သွေးလင်းရောင်ထဲမှ ထွက်ပေါ်လာသည့် အမှောင်မိစ္ဆာတစ်ကောင်
Vol. 70 Ch. 914
အချိန်မည်မျှ ကြာမှန်းမသိ ကြာသွားသည့်အခါ ချင်မူ တဖြည်းဖြည်း နိးလာသည်။ သူ့မှာ အားအင်များ ယူပစ်ခံထားရသကဲ့သို့ ပင်ပန်းနွမ်းနယ်နေသည်။ သူ၏ချီ၊ သွေးနှင့် စွမ်းအင်တို့မှာလည်း များများစားစား ပြည့်မလာသေးပေ။
သူ့မှာ ကတုန်ကယင်ဖြင့် လက်မြှောက်၍ မျက်ခုံးနှစ်ဖက်ကြားသို့ ထိလိုက်သည်။ ဖန်ဆင်းသလင်းကျောက်နှင့် ကျောက်စိမ်းလည်ဆွဲကား မရှိတော့ပေ။
“ငါ မေ့မျောနေတုန်း ဘာတွေ ဖြစ်သွားတာလဲ”
သူက ခက်ခက်ခဲခဲ ထပြီး မှန်ထုတ်ကြည့်သည်။ မှန်ပေါ်တွင် အရိုးပေါ် အရေတင် ပိန်ကပ်နေသော သူ့ကိုယ်သူ မြင်လိုက်ရ၏။
သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒဏ်ရာနှင့် မျက်ခွံက သွေးအစင်းကြောင်းတစ်ကြောင်းသာ ချန်ထားရင်း ပိတ်နေသည်။
ချင်မူ့စိတ်ထဲ ကယောက်ကယက် ဖြစ်သွားသည်။ သူ့မှာ အသိစိတ်အလျဉ်ကို လှုံ့ဆော်ရန် ခက်ခဲနေပြီး တစ်ကိုယ်လုံးတွင် ချီစွမ်းအင် ကုန်ခမ်းနေကြောင်း တွေ့လိုက်ရ၏။ သူ့နှလုံးသားမှာ သွေးလှည့်ပတ်မှု မလုံလောက်သဖြင့် အားနည်းစွာသာ ခုန်နေသည်။ ခြေဖျားလက်ဖျားများလည်း အေးစက်နေသည်။
သူ့မှာ နာနာကျင်ကျင်ဖြင့် ထောင်ကျယ်အိတ်ထဲ၌ စွမ်းအင်ဆေးလုံးများ လိုက်ရှာရတော့သည်။ အတန်ကြာသော် လိုအပ်သည့် ဆေးပင်များ တွေ့လိုက်ရ၍ လက်ကျန်ချီစွမ်းအင်ကို ကြိုးစားပမ်းစား ထုတ်လွှတ်ရင်း စွမ်းအင်ဆေးလုံး ဖော်လိုက်ရ၏။
ချီစွမ်းအင်အပေါ် သူ၏ထိန်းချုပ်နိုင်စွမ်းမှာ ယခင်လို မဟုတ်တော့ပေ။ သူ ဆေးဖော်စပ်နေစဉ် ဆေးဒယ်အိုး ပေါက်ကွဲသွား၍ စွမ်းအင်ဆေးလုံးများ ပျက်စီးသွားသည်။
သူ ဆေးပညာတတ်မြောက်ကတည်းက ယခုလိုဖြစ်ရပ်မျိုး မဖြစ်ခဲ့ဖူးပေ။
ချင်မူသည် ဆေးဆရာဆီမှ ဆေးပညာ သင်ယူခဲ့ပြီး ဒုက္ခိတဘိုးဘွားကျေးရွာတွင် ရှိစဉ်တုန်းကသာ ဒယ်အိုးများ ပေါက်ကွဲတတ်ဖူး၏။ ယခု၌ သူ၏ကျင့်စဉ်စွမ်းအင်မှာ အလွန်ပေါများလာခဲ့သဖြင့် ဖော်စပ်သည့်အချိန်တိုင်း အောင်မြင်သည်။ ဆေးဒယ်အိုး ပေါက်ကွဲသည့်ကိစ္စမျိုးမှာ သူ့အနေအထားဖြင့် မဖြစ်နိုင်ပေ။
သို့သော် အလွန်ပင်ပန်းနွမ်းနယ်နေသောကြောင့် သူ၏ရုပ်ခန္ဓာ၊ ချီစွမ်းအင်၊ အသိစိတ်အလျဉ်၊ ချီနှင့်သွေးအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ဆယ်ကျော်သက်အရွယ်တုန်းကနှင့်ပင် မယှဉ်နိုင်တော့ချေ။
ချင်မူအနေဖြင့် ဆေးပညာနှင့် ဖန်ဆင်းပညာကြောင့် ပွဲချင်းပြီး မသေသွားသရွေ့ နလန်ပြန်ထူနိုင်သည်။ ယခုတွင် ဖန်ဆင်းပညာကိုပင် မသုံးနိုင်သော အခြေအနေအထိ ချုံးချုံးကျနေချေသည်။ ဆေးလုံး ဖော်၍ ဒဏ်ရာများ ကုသရန်ကပင် သူ့အတွက် အတိုင်းထက်အလွန် ခက်ခဲသည့် အလုပ်ဖြစ်နေ၏။
“အစ်ကိုကြီး၊ ခင်ဗျား ချန်ထားတဲ့ နတ်သလင်းကျောက်က တော်တော် ဒုက္ခပေးတာပဲဗျာ…”
ဝေစွေ့ဖုန်းက ချင်မူ့အတွက် ဖန်ဆင်းသလင်းကျောက် ချန်ထားခဲ့သော်လည်း မထင်မှတ်ထားသည့် အပြောင်းအလဲများ ဖြစ်လာလိမ့်မည်ဟု တွေးခဲ့မိမည်မဟုတ်ပေ။
ချင်မူ့မျက်ခုံးနှစ်ဖက်ကြားတွင် မျက်လုံးအပိုတစ်လုံး ရှိပြီး ချင်မူ ဤမျက်လုံး၏ ဆန်းကြယ်သော သဘောတရားများနှင့် လျှို့ဝှက်ချက်များကို ရှာမတွေ့ခင် ဖန်ဆင်းသလင်းကျောက်က ၎င်းနေရာ၌ အစားထိုးချင်ခဲ့၏။ ထို့ကြောင့် သူ့မှာ ဆိုးဆိုးရွားရွား နှိပ်စက်ခံခဲ့ရလေသည်။
ချင်မူမှာ စိတ်အားတင်း၍ ဆေးလုံးများ ထပ်ဖော်သည်။ ဤတစ်ကြိမ်တွင် ဂရုတစိုက် ဖော်လိုက်၍ စွမ်းအင်ဆေးလုံး တစ်ဒယ်အိုး ဖော်လိုက်နိုင်၏။
သူက စွမ်းအင်ဆေးလုံးများကို ဆုပ်၍ တစ်လုပ်တည်း စားလိုက်ရင်း လက်ကျန်ချီစွမ်းအင်ဖြင့် ဆေးစွမ်းအင်အား ချေဖျက်သည်။ အချိန်အနည်းငယ်ကြာသော် သူ၏ရိုးတွင်းခြင်ဆီမှ သွေး ပြန်ထုတ်ပေး၍ နှလုံးသားထဲ၌ တဖြည်းဖြည်း သွေးပြန်ပြည့်လာသည်။
အသားအရေလည်း အနည်းငယ်ပြန်နီလာသလို၊ ချီစွမ်းအင်လည်း ဖြည်းဖြည်းချင်း ပြန်တက်လာ၏။ ချင်မူက ဆေးများ ထပ်ဖော်ရင်း ကုန်ခမ်းသွားသည့် သွေးအား လေးဆယ်ရာခိုင်နှုန်းအထိ ပြန်ဖြည့်နေသည်။ ထို့နောက် ချီစွမ်းအင်ကို အားဖြည့်ပေးမည့် စွမ်းအင်ဆေးလုံးများ ဖော်စပ်လိုက်၍ အားအနည်းငယ် ပြန်ပြည့်လာ၏။
သူက မတ်တပ်ထလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အားနည်းနေသဖြင့် ယိမ်းယိုင်နေသော်လည်း စောစောကလို စက္ကူဖပ်သဖွယ် ဖျော့တော့မနေတော့ပေ။ သို့သော် အလွန်ပိန်နေသေးသည်။
“ငါ့ကျောက်စိမ်းလည်ဆွဲနဲ့ ဖန်ဆင်းသလင်းကျောက် ဘယ်ရောက်သွားပါလိမ့်... မဟုတ်မှ... ငါ့မျက်ခုံးနှစ်ဖက်ကြားက မျက်လုံးထဲ တိုးဝင်သွားကြတာများလား”
ချင်မူမှာ ခေါင်းနပန်းကြီးလာပြီး ရင်တုန်ပန်းတုန်ဖြင့် မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို ကြိုးစားဖွင့်ကြည့်သည်။ သူ့မျက်ခုံးနှစ်ဖက်ကြားတွင် မျက်ခုံးမွှေးမရှိ၊ မျက်ခံသဖွယ် အသားစနှစ်သာ ရှိပြီး မျက်ခွံသည် ဖြည်းဖြည်းချင်း ပွင့်လာကာ မျက်လုံးတစ်လုံးအား ဖော်ပြလိုက်၏။
ချင်မူ မှန်ထဲတွင် မျက်လုံးကို ကြည့်လိုက်သည့်အခါ မျက်လုံး၏ ဖွဲ့စည်းပုံသည် သူ၏သာမန်မျက်လုံးများနှင့် မတူကြောင်း တွေ့လိုက်ရ၏။ သူ၏တတိယမျက်လုံးက အသွေးအသားဖြင့် ဖွဲ့တည်နေသော်လည်း သူငယ်အိမ်က လုံးဝန်းမနေဘဲ ဆဋ္ဌဂံ ဖြစ်နေသည်။
အရောင်ကလည်း အနက်ရောင်မဟုတ်၊ မီးရောင် ဆဋ္ဌဂံသဏ္ဍာန် သူငယ်အိမ် ဖြစ်၏။
ချင်မူက မျက်လုံးကို အသေးစိတ် ဆက်ကြည့်နေသည်။ မျက်လုံး၏ မျက်ဆံကတော့ လုံးဝန်းသော်လည်း မျက်ဆံအတွင်းရှိ အရစ်များမှာ တောင်တန်းများပမာ ထင်ရသည်။
ချင်မူ ခေါင်းယမ်းလိုက်မိ၏။ သာမန်မျက်ဆံတစ်ခု၏ အရစ်များက သစ်ရွက်များနှင့် တူသော်လည်း သူ၏မျက်ဆုံအရစ်များကမူ ‘ချင်’ ဆိုသည့် စာလုံးကို ဖော်ဆောင်ထားချေသည်။
“ငါ့ကျောက်စိမ်းလည်ဆွဲကလည်း တတိယမျက်လုံးနဲ့ ပေါင်းစည်းသွားပြီ....”
ချင်မူမှာ စိတ်ကို ရှင်းလင်း၍ လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ် လှည့်ပတ်လိုက်သည်။ သူက ဖရိုဖရဲဖြစ်နေသော အသိစိတ်အလျဉ်ကို ပြန်လည်အစီအစဉ်ချရင်း ဖန်ဆင်းပညာသုံးနိုင်အောင် ကျင့်စဉ်စွမ်းအင်တချို့ ပြန်လည်ဖြည့်ဆင်းရန် လုပ်နေ၏။
သူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် ထုတ်လွှတ်လိုက်သည့်အချိန်မှာပဲ သူ၏အသိစိတ်အလျဉ်တွင် အုံ့ကြွမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာကြောင်း သတိထားမိလိုက်သည်။ အားလှိုင်းက တတိယမျက်လုံးဆီသို့ စီးဆင်းသွားကာ မျက်လုံးအား ဆယ်ဆ ပိုမိုသန်မာအားကောင်းလာစေသည်။
ဝှမ်
ကြီးမားလေးပင်သော စက်ကွင်းတစ်ကွင်း သူ့အနောက်၌ ဖွဲ့တည်လာ၏။ စက်ကွင်းမှာ ချီစွမ်းအင်များ စက်ဝိုင်းသဏ္ဍာန် လည်ပတ်စီးဆင်းနေခြင်း ဖြစ်ပြီး လှည့်ပတ်ရင်း တဝှီးဝှီး အော်မြည်နေသည်။ တတိယမျက်လုံးမှတစ်ဆင့် ချီစွမ်းအင် ဖြတ်စီးသွားပြီးနောက်၌ သူ၏အသိစိတ်အလျဉ်မှာ အားကောင်းလာသည်။ ဤအခြင်းအရာက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၏ လှည့်ပတ်မှုကို ရုတ်တရက် မြန်ဆန်လာစေ၏။
ချင်မူ မှင်သက်သွားသည်။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏ ချီစွမ်းအင်မှာ သူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၏ လှည့်ပတ်မှုနှင့်အတူ ရေလှိုင်းသဖွယ် စီးဆင်းနေကြောင်း ခံစားလိုက်ရ၏။ ချီစွမ်းအင်းက လျင်မြန်စွာ တိုးတက်လာနေချေပြီ။
ထိုမျှသာမက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏ ကောင်းကင်ထဲရှိ ကြယ်များလည်း အသက်ရှူနေသည့်အလား ထင်ရသည်။ ထိုက်ကျိသဏ္ဍာန် ဝိညာဉ်စင်မြင့်ထက်၌ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက အသက်ရှူသွင်း ရှူထုတ် လုပ်နေပြီး သူ့ခြေထောက်အောက်၌ ယိုတုမိစ္ဆာနတ်ဆိုးချီများကလည်း ဧရာမနတ်ဘုရားကြီးတစ်ပါး အသက်ရှူနေသကဲ့သို့ လည်ပတ်လှုပ်ခတ်နေသည်။
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာတစ်ခုလုံးကား အသက်ရှူနေသော ဘီလူးကြီး၏ ရင်ဘတ်ကြီးသဖွယ် ဖြစ်နေ၏။
လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် လည်ပတ်နေသည်နှင့်အမျှ ချင်မူ၏ ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်မှာ တိုးပွားသထက် တိုးပွားလာရင်း ပြန်ပြည့်လာသည်။
သို့သော် ဤမျက်လုံးက သူ၏ချီ၊ သွေးနှင့် ချီစွမ်းအင်များအား စုပ်ယူစားသုံးနေသေးသည်ဟု ချင်မူ ခံစားရသည်။ ယခင်ကလောက် မကြမ်းတမ်းရုံသာ ရှိ၏။
“တတိယမျက်လုံးကို ဒီလို သုံးရတာလား"
ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ဆက်လက် ထုတ်ဖော်နေစဉ် ကောင်းကင်ရတနာထဲရှိ ဝိညာဉ်သန္ဓေသား၏ ခေါင်းအနောက်၌ ချီစွမ်းအင်စက်ကွင်းတစ်ကွင်း ဖြည်းညင်းစွာ ဖွဲ့တည်လာ၏။
အမိကမ္ဘာမြေဆီမှ ရခဲ့သည့် ကမ္ဘာဦးရေကြည်ကလည်း မြူခိုးများ ထုတ်လွှတ်လာသည်။ မြူခိုးများကလည်း သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးရင်း ချီနှင့်သွေးကို သန့်စင်ပေးနေသောကြောင့် ချင်မူ၏ အားပြန်ပြည့်နှုန်းမှာ အလျင်အမြန် မြင့်တက်လာ၏။ သို့သော် အသစ် ပြန်ပြည့်လာသော ချီနှင့်သွေးတို့မှာ တတိယမျက်လုံး၏ ဆွဲငင်ခြင်း ခံရလေသည်။
ကောင်းကင်ထက်တွင် ကြယ်တာရာများ ပြည့်နှက်လာသည်။ အောက်တွင် ယိုတုသည် ပိုမိုနက်ရှိုင်းလာ၏။ တစ်ချိန်တည်းမှာပင် ထိုက်ကျိသဏ္ဍာန် ဝိညာဉ်စင်မြင့်ကလည်း ခိုင်မာတောင့်တင်းလာသည်။
အချိန်မည်မျှကြာမှန်းမသိ ကြာပြီးနောက်၌ သူ၏ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်က ထိပ်ဆုံးအခြေအနေသို့ ပြန်ရောက်သွားပြီး ဆက်လက်တိုးပွားလာနေ၏။ သို့သော်လည်း ထပ်မံစုပ်ယူခံနေရသည်။
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာမှာ ပိုမိုကျယ်ပြန့်လာဆဲ ဖြစ်သည်။ ကောင်းကင်ထက်၌ ပေါ်လာသည့် ကြယ်များ တစထက် တစ များပြားလာကာ သူ့ခြေထောက်အောက်ရှိ ယိုတုက ဆက်လက်ကျယ်ဝန်းလာသည်။
ကမ္ဘာဦးရေကြည်ကန်မှာမူ တဖြည်းဖြည်း ကျုံ့လာ၏။ အစတုန်းက ချင်မူသည် ဆယ်နှစ်အတွင်း ကမ္ဘာဦးရေကြည် ကုန်ခမ်းသွားမည် ထင်ခဲ့၏။ ဤနှုန်းထားအရဆိုလျှင် လပိုင်းသာ ကြာလိမ့်မည်။
“တတိယမျက်လုံးက ထွက်လာပြီးတာတောင်မှ ဘာလို့ ငါ့ချီနဲ့သွေးတွေကို စားချင်နေသေးတာလဲ”
ချင်မူ အသိစိတ်အလျဉ်ဖြင့် မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်ကာ လူသေးသေးအသွင် ပြောင်းလိုက်သည်။
တတိယမျက်လုံး၏ အတွင်းပိုင်းသည် ကြောက်စရာကောင်း၏။ ၎င်းမှာ မညီမညာ သွယ်တန်းလျက် ‘ချင်’စာလုံး သဏ္ဍာန် ဖော်ဆောင်ထားသော တောင်စဉ်တောင်တန်းအထပ်ထပ်ဖြင့် ကြီးမားကျယ်ဝန်းလှသည့် ချင်စာလုံးမြေပြင် ဖြစ်သည်။
ဤမြေပြင်မှာ မြေအောက်ဘုံအရှင်သခင်၏ ချိုမှ အစလေးတစ်စသာ ဖြစ်၏။ အဝေးမှကြည့်လျှင် လုံးလုံးဝန်းဝန်း မြေပြင်နှင့်တူသည်။ တောင်စဉ်တောင်တန်းများကြောင့်သာ မျက်ဆံအတွင်း၌ လှိုင်းတွန့်သဏ္ဍာန်များ ထနေခြင်း ဖြစ်ပေည်။
ဖန်ဆင်းသလင်းကျောက်က ချင်စာလုံးမြေပြင်၏ အလယ်တည့်တည့်၌ နစ်မြုပ်နေသည်။
ဤဖန်ဆင်းသလင်းကျောက်မှာ တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင် ကြီးမားလှ၍ ချင်စာလုံမြေပြင်၏ အလယ်တွင် မြေပြင်တစ်ခုပမာ ဖြစ်နေသည်။ ၎င်းက မတ်စောက်သည့် တောင်ကြားချိုင့်ဝှမ်းတစ်ခု၌ တည်ရှိပြီး အသိစိတ်အလျဉ်နှင့် မြေပြင်မှာ အချင်းချင်း သံကြိုးများသဖွယ် ချိတ်ဆက်ထားရင်း ဖန်ဆင်းသလင်းကျောက်အား ချုပ်နှောင်ထားကြ၏။
မြေအောက်ဘုံအရှင်သခင်၏ ချိုက တတိယမျက်လုံး၏ မျက်ဆံကို ဖန်တီးပေးပြီး ဖန်ဆင်းသလင်းကျောက်က သူငယ်အိမ်ကို ဖော်ဆောင်ပေးထားသည်။
သူ၏ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်မှာ ချင်စာလုံးမြေပြင်၏ ပတ်ပတ်လည်တွင် တိမ်တိုက်များသဖွယ် လွင့်မျောရင်း ခန့်မှန်းမရအောင် ပြောင်းလဲနေကြသည်။
ချင်မူ ဤအခြင်းအရာကို မမျှော်လင့်ထားသလို၊ သလင်းကျောက် ထားခဲ့သည့် ဝေစွေ့ဖုန်းလည်း မျှော်လင့်ထားမည်မဟုတ်ပေ။
“အပြောင်းအလဲတွေက ကောင်းသွားတာလား... ဆိုးသွားတာလား”
ချင်မူမှာ ရင်ထဲတွင် စနိုးစနောင့် ဖြစ်နေသည်။ သူက အသိစိတ်အလျဉ်ဖြင့် လိုက်စပ်စုနေပြီး ဖန်ဆင်းသလင်းကျောက် ဝါးမြိုနေသော သူ၏ချီနှင့်သွေးများကို မြင်တွေ့လိုက်ရ၏။
‘ဒီကျောက်တုံးက ငါ့ချီနဲ့ သွေးတွေကို ခိုးယူနေတာလား”
ချင်မူ၏အသိစိတ်အလျဉ်သည် ဤသလင်းကျောက်ထဲ ပျံသန်းဝင်ရောက်သွား၏။
အနီရောင်အလင်းက သလင်းကျောက်အတွင်း၌ စူးရှတောက်ပနေသောကြောင့် အသွင်သဏ္ဍာန်များပင် သဲသဲကွဲကွဲ မမြင်ရပေ။ ချင်မူ၏အသိစိတ်အလျဉ်မှာ အတော်လေး ကြာသည်အထိ သလင်းကျောက်အတွင်း၌ ပျံသန်းနေသော်လည်း အဆုံးသတ်ကို ရှာမတွေ့သေးပေ။
သူက တုံ့ခနဲ ရပ်၍ ချီနှင့်သွေးများ စီးဆင်းနေသော နေရာအား တိတ်ဆိတ်စွာ ခံစားကြည့်နေသည်။ ထို့နောက် စီးဆင်းရာလမ်းကြောင်းအတိုင်း လိုက်သွားပြီး အချိန်တချို့ကြာသည့်အခါ ပြန်ရပ်လိုက်သည်။ အနီရောင်အလင်းထဲ၌ ယဇ်ပလ္လင်ကြီးတစ်စင်း ထူမတ်နေပြီး ပလ္လင်ထက်တွင် ဧရာမဆန်းကြယ်သားရဲကြီးတစ်ကောင်နှင့် တူသော အသွေးအသားများ လူးလွန့်နေ၏။
“ငါ့ချီနဲ့ သွေးကို စုပ်နေတာက ငါ့တတိယမျက်လုံး မဟုတ်ဘူး... ဖန်ဆင်းသလင်းကျောက်လည်း မဟုတ်ဘူး... တရားခံက သလင်းကျောက်ထဲ လာပုန်းနေတဲ့ တတိယတစ်ကောင်ပဲ... သူက ငါ့ဆီက ချီနှင့်သွေးတွေ စုန်ယူပြီး ပြန်မွေးဖွားဖို့ ကြံစည်နေတာ ဖြစ်မယ်”
ချင်မူ ရင်ထဲ ထိတ်သွားသည်။ သူက ဖြည်းဖြည်းချင်း လျှောက်သွားသော်လည်း ပလ္လင်ထက်ရှိ အသွေးအသားက သူ့တည်ရှိမှုကို ခံစားလိုက်ရသည့်အလား လူးလွန့်နေခြင်း ရပ်တန့်သွားသည်။
ချင်မူ၏မျက်လုံးများ မှေးကျဉ်းသွား၏။ ရုတ်တရက် အသွေးအသားအတုံးက ပွင့်လာပြီး ပတ်ဝန်းကျင်အား အကဲခတ်နေသော အနီရောင်မျက်လုံးတစ်လုံး ပေါ်လာသည်။
ချင်မူက အသိစိတ်အလျဉ်ကို အလျင်အမြန် ဖြိုခွဲရင်း ဆန်းကြယ်သတ္တဝါကြီးအား ရှောင်လိုက်သည်။ အသွေးအသားက အနီရောင်မျက်လုံးကြီးကို ဖုံးလျက် ပြန်ပိတ်သွားပြီးနောက် ချင်မူ၏ ချီနှင့်သွေးကို ဆက်လက်စုပ်ယူနေသည်။
သင်္ဘောအပေါ်တွင် ချင်မူ့မျက်နှာ တင်းမာလေးနက်နေသည်။
ဝေစွေ့ဖုန်း ချန်ခဲ့သော ဖန်ဆင်းသလင်းကျောက်အတွင်း၌ မကောင်းဆိုးဝါးတစ်ကောင် ပုန်းနေ၏။ ထိုမကောင်းဆိုးဝါးက ဖန်ဆင်းသလင်းကျောက်ကို သုံး၍ သူ၏ချီနှင့်သွေးအား ခိုးယူနေသည်။
“ယဇ်ပလ္လင်က သွေးသံချေးဇုန်ထဲက ကမ္ဘာဦးအစ ယဇ်ပလ္လင်နဲ့ အတော်လေးတူတယ်... သူ့ရည်ရွယ်ချက်က ငါ့ ချီနဲ့သွေးကို စုပ်ယူပြီး ငါ့အသိစိတ်အလျဉ်နဲ့ သူ့ရုပ်ခန္ဓာကို တည်ဆောက်ဖို့ပဲ.. ဒါဖြင့် ဖန်ဆင်းကောင်းကင်နတ်သိုင်းထဲမှာ ဝင်ပုန်းနေတဲ့ သတ္တဝါက ကမ္ဘာဦးအစရဲ့ ဖန်ဆင်းရှင်တစ်ယောက် ဖြစ်နိုင်တာပဲ”
ချင်မူမှာ ဖန်ဆင်းသလင်းကျောက်အတွင်းရှိ သတ္တဝါ မထိတ်လန့်သွားအောင် ချီနှင့်စွမ်းအင်ကို သေချာထိန်းသည်။ သူက တွေးနေ၏။ ‘သွေးသံချေးဇုန်က ရှေးဟောင်းနတ်ဘုရားတွေနဲ့ ကမ္ဘာဦးအစ ဖန်ဆင်းရှင်တွေ တိုက်ခိုက်ခဲ့တဲ့ စစ်တလင်းပဲ... ဒီဖန်ဆင်းရှင်တွေက ရှေးဟောင်းနတ်ဘုရားတွေကြောင့် သေကုန်ကြပေမယ့် သူကတော့ မသေသေးဘူး... သူ့ရဲ့ လက်ကျန်စွမ်းအားကို ဖန်ဆင်းသလင်းကျောက်ထဲမှာ ကိန်းဝပ်အောင် လုပ်ထားတာပဲ”
ချင်မူမှာ ရှေ့လျှောက်နောက်လျှောက်ရင်း အတွေးထဲ နစ်မျောသွားသည်။ “အစ်ကိုကြီး က ဒီသလင်းကျောက်ကို ရှာတွေ့ခဲ့တာဆိုပေမယ့် သူက အစွမ်းထက်လွန်းတော့ ဒီသတ္တဝါ သူ့ကို ဘာမှမလုပ်ခဲ့ဘူး... အဲဒါကြောင့် အစ်ကိုကြီးက ဒီသလင်းကျောက်မှာ အန္တရာယ်မရှိဘူး ထင်ပြီး ငါ့အတွက် ချန်ထားခဲ့တယ်... ဒါပေမဲ့ ငါ့သိုင်းအဆင့်က နိမ့်တော့ ဖန်ဆင်းသလင်းကျောက်ကို သုံးကြည့်တဲ့အခါ သတ္တဝါက ငါ့ချီနဲ့သွေးကို ခိုးယူပြီး ပြန်မွေးဖွားဖို့ကြိုးစားတယ်.... ဒါပေမဲ့ ငါ့တတိယမျက်လုံးကြောင့် မအောင်မြင်ခဲ့ဘူး
ချင်မူ တဖြည်းဖြည်း ဆက်စပ်တွေးမိသွားသည်။ “ငါ ကျောက်စိမ်းလည်ဆွဲကို သုံးပြီး ဖန်ဆင်းသလင်းကျောက်နဲ့ တတိယမျက်လုံး ခွဲလိုက်တုန်းက သလင်းကျောက်က ငါ့လက်ထဲကနေ ပျံထွက်သွားပြီး ကျောက်စိမ်းလည်ဆွဲနဲ့ ဝင်တိုက်သွားတယ်... အဲဒီအချိန်မှာ ငါ မူးဝေသွားတယ်... အဲဒါက ဒီဖန်ဆင်းရှင်ရဲ့ လက်ချက်ပဲ”
“သူက ငါ့တတိယမျက်လုံးကို ပူးကပ်ပြီး ငါ့ချီနဲ့သွေးကို အပြည့်အဝ ခိုးယူလိုက်တာ... ဒါပေမဲ့ ဒီကျောက်စိမ်းလည်ဆွဲက ငါ့အစ်ကိုကြီး ချင်ဖုန်းကျင့်၊ ယိုတုသားတော်ကို ချုပ်ထားဖို့ မြေအောက်ဘုံအရှင်သခင် ဖန်တီးထားတဲ့ အတားအအဆီးအစီအရင်မှန်း သူ မထင်ထားခဲ့ဘူး... “
ချင်မူ့မျက်လုံးများ အရောင်လက်သွားသည်။ “သူ မြေအောက်ဘုံအရှင်သခင်ရဲ့ အတားအဆီးအစီအရင်နဲ့ ဝင်ရောက်သွားတော့ ထွက်ပြေးလို့မရ ဖြစ်သွားတယ်... အဲဒါကြောင့် ငါ့ချီနဲ့သွေးကို တိတ်တိတ်လေး စုပ်ယူရင်း နေ,နေတာပဲ... ငါ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်တိုင်း၊ ငါ့အသိစိတ်အလျဉ် တတိယမျက်လုံးကို ဖြတ်စီးပြီး ဖန်ဆင်းသလင်းကျောက်ကို ကျော်သွားတိုင်း သူက သူ့ယဇ်ပလ္လင်အတွက် ဒီအသိစိတ်အလျဉ်တချို့ကို ခိုးယူတယ်”
“သူက အားအင်စုထားပြီး ပြန်မွေးဖွားဖို့ စောင့်နေတာပဲ... ဒီလောက် အကြာကြီး ရှင်သန်လာခဲ့မှတော့ ဖန်ဆင်းရှင်တွေအကြားက အရေးပါတဲ့သူတစ်ယောက်ပဲ ဖြစ်ရမယ်... သူသာ ချီနှင့်သွေးတွေကို လုံလုံလောက်လောက် ခိုးယူနိုင်သွားရင် ဖန်ဆင်းသလင်းကျောက်ရဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်နဲ့အတူ ငါ့မျက်လုံးထဲမှ ပြန်မွေးဖွားလာနိုင်တယ်... ဒါဆို...”
ချင်မူ၏ တတိယမျက်လုံးသည် တောက်ပသထက် တောက်ပလာ၏။ “ငါ သူ့ကို ဘယ်လို အသေသတ်ရမလဲ”
ချင်မူ ခြေလှမ်းများကို ရပ်လိုက်သည်။ ဖန်ဆင်းရှင် သူ၏ချီနှင့်သွေးကို စုပ်ယူနေသော ပုံစံအရ သူ့တွင် ရုပ်ခန္ဓာမရှိလျှင်ပင် ချင်မူမှာ သူ့အား မယှဉ်နိုင်ပေ။
ယခုတွင် ဖန်ဆင်းသလင်းကျောက်က ချင်မူ၏မျက်လုံးနှင့် တစ်သားတည်း ဖြစ်နေသည်။ မြေအောက်ဘုံအရှင်သခင်၏ အတားအဆီးအစီအရင်နှင့်ဆိုလျှင် သတ္တဝါသည် တခဏတော့ ပြဿနာရှာနိုင်ဦးမည်မဟုတ်ဘဲ ချင်မူ၏ ချီနှင့်သွေးကို ဖြည်းဖြည်းသာ ခိုးယူနိုင်မည်။
ချင်မူအနေဖြင့် သူ့ကို ရင်ဆိုင်ရန် အခွင့်အရေး ရှိသေး၏။
ဖန်ဆင်းသလင်းကျောက်အတွင်း၌ ဤဖန်ဆင်းရှင် ပုန်းအောင်းနေခြင်းမှာ အမှန်တကယ် ခေါင်းကိုက်စရာပင်။ ဖန်ဆင်းသလင်းကျောက်က တတိယမျက်လုံးနှင့် တစ်သားတည်း ဖြစ်နေသောကြောင့် အခန့်မသင့်လျှင် သူ၏မျက်လုံးသူ ပြန်ဖျက်စီးမိနိုင်သည်။
“အရင်ဆုံး ငါ့ချီနဲ့သွေးကို ထိန်းချုပ်ရမယ် ... ငါ့အသိစိတ်အလျဉ် တတိယမျက်လုံးထဲ ဝင်မသွားအောင်လည်း တားရမယ်... ဒါဆို သူ အားအင်စုစည်းနိုင်မှာ မဟုတ်ဘူး”
ချင်မူက ဂရုတစိုက် တွေးနေသည်။ “ပြီးတော့ တတိယမျက်လုံးထဲမှာ ဝင်္ကပါတစ်ခု စီရင်ထားဖို့လည်း လိုတယ်... ဘိုးဘိုးမျက်ကန်း ငါ့ကို ပေးခဲ့တဲ့ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်က အဲဒီလောက်ကြောက်စရာကောင်းတဲ့ ဖန်ဆင်းရှင်ကို သတ်ဖို့ မလုံလောက်ဘူး... ဝင်္ကပါအသစ် တည်ဆောက်ရမယ်... ဒီဖန်ဆင်းရှင်က ရှေးဟောင်းနတ်ဘုရားတွေ သတ်လို့ သွေးသံချေးဇုန်မှာ သေခဲ့ရတာ... အဲဒါဆို ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုက သူ့ကို ရင်ဆိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ.... ကြယ်တာရာအရှင်သခင်တွေရဲ့ မဟာတာအိုသင်္ကေတအမှတ်အသားတွေနဲ့ စရမယ်”
ချင်မူသည် အစီအရင်ကို လက်တွေ့အကောင်အထည် ဖော်ပြီး ချီနှင့်သွေးများကို ချုပ်ထား၏။ ထို့နောက် ချီစွမ်းအင်သုံး၍ ကြယ်တာရာအရှင်သခင် ၃၆၀ ပါး၏ မဟာတာအိုသင်္ကေတအမှတ်အသားများကို တတိယမျက်လုံးထဲ၌ ခတ်နှိပ်လိုက်သည်။
ဤသည်က ဖန်ဆင်းရှင်ကို ရင်ဆိုင်နိုင်ရုံသာမက တတိယမျက်လုံး၏ အစွမ်းကိုလည်း မြှင့်တင်ပေးကာ နတ်မျက်လုံးအဖြစ် ပြောင်းလဲပေးနိုင်လိမ့်မည်။
ဤဝင်္ကပါကို အသက်သွင်းလိုက်သည်နှင့် တတိယမျက်လုံးသည် ကြယ်တာရာအရှင်သခင်အခင်းအကျင်းအဖြစ် ပြောင်းလဲသွားကာ ရန်သူများကို အခက်အခဲမရှိ သတ်ဖြတ်နိုင်လိမ့်မည်။
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် ချင်မူ၏ချီစွမ်းအင်သည် ဝိညာဉ်သန္ဓေသား၏ ထိန်းချုပ်မှုအောက်၌ မြစ်ရှည်တစ်စင်းအသွင်ဖြင့် စီးဆင်းနေ၏။ ၎င်းက ချင်စာလုံးမြေပြင်ထဲ ဝင်ရောက်ကာ ကောင်းကင်ထဲတွင် ကြယ်တာရာအရှင်သခင်တစ်ပါးကို ခတ်နှိပ်နေသည်။
ထို့နောက် ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော သင်္ကေတအမှတ်အသားများ ပေါ်လာကာ ပထမဆုံး ကြယ်တာရာအရှင်သခင်အသွင်သို့ ဖြည်းညင်းစွာ ပြောင်းလဲသွား၏။
ဤအခိုက်အတန့်မှာပင် ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သော အသိစိတ်အလျဉ်တစ်ခု သူ့စိတ်ထဲ၌ လှုပ်ခတ်လာသည်။ “ခဏလေး”