← Chapters

အချစ်ဦးနှင့် တွေ့ဆုံပေးလိုက်ပါသော

Vol. 70 Ch. 917

အချစ်ဦးနှင့် တွေ့ဆုံပေးလိုက်ပါသော

Vol. 70 Ch. 917

ချင်မူမှာ အနည်းငယ် အူကြောင်ကြောင် ဖြစ်နေသည်။ တစ္ဆေသင်္ဘောပေါ်တွင် ကောင်းကင်နတ်ဧကရီနှင့် ကျွယ်ဝူချိန်သည် အခေါင်းတစ်ခုထဲ၌ အတူတူ ထည့်သွင်းခံထားရပြီး နဂါးရှစ်‌ကောင်က စောင့်ရှောက်နေခဲ့၏။

သို့တိုင်အောင် ယွင်ချွီးရှို့ဆိုသည့် ဤအမျိုးသမီးကား ကျွယ်ဝူချိန်နှင့် ချွတ်စွပ်တူနေသည်။ ဤကမ္ဘာပေါ်တွင် ကျွယ်ဝူချိန်နှင့် ချွတ်စွပ်တူအောင် မွေးဖွားလာသည့် လူတစ်ယောက် အမှန်တကယ် ရှိနေသည်လား။

‘မဖြစ်နိုင်ဘူး’

‘ကျွယ်ဝူချိန်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ဖျားယောင်းဖို့ ကောင်းကင်နတ်အရှင်လင် ဖန်တီးထားတဲ့ လက်နက်၊ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခုပဲ.. တဏှာကြီးတဲ့ ကောင်းကင်နတ်ဧကရာဇ်က သူ့အလှကြောင့် သေခဲ့ရတာ... ဘယ်သူမှ သူနဲ့ ချွတ်စွပ်မတူနိုင်ဘူး...’

‘ယွင်ချွီးရှို့ဆိုတဲ့ ဒီအမျိုးသမီးက တစ္ဆေသင်္ဘောပေါ်က ကျွယ်ဝူချိန်များ ဖြစ်နေမလား’

ချင်မူ့ခေါင်းထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားသည်။ ‘ငါက ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို အများကြီး လေ့လာထားလို့ တစ္ဆေသင်္ဘောကနေ လွတ်မြောက်လာတာ... မပြောင်းလဲနိုင်တဲ့ ကောင်းကင်နတ်သိုင်းနဲ့ နတ်မင်းလေးပါးရဲ့ စွမ်းအားကိုလည်း နားလည်တဲ့အပြင် ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ အင်အားကို နားလည်ထားလို့သာ ရှေးဟောင်းသင်္ဘောကြီးဆီကနေ လွတ်မြောက်နိုင်ခဲ့တာ... ငါ့အပြင် ဘယ်သူက အဲ့ဒီလို လုပ်နိုင်မှာလဲ’

ချင်မူသည် တည်ငြိမ်နေဟန်ရှိသော်လည်း ရင်ထဲတွင် အကြီးအကျယ် အံ့အားသင့်နေ၏။ သူက ဒူးထောက်နေသော ယွင်ကျန်းလီကို ကြည့်လိုက်သည်။

ဤယွင်ကျန်းလီတွင် နတ်ဘုရားများ၊ မိစ္ဆာများပင် မသိသော စွမ်းအားတစ်ရပ် ကိန်းဝပ်နေသည်လား။ သူက တစ္ဆေသင်္ဘောထဲသို့ ၀င်ရောက်၍ ကျွယ်ဝူချိန်ကို ကယ်ထုတ်ခဲ့ခြင်းများလား။

သို့သ်ော သူ့အတွက် အချိန်မရှိနိုင်ပေ။

လက်ရှိအချိန်တွင် သူ၏အစ်ကိုကြီးဝေစွေ့ဖုန်းက တစ္ဆေသင်္ဘောအပေါ်၌ ဖြစ်သည်။ ယွင်ကျန်းလီ ‌တစ္ဆေသင်္ဘောကို စီးနင်းခဲ့လျှင် ဝေစွေ့ဖုန်းနှင့် ထိပ်တိုက်မတွေ့သွားဘူးလော။

သူ့အနေဖြင့် ကျွယ်ဝူချိန်ကို တစ္ဆေသင်္ဘောပေါ်မှ ကယ်ထုတ်နိုင်လျှင်ပင် ကောင်းကင်နတ်ဘုံဆီသို့ လျင်မြန်စွာ ပြန်ရောက်လာနိုင်မည်မဟုတ်ပေ။

ချင်မူ စီးနင်းလာသည့် ဇာမဏီသင်္ဘောက ယနေ့ခေတ်တွင် အမြန်ဆုံးယာဉ် မဟုတ်ပါလော။

ယွင်ကျန်းလီက နတ်ဘုရားပင် မဟုတ်သေးသည်ကို ထည့်တွက်လျှင် သူ့တွင် ထိုကဲ့သို့ လျင်မြန်သော သင်္ဘောတစ်စင်း ရှိလျှင်တောင်မှ ထိုသင်္ဘောကို အသက်သွင်းနိုင်မည့် မှော်စွမ်းအင် လုံလုံလောက်လောက် ရှိနိုင်မည်မဟုတ်ပေ။

‘သူက ဝေစွေ့ဖုန်းမရောက်ခင် တစ္ဆေသင်္ဘောဆီ သွားပြီး ကျွယ်ဝူချိန်ကို ကယ်ထုတ်လာတာဆိုရင်ရော.... ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်လင်က ရင်းနှီးတော့ ယွင်မိသားစုလည်း ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲနိုင်တဲ့ ကောင်းကင်နတ်သိုင်းကို သိထားကြတယ်’

ချင်မူ့အကြည့်က ယွင်ကျန်းလီ၏ ခန္ဓာကိုယ်ဆီမှ ရွေ့လျားသွားသည်။ သူက တွေးနေသည်။ ‘ယွင်ကျန်းလီ ကျွယ်ဝူချိန်ကို ကယ်ထုတ်လာနိုင်ရင်တောင်မှ သူ့ကို အသက်ရှင်လျက် ထိန်းသိမ်းထားဖို့ မဖြစ်နိုင်ဘူး.... ကျွယ်ဝူချိန်က ကောင်းကင်နတ်ဧကရီရဲ့ ခန္ဓာကိုယ်ပဲ မဟုတ်လား.. ခန္ဓာကိုယ်ကို ကယ်ထုတ်လာလည်း ဘာမှအသုံး၀င်မှာမဟုတ်ဘူး... ကောင်းကင်နတ်ဧကရီကိုယ်တိုင် မဟုတ်သရွေ့ပေါ့’

ချင်မူသည် ဒူးထောက်နေသော ယွင်ချွီးရှို့ဆီသို့ ငုံ့ကြည့်ရင်း မျက်ခုံးတလှုပ်လှုပ်ဖြင့် သူတို့နှစ်ယောက်ကို တွဲကူထူလိုက်၏။ သူက ရယ်မော၍ ပြောသည်။ “ထကြပါ.... ကျွန်တော်တို့က သက်တူရွယ်တူတွေပဲကို... ဒီလောက်ထိ ထုံးစံတွေ မလိုပါဘူးဗျာ”

စိတ်ထဲတွင် သူ့ရင်ထဲတွင် လှိုင်းတံပိုးများ ထကြွနေ၏။ ‘ကောင်းကင်နတ်ဧကရီဆိုရင်တော့ ဖြစ်နိုင်တယ်... ငါ ကောင်းကင်နတ်ဧကရီရဲ့ ဝိညာဉ်ကို ‌တစ်ခါဆင့်ခေါ်ဖို့ ကြိုးစားပေမယ့် သူ မသေသေးတာကို တွေ့ခဲ့ရတယ်... သူလည်း ငါ့ရဲ့တည်ရှိမှုကို ခံစားခဲ့ရတယ်... သူက ငါ ကောင်းကင်နတ်ဘုံဆီ လာတော့မှာကြားလို့ ကျွယ်ဝူချိန်ကို ကယ်ထုတ်ဖို့ အကြံရလိုက်တာပဲ ဖြစ်မယ်... အဲ့ဒါဆိုရင် ဒီခန္ဓာကိုယ်ထဲက အမျိုးသမီးက ကောင်းကင်နတ်ဧကရီ ဖြစ်လောက်တယ်.... ဒါပေမဲ့’

သူ့စိတ်ထဲတွင် အတွေးပေါင်းများစွာ ပေါ်ထွက်လာသည်။ ‘ဒါပေမဲ့ ဘာကြောင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ‌ဝေစွေ့ဖုန်းကို ရေထဲနှစ်ပြီး ကောင်းကင်နတ်ဧကရီနဲ့ ကျွယ်ဝူချိန်ရဲ့ ခန္ဓာကိုယ်အတွက် တစ္ဆေသင်္ဘောနဲ့ ဝေစွေ့ဖုန်းကို လဲလှယ်ဖို့ အရှေ့ကောင်းကင်ရဲ့ အစိမ်းရောင်နတ်မင်းဆီ အမိန့်ပေးခဲ့တာလဲ... ဒါမှမဟုတ် ကျွယ်ဝူချိန်ရဲ့ ခန္ဓာကိုယ်ထဲက လူက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်များ ဖြစ်နေမလား’

အကန့်အသတ်မရှိသော ဖြစ်နိုင်ချေများကြောင့် ချင်မူ့မှာ တစ်ခေါင်းလုံး ပေါက်ကွဲတော့မတတ်ဖြစ်နေပြီး အမှန်တရားကို ဖော်ထုတ်ရန် အခက်တွေ့နေတော့သည်။

ယွင်ကျန်းလီနှင့် ယွင်ချွီးရှို့က ထရပ်လိုက်ကြသည်။ ချင်မူက ပြုံး၍ သူတို့ကို နေရာထိုင်ခင်း စီစဉ်ပေး၏။ သူက အပြုံးတစ်ခုဖြင့် အားတုံ့အားနာ ပြောလေသည်။ “ကျွန်‌တော်လည်း ဒီနေရာကို ပထမဆုံး ရောက်လာတာဆိုတော့ ဒီမှာ ဘာကောင်မှမဟုတ်ပါဘူး... ဒီလို သူများချပေးထားတဲ့ အဆောင်မှာနေရင်း နောင်တော်တို့၊ အစ်မတော်တို့ကို လျစ်လျူရှုထားမိတယ်”

ယန်အာက ချင်မူ၏လည်ဂုတ်ကို စပ်စပ်စုစု ကြည့်နေပြီး ကြက်သီးမွှေးညင်းများ ပွားလာကြောင်း မြင်လိုက်ရသည်။ ထို့အပြင် သူ့လည်ပင်းမှ ချွေးစီးများကျလာသည်ကို တွေ့နေရရာ ချင်မူ အမှန်တကယ် စိတ်လှုပ်ရှားနေကြောင်း ထင်ရှားလေသည်။

‘သခင်လေးရဲ့ နဖူးက ချွေးမထွက်ပဲ လည်ပင်းက ချွေးထွက်နေတယ်.. သူ ဒီဟာကို ဘယ်သူ့ဆီက သင်ခဲ့တာပါလိမ့်’ ယန်အာမှာ သိချင်နေသည်။

ယွင်ကျန်းလီက အလျင်အမြန် ပြန်ဖြေသည်။ “ကောင်းကင်နတ်အရှင်က အများပြည်သူအတွက် ပညာရပ်တွေ လက်ဆင့်ကမ်းပေးခဲ့ပြီး နတ်ဘုရားဖြစ်နိုင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တဲ့ လူပါ.... ခင်ဗျားရဲ့ကောင်းမှုကုသိုလ်က ဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ပါဘူး... ကျွန်တော်က ကျွန်တော့်ဘိုးဘေးရဲ့ကိုယ်စား ကောင်းကင်နတ်အရှင်ကို တောင်းပန်ဖို့လာတာပါခင်‌ဗျာ”

ချင်မူက တအံ့တဩဖြင့် မေးလေသည်။ “‌ကောင်းကင်နတ်အရှင်ယွင်က မှာခဲ့တာလား... သူ ဘာပြစ်မှုတွေ ကျူးလွန်ခဲ့လို့လဲ”

“ကျွန်တော့်ဘိုးဘေးကြီးက သာမန်ပြည်သူတွေကို ကပ်ဘေးအတွင်းက ကယ်တင်ဖို့အတွက် ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်ချင် အယောင်ဆောင်ခဲ့ပါတယ်... အဲ့ဒီနာမည်တွေကို သုံးရင်း သူက ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံကို တည်ထောင်ခဲ့ပြီး ပြည်သူတွေ အသက်ရှင်နိုင်မယ့်အခွင့်အရေး ဖန်တီးခဲ့ပါတယ်.... အဲ့ဒါကြောင့် သူ့ရဲ့မျိုးဆက်တွေဆီ မှာခဲ့တယ်.... နောင်တစ်ချိန် ကောင်းကင်နတ်အရှင်မူနဲ့ ချင်ကို တွေ့ရင် ကောင်းကင်နတ်အရှင်မူနဲ့ ချင်ကို တောင်းပန်ပေးပါတဲ့”

ယွင်ကျန်းလီက ဂါဝရပြုသည်။ “ကျွန်တော့်ဘိုးဘေးကြီးက ခိုင်ဧကရာဇ်နဲ့တွေ့ပြီး သူ့ကို တောင်းပန်ပြီးပါပြီ... ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူကိုတော့ ရှာမတွေ့ခဲ့ဘူး... ဒီနေ့တော့ ကျွန်တော်က ကံကောင်းစွာနဲ့ပဲ ကောင်းကင်နတ်အရှင်မူကို တွေ့ခဲ့ရပြီ... ယွင်မိသားစုရဲ့ အသုံးမကျတဲ့သားအနေနဲ့ ကျွန်တော် ဘိုးဘေးကြီးရဲ့ကိုယ်စား ကောင်းကင်နတ်အရှင်မူကို တောင်းပန်ပါတယ်”

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားပြီး မတ်တပ်ထရပ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ယွင်က ဘာအပြစ်တွေ ကျူးလွန်ခဲ့တာမလို့လဲ... ဒီလို ထုံးစံတွေ မလိုပါဘူး.. ကျေးဇူးပြုပြီး ထပါ”

ယွင်ကျန်းလီက ဆက်လက်ဒူးထောက်ထားရင်း ပြောသည်။ “ကောင်းကင်နတ်အရှင်က သူ့ကို အပြစ်မတင်ပေမယ့် ကျွန်တော်ကတော့ ဘိုးဘေးကြီးရဲ့ အမှာစကားအတိုင်း အတိအကျလုပ်မှ ဖြစ်ပါလိမ့်မယ်”

သူသည် ထုံးစံ‌အတိုင်း အရိုအသေပေးပြီး ပြန်ထ၏။

ချင်မူက သူ့ကိုထိုင်ခိုင်းပြီး အပြုံးတစ်ခုဖြင့် မေးမြန်းလေသည်။ “ကျွန်တော် ခင်ဗျားရဲ့ဘိုးဘေးကြီး ကောင်းကင်နတ်အရှင်ယွင်နဲ့ ဒီမှာတွေ့ခဲ့ဖူးပေမယ့် သူနဲ့ စကားသေချာပြောဖို့ အခွင့်မရခဲ့ဘူး... နောင်တော်ယွင်ရဲ့ ညီမ ယွင်ချွီးရှို့က ဘယ်ကရောက်လာတာလဲ.... နောင်‌တော်ချီ ပြောပုံအရ ယွင်မိသားစုရဲ့ မျိုးဆက်က သားတစ်ယောက်ပဲ ထွန်းကားတာဆို”

ယွင်ကျန်းလီတွင် တင့်တယ်ခံ့ညားသော အငွေ့အသက်ရှိ၍ ယွင်မိသားစု၏သားဟူသော ဂုဏ်ဒြပ်နှင့် ကိုက်ညီပေသည်။ သူက နေမကောင်းသောပုံစံ ရှိသော်လည်း ထူးထူးခြားခြား နှစ်လိုဖွယ်ကောင်းနေ၏။

“ချွီးရှို့က ကျွန်တော်နဲ့ မကြာသေးမီကမှ သွေးသောက်မောင်နှမ ဖွဲ့ခဲ့တာပါ... သူ့ရဲ့မျိုးရိုးက ယွင်ဆိုပေမယ့် ယွင်မိသားစုက မဟုတ်ပါဘူး.... သူက ထက်မြက်ပြီး လုပ်ရည်ကိုင်ရည်ရှိမှန်း ကျွန်တော် သတိထားမိခဲ့တယ်လေ... အဲ့ဒါအပြင် တစ်ယောက်တည်းလည်း နေတာနဲ့ သူ့ကို ညီမတော်ပြီး မိသားစုထဲ ထည့်လိုက်တာပါ”

ယွင်ချွီးရှို့က ပြုံးလျက် ဝင်ပြောသည်။ “အစ်ကိုတော်က ကောင်းကင်နတ်အရှင်မူကို အရိုအသေပေးချင်တယ်ဆိုတာနဲ့ ကျွန်မလည်း လိုက်လာခဲ့တာပါ.... ကောင်းကင်နတ်အရှင်မူက ဒီလောက်ငယ်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး”

သူမ တစ်ချက်ပြုံးလိုက်တိုင်း၊ မျက်မှောင်လေးတစ်ချက် ကြုတ်လိုက်တိုင်း လူတိုင်းကို ညှို့ယူဖမ်းစားနိုင်ပြီး စိတ်နှလုံးထဲ၌ စိတ်ကူးယဉ်အတွေးများစွာ ဖြစ်ပေါ်လာစေ၏။

သူမအပြုံးက ချင်မူနှင့် ချီကျုံရီအတွက် ခံစားရမှုချင်း မတူပေ။

ချင်မူသည် သန်မာအားကောင်းသော အသိစိတ်အလျဉ်၊ သတိတရားနှင့် အဘွားစစ်၏အလှတရားကြောင့် အနည်းငယ်သာ ခံစားရ၏။

သို့သော် ချီကျုံရီမှာမူ သူမ၏အပြုံးလေးထက်ပို၍ စိတ်ကူးယဉ်နေမိသည်။ သူ့စိတ်ထဲတွင် သူမနှင့်မိတ်‌ဆွေဖြစ်လာပြီး ချစ်ကျွမ်း၀င်ကာ သူမ၏လက်တွဲဖော်ဖြစ်လာသည့် မြင်ကွင်းများ မြင်ယောင်လာ၏။ သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်တစ်ခုက သူ့နားထဲသို့ ၀င်ရောက်လာပြီး သူ စိတ်ကူးယဉ်နေမိသည်။ ကလေးများပင် သူတို့ပတ်ပတ်လည်၌ ပြေးလွှားဆော့ကစားနေကြချေပြီ။

ယွင်ချွီးရှို့ စကားပြောပြီးမှ သူ၏ စိတ်ကူးယဉ်အတွေးများ ရပ်တန့်သွား၏။ ချီကျုံရီမှာ ရင်တဒိန်းဒိန်း ခုန်နေပြီး မျက်နှာမှာ နီမြန်းနေသည်။ အချစ်ဦးနှင့် ဆုံတွေ့လိုက်ရသကဲ့သို့ သူ ရင်ခုန်လာတော့သည်။

ချင်မူက သူ့ကိုကြည့်ကာ ချောင်းဟန့်လိုက်သည်။ ချောင်းဟန့်သံက ချီကျုံရီ၏စိတ်ထဲတွင် ကျယ်လောင်စွာ ဟိန်းထွက်လာပြီး သူ၏ခံစားချက်များနှင့် စိတ်ကူးယဉ်အတွေးများကို ဖြိုခွဲပစ်လိုက်၏။

ချီကျုံရီမှာ စောစောကလေးက ဖြစ်သွားသော အဖြစ်အပျက်ကို ပြန်တွေးရင်း အံ့အားသင့်သွားသည်။ “သူနဲ့ ငါ အခုမှ ပထမဦးဆုံးအကြိမ် တွေ့တယ်... ဒါပေမဲ့ ငါ့နှလုံးသားက ပြင်းပြင်းထန်ထန်ကို ခုန်နေတော့ပါလား.... သူက သိပ်လှလွန်းတော့ ငါ့ခံစားချက်တွေကို မထိန်းချုပ်နိုင်လိုက်ဘူး”

ချင်မူက ရယ်သည်။ “မမကြီးချွီးရှို့နဲ့ နောင်တော်ကျန်းလီက တကယ့်ကို လိုက်ဖက်ပါပေတယ်...မောင်နှမဖြစ်သွားတာတော့ နှမြောစရာပဲ”

ယွင်ကျန်းလီက သူ့ကို ပြောသည်။ “မနောက်ပါနဲ့ဗျာ... ကောင်းကင်နတ်အရှင်ကလည်း.... သေရတော့မယ်လူအနေနဲ့ ညီမလေးချွီးရှို့ရဲအနာဂတ်ကို ကျွန်တော် မဖျက်ဆီးချင်ပါဘူး... ဒါ့အပြင် ကျွန်တော့်မှာ သားတစ်ယောက်နဲ့ မိသားစုရှိနေပါပြီ.... မိသားစုဆိုမှ ကောင်းကင်နတ်အရှင်ကရော လက်ထပ်တော့မှာလား”

ချင်မူက အားနည်းနေသော်လည်း တဟားဟား ရယ်ကာ ပြန်ဖြေလိုက်သည်။ “နောင်တော်ကျန်းလီ... ကျွန်တော်ကလည်း သေတော့မယ့်လူပါဗျာ... ခင်ဗျားတို့နှစ်‌ယောက်လုံး စိတ်မရှိရင် ကျွန်တော့်ကို နောင်တော်ချီလို ဂိုဏ်းသခင်ချင်လို့ ခေါ်လို့ရပါတယ်... ကောင်းကင်နတ်အရှင်လို့ ခေါ်စရာမလိုပါဘူး.... အမှန်အတိုင်းပြောရရင် ကျွန်တော်က ဟိုတလောကမှ အသက် ၃၃ နှစ်ပြည့်တာပါ”

ယွင်ချွီးရှို့က အံ့အားသင့်သွားပြီးနောက် လက်ဝါးလေးအုပ်ကာ ရယ်လေသည်။ “ကောင်းကင်နတ်အရှင်မူ.. ကောာင်းကင်နတ်အရှင်မူက ကျွန်မထက် နှစ်အနည်းငယ်လောက် ငယ်တာပဲ”

သူမ၏ ရယ်နေပုံလေးကို ကြည့်ရင်း ချီကျုံရီမှာ စိတ်ကူးယဉ်အတွေးများထဲ ပြန်လည်နစ်မြောသွားဝောာ့သည်။ ချင်မူ၏ ချောင်းဟန့်သံက သူ့ကို အတွေးနယ်ပယ်ထဲမှ ပြန်ခေါ်လာ၏။

ချီကျုံရီမှာ နဖူးမှ ချွေးများ ထွက်နေပြီး တွေးနေသည်။ “ငါတော့သေပြီ... ငါ့နှလုံးသားတော့ သေပြီပဲ.... ကမ္ဘာဦးဘုံက စစ်ယိုယိုက လှပေမယ့် တခြားသူတွေကို ဘယ်တော့မှ မဆွဲဆောင်တတ်ဘူး... ဒါပေမဲ့ ဒီအမျိုးသမီးကတော့ အလှတရားကို လက်နက်လို အသုံးချနေတယ်”

ချင်မူ ယွင်ကျန်းလီကို ကြည့်ကာ စကားဆက်ပြောသည်။ “ယွင်မိသားစုဝင်တွေက ကောင်းကင်တံတားအဆင့်အထိ ကျင့်ကြံပြီး နတ်ဘုရားအဆင့်ကို ၀င်ရောက်ဖို့ ကြိုးစားရင်း ရုတ်တရက် သေသွားကြတယ်လို့ ကျွန်တော် ကြားရတယ်... ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်တံတားအဆင့်ကို ဖန်တီးခဲ့တဲ့သူဆိုတာ ထည့်တွက်ရင် သူ့ရဲ့မျိုးဆက်‌တွေက ဘာလို့ အခုလို ကံဆိုးရတာလဲ”

ယွင်ကျန်းလီက စိတ်မကောင်းစွာ ပြန်ဖြေသည်။ “ကျွန်‌တော်လည်း မသိဘူး... ယွင်မိသားစုရဲ့ မျိုးဆက်တိုင်း နာမည်ကျော်ကြားတဲ့ ဆေးဆရာတွေ၊ သမားတော်တွေ၊ နတ်ဘုရားတွေကို ခေါ်ပြီး ဒီကိစ္စကို လေ့လာခဲ့ပေမယ့် ဘာမှ ရှာမတွေ့ခဲ့ဘူးလေ... တကယ်တော့ ကျွန်တော်လည်း လွန်ခဲ့တဲ့ငါးနှစ်က ကောင်းကင်တံတားအဆင့်အထိ ကျင့်ကြံခဲ့ပြီးပါပြီ... ရှေ့ဆက်မတက်ရဲရုံပဲ ရှိတာ”

ချင်မူမှာ သိချင်သွားပြီး မေးလေသည်။ “ကျွန်တော်က ဆေးပညာမှာ တော်တော်လေး ကျွမ်းပါတယ်... ကျွန်တော် ကြည့်လို့ရအောင် ကောင်းကင်တံတားရတနာ ဖွင့်ပြလို့ရလား”

ယွင်ကျန်းလီက သူ၏ ကောင်းကင်တံတား ‌ကောင်းကင်ရတနာကို တည်ငြိမ်အေးဆေးစွာ ဖွင့်ပြ၍ ချင်မူက ဂရုတစိုက် ကြည့်ရှုလိုက်သည်။ သူ မြင်လိုက်ရသည်မှာ ယွင်ကျန်းလီ၏ ကောင်းကင်တံတား ကောင်းကင်ရတနာသည် ကျန်ကောင်းကင်တံတား ကောင်းကင်ရတနာများထက် အနည်းငယ်ကြီးနေရုံမှအပ ကျန်ကောင်းကင်ရတနာများအားလုံး ပုံမှန်ဖြစ်နေ၏။ ထူးထူးခြားခြား မရှိပေ။

ချင်မူ၏မျက်လုံးများက ယွင်ကျန်းလီ၏မူလဝိညာဉ်အပေါ် ကျရောက်သွားသည်။ ယွင်ကျန်းလီ၏ မူလဝိညာဉ်သည် အလွန်တရာ သန်မာအားကောင်းပြီး ကောင်းကင်တံတားထက်တွင် အားအင်အပြည့်အ၀ဖြင့် ပျံဝဲနေ၏။ ချင်မူက သူ၏မူလဝိညာဉ်ကို ဂရုတစိုက် ကြည့်လိုက်ပြီး မည်သည့်ပြဿနာမှ ရှာမတွေ့ပေ။ သူ့အကြည့်က အရင်ထက်ပို၍ နက်ရှိုင်းသွားပြီး ယွင်ကျန်းလီ၏ ကောင်းကင်နန်းဆောင်ဆီသို့ ကြည့်လိုက်သည်။

ဝှမ်..

ချင်မူ၏ ခေါင်းအနောက်၌ မီးတောက်များ ဖွားခနဲ ထွက်ပေါ်လာပြီး မီးစက်ကွင်းတစ်ကွင်းအသွင် ဖွဲ့တည်သွားသည်။ မီးစက်ကွင်းအတွင်း၌ ဧရာမမီးမျက်လုံးကြီးတစ်လုံး ပေါ်လာပြီး ယွင်ကျန်းလီ၏ ကောင်းကင်နန်းဆောင်အတွင်းပိုင်းထဲသို့ စိုက်ကြည့်နေ၏။

ယွင်ကျန်းလီမှာ အံ့အားသင့်သွားသည်။ ချင်မူ၏ခေါင်းနောက်ရှိ မီးစက်ကွင်းက ရှေးဟောင်းနတ်ဘုရားများဆီမှ ကောင်းချီးဟု ထင်ရသော်လည်း အမှန်‌တွင် ထိုသို့မဟုတ်ပေ။

‘ကောင်းကင်နတ်အရှင်ဆိုတဲ့အတိုင်း ငါတောင် နားမလည်နိုင်တဲ့ ကောင်းကင်နတ်သိုင်းအဆင့်ကို ထုတ်လွှတ်နိုင်တယ်’ သူ့ရင်ထဲတွင် လေးစားမှုများ လှိုက်တက်လာသည်။

“ကောင်းကင်နတ်အရှင်မူ ခင်ဗျားက အသက် ၃၃ နှစ်ပဲ ရှိသေးတယ်... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ထိ အောင်မြင်နေတာ ကျွန်တော်ဖြင့် ကြောက်တောင်‌ကြောက်မိပါတယ်ဗျာ”

ချင်မူ၏ခေါင်းအနောက်ရှိ မီးစက်ကွင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ယွင်ကျန်းလီ၏ မျက်ခုံးနှစ်ဖက်ကြား၌ အနက်ရောင်ချီအငွေ့အသက်တချို့ သူ မြင်ခဲ့ရ၏။

သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာပြီး ယွင်ကျန်းလီ၏ ပြဿနာအရင်းအမြစ်ကို ဆက်လက်ရှာဖွေနေသည်။ သူ၏မျက်လုံးသည် မကြာသေးမီကမှ မွေးဖွားလာခဲ့သော နတ်မျက်လုံး ဖြစ်၏။

ချင်မူသည် နတ်မျက်လုံးကို မည်သို့မည်ဖုံသုံးရမည်မှန်း မသိသော်လည်း ၎င်းက မွေးဖွားလာပြီးနောက် သူ၏ခန္ဓာကိုယ်၏ ချီစွမ်းအင်နှင့် အသိစိတ်အလျင်တို့ကို စုပ်ယူစားသုံးတတ်၏။ ထို့အပြင် မြေအောက်ဘုံအရှင်သခင်၏ ဂျိုနှင့် ကမ္ဘာဦးအစမူလကျောက်တုံးကိုလည်း စုပ်ယူကာ မျက်လုံး၏တစ်စိတ်တစ်ပိုင်း ဖြစ်လာစေခဲ့လေသည်။ ထို့ကြောင့် ဤမျက်လုံး မည်မျှ ထူးခြားကြောင်း ကောင်းကောင်းစိတ်ကူးကြည့်နိုင်ပေသည်။

ချင်မူ၏နတ်မျက်လုံးက အပြည့်အ၀ပွင့်လာပြီး ယွင်ကျန်းလီ၏ အနက်ရောင်ချီတို့၏ အရင်းအမြစ်ကို လေ့လာနေ၏။

ယွင်ကျန်းလီ၏ မျက်ခုံးနှစ်ဖက်ကြားရှိ အနက်ရောင်ချီသည် သူ၏အသိစိတ်အလျဉ်မှ လာသည်။ မူလဝိညာဉ်၊ ကောင်းကင်တံတား ကောင်းကင်ရတနာများနှင့် ချီစွမ်းအင်အပါအဝင် ခန္ဓာကိုယ်အတွင်းရှိ ကျန်နေရာများတွင် မတွေ့ရပေ။ သို့သော် ဤသည်က အားလုံး၏အပေါ်ယံမျှသာ ရှိသေး၏။

ချင်မူ နတ်မျက်လုံးဖြင့် ဂရုတစိုက် ကြည့်လိုက်သည့်အခါမှ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ယွင်ကျန်းလီ၏ သွေးကြောတစ်လျှောက်တွင် အနက်ရောင်ချီမျှင်များစွာ ရစ်ပတ်ထွေးယှက်နေပြီး ချင်မူ၏တတိယမျက်လုံးနှင့် ထိတွေ့သွားသည့်အခါ ထိုသွေးဆက်၏သမိုင်းကြောင်းကို ပြန်လည်မြင်တွေ့နိုင်သွား၏။

ချင်မူ၏ တတိယမျက်လုံးက သွေးဆက်၏မှတ်ဉာဏ်ကို ကြည့်လိုက်နိုင်သည်။

သွေးဆက်၏မှတ်ဉာဏ်က မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အမွေဆက်ခံရခဲ့သော မှတ်ဉာဏ်ဖြစ်ပြီး ထူးခြား၏။ ၎င်းက ဖုံးကွယ်ခံထားရသဖြင့် ကြည့်ရဖို့ မလွယ်ကူပေ။

ချင်မူမှာ ဤတတိယမျက်လုံးကို ဤကဲ့သို့ သုံးနိုင်ကြောင်း ပထမဦးဆုံးအကြိမ် သိလိုက်ရခြင်းဖြစ်သည်။

အနက်ရောင်ချီအတွင်း၌ ယောက်ျားတစ်ယောက်၏ပုံရိပ်ကို ချင်မူ ချက်ချင်း မြင်လိုက်ရ၏။ ထိုလူက ယွင်ကျန်းလီ၏အဖေ‌ ဖြစ်လောက်သည်။ ယွင်ကျန်းလီ၏အဖေကို လွှမ်းခြုံထားသည့် အနက်ရောင်ချီအတွင်း၌ ယွင်ကျန်းလီ၏အဘိုးကို မြင်လိုက်ရ၏။

ချင်မူသည် သွေးဆက်၏သမိုင်းကြောင်းအတိုင်း လိုက်သွားရင်း လူငယ်တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်ကို တွေ့နေရ၏။ သူတို့က ကောင်းကင်နတ်အရှင်ယွင်မှစ၍ ယနေ့အထိ တည်ရှိခဲ့သော ယွင်မိသားစု၏မျိုးဆက်များ ဖြစ်ပေသည်။ ယွင်ကျန်းလီ၏ ဘိုးဘေးများအားလုံးမှာ အနက်ရောင်ချီဖြင့် လွှမ်းခြုံခံထားရသောကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဝိညာဉ်ပြိုကွဲကာ သေဆုံးသွားရခြင်းဖြစ်သည်။

ကောင်းကင်နတ်အရှင်ယွင်မှစ၍ ယနေ့ထိအောင် နှစ်တစ်သန်းကြာသည့် အချိန်အတွင်း ယွင်မိသားစု၏ မရေမတွက်နိုင်သော မျိုးဆက်များထဲမှ တစ်ယောက်မှ နတ်ဘုရားအဆင့်သို့ မရောက်နိုင်ခဲ့ကြပေ။

ချင်မူက သွေးဆက်၏ အနက်ရောင်ချီ အရင်းအမြစ်သို့ ကြည့်လိုက်ရာ အဆုံးသတ်တွင် ကောင်းကင်နတ်အရှင်ယွင် ကျဆုံးသွားသည့် အခိုက်အတန့်ကို မြင်လိုက်ရ၏။

ထိုရစ်သိုင်းနေသော အနက်ရောင်ချီများအတွင်း၌ လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ ဤသည်မှာ ယွင်မိသားစု၏ ပြဿနာဒုက္ခများ၏ အရင်းအမြစ်ဖြစ်‌လောက်သည်။ ယွင်မိသားစုတွင် သားတစ်ယောက်သာ ထွန်းကားခြင်း၊ ယွင်မိသားစု၏မျိုးဆက်တိုင်း နတ်ဘုရားမဖြစ်နိုင်ခင် သေဆုံးသွားသည့်အကြောင်းအရင်းလည်း ဖြစ်လောက်၏။

ရုတ်တရက် သူ့စိတ်ထဲတွင် ရှုကျွင်း၏အသံ ပေါ်လာပြီး ပြောသည်။ “ဒီလူငယ်က ကျိန်စာတိုက်ခံရတာ... ကျိန်စာက သူ့သွေးထဲမှာ ရှိနေတယ်... သွေးတည်ရှိနေသရွေ့ ကျိန်စာက မွေးဖွားလာဦးမှာပဲ... ဒီကျိန်စာကို ဖန်ဆင်းရှင်တစ်ယောက် ဖန်ဆင်းခဲ့တာပဲ... ဒီလိုကျိန်စာအဆင့် သန်မာလာတာနဲ့အမျှ ပိုပြီးအားကောင်းပြင်းထန်လာတယ်... သူ့ရဲ့အသိစိတ်အလျဉ် အဆင့်တစ်ဆင့်ကို ရောက်သွားရင် သူ သေရလိမ့်မယ်”

ချင်မူ၏အသိစိတ်အလျဉ်က တုန်ခါသွားပြီး မေးသည်။ “ဒီကျိန်စာကို ဘယ်လိုချိုးဖျက်ရမလဲ”

“ငါ့ကို အသိစိတ်အလျဉ်နဲ့ သွေးထပ်ပေး... ငါ မင်းကို ဒီကျိန်စာကို ချိုးဖျက်ဖို့ မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ဘယ်လိုသုံးရမလဲ သင်ပေးမယ်” ရှုကျွင်း၏အသံက ပဲ့တင်ထပ်လာသည်။

ချင်မူက အေးစက်စက် ရယ်လိုက်၏။ “ယွင်ကျန်းလီ သေသေရှင်ရှင် ကျွန်တော်ဂရုမစိုက်ဘူး... သူ့ရဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်ချက်ကိုလည်း ကျွန်တော် မသိရသေးဘူး.... သူက ကောင်းကင်နတ်အရှင်ယွင်ရဲ့ မျိုးဆက်ဖြစ်တာကြောင့်နဲ့ ကျွန်တော် သူ့ကို ကယ်မှာမဟုတ်ဘူး”

ရှုကျွင်းက တခဏ စဉ်းစားသွားပြီးနောက် ပြောပြသည်။ “သူ့ကို အဆိပ်ခတ်တဲ့ ဖန်ဆင်းရှင်က ကောင်းကင်နတ်အရှင်ထဲက တစ်ယောက်ဖြစ်လောက်တယ်”

ချင်မူမှာ နာကျင်စွာ မေးလေသည်။ “အဲ့ဒါက ကျွန်တော်နဲ့ ပတ်သက်နေလား”

ရှုကျွင်းမှာ တခဏတိတ်ဆိတ်သွားပြန်ပြီးနောက် အချိန်တစ်ခုကြာသော် ပြောသည်။ “မင်း ငါ့ကို အဲဒီဖန်ဆင်းရှင်ကို ‌ရှာပေး.... ငါ မင်းကို မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို သုံးပြီး အသိစိတ်အလျဉ်ကို ဘယ်လိုလေ့ကျင့်ပေးရမလဲ သင်ပေးမယ်”

ချင်မူက ပါးနပ်စွာ ညှိနှိုင်းလိုက်သည်။ “ကျွန်တော့်ကို အရင်ဆုံး ကျင့်စဉ်ပေးပြီး ယွင်မိသားစုပေါ်က ကျိန်စာကို ချိုးဖျက်ဖို့ မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ဘယ်လိုသုံးမရလဲ သင်ပေး... အဲ့ဒါပြီးရင် ခင်ဗျားအတွက် အဲ့ဒီလူကို ရှာပေးမယ်”

“မင်း...”

ရှုကျွင်းမှာ ဒေါသထွက်သွားပြီးနောက် တဟားဟား ရယ်ကာ ပြောလေသည်။

“ကောင်းပြီ”

All Chapters