နဂါးသွဲ့ရေကန်တွင် ပြန်လည်ဆုံစည်းခြင်း
Vol. 70 Ch. 916
“ပြီးခဲ့တဲ့ အတိတ်နှစ်တစ်သန်းက လူ ပြန်လာပြီ”
ခမ်းနားထည်ဝါလှပသော ကောင်းကင်နတ်ဘုံတွင် မရေမတွက်နိုင်သော နတ်ဘုရားများနှင့် မိစ္ဆာများ စံမြန်းနေထိုင်ကြ၏။ မူလက ကောင်းကင်နတ်ဘုံမှာ အလွန်တည်ငြိမ်အေးချမ်းခဲ့သည်။ အနည်းဆုံးတော့ အပေါ်ယံတွင် ထိုကဲ့သို့ ငြိမ်းချမ်းနေခဲ့လေသည်။ ကောင်းကင်နတ်ဘုံ၏ စစ်တပ် အမိကမ္ဘာမြေကို သုတ်သင်၍ ကမ္ဘာဦးဘုံအား မီးလောင်တိုက်သွင်းရန် ဆင်းသွားသည့်အချိန်တွင်ပင် ကောင်းကင်နတ်ဘုံ၌ မည်သည့်ဂယက်မှ မထခဲ့ပေ။
သို့သော် ယခုတွင် ငြိမ်သက်နေသော ရေပြင်ပေါ်သို့ ကျောက်ခဲတစ်ခဲ ကျသွားသည့်အလား လှိုင်းဂယက်များ ထလာချေပြီ။
သတင်းပေါင်းမျိုးစုံ ပျံ့နှံ့လာပြီး နန်းဆောင်နန်းရာများဆီ ရောက်ရှိသွားရုံသာမက ကောင်းကင်နတ်အရှင်တို့၏ နားထဲလည်း ရောက်သွားကြသည်။ ထိုသတင်းသည် မုန်တိုင်းကြီး တိုက်ခတ်သွားသကဲ့သို့ ကောင်းကင်နတ်ဘုံတစ်လျှောက် သိမ်းကျုံးရိုက်ခတ်သွားတော့၏။
ထိုလူ ပြန်လာပြီ။
လွန်ခဲ့သော နှစ်တစ်သန်းက နဂါးဟန်ခေတ်၏ ပထမနှစ်တွင် ထိုလူ့ကို ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် ကောင်းကင်နတ်အရှင်အဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ပြိုင်ဘက်ကင်းသော လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများဖြင့် ခေတ်တစ်ခေတ်လုံးထက် ရှေ့ရောက်နေခဲ့ကာ ကောင်းကင်နတ်အရှင်ကိုးပါးအနက် တစ်ပါး ဖြစ်လာခဲ့၏။
သူက ကောင်းကင်နတ်အရှင်ယွီ၏ ကိုယ်စား နတ်ဘုရားဖြစ်နိုင်မည့် နည်းလမ်းကို ဖြန့်ဝေကာ သက်ရှိသတ္တဝါများအတွက် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို တည်ထောင်ပေးခဲ့သည်။ ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း အိပ်ရာထဲတွင် နှစ်ပေါင်းများစွာ လှဲနေရသည့်အထိ ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။
သို့သော် သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ခဲ့သော ထိုလူက ကမ္ဘာလောကကြီးထဲမှ နှစ်သန်းကြာအောင် ပျောက်ကွယ်နေခဲ့သည်။
ယနေ့ခေတ်အခါတွင် ကောင်းကင်အရှင်ဟောင်က ကောင်းကင်နတ်ဘုံအတွက် တာဝန်ရှိသော ကောင်းကင်နတ်အရှင် ဖြစ်လာခဲ့ကာ အားလုံး၏အထက်၌ အုပ်ချုပ်နေချေပြီ။
ကောင်းကင်နတ်အရှင်ဟောင် ကောင်းကင်နတ်ဘုံ၏ အင်အားအကြီးမားဆုံး လက်နက်ကို အသုံးချ၍ အောက်ဘုံရှိ ပုန်ကန်အုံကြွမှုကို နှိမ်နင်းခဲ့စဉ်က ထိုလူသည် အမိကမ္ဘာမြေကို ပူးကပ်ရင်း ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်ကို ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့ကြောင်း သတင်းများ ပျံ့နှံ့လာခဲ့သည်။
အခြားသတင်းများအရ ထိုလူက နတ်မင်းလေးပါး၏ တိုက်ခိုက်မှုကြောင့် သေလုမျောပါး ဒဏ်ရာရသွားခဲ့သည့် ယိုတုသားတော်ဟု ဆိုသည်။
တချို့သတင်းများက ထိုလူမှာ သူ၏ဝိညာဉ်သူ ဖယ်ရှားပြီး အားအင်မရှိသော ဝိညာဉ်မဲ့လူသားတစ်ယောက် ဖြစ်လာသည်ဟု ပြော၏။
ထို့နောက် ထိုလူက ရှေးဟောင်းနတ်ဘုရားများနှင့် နတ်မင်းလေးပါး၏ တပည့်များအပါအဝင် ကောင်းကင်နတ်ဘုံ၏ လူငယ်သိုင်းပညာရှင်များစွာကို သတ်ဖြတ်ခဲ့သည်ဟုလည်း ကြားရသည်။
ဤသို့ဖြင့် ငြိမ်သက်နေသော ကောင်းကင်နတ်ဘုံ၏ မျက်နှာပြင်အောက်တွင် အမှောင်ထုက တစတစ ဖြစ်တည်လာခဲ့လေသည်။
“တောင်နတ်မင်းကျူချွဲရဲ့ သင်္ဘော ကောင်းကင်နတ်ဘုံဆီ ဒီနေ့ရောက်လာတာ အဲဒီလူနဲ့များ ပတ်သက်နေမလား”
“အရှေ့နတ်မင်းက အရှေ့ထောက်တိုင်ကနေ ထွက်သွားတယ်လို့ကြားတယ်… အနောက်နတ်မင်းနဲ့ အနောက်ထောက်တိုင်လည်း အတူတူပဲ”
“ကောင်းကင်နတ်မြစ်ရဲ့ ရေတွေလည်း ထူးထူးဆန်းဆန်း တုံ့ပြန်နေတယ်… မကြာသေးမီက ရေအမြင့်တက်လာလို့ မြောက်နတ်မင်းရွှမ့်ဝူ ကောင်းကင်နတ်ဘုံဆီ တိတ်တိတ်လေး ရောက်လာတယ်လို့တောင် ပြောနေကြသေးတယ်”
“ကောင်းကင်နတ်ဘုံရဲ့ နတ်မင်းလေးပါးက ကောင်းကင်နတ်ဧကရာဇ်ကို ကောင်းကင်နတ်ဘုံဆီ ပြန်လာဖို့ စာရေးကြတယ်တဲ့.. ကောလဟာလတွေအရ မဟူရာနတ်မင်း ပြန်ရောက်လာတာ ကြာပြီတဲ့လေ”
“ရှေးဟောင်းနတ်ဘုရားတွေလည်း ရောက်လာကြတယ်ပြောတယ်… မဟာနေဧကရာဇ်လို နတ်ဘုရားတွေတောင် ကောင်းကင်နတ်ဘုံဆီ ရောက်လာတယ်တဲ့… နှစ်ပေါင်းများစွာပျောက်နေခဲ့တဲ့ တာအိုဘိုးဘေးကြီးလည်း ကောင်းကင်နတ်ဘုံရဲ့ တာအိုဂိုဏ်းဆီ ပြန်လာပြီလို့ကြားထားတယ်… နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျိန်းစက်နေခဲ့တဲ့ ဗြဟ္မဗုဒ္ဓတောင် နိုးလာပြီး တာအိုဘိုးဘေးကြီးနဲ့တွေ့ဖို့ ကောင်းကင်နတ်ဘုံကို ကြွလာတယ်တဲ့”
“ကောင်းကင်နတ်ဘုံရဲ့ အခြေအနေက တော်တော်လေး ထူးဆန်းနေပြီ”
“ဒီလူက နဂါးသွဲ့ရေကန်ကို သွားပြီး ကောင်းကင်နတ်ဧကရီနဲ့ တွေ့ခွင့်တောင်းတယ် ကြားတယ်.. တယ်ရဲတင်းတာပဲ… လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက ကျောက်စိမ်းရေကန်မှာ ကောင်းကင်နတ်အရှင်ဟောင်ကို သူ ဒဏ်ရာရအောင် လုပ်ခဲ့တာမဟုတ်လား”
“ကောင်းကင်နတ်ဧကရီက သူ့ကို ကောင်းကင်နတ်အရှင်ယွီ လုပ်ကြံခံခဲ့ရတဲ့ မန့်လန်အဆောင်မှာ နေခွင့်ပေးထားတယ်တဲ့လေ”
“ငါကိုယ်တိုင် နဂါးသွဲ့ရေကန်မှာ အဲဒီလူကို သွားကြည့်သေးတယ်… သူ့အသက်ရှူနှုန်းက အားနည်းပြီး ခန္ဓာကိုယ်ကလည်း မီးခြစ်ဆံလို ပိန်ကပ်နေတာပဲ… အသားအရေကလည်း ဖျော့တော့တော့နဲ့… တစ်စက္ကန့်တိုင်း ချီစွမ်းအင်ကို ဆုံးရှုံးနေတာ.. သူ့ကြည့်ရတာ မိတ်ဆွေဟောင်းတွေနဲ့ တွေ့ဖို့ လာပြီး ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်တဲ့သူတွေ သူ့ကို သတ်အောင် လုပ်မလို့ ထင်တယ်… အဲဒါဆို သူတို့တွေ သေတဲ့ထိ အဆဲခံရမှာလေ”
“ဘယ်သူက သူ့ကို သတ်ရဲမှာလဲ… အတိုက်အခံပါတီတွေ တိုက်ခိုက်ခံရမှာ မကြောက်ဘူးလား”
“လူတော်တော်များများက သူ့ကို သတ်ချင်ကြသလို၊ သတ်နိုင်တဲ့နည်းလမ်းတွေလည်း တစ်ပုံကြီးပဲ… သတ်ပြီးတာနဲ့ အစားခံပေးမယ့်သူ ရှာလိုက်လို့ရတာပဲမလား”
“ဒီနေ့ခေတ်ရဲ့ ကောင်းကင်နတ်ဘုံက သူ နားလည်ထားတဲ့ အတိတ်တုန်းက ကောင်းကင်နတ်ဘုံမဟုတ်တော့ဘူး”
…
နဂါးသွဲ့ရေကန်၏ အထွတ်အမြတ်မြေ၊ မန့်လန်အဆောင်တွင်
ချင်မူ မန့်လန်အဆောင်၏ ပြတင်းပေါက်ရှေ့သို့ လျှောက်ပြီး နဂါးသွဲ့ကန်ထဲရှိ ဧရာမကြာပွင့်ကြီးများနှင့် နတ်တောင်များကို သယ်လျက် နဂါးသွဲ့ပင်လယ်ထဲ၌ ကူးခတ်သွားလာနေသော လိပ်ကြီးများကို ကြည့်နေမိသည်။
သူ့ခန္ဓာကိုယ်မှာ အလွန်ပိန်ချုံးပြီး အသားအရောင်မှာလည်း မွဲခြောက်နေ၏။ သူက သက်ပြင်းချနေလေသည်။
ကောင်းကင်နတ်ဘုံသည် နဂါးဟန်ခေတ်၏ ပထမနှစ်ကတည်းက မပြောင်းလဲသယောင် ထင်ရသော်လည်း မည်သည့်နေရာတွင်မဆို အပြောင်းအလဲများ တွေ့ရ၏။
ထိုစဉ်အခါတုန်းက ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ခု ရှိခဲ့သည်။ ယနေခေတ်တွင် ထိုကောင်းကင်နန်းဆောင်များနှင့် ပလ္လင်ခန်းမများသည် စကြဝဠာ၏ နေရာတိုင်း၌ တည်ရှိကာ စကြဝဠာကို ဖိနှိပ်ထား၏။ ကောင်းကင်နန်းဆောင်အနည်းစုသာ ကျန်ခဲ့လေသည်။
သို့တိုင်အောင် ကောင်းကင်နတ်ဘုံသည် ပိုမိုခမ်းနားလာခဲ့သည်။ ခန်းမများလည်း ပိုမိုများပြားလာပြီး ဒဏ္ဍာရီဇာတ်လမ်းများစွာလည်း ထွက်ပေါ်လာခဲ့ကြသည်။
နဂါးသွဲ့ရေကန်ကိုလည်း ပြန်လည်တည်ဆောက်ထား၏။ ထိုစဉ်အခါက နဂါးသွဲ့ရေကန်မှာ အလွန်ခမ်းနားလှပနေပြီဖြစ်သော်လည်း နှစ်တစ်သန်းကြာပြီးနောက်တွင် နဂါးသွဲ့ရေကန်သည် နဂါးသွဲ့ပင်လယ်နှင့် ပိုတူလာ၏။ ရှုခင်းမှာ အင်မတန် လှပတင့်တယ်လှသဖြင့် အဘယ်အလှတရားမျှ မယှဉ်နိုင်ချေပြီ။
ဤနေရာတွင် ချင်မူသည် နဂါးသွဲ့ရေကန်တွေ့ဆုံပွဲသို့ တက်ရောက်ကာ သမိုင်းကြောင်းကို ပြောင်းလဲခဲ့သော အဖြစ်အပျက်ကို ကြုံတွေ့ခဲ့၏။
ချင်မူနှင့် ခိုင်ဧကရာဇ်က နှစ်တစ်သန်းကြာ ခေတ်ရှေ့ပြေးနေသည့် အသိအမြင်များဖြင့် သူတို့ခေတ်ကို မှင်သက်စေခဲ့သည်။ သူနှင့်ခိုင်ဧကရာဇ်သာ ထိုခေတ်၌ မွေးဖွားလာခဲ့လျှင် သာမန်လူနှစ်ယောက်ထက် ပိုမည်မဟုတ်ပေ။
ဤသည်မှာ ကောင်းကင်နတ်ဘုံ၏ လူငယ်များ သူ့အပေါ် အထင်သေးရသည့် အကြောင်းရင်းဖြစ်သည်။ ဤလူငယ်ပါရမီရှင်များသည် သူတို့သာ နဂါးဟန်ခေတ်သို့ နှစ်တစ်သန်းအလွန်မှ ပြန်ရောက်ခဲ့လျှင်လည်း သူတို့ထက် ပိုကောင်းအောင် လုပ်နိုင်မည်ဟု ယုံကြည်ကြ၏။
ယန်အာက သစ်သီးလင်ဗန်းတစ်ဗန်းဖြင့် ချင်မူ့ဆီ ချဉ်းကပ်လာကာ ပြောသည်။ “သခင်လေး၊ နန်းတွင်းသူတွေ သစ်သီးခူးထားတယ်… ဖက်တီးနဂါးနဲ့ သခင်လေးချီကိုတော့ စားခိုင်းပြီးပြီ… သူတို့နှစ်ယောက် မသေဘူးဆိုတော့ အဆိပ်မရှိလောက်ဘူး”
ထိုစကားကို ကြားလျှင် သူမနောက်မှ လိုက်လာသည့် ချီကျုံရီနှင့် နဂါးချီလင်၏ မျက်နှာများ ဣန္ဒြေမဆည်နိုင်အောင် မည်းမှောင်သွားပြီး ရင်ထဲ၌ နာကျင်နေကြတော့သည်။
ဇာမဏီသင်္ဘောက တောင်ကောင်းကင်မုခ်ဝအပြင်အထိ သူတို့ကို လိုက်ပို့ပေးပြီးနောက် ကမ္ဘာဦးဘုံသို့ ချက်ချင်း ပြန်သွားခဲ့သည်။ ချီကျုံရီသာ နဂါးချီလင်၏ အသက်အန္တရာယ်အတွက် စိတ်ပူ၍ နေကျန်ခဲ့သည်။
ချင်မူ ကောင်းကင်နတ်ဘုံသို့ ရောက်လာသည့် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့လာ၏။ သူက ကောင်းကင်နတ်ဧကရီကို တွေ့ခွင့်တောင်းသော်လည်း သူမက ပေါ်မလာခဲ့ပေ။ ထိုအစား ကောင်းကင်နတ်အရှင်ယွီ လုပ်ကြံခံခဲ့ရသော နဂါးသွဲ့ရေကန်ရှိ မန့်လန်အဆောင်တွင် နေရန် အမိန့်ပေးခဲ့သည်။
ဤနေရာရှိ နန်းတွင်းသူအားလုံးသည် ကောင်းကင်နတ်ဧကရီကို အလုပ်အကျွေးပြုသူများ ဖြစ်သည့်အတွက် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် လှပစွာ ဝတ်စားဆင်ယင်ထားကြ၏။
ယန်အာက ချင်မူ့ကို တစ်ယောက်ယောက် အဆိပ်ခတ်မှာ စိုးရိမ်၍သာ ချင်မူ မစားခင် နဂါးချီလင်နှင့် ချီကျုံရီကို ဦးစွာစားခိုင်းခဲ့ခြင်းဖြစ်သည်။
“မမကြီးယန်အာ၊ ဒီလောက်အထိ ဂရုစိုက်စရာမလိုပါဘူး… ကျွန်တော်က ဆေးပညာကို ကောင်းကောင်း နားလည်တယ်… အစာထဲ အဆိပ်ခတ်တာက ကျွန်တော့်အတွက် စိုးရိမ်စရာမဟုတ်ဘူး”
ချင်မူက ရယ်လိုက်သည်။ “ဒါ့အပြင် ကောင်းကင်နတ်ဘုံအနေနဲ့ ကျွန်တော့်ကို လုပ်ကြံဖို့ အဆိပ်တောင် မလိုဘူး… သူတို့မှာ နည်းလမ်းတွေအများကြီး ရှိတယ်”
ချီကျုံရီသည် ပတ်ဝန်းကျင်ကို အကဲခတ်၍ မျက်လုံးများတောက်ပသွားကာ ပြော၏။ “ဂိုဏ်းသခင်ချင်၊ ဒီနေရာက ကောင်းကင်နတ်အရှင်ကိုးပါးရဲ့ ခေါင်းဆောင်၊ ကောင်းကင်နတ်အရှင်ယွီ လုပ်ကြံခံခဲ့ရတဲ့ နေရာမဟုတ်လား”
ချင်မူက အသာအယာ ခေါင်းညိတ်လိုက်သည်။ “ဒီနေရာက နဂါးဟန်ကနေ ထာဝရငြိမ်းချမ်းရေးအင်ပါယာအထိ ကပ်ဘေးတွေ အတောမသပ်နိင်အောင် ဆိုက်ရောက်စေခဲ့တဲ့ နေရာလည်း ဟုတ်တယ်”
ချီကျုံရီသည် ဆက်ပြော၏။ “ကောင်းကင်မဟာမိတ်အဖွဲ့က ဒီကနေ အရင်းခံတယ်လို့လည်း ကြားဖူးတယ်…. ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့က ဒီနေရာမှာ ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ပြီး ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ချင်တို့အတူ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူအကြီးအကဲငါးဦးကို ဖွဲ့စည်းခဲ့တယ်တဲ့”
ချင်မူ၏မျက်ခုံးများ တွန့်သွားပြီး အမှန်ပြင်ပေးလိုက်သည်။ “အဲဒီအချိန်မှာ ငါ ထွက်သွားနေပြီ”
ချီကျုံရီက သူ့ကို တစ်ချက်ကြည့်၍ ပြော၏။ “နောက်ပိုင်း ကောင်းကင်မဟာမိတ်အဖွဲ့ အောင်အောင်မြင်မြင် ဖွဲ့စည်းပြီးတော့ ခေါင်းဆောင်တွေက ဒီမှာ မကြာခဏ ဆွေးနွေးတတ်ကြတယ်…. ဒါကြောင့် ဒီနေရာကို ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ဌာနချုပ်လို့ ခေါ်ကြတယ်တဲ့”
ချင်မူက စိတ်ဝင်တစား မေးသည်။ “ဘယ်သူတွေက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်တွေလဲ”
“ဒီနေ့ ကောင်းကင်မဟာမိတ်အဖွဲ့မှာ ခေါင်းဆောင်ဆယ်ဦး ရှိတယ်.. သူတို့အားလုံးကို ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်အရှင်ဘွဲ့ အပ်နှင်းထားတယ်… ရှေးဟောင်းနတ်ဘုရားတွေကတော့ သူတို့ကို အသိအမှတ်မပြုဘူး… မူလကောင်းကင်နတ်အရှင်ကိုးပါးကိုပဲ အသိအမှတ်ပြုကြတယ်”
ချီကျုံရီက ပြောသည်။ “ပထမဆုံးတစ်ယောက်ကတော့ ကောင်းကင်နတ်အရှင်ဟောင်၊ ဒုတိယက ကောင်းကင်နတ်အရှင်ဟွေ့၊ တတိယက ကောင်းကင်နတ်အရှင်ရှောင်၊ စတုတ္ထ ရှေးဟောင်းနတ်ဘုရားဘုရင်… ကောင်းကင်နတ်အရှင်ဇူလည်း လူသိများတယ်…. ပဉ္စမက ကောင်းကင်နတ်အရှင်လန်၊ ဆဋ္ဌမက ကောင်းကင်နတ်အရှင်ချန်းလို့ ချီးမြှင့်ခံထားရတဲ့ နတ်အရှင်မချန်း၊ သတ္တမက ကောင်းကင်နတ်အရှင်ယန်လို့ ချီးမြှင့်ခံထားရတဲ့ နတ်အရှင်မယန်၊ အဋ္ဌမက ကောင်းကင်နတ်အရှင်ဟုန်၊ နဝမက ကောင်းကင်နတ်အရှင်ရှု၊ ဒဿမက ကောင်းကင်နတ်အရှင်ကုန်း”
ချင်မူ မျက်မှောင်ကြုတ်သွား၏။ ဤကောင်းကင်နတ်အရှင်ဆယ်ဦးအနက် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ဟွေ့ကို သိသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်ကိုလည်း အတန်အသင့် သိသော်လည်း ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကောင်းကင်နတ်အရှင်ယွီနှင့်သာ တိုက်ခိုက်ခဲ့ဖူးခြင်း ဖြစ်သည်။ လူကိုယ်တိုင် မတွေ့ခဲ့ပေ။
ကျန်ကောင်းကင်နတ်အရှင်များကိုတော့ တစ်ယောက်မှ မသိ။
“ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ကောင်းကင်နတ်အရှင်ရုံကရော… ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲ မပါဘူးလား”
ချီကျုံရီက ခေါင်းယမ်းသည်။ “ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ကောင်းကင်နတ်အရှင်ရုံက သီးသန့်နေကြတာ ကြာပြီကြားတယ်… သူတို့နှစ်ယောက်မှာ ဘာနာမည်မှ မရှိတော့ ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်အရှင်တွေကို ပြန်ဖွဲ့စည်းဖို့ စဉ်းစားတဲ့အချိန်မှာ သူတို့ကို ထုတ်ပယ်လိုက်တာတဲ့… ကောင်းကင်နတ်အရှင်အသစ်တွေကတော့ ကောင်းကင်နတ်ဘုံမှာ အင်အားကြီးကြတယ်… ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို အများပြည်သူက သဘောမတွေ့ကြပါဘူး”
သူက ဟိုကြည့်သည်ကြည့် ကြည့်၍ အသံကို နှိမ့်ကာ ပြောသည်။ “တစ်ခါတုန်းက တစ်ယောက် ပြောဖူးတယ်… ကောင်းကင်နတ်အရှင်ချင်က လွဲလို့ ကျန်ရဲ့ ကောင်းကင်နတ်အရှင်အဟောင်းတွေအားလုံးက ကောင်းကင်ရတနာကျင့်စဉ်စနစ်၊ ကောင်းကင်နန်းဆောင် ကျင့်စဉ်စနစ်တွေ ဖန်တီးရင်း လာမယ့်မျိုးဆက်တွေအတွက် အကျိုးပြုမယ့် ကောင်းမှုကုသိုလ်တွေ ဆောက်တည်ပေးခဲ့တယ်တဲ့.... နဂါးသွဲ့ရေကန်မှာ တိုက်ခိုက်ခဲ့တဲ့ ကောင်းကင်နတ်အရှင်ချင်နဲ့ နတ်မျက်လုံးကိုတောင် အားလုံး အတုယူပြီး အကျိုးအမြတ်တွေ ရခဲ့တယ်ပြောတယ်… ဒါပေမဲ့ ဒီနေ့ခေတ်ရဲ့ ကောင်းကင်နတ်အရှင်အားလုံးက အာဏာနဲ့ သိုင်းစွမ်းအားတွေအပေါ်ပဲ အားကိုးပြီး နောက်မျိုးဆက်တွေအတွက် ဘာအမွေမှ မချန်ခဲ့ဘူး.. ဒါကြောင့် ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်တွေအကြောင်း ပြောရင် လက်ရှိဆယ်ယောက်အစား မူလကောင်းကင်နတ်အရှင်ကိုးယောက်ကိုပဲ ပြောကြတာများတယ်”
ချင်မူ ရယ်လိုက်မိသည်။ “ဒါဆို ငါက ကောင်းမှုကုသိုလ်တွေ တည်ဆောက်ခဲ့ပြီး ကောင်းကင်နတ်အရှင်မူဘွဲ့နဲ့ ထိုက်တန်တယ်လို့ မင်း ထင်တယ်ပေါ့”
ချီကျုံရီမှာ စိတ်တိုသွားသော်လည်း ရယ်လိုက်ပြီး ပြော၏။ “ငါ အစတုန်းက မင်းကို သဘောမကျခဲ့ပေမယ့် မင်းက နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း မျှဝေပေးခဲ့တဲ့ ကောင်းကင်နတ်အရှင်မူဆိုတာလည်း သိလိုက်ရော ငါ မင်းကို တဖြည်းဖြည်း လေးစားလာမိတယ်…. ဒါမဲ့ မင်းရုပ်မြင်တိုင်း ရွံမိတာက လွဲလို့ပေါ့”
ချင်မူ တဟားဟား ရယ်လိုက်သည်။ သူ ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်ဇူကဲ့သို့ ကောင်းကင်နတ်အရှင်အသစ်များအကြောင်း မေးမြန်းတော့မည့်အချိန် နန်းတွင်းသူတစ်ယောက်က လေပြေနှေးနန်းဆောင်ထဲ ဝင်လာပြီး ဖိတ်စာတစ်စောင် ဆက်သသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဧည့်သည်လာပါတယ်”
ချင်မူလည်း စိတ်ငြိမ်အောင် ထိန်းပြီး ဖိတ်စာကို လက်ခံသည်။ သူက ရယ်လိုက်ပြီး ပြောလေသည်။ “တစ်ယောက်ယောက် ငါ့ကို လာရှာတော့မယ်မှန်း သိနေတယ်လေ…. ဒီလောက်မြန်မယ် မထင်ထားတာပဲ ရှိတယ်.. ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ”
နန်းတွင်းသူ ပြန်ထွက်သွားသည်။
ချင်မူ ဖိတ်စာဖွင့်လိုက်သည့်အခါ ပို့လိုက်သူက ယွင်ကျန်းလီဆိုသည့်နာမည် ရှိကြောင်း မြင်လိုက်ရသည်။ သူက မေးသည်။ “ဒီယွင်ကျန်းလီက ဘယ်သူလဲ”
ချီကျုံရီမှာ မျက်နှာဖြူလျော်သွားသည်။ ”ယွင်ကျန်းလီက ယွင်မိသားစုကပဲ”
ချင်မူ စပ်စပ်စုစု မေးကြည့်လိုက်သည်။ “ယွင်မိသားစု၊ ဘယ်ယွင်မိသားစုလဲ”
“ကောင်းကင်နတ်အရှင်ယွင်ရဲ့ မျိုးဆက်”
ချီကျုံရီက ဆက်ပြောသည်။ “အခြားသူတွေ ပြောပုံအရ ကောင်းကင်နတ်အရှင်ယွင် သေသွားတဲ့အချိန်မှာ ယွင်မိသားစု လွတ်မြောက်သွားပေမယ့် အနည်းစုပဲ ကျန်ခဲ့တယ်တဲ့… မျိုးဆက်တိုင်း သားတစ်ယောက်ပဲ ထွန်းကားတော့ သွေးဆက်တည်တံ့အောင် လုပ်ဖို့ ခက်ခဲ့တယ်.. ဒါပေမဲ့ ယွင်မိသားစုရဲ့ မျိုးဆက်တိုင်းက ထူးချွန်ထက်မြက်ကြတယ်… ဒါပေမဲ့ ထူးဆန်းတာက ကောင်းကင်တံတားအဆင့်အထိ သိုင်းကျင့်ပြီး ကောင်းကင်နန်းဆောင်အဆင့် မတက်လှမ်းနိုင်ခင် သေကုန်ကြတာပဲ.. ဒါကြောင့် ယွင်မိသားစုမှာ များသောအားဖြင့် ယောက်ျားသားတစ်ယောက်ပဲ ရှိပြီး ကျန်တာတွေက မုဆိုးမတွေချည်းပဲ.. ယွင်ကျန်းလီက ဒီမျိုးဆက်ရဲ့ ဆက်ခံသူ၊ ကောင်းကင်နတ်ဘုံရဲ့ တက်သစ်ကြယ်… နေမကောင်းတဲ့သခင်လေးလို့ ကျော်ကြားတယ်… ဒါပေမဲ့ သူ့ပါရမီက….”
သူ၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ “အောက်ဘုံမှာ မင်းကို ရှင်းပစ်ဖို့ အမိန့်ထုတ်လိုက်တုန်းက ငါ ဒီနေရာကို လာပြီး ကောင်းကင်နတ်ဘုံရဲ့ လူငယ်သိုင်းပညာရှင်တွေနဲ့ တစ်ခါပြိုင်ခဲ့ဖူးတယ်… သူက သိပ်အစွမ်းထက်တယ်”
ချင်မူက ဟက်ခနဲ ရယ်လိုက်သည်။ “မင်းက ဇာမဏီနတ်မင်းနဲ့ မဟူရာနတ်မင်းရဲ့ တပည့် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်နှစ်ခု ကျင့်ထားတဲ့သူလေကွာ… ငါ မင်းနဲ့ တိုက်ခိုက်ခဲ့တုန်းက မင်းရဲ့စွမ်းအားက ငါနဲ့ကျဲ့ဟွလီ နှစ်ယောက်စလုံးကို အံ့အားသင့်စေခဲ့တယ်… ဇာမဏီနတ်မင်းရဲ့ လမ်းစဉ်အတိုင်း လိုက်ထားလို့သာ မင်းရဲ့ ကောင်းကင်နတ်သိုင်းရဲ့တုံ့ပြန်မှုက ငါနဲ့ ကျဲ့ဟွလီထက် နှေးတာပဲ ရှိတယ်… မင်း ယွင်ကျန်းလီကို ဘယ်လိုတောင် ရှုံးခဲ့တာလဲ”
ချီကျုံရီမှာ ဝန်ခံရတော့သည်။ "အခုအချိန်မှာတောင် ငါ မင်းကို ထွေထွေထူးထူး သိပ်တွေးမနေဘူး ... မင်းကို ငါ နိုင်,နိုင်တယ်လို့ ခံစားရပေမယ့် သူ့ကို အရှုံးပေးပြီး သူ့လောက် အစွမ်းမထက်ပါဘူးလို့ ဝန်ခံခဲ့ရတယ် ... ဒါပေမဲ့ အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကို ငါ ကြုံတွေ့ရပြီးပြီဆိုတော့ အခု တိုက်ခိုက်ရင် ရလဒ်ကို မပြောတတ်တော့ဘူး"
ချင်မူ၏ အမူအရာ ပြောင်းလဲသွားသည်။
ချီကျုံရီသည် အစကတည်းက အင်အားကြီးမားနေပြီ ဖြစ်၏။ ရှုရှန်းဟွာနှင့်အတူ အထက်ကောင်းကင်ဘုံတက္ကသိုလ်ကို ကူညီတည်ထောင်ပေးရင်း အောက်ဘုံ၌သာ အမြဲနေခဲ့သည်ကိုပါ ထည့်တွက်လျှင် သူ၏အတွေ့အကြုံသည် များစွာတိုးတက်လာခဲ့ပြီဖြစ်သည်။
ရှုရှန်းဟွာလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှု၌ ဝင်ရောက်ပါဝင်ခဲ့ကာ ပြိုင်ဘက်ကင်းသော ပါရမီကို ပိုင်ဆိုင်ထားသည်။ ယနေ့အချိန်တွင် ချီကျုံရီ၏ စွမ်းအားသည် များစွာ မြင့်မားလာပြီဖြစ်၏။ သူပင်လျှင် ရလဒ်က မသေချာဟုသာ ပြောရဲလျှင် မည်မျှ မရှုမလှ ရှုံးနိမ့်ခဲ့ကြောင်း သိသာသည်။
ဤအခိုက်အတန့်တွင် စောစောက နန်းတွင်းသူသည် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကို လေပြေနှေးစံအိမ်ထဲသို့ ခေါ်ဆောင်လာ၏။ လူငယ်သည် ပိန်ပိန်သွယ်သွယ် ဖြစ်ပြီး ရိုးရှင်းခံ့ညားသော အဖြူရောင်ဝတ်ရုံဖြင့် ချောမောနေ၏။
သူ့အသွင်မှာ တက်တက်ကြွကြွ ရှိသော်လည်း သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် အနက်ရောင်အငွေ့အသက်တချို့က ဖယ်ရှားမရဘဲ အမြဲရှိနေသည့်အလား ထင်ရသည်။
ယွင်ကျန်းလီက ချင်မူ့ကို အရိုအသေပေးပြီး လေးလေးစားစား နှုတ်ဆက်သည်။ "ယွင်သားတော်၊ ကောင်းကင်နတ်အရှင်မူကို ဂါဝရပြုပါတယ်"
ချင်မူ သူ့ကို လက်မောင်းမှ ဆွဲထူပေးတော့မည့်အချိန်တွင် ယွင်ကျန်းလီ၏အနောက်၌ သူ့ဆီသို့ အရိုအသေပေးနေသော မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ "ယွင်ချွီးရှို့၊ ကောင်းကင်နတ်အရှင်မူကို ဂါဝရပြုပါတယ်"
ချင်မူမှာ ယွင်ချွီးရှို့၏ မျက်နှာအမူအရာကို မြင်သည့်အခါ စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားတော့သည်။
သူ့အနောက်မှ လိုက်လာသည့် ယန်အာက ချင်မူ၏ လည်ဂုတ်၌ ကြက်သီးမွေးညင်းများ ထလာသည်ကို စပ်စပ်စုစု ကြည့်နေသည်။ ချင်မူမှာ အန္တရာယ်ကို ခံစားလိုက်ရ၍ အင်မတန် စိတ်လှုပ်ရှားနေကြောင်း သိသာပေသည်။
"သခင်လေး၊ ယွင်ချွီးရှို့ ဆိုတဲ့ မိန်းကလေးကြောင့် ဘာလို့ စိတ်လှုပ်ရှားနေတာလဲ"
ယန်အာသည် ယွင်ချွီးရှို့ဆိုသည့် အမျိုးသမီးဘက်သို့ လှမ်းကြည့်ပြီးနောက် အံ့ဩမှင်သက်သွားကာ တိတ်တိတ်ကလေး တွေးလိုက်မိ၏။ 'တိမ်တိုက်လို ဝတ်ရုံ၊ ပန်းပွင့်လို မျက်နှာလေး... ရှားမှရှားတဲ့ အလှလေး... သူ့အလှက အဘွားစစ်အောက် နည်းနည်းလေးပဲ နိမ့်ကျတယ်'
ထိုအမျိုးသမီးသည် ဒဏ္ဍာရီလာ ပန်းချီထဲမှ လမ်းလျှောက်ထွက်လာသာ နတ်ဘုရားမသဖွယ် တင့်တယ်လှပပြီး ကြော့ရှင်းချောမောလှ၏။ သူမမျက်မှောင် တစ်ချက်ကြုတ်လိုက်တိုင်း၊ တစ်ချက်ကလေးပြုံးလိုက်တိုင်း၊ စကားတစ်ခွန်းပြောလိုက်တိုင်း သဘာဝအတိုင်း လှပကာ ရင်ခုန်ဖွယ်ရာကောင်းနေသည်။
သို့တိုင်အောင် ချင်မူ ကျောရိုးထဲ စိမ့်အေးသွားသည်။
ချင်မူ ဤအမျိုးသမီးကို မြင်ဖူး၏။
သူ့နှလုံးသားထဲမှ အေးစိမ့်သွားမှုက ရင်ခေါင်းထဲအထိ ရိုက်ခတ်လာတော့သည်။ ‘သူက တစ္ဆေသင်္ဘောရဲ့ အခေါင်းထဲမှာ ကောင်းကင်နတ်ဧကရီနဲ့အတူ မြှုပ်နှံခံထားရတာ မဟုတ်ဘူးလား… ဘယ်လိုလုပ် လွတ်လာတာလဲ’