
ရှုကျွင်းသည် ပြော၏။ “မင်းအကြောင်း တွေးကြည့်"
ချင်မူမှာ ရင်ထဲ လှုပ်ခတ်သွားပြီး မီးအကြောင်း ချက်ချင်း တွေးလိုက်သည်။ ရုတ်ခြည်းဆိုသလို သူ၏ချီစွမ်းအင်သည် သူ့ခေါင်းနောက်၌ လည်ပတ်နေသော အလင်းစက်ဝန်းတစ်ခု ဖွဲ့တည်လိုက်၏။ ထို့နောက် မီးတဟုန်းဟုန်း တောက်လာကာ မီးကွင်းတစ်ကွင်းအဖြစ် ပြောင်းလဲသွားသည်။ အတွင်းထဲ၌ ကောင်းကင်နတ်သိုင်းတစ်ခုပင် ကိန်းဝပ်နေသေးလေသည်။
မီးကွင်းသည် လုံးဝန်းနေရာမှ ဘဲဥပုံသဏ္ဍာန် ရှည်မျောသွား၍ ကောင်းကင်နတ်အရှင်ဟွေ့၏ ခေါင်းနောက်၌ အလင်းမီးကွင်းများနှင့် အတော်လေး ဆင်၏။
ချင်မူ အံ့အားသင့်သွားသည်။ “ကျွန်တော် ချီစွမ်းအင်ရဲ့ ဓာတ်သတ္တိတွေကို ပြောင်းလဲဖို့ မကြိုးစားခဲ့ဘူး... အတွေးလေးနဲ့တင် ချီစွမ်းအင်စက်ဝန်းက မီးကွင်းတစ်ကွင်းအဖြစ် ပြောင်းလဲသွားတယ်... အင်မတန် ဆန်းကြယ်တာပဲ”
ရှုကျွင်းက ပြောသည် “မင်း ဘာကိုပဲ တွေးတွေး လက်ခံရရှိလိမ့်မယ်... ဒီအချက်က မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို အဖိုးတန်စေတဲ့အရာပဲ... မင်းရဲ့ အသိစိတ်အလျဉ်က သန်မာအားကောင်းသင့်သလောက် အားမကောင်းသေးဘူး... အသိစိတ်အလျဉ် အားကောင်းလေလေ၊ မီးတောက်တွေ အားကောင်းလေလေ ဖြစ်လိမ့်မယ်... ကျောက်တုံးက ကမ္ဘာဦးဧကရာဇ်ရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ ရှိတုန်းက ကမ္ဘာမြေတွေကို ချေမှုန်း၊ ဂြိုဟ်တွေကို လောင်ကျွမ်းပြာချပစ်နိုင်ခဲ့တယ်”
ချင်မူ အသိစိတ်အလျဉ်ထဲ အာားထည့်လိုက်သည့်အခါ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်က မဟာကမ္ဘာဦးအစ မူလကျောက်တုံးဆီ ဝင်ရောက်သွားသည်။ သူ့ခေါင်းအနောက်ရှိ မီးတောက်များသည် ပိုပို၍ အားကောင်းလာသဖြင့် နေရာဟင်းလင်းပြင်ပင် လိမ်ခေါက်လာတော့သည်။
ဤအခိုက်အတန့်တွင် ရှုကျွင်းသည် သူ၏အသိစိတ်အလျဉ်တချို့ ခိုးယူလိုက်ရင် ချင်မူ အသိစိတ်အလျည်အနည်းငယ် ဆုံးရှုံးသွားကြောင်း ခံစားလိုက်ရ၏။
ချင်မူ နှာခေါင်းရှုံ့၍ အသိစိတ်အလျဉ်ကို တမုဟုတ်ချင်း လျှော့ချလိုက်သည်။ ရှုကျွင်းက သူ့ဆီမှ ဆက်လက် မခိုးယူတော့ဘဲ ပြောသည်။ “တခြားဟာတွေလည်း တွေးကြည့်လို့ရတယ်... မင်း ဘာတွေးတွေး အမှန်တကယ် ရှိလာလိမ့်မယ်”
ချင်မူက ကောင်းကင်နတ်မြစ်အား တွေးလိုက်သည့်အခါ မီးကွင်းသည် ကောင်းကင်နတ်မြစ်စက်ဝန်းအသွင် ပြောင်းလဲသွား၏။ ကောင်းကင်နတ်မြစ်မှာ လေးပေထက် ပိုမရှည်သယောင် ထင်ရသော်လည်း အနီးကပ်ကြည့်သည့်အခါ မိုင်တစ်ရာကျော် ရှည်လျားသော မြစ်ကြီးတစ်စင်းနှင့် တူပေသည်။
ဤစက်ဝန်းများမှာ ရှေးဟောင်းနတ်ဘုရားတို့၏ ကောင်းချီးများနှင့် ဆင်ပြီး သွေးသံချေးဇုန်အတွင်းရှိ ရှေးဟောင်းနတ်ဘုရား ဝိညာဉ်ခန္ဓာများ၏ ခေါင်းအနောက်တွင် ရှိနေသောအရာများနှင့်လည်း တူသည်။
ချင်မူမှာ အကြီးအကျယ် မှင်သက်အံ့ဩနေတော့သည်။ မဟာကမ္ဘာဦးအစ မူလကျောက်တုံးသည် လုံးဝကွဲထွက်နေသည့် ကျင့်စဉ်စနစ်နှင့် ကောင်းကင်နတ်သိုင်းစနစ်ကို ကိုယ်စားပြု၏။
ကောင်းကင်နတ်သိုင်းပညာရှင်များ ကောင်းကင်နတ်သိုင်းများ ကျင့်ကြံသည့်အခါ သင်္ကေတအမှတ်အသားများနှင့် ချီစွမ်းအင်အပေါ် အားကိုးရသည်။
မည်သည့်ကောင်းကင်နတ်သိုင်းပညာရပ်ကို လေ့လာစေကာမူ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ဖွင့်လှစ်သည့်အဆင့်မှသာ စတင်ရသည်။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက ရှေးဟောင်းနတ်ဘုရားများကို စံနမူနာထား၍ ချီစွမ်းအင်ဖြင့် မတူညီသည့် ဓာတ်သတ္တိများအား စုစည်းခြင်း ဖြစ်သည်။ ဤသည်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဝိညာဉ်ခန္ဓာလေးခု၏ မူလဇစ်မြစ်ပင်။
လူတစ်ယောက်သည် ကောင်းကင်နတ်သိုင်းများ ကျင့်ကြံလိုပါက ကျင့်စဉ်သိုင်းကွက်များကို စတင်အားထုတ်ရသည်။ ရှေးဟောင်းနတ်ဘုရားများ ကောင်းကင်နတ်သိုင်းသင်္ကေတအမှတ်အသားများကို မည်သို့ တည်ဆောက်ထားကြောင်း လေ့လာပြီး ချီစွမ်းအင် ဤသင်္ကေတအမှတ်အသားများအား တည်ဆောက်ရ၏။ ထို့နောက်မှ ကောင်းကင်နတ်သိုင်းစွမ်းအားကို ထုတ်လွှတ်နိုင်သည်။
မှန်သည်၊ ခြွင်းချက်များလည်း ရှိပေသည်။ ဥပမာ ကမ္ဘာဦးအစ ဖြစ်တည်ပြီးနောက်မှ လူသားများ တီထွင်ထားသော သိုင်းကွက်မှော်ကျင့်စဉ်များနှင့် ဓားကောင်းကင်နတ်သိုင်းများသည် ရှေးဟောင်းနတ်ဘုရားတို့၏ သင်္ကေတအမှတ်အသားစနစ်အတိုင်း လိုက်နာစရာမလိုပေ။
သို့သော် ကမ္ဘာဦးခေတ်အတွင်း၌ ဖန်ဆင်းရှင်တို့သည် ဤအချက်ကို မျက်ကွယ်ပြုထားကြ၏။ သူတို့က သင်္ကေတအမှတ်အသားများနှင့် ချီစွမ်းအင်ကို မသုံးသလို၊ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ရန် ရှေးဟောင်းနတ်ဘုရားများ၏ သင်္ကေတအမှတ်အသား တည်ဆောက်ပုံများကိုလည်း မလေ့လာခဲ့ပေ။
သူတို့ အသုံးပြုခဲ့သည်မှာ အသိစိတ်အလျဉ်သာ ဖြစ်သည်။
သူတို့၏အသိစိတ်အလျဉ်သည် ပြိုင်ဘက်ကင်းလောက်အောင် အားကောင်း၏။ ထို့ကြောင့် မဟာကမ္ဘာဦးအစ နတ်ကျောက်တုံး သို့မဟုတ် မဟာကမ္ဘာဦးအစ မူလကျောက်တုံးတို့ဖြင့် ကူပေးလိုက်သည့်အခါ သူတို့၏အသိစိတ်အလျဉ်ကား စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်သော အဆင့်သို့ ရောက်သွားခဲ့ကြသည်။
ဤစနစ်မှာ လုံးလုံးလျားလျား မတူညီသော ကျင့်စဉ်စနစ်တစ်ခု ဖြစ်၏။
ချင်မူ့ခေါင်းအနောက်ရှိ ကောင်းကင်နတ်မြစ်က အမြီးနှင့်ခေါင်း ဆက်နေသော နဂါးစိမ်းစက်ဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ ချီစွမ်းအင်ကို လှည့်ပတ်နေစဉ် နဂါး တွန်သံနှင့်အတူ မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ အသံများက ရှေးဟောင်းနဂါးသံရှစ်ချက်နှင့်ပင် ဆင်လေသည်။
နဂါးစိမ်းစက်ဝန်းက ရုပ်ခန္ဓာ၏ ခွန်အားကို ကြောက်ခမန်းလိလိ မြင့်တက်လာစေသည်။ အကျိုးသက်ရောက်မှုသည် ရှေးဟောင်းနဂါးသံရှစ်ချက်ကို ထုတ်လွှတ်သည့် ရလဒ်အောက် မနိမ့်ကျပေ။ ပို၍ပင် အားကောင်းပြင်းထန်လောက်၏။
သူ့အတွေးများမှာ အဆက်မပြတ် ပြောင်းလဲနေပြီး နဂါးစိမ်းစက်ဝန်းမှာ ရွှေအလင်းစက်ဝန်း ဖြစ်လာသည်။ ၎င်းမှ ဖြန့်ကျက်နေသော ရွှေအလင်းတန်းတို့က မရေမတွက်နိုင်သည့် ရွှေဓားများနှင့် တူနေသည်။
ရွှေအလင်းစက်ဝန်းသည် ရွှမ်တုကြယ်အလင်းစက်ဝန်းအသွင် ပြောင်းလဲ၍ သူ၏ခေါင်းအနောက်၌ ကြယ်စင်အစုပမာ လှည့်ပတ်နေ၏။ ထို့နောက် အနက်ရောင်ချီများဖြင့် ဖွဲ့တည်ထားသော ယိုတုမိစ္ဆာမြေစက်ဝန်းအသွင် ပြောင်းလဲသွားကာ ယိုတုသို့ တန်းတန်းမတ်မတ် ဦးတည်နေသည့် မုခ်ဝတစ်ခုနှင့် တူနေသည်။
ယိုတုမိစ္ဆာမြေစက်ဝန်း ဖွဲ့တည်လာပြီး များစွာမကြာလိုက်ဘဲ ထိုစက်ဝန်း၏အလွန်ရှိ အမှောင်ထုဆီမှ အလင်းရောင်တစ်ရောင် တောက်ပလာ၏။ မရဏတမန်တော်သည် စက္ကူလှေလေးကို ရွက်လွှင့်၍ မီးအိမ်တစ်လုံးဖြင့် ကမန်းကတန်း လာနေ၏။ သူက ခွင့်ပြုချက်မရှိဘဲ သက်ရှိကမ္ဘာနှင့် ယိုတုအကြားရှိ ကမ္ဘာလောကစည်းအား မည်သူ ဖွင့်လိုက်ကြောင်း လာစစ်ဆေးနေသည်။
သို့သော် မရဏတမန်တော် ရောက်မလာခင် ချင်မူ့ခေါင်းအနောက်ရှိ ယိုတုမိစ္ဆာမြေစက်ဝန်းသည် ယွမ်တုသံလိုက်စက်ကွင်းအသွင် ဖြစ်သွားချေပြီ။
“ဘယ်ငမိုက်သား ဂြိုဟ်မွှေနေတာလဲ” မရဏတမန်တော်မှာ ရောက်လာသည့်အချိန်တွင် မည်သည်ကိုမှ မတွေ့ရသဖြင့် ဆွေ့ဆွေ့ခုန်နေတော့သည်။
သူ ယိုတုနှင့် သက်ရှိကမ္ဘာအကြား အတားအဆီးကို ဖြတ်ကျော်ပြီးသည့်အချိန်တွင် ဇာမဏီသင်္ဘောကား ထွက်သွားချေပြီ။
ချင်မူက ဓာတ်သတ္တိအမျိုးမျိုးအား စိတ်တိုင်းကျ ပြောင်းလဲရင်း အတော်လေး စိတ်ကျေနပ်နေ၏။ သို့သော် သူ မူလကျောက်တုံးကို အသက်သွင်းလိုက်တိုင်း သူ၏ချီနှင့်သွေး၊ အသိစိတ်အလျဉ်နည်းနည်းစီအား ရှုကျွင်းက ခိုးယူနေသည်။
“ဆရာကြီးရှုကျွင်း၊ မဟာကမ္ဘာဦးအစ မူလကျောက်တုံးမှာ တခြားသုံးလို့ရတဲ့ နေရာတွေ ရှိသေးလား... ဖန်ဆင်းရှင်တွေမှာ ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းတဲ့ အသိစိတ်အလျဉ်တွေ ရှိကြတယ်... ဒီမူလကျောက်တုံးက အသိစိတ်အလျဉ်ကို အားကောင်းလာစေတာမလား” သူက သွေးတိုးစမ်းကြည့်နေ၏။
ရှုကျွင်းက မဖြေဘဲ ပြောသည်။ “အခု မဟာကမ္ဘာဦးအစ မူလကျောက်တုံးရဲ့ အစွမ်းကို မင်း မြင်ပြီးပြီဆိုတော့ ငါနဲ့အတူ အလုပ်လုပ်ချင်လား... မင်း ငါ့ကို ချီ၊ သွေးနဲ့ အသိစိတ်အလျဉ် လုံလုံလောက်လောက် ပေးပြီး အသက်ပြန်သွင်းပေးနိုင်ရင် မူလကျောက်တုံးကို ဘယ်လိုသုံးရမယ်၊ ဘယ်လိုကျင့်ကြံရမလဲ သင်ပေးနိုင်တယ်”
ချင်မူ သူ့ဘာသာသူ ပြောနေသည်။ “နတ်စက်ဝန်းတွေက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းချီးတွေနဲ့ ဆင်တူတော့ တစ်ချိန်လုံး အင်အားကြီးတဲ့ ကောင်းကင်နတ်သိုင်းနဲ့ စောင့်ရှောက်ခံထားရသလိုဖြစ်လာတယ်... ဒါပေမဲ့ ဒီရှုကျွင်းက စိတ်ကောင်းစေတနာ မရှိတာတော့ သေချာတယ်... ဒီ မဟာကမ္ဘာဦးအစ မူလကျောက်တုံးက အဖိုးတန်လွန်းတယ်... သူ အသက်ပြန်ရှင်လာတာနဲ့ ဒီကျောက်တုံးကို ပြန်ယူဖို့ သေချာပေါက် ငါ့ကို သတ်မှာပဲ”
သူက မျက်လုံးများမှေးကျဉ်းသွားသည်။ ရှုကျွင်းသည် အသက်ပြန်ရှင်လာပြီးနောက်၌ ဖန်ဆင်းရှင်ပင် ဖြစ်နေသေး၏။ သူ၏ရုပ်ခန္ဓာတစ်ခုတည်းနှင့်တင် ချင်မူ့ကို ချေမှုန်းရန် လုံလောက်ပေသည်။
“ငါ သူ့ကို မကူညီရင် ဒီမဟာကမ္ဘာဦးအစ မူလကျောက်တုံးရဲ့ ဆန်းကြယ်နက်နဲတဲ့ သဘောတရားကို နားလည်ဖို့ သိပ်ခက်မှာပဲ... ဒီကျောက်တုံးက ငါ့ကောင်းကင်နတ်သိုင်းတွေရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အပြင် ငါ့အသိစိတ်အလျဉ်နဲ့ ရုပ်ခန္ဓာကိုလည်း သန်မာလာစေနိုင်တယ်... ငါသာ ဒါကို လက်ရှိကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ ပေါင်းစည်းနိုင်ရင် သိပ်ကြောက်စရာကောင်းလာလိမ့်မယ်”
ချင်မူ ထိုအချက်ကို တွေးလိုက်မိ၍ ရယ်လိုက်သည်။ "ဆရာကြီး၊ ကျွန်တော့်မှာ ဆရာကြီးကို ငေါက်ခနဲ အသက်ပြန်ရှင်လာစေလောက်တဲ့အထိ ချီနှင့်သွေး လုံလုံလောက်လောက် မရှိဘူး... ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို ချီ၊ သွေးနဲ့ အသိစိတ်အလျဉ် နည်းနည်းချင်းတော့ ပေးနိုင်ပါတယ်”
ရှုကျွင်းက ဟက်ခနဲ ရယ်၏။ “ရပါတယ်... ငါ့ဆီ ပေးတိုင်း ငါ မင်းကို သုံးနည်း တစ်နည်း၊ နှစ်နည်းလောက် သင်ပေးနိုင်တယ်”
‘ဉာဏ်များတဲ့ မြေခွေးအိုကြီး’ ချင်မူနှင့် ရှုကျွင်း နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြိတ်ဆဲလိုက်၏။
ဇာမဏီသင်္ဘောသည် အရှိန်မြှင့်၍ ကြယ်တာရာကောင်းကင်တစ်လျှောက် ပျံသန်းသွား၏။ လမ်းတစ်လျှောက်တွင် ခမ်းနားထည်ဝါသော ကောင်းကင်နန်းဆောင်များစွာ ဖြတ်ကျော်လာရသည်။ ထိုနန်းဆောင်များသည် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နန်းဆောင် ၃၆ ဆောင် ဖြစ်ကြ၏။ တစ်ဆောင်ချင်းစီကား နဂါးငွေ့တန်းတစ်ခုစီ၏ အလယ်တွင် ရပ်တည်နေကြပြီး ကြယ်စင်တာရာသန်းပေါင်းများစွာထက်ပင် အတိုင်းထက်အလွန် တောက်ပလင်းထိန်နေကြသည်။
နဂါးချီလင်နှင့် ယန်အာက ဤကောင်းကင်နန်းဆောင်များကို ရှုစားရန် သင်္ဘောဦးသို့ ပြေးသွားကြပြီး စုပ်သပ်မဆုံး ဖြစ်နေတော့သည်။
ရုတ်တရက် အရှေ့၌ အလင်းရောင်များ ဖြာဆင်းလာသည်။ ဧရာမကောင်းကင်နတ်မြစ်ကြီးတစ်စင်းသည် ကြယ်တာရာကောင်းကင်၏ အတွင်းထဲမှ စီးဆင်းလာပြီး ဤမြစ်ကြီး၏ပတ်ပတ်လည်၌ ကြယ်များစွာ လှည့်ပတ်နေကြသည်။ ဤမြင်ကွင်းမှာ နှိုင်းယှဉ်၍မရလောက်အောင် ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။
ဇာမဏီသင်္ဘောသည် ကောင်းကင်နတ်မြစ်အထက်ပိုင်းသို့ ရွေ့လျားသွား၏။ မြစ်ပြင်ထက်၌ ကောင်းကင်နတ်မြစ်ကို လှည့်ပတ်နေသော ဂြိုဟ်များဆီမှ ထွက်လာကြသည့် သင်္ဘောများကို မြင်ရသည်။
ဇာမဏီသင်္ဘောက ဇာမဏီနတ်မင်း ချီရှားယွီ၏ စီးတော်ယာဉ် ဖြစ်သည့်အလျောက် ဤသင်္ဘောများထက် များစွာ ကြီးမားပြီး ခမ်းနား၏။ ထို့ကြောင့် သင်္ဘောများမှာ ဇာမဏီသင်္ဘောအတွက် လမ်းဖယ်ပေးရုံအပြင် ရွေးချယ်စရာမရှိပေ။
နဂါးချီလင်နှင့် ယန်အာမှာ ကောင်းကင်နတ်မြစ်၏ ဘေးနှစ်ဖက်ရှိ အထွတ်အမြတ်မြေများကို တလေးတစား ကြည့်ရင်း အံ့အားသင့်နေကြသည်။
ကောင်းကင်နတ်မြစ် ဘေးနှစ်ဖက်တွင် ဂြိုဟ်များမှအပ မြေထုအရွယ်အစားမျိုးစုံ ပျံဝဲနေကြသည်။ မြစ်ပြင်ထက်မှ ကြည့်လျှင် ကြီးမားလှပုံမပေါ်သော်လည်း အမှန်တွင် မိုင်တစ်သောင်း ကျယ်ဝန်းကြ၏။ မိုင်တစ်သောင်းထက်ပင် ကျယ်ဝန်းသော မြေထုများပင် ရှိသည်။
ဤမြေထုများသည် ကောင်းကင်နတ်မြစ်၏ ပတ်ဝန်းကျင်တွင် လွင့်မျောနေကြသည်။ တချို့၌ စိမ်းလန်းစိုပြေနေသော တောင်ကုန်းများ၊ ရေပြင်များ ရှိကြ၏။ မည်ကဲ့သို့မျိုးနွယ်များ ဤမြေပြင်များ၌ နေထိုင်ကြကြောင်း မသိရပေ။
“တတိယညီလေး၊ ကောင်းကင်နတ်မြစ်က ဘယ်က စတာလဲ .... ဘယ်ကို စီးသွားတာလဲ” နဂါးချီလင်က မေးသည်။
ချီကျုံရီက ဖြေ၏။ “ငါလည်း မသိဘူး... ဒါပေမဲ့ ကောင်းကင်နတ်မြစ်က ကမ္ဘာဦးဘုံထဲက အဆုံးသတ်မြို့ပျက်ဆီ စီးဆင်းသွားတာ များတယ်”
ယန်အာလည်း အလွန်သိချင်နေ၏။ “ကောင်းကင်နတ်မြစ်က ကမ္ဘာဦးဘုံဆီ စီးသွားတာ ဆိုရင် ငါတို့ ကြယ်တာရာကောင်းကင်ကို ဖြတ်မသွားဘဲ ကမ္ဘာဦးဘုံကနေ မြစ်အထက်ပိုင်းဆီ တက်လိုက်လိုမဖြစ်ဘူးလား”
“အဲဒီတိုင်း သွားရင် အန္တိမကမ္ဘာလေးကမ္ဘာကို ပတ်သွားရမှာမလို့ လမ်းပိုရှည်တယ်... ပြီးတော့ ကမ္ဘာတွေကြားက လောကစည်းတွေကိုလည်း ဖြတ်သွားရဦးမယ်”
ချီကျုံရီက ပြောသည်။ “အန္တိမကမ္ဘာလေးကမ္ဘာကို စကြဝဠာရဲ့ ထောက်တိုင်လေးတိုင်မှာ ရှိတဲ့ အန္တိမကောင်းကင်ဘုံလေးဘုံလို့လည်း ခေါ်တယ်... ရှေးဟောင်းနတ်မင်းလေးပါး စံမြန်းနေတဲ့ နေရာပဲ... ကမ္ဘာတစ်ကမ္ဘာစီက ယွမ်တုထက် သေးပေမယ့် ပေါင်းစည်းလိုက်ရင်တော့ ပိုကြီးတယ်... ငါတို့ အဲဒီကနေ သွားမယ်ဆိုရင် ကောင်းကင်နတ်ဘုံဆီ ရောက်ဖို့ ဆယ်နှစ်လောက် ကြာသွားမှာ”
သူတို့စကားပြောနေစဉ် အရှေ့တွင် မျက်စိကျိန်းလုအောင် တောက်ပနေသည့် အလင်းရောင် ထွက်ပေါ်လာသည်။ ဧရာမတောင်ကောင်းကင်မုခ်ဝကြီးသည် ကောင်းကင်အထက်၌ ခံ့ညားထည်ဝါစွာ ထူမတ်လျက် ပေါ်လွင်လာ၏။
နောက်ဆုံးတော့ သူတို့ ကောင်းကင်နတ်ဘုံသို့ ရောက်လာကြချေပြီ။
ချီကျုံရီက ပြောသည်။ “ကိုယ့်လူတို့၊ ဂိုဏ်းသခင်ချင်ကို သင်္ဘောအောက် လိုက်ပို့ပေးလိုက်ကြ”
“မလိုဘူး ရတယ်”
ချင်မူ့အသံက နောက်မှ ထွက်လာ၍ ချီကျုံရီ အံ့ဩတုန်လှုပ်သွား၏။ ချင်မူသည် သူပင် မသိလိုက်ဘဲ သင်္ဘော၏ ပဲ့ခန်းအပြင်သို့ လမ်းလျှောက်ထွက်လာချေပြီ။ သူ၏ ခေါင်းအနောက်တွင် နဂါးစာကလေးတစ်ကောင် အသွင်သဏ္ဍာန်၊ မီးကွင်းတစ်ကွင်း ဖွဲ့တည်နေသည်။
ယန်အာမှာ အံ့အားသင့်နေသည်။ “သခင်လေးက ငါ့ကောင်းကင်နတ်သိုင်းကို တကယ် ထုတ်လွှတ်နေတာပဲ.. ထူးဆန်းတယ်... ငါ အခု ခံစားနေရတဲ့အရှိန်အဝါက မျိုးသန့်သွေးဆက် နဂါးစာကလေးတစ်ကောင်ဆီက အရှိန်အဝါနဲ့ တူနေသလိုပဲ”
ချင်မူက သူတို့ဘေးသို့ လျှောက်လာပြီး ချဉ်းကပ်လာနေသည့် တောင်ကောင်းကင်မုခ်ဝအား မော့ကြည့်နေသည်။ လွန်ခဲ့သော နှစ်တစ်သန်းတုန်းက အဖြစ်အပျက်ကို ချင်မူ ပြန်မြင်ယောင်လာမိ၏။ နိုစန်းသွောနှင့် သူ ကောင်းကင်နတ်ဘုံဆီသို့ ရောက်လာခဲ့ပုံ၊ ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲ၊ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲ၊ ကောင်းကင်နတ်အရှင်ကိုးပါး၏ မိတ်ဆက်ပွဲ..... ထိုအဖြစ်အပျက်များက မေ့မရသောအခိုက်အတန့်များ ဖြစ်ပေသည်။
သို့သော် ထိုအချိန်သည် ကောင်းကင်နတ်အရှင်အားလုံး အတူ စုစည်းနေခဲ့ကြသည့် တစ်ကြိမ်တည်းသော အချိန်သာ ဖြစ်၏။
ယခုတွင် ကောင်းကင်နတ်အရှင်ယွီမှာ ပြန်ရှင်သန်လာပြီးနောက် ကျပ်မပြည့်တော့ပေ။ ကောင်းကင်နတ်အရှင်ယွင်က သေဆုံးသွားပြီး ကောင်းကင်နတ်အရှင်ချင်က ရွှင်ပျော်ပျော်ကျေးရွာ၌ ပုန်းနေသည်။ ကောင်းကင်နတ်အရှင်ယွဲ့ကတော့ တသီးတသန့် နေထိုင်ပြီး ကောင်းကင်နတ်အရှင်ရုံကမူ ယိုတု၏ မရဏတမန်တော် ဖြစ်လာခဲ့၏။
ကောင်းကင်နတ်အရှင်မူ သူကတော့ ယခုတွင် တစ်ချိန်တုန်းက ရင်းနှီးခဲ့သော ဤနေရာသို့ အလည်ပြန်ရောက်လာချေပြီ။
‘ငါ့မိတ်ဆွေဟောင်းကြီး ဘယ်မှာပါလိမ့်’
ကောင်းကင်နတ်မြစ်ရေများ တဝေါဝေါ စီးဆင်းနေသည်။
ကောင်းကင်နတ်ဘုံသည် ယခင်ကောင်းကင်နတ်ဘုံသာ ဖြစ်နေသေး၏။ သို့သော် ကောင်းကင်နတ်အရှင်မူကတော့ အတိတ်တုန်းက ကောင်းကင်နတ်အရှင်မူ မဟုတ်တော့ပေ။ သူ့တွင် အတိတ်တုန်းက ဝိညာဉ်မရှိတော့သော်လည်း သူ၏မူလရည်မှန်းချက်ကတော့ မပြောင်းလဲပေ။
ချင်မူ့ရင်ထဲတွင် စကားလုံးပေါင်း ထောင်နှင့်ချီ ပြည့်ကြပ်လာသော်လည်း အဆုံးသတ်၌ တောင်ကောင်းကင်မုခ်ဝကို လှုပ်ခါသွားစေသော ရယ်သံအကျယ်ကြီးအဖြစ် ထွက်လာ၏။ “နဂါးဟန်ကောင်းကင်နတ်ဘုံ၊ ကောင်းကင်နတ်အရှင်မူ ပြန်လာပြီဟေး”