အကူအညီတောင်းခြင်း
Vol. 73 Ch. 4.614
အမ်?
လုရွှမ် အလွန်ဝမ်းသာသွားသည်။ ကျောက်စိမ်းပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်တော့ သူ့စိတ်ထဲက နာကျင်မှုတွေက အမှန်တကယ်ကို အနည်းငယ် လျော့ပါးသွားတယ်လို့ ခံစားလိုက်ရသည်။
လုရွှမ် စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး သူ့ပတ်ပတ်လည်ကို ခဏလောက် ရှာဖွေကြည့်လိုက်ပေမယ့် အရင်ကလို မဟုတ်တော့ဘဲ နာကျင်ကိုက်ခဲမှုတစ်ခုက ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။
လုရွှမ် သူ့နဖူးရှေ့တွင် ကျောက်စိမ်းပြားကို ချလိုက်တော့ ချက်ချင်းပင် သူ့စိတ်ထဲမှာ အေးမြသော အငွေ့အသက်ကို ခံစားလိုက်ရသည်။
"ကောင်လေး ဒါ မင်းရဲ့ ရှေးလူကြီးတွေဆီက လက်ဆောင်ပဲ... ကောင်းကောင်းယူထား!"
ရွှေကျီးကန်းရဲ့ အသံက သူ့စိတ်ထဲမှ ထွက်လာခဲ့သည်။
လုရွှမ် ကျောက်စိမ်းပြားကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်လျက် ကောင်းကင်မန္တန်ကို ရွတ်ဆိုလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းကာ မီးတောက်တစ်ဆုပ်ဖြင့် ပွတ်သပ်ရင်း လက်ကျန် ကျောက်စိမ်းပြားကို ဆွဲသီးထဲ ထည့်သွင်းသန့်စင်၍ ရင်ဘတ်ရှေ့တွင် ဆွဲထားလိုက်သည်။
အေးမြသော အသက်ရှုသံများက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ နာကျင်နေသော စိတ်ဝိညာဥ်ကို သက်သာသွားစေသည်။ ထို့နောက် မတ်တပ်ထရပ်ပြီး နဂါးမျိုးရိုး သားရဲတွေဆီက သိုလှောင်လက်စွပ်ကို သိမ်း၍ သူတို့ခန္ဓာကိုယ်ထဲက ပစ္စည်းတချို့ကိုပါ ရိတ်သိမ်းလိုက်သည်။
နဂါးအရွတ် ငါးခုကို ထုတ်ယူကြည့်လိုက်သည်။ ထိုအရာတွေက စိမ်းပြာနဂါးရဲ့ နဂါးအရွတ်များထက် အဆင့်နိမ့်ပါးသော်လည်း လေးနှင့်မြှားမှာဆို လေးကြိုးများ ပြုလုပ်ရန် လုံလောက်တယ်လို့ ဆိုနိုင်သည်။
ခိုင်ခံ့သော လေးက ဘာအရာနဲ့လဲ ဆိုရင် ယခင်က အမဲလိုက်ခံရသော ပင်လယ်ဆင်ရဲ့ ဆင်စွယ်အရိုးပဲ ဖြစ်သည်။
စိတ်ဝိညာဉ်မီးတောက်အပေါ် ထိန်းချုပ်နိုင်မှုနဲ့ ဖီးနစ်နတ်မီးရဲ့ ဖြောင့်မတ်မှု အောက်တွင် ကြီးမားသော သက်တမ်းရင့် ဆင်စွယ်နှစ်ချောင်းသည် လျင်မြန်စွာ တညီတညွတ်တည်း ပေါင်းစပ်သွားကာ ကြီးမားသော လေးတစ်စင်း ဖြစ်လာခဲ့လေသည်။
လုရွှမ် အလွန်ကျစ်ကျစ်လျစ်လျစ် ရှိသော နဂါးအရွတ်များကိုလည်း လေးကြိုးအဖြစ် သန့်စင်လိုက်သည်။ ကြိုးဆွဲလိုက်တာနဲ့ အင်အားအပြည့်ဖြင့် အော်ဟစ်သံတစ်ခုက ကြိုးထံမှ ထွက်ပေါ်လာခဲ့သည်။
လုရွှမ် လေးညှို့ကို မဆွဲတော့ဘဲ ဆင်စွယ်များကို ကျောနောက်ဘက်မှာ သယ်ဆောင်နိုင်တဲ့ ဆင်စွယ်မြှားများ အဖြစ် သန့်စင်ပြီးနောက်မှ ရှေ့သို့ ဆက်သွားခဲ့သည်။
ရွှေဒြပ်စင်နတ်ပုတီးစေ့ရဲ့ စွမ်းအားကြောင့် ဆင်စွယ်မြှားများ၏ စွမ်းအားသည် သာမန်လျှို့ဝှက်ဆန်းကြယ်အဆင့် လက်နက်များထက် အင်အားမသေးလှပေ။ ဆင်စွယ်ရဲ့ ထိုးဖောက်ဝင်ရောက်မှု၊ မာကျောမှုနှင့်အတူပင် ရှည်လျားသော မြှားများက လမ်းတစ်လျှောက်တွင် ခုန်တက်သွားပြီး လုရွှမ်၏မြှားများကို ဘယ်သူမှ ခံနိုင်ရည် မရှိကြတော့ပေ။
နီးကပ်လာတာနဲ့ တစ်ပြိုင်နက် ယွမ်ယန်ဓားကိုးစင်းက ရန်သူကို အနိုင်ယူနိုင်သည်။ အဝေးမှဆိုရင် လုရွှမ် မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။
လမ်းတစ်လျှောက်တွင် မျိုးနွယ်စုများစွာကို လုရွှမ် သတ်ဖြတ်ခဲ့ပြီး ကောင်းကင်ရတနာ ပစ္စည်းများနှင့် မြေကြီးရတနာ များစွာကိုလည်း စုဆောင်းခဲ့သည်။ ပြီးတော့ စိတ်ဝိညာဉ်စွမ်းအားရဲ့ နာကျင်မှုကို သက်သာစေဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေကို အဆက်မပြတ် အသုံးပြုပြီး အဂ္ဂိရတ်ဆေး သန့်စင်၍ စားပစ်လိုက်သည်။
တစ်လခွဲလောက် ကြာတော့ လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားဟာ နောက်ဆုံးမှာ အပြည့်အဝ ကြီးထွားလာခဲ့သည်။ သူ့အား အံ့အားသင့်သွားစေတဲ့ အရာမှာ သူအပြည့်အဝ ပြန်လည်ရရှိလာသည့် စိတ်ဝိညာဉ် စွမ်းအားဟာ ယခင်ကထက် အမှန်တကယ် ၁၀% ကျော်နီးပါး ထပ်မံတိုးလာခြင်းပဲ ဖြစ်သည်။
လုရွှမ်ရဲ့ စိတ်ဝိညာဥ် စွမ်းအား ၁၀% ထပ်တိုးလာခြင်းဟာ သာမန်လူများ စိတ်ကူးထားတာထက် ကျော်လွန်နေတာကို သင်သိထားရလိမ့်မည်။
လုရွှမ် သူ့စိတ်ဝိညာဉ် စွမ်းအားကို ထပ်မံမြှင့်တင်ရန် စဉ်းစားနေသော်လည်း တခြားနည်းလမ်းတွေကို ရှာမတွေ့ခဲ့ချေ။ စိတ်ဝိညာဉ် စွမ်းအားက ယွမ်စွမ်းအား၊ ခန္ဓာကိုယ်ခွန်အားနဲ့ မတူပေ။ ၎င်းသည် အလွန်သိမ်မွေ့ပြီး အစွမ်းထက်သောအရာ ဖြစ်သည်။
တိုက်ခိုက်သောအခါတွင်လည်း စွမ်းအားက သာမန်ခွန်အားထက် များစွာ သာလွန်သည်။ ဒါပေမဲ့ ပျက်စီးသွားရင်လည်း ပြန်ပြုပြင်ဖို့ တော်တော်ခက်ပေ၏။ ဒါကြောင့် အခုအချိန်မှာ လုရွှမ် ဝမ်းသာပီတိ ဖြစ်နေမိသည်။ မှော်ဆန်တဲ့ ကျောက်စိမ်းပြားကိုသာ မရခဲ့ရင်တော့ တစ်နှစ်အတွင်း သူ့စိတ်ဝိညာဉ်စွမ်းအားကို ထပ်ပြီးသုံးဖို့ မစဉ်းစားနိုင်လောက်တော့ပေ။
စိတ်ဒဏ်ရာတွေ ရလာတဲ့အခါ ပြန်လည်ကုစားဖို့ အသားစားရမယ် ဆိုတဲ့ သူ့ကိုယ်ပိုင် ဆိုရိုးစကားအတိုင်း လုရွှမ်သည် ပင်လယ်အနက်ပိုင်းသို့ ဆက်လက်ဝင်ရောက်ရင်း ပင်လယ်သားရဲများ၏ အရသာကို မြည်းစမ်းကြည့်နေလေသည်။
ပင်လယ်ဝံပုလွေရဲ့ ခြေထောက်များ၊ ဝံပုလွေတစ်ကောင်ရဲ့ အသည်း၊ နဂါးနှလုံး၊ မိုးကောင်းကင်ဝါးမျိုခြင်း သားရဲ၊ ယင်းယန်ငါးရဲ့ မျက်လုံးများ အစရှိတာတွေပဲ ဖြစ်သည်။ တဖြည်းဖြည်းနဲ့ အရူးလူသားရဲ့ ဒဏ္ဍာရီဟာ ပင်လယ်မျိုးနွယ် တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့၏။
ထက်မြက်သော ကျင့်ကြံသူ များစွာသည် အမဲလိုက်ရန် ထွက်သွားကြရာ ကျန်ရှိခဲ့သော အားနည်းသူများ၊ ဖျားနာသူများနှင့် မသန်စွမ်းသူများကတော့ လုရွှမ်နဲ့ မယှဉ်နိုင်ကြချေ။ လုရွှမ် လမ်းတစ်လျှောက်လုံး ရှေ့ကိုသာ ဆက်သွားနေပြီး အမျိုးမျိုးသော ပွဲများကိုလည်း ပျော်ပျော်ကြီး ဆင်နွှဲနေခဲ့သည်။
ဒါက ကျန့်ကျောက်ဆီက သတင်းကို မရခင်အထိပင်။
တကယ်တော့ လုရွှမ်လည်း သူ့အောက်ခြေက လူတွေရဲ့ အမှတ်တွေ အချိန်အတော်ကြာအောင် မရွေ့သွားဘဲ ရပ်နေတာကြောင့် ထိုလူတွေ သူ့နောက်ကနေ လိုက်လာပြီး သတ်ဖြတ်နေကြပြီဆိုတာ နားလည်ခဲ့ပြီးသားပါ။
အချိန်ကို ခန့်မှန်းပြီးနောက် ထိုပင်လယ်သားရဲများဟာ အဓိက ဂိုဏ်းပေါင်းစုံမှ ပါရမီရှင်များနဲ့ လက်ချင်းဆုံတွေ့သင့်တာ ထင်ရှားပေမယ့် လုရွှမ် မထင်မှတ်ထားတဲ့အရာမှာ ၎င်းတို့ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားခြင်းပင်။
ကျန့်ကျောက်က အကူအညီ တောင်းလာတဲ့အတွက် လုရွှမ်လည်း သူ့ပတ်ဝန်းကျင်မှာ စပါးတွေကို ရိတ်သိမ်းပြီး လမ်းကြောင်းပြောင်းကာ မူလလမ်းအတိုင်း ပြန်လှည့်လာခဲ့သည်။
ယခု သူ့စွမ်းရည်များဟာ အပြည့်အဝ အသက်ဝင်လာတော့ အမြန်နှုန်းကလည်း မိုးကုတ်စက်ဝိုင်းပေါ်ရှိ မီးအစက်ကလေး တစ်ခုကဲ့သို့ ဖြစ်နေသည်။ ပင်လယ်သားရဲ အများအပြားလည်း ထိုမီးအစက်ကလေးကို မြင်လိုက်ရသော်လည်း နောက်အခိုက်အတန့်မှာတော့ ထိုမီးအစက်လေးက မိုးကုတ်စက်ဝိုင်းရဲ့ တစ်ဖက်ခြမ်းကို ရောက်နေပြီ။
လေပြင်းနိယာမက သူ့ခန္ဓာကိုယ်ပေါ်မှာ လုံး၀ ဖုံးလွှမ်းသွားပြီး လေရဲ့စွမ်းအားကို လုံးလုံးလျားလျား ခွဲထုတ်နိုင်လိုက်သည်။ ခရမ်းရောင်မီးတောင်ပံက သူ့ကျောအနောက်ကနေ လျှံတက်လာပြီး ရှည်လျားတဲ့ မီးတောက်တစ်ခုကို ဆွဲထုတ်ကာ ပြေးထွက်သွား၏။
လမ်းတစ်လျှောက်တွင် လျှို့ဝှက်စွာ ပုန်းနေသော ပင်လယ်သတ္တဝါများစွာ လန့်ဖျတ်သွားကြသည်။ သူတို့က လုရွှမ်ကို မော့ကြည့်ကာ အမြန်ပဲ ပြန်ဆုတ်သွားကြသည်။
ငါးရက်တာက လျှပ်တစ်ပြက်အတွင်း ကုန်သွားသည်။ လုရွှမ်ရဲ့ အရှိန်သည် လုံးဝမနှေးကွေးဘဲ တိမ်ထဲတွင် ပျောက်ကွယ်လုနီးပါးပင် မြန်လာတာကြောင့် သူ့ပုံသဏ္ဌာန်ကို မျက်စိတစ်မှိတ်အတွင်းပင် မတွေ့နိုင်တော့ပေ။
လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ဂိုဏ်းပေါင်းစုံက ကျင့်ကြံသူများသည် ပင်လယ်အလယ်သို့ ရောက်ရှိလာကြပြီး ကျယ်ပြောလှသော ပင်လယ်ပြင်တွင် သယံဇာတ မျိုးစုံကို အပြင်းအထန် ရှာဖွေခဲ့ကြသည်။ နောက်ဆုံးတွင်တော့ ရလဒ်က ယခင်ကဲ့သို့ ဘာမှမရရှိတော့ပေ။ တစ်ခုခုကို ရရှိလာရင်တောင် အများကြီး မဟုတ်နေချေ။
သို့သော် စိတ်လှုပ်ရှားမှုတွေက သိပ်မကြာမြင့်လိုက်ဘဲ အားကြီးသော ပင်လယ်သားရဲ ရေတပ်က အရှိန်အဟုန်ဖြင့် ကျော်တက်သွားခဲ့သည်။ သို့နှင့် လူသား ကျင့်ကြံသူတွေရဲ့ အဆုံးသတ်ဟာ နောက်ဆုံးတော့ စတင်လာခဲ့၏။
ထိုအရာဟာ ရန်ပွဲတွေနဲ့ စတွေ့တဲ့ အခိုက်အတန့်ပါပဲ။
ထို့နောက် ကျင့်ကြံသူတွေဟာ လူအင်အား နည်းပါးပြီး တစ်ဦးချင်း အင်အားနည်းသော လူများဟာ ပင်လယ်သားရဲများရဲ့ ရိုက်ခတ်မှုကို လုံးလုံးလျားလျား သည်းမခံနိုင်တော့ဘဲ ၎င်းတို့၏ အသက်ကို စွန့်စား၍ ထွက်ပြေးခဲ့ကြရသည်။ ခံနိုင်ရည်မရှိရင် အသတ်ခံရမှာပဲလေ။
မကြာခင်မှာပဲ ဂိုဏ်းငယ်တချို့ သတ်ဖြတ်ခံခဲ့ရသည်။ နောက်ဆုံးတော့ ပတ်ဝန်းကျင်က လူသား ကျင့်ကြံသူတွေဟာလည်း ထိုသတင်းကို တဖြည်းဖြည်း သိလာတဲ့အတွက် ဒေါသအရမ်းထွက်ပြီး စည်းလုံးစွာနဲ့ ပင်လယ်သားရဲတွေဆီကို ပြေးထွက်သွားကြ၏။
ဒါပေမဲ့ ဒီတိုက်ပွဲက လူသားကျင့်ကြံသူတွေရဲ့ သွေးတွေကို လုံးလုံး စီးဆင်းသွားစေသည်။ ဘာဂိုဏ်းရဲ့ ဂုဏ်သိက္ခာလဲ၊ ဘာအောင်မြင်မှုလဲ သေရေးရှင်ရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒါတွေက ဘာမှ အရေးမကြီးတော့ဘူး မဟုတ်လား။ အသက်ရှင်ဖို့ကသာ အဓိကပဲ။
ဤဂိုဏ်းငယ်များမှ စုစည်းထားသော လူများမှာလည်း မြင်းရိုင်းတွေလို ရှက်ရွံ့စွာ ထွက်ပြေးသွားကြရာ သဘာဝအတိုင်း လိုက်ဖမ်းနေသော ပင်လယ်သားရဲများက ဂိုဏ်းကြီးများဆီသို့ ဦးတည်သွားကြသည်။
ဂိုဏ်းဝင်တပည့် အများစုသည် လူစုခွဲပြီး တိုက်ပွဲ မဆင်နိုင်တော့ဘဲ ထိတွေ့တိုက်ပွဲအပြီးတွင် ဝရုန်းသုန်းကား ဖြစ်သွားခဲ့ရသည်။
တချို့ကလည်း ဂရုတစိုက် ပုန်းအောင်းနေဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ မဟုတ်ရင် ပင်လယ်သားရဲတွေကို တစ်ယောက်တည်း တိုက်ခိုက်နေဖို့က မဖြစ်နိုင်ဘူးလေ။ တချို့လူတွေက ပင်လယ်သားရဲများနဲ့ ပို၍ရင်းနှီးလာကြပြီး လျင်မြန်စွာ သိကျွမ်းလာကြသည်။
ကံကောင်းထောက်မစွာနဲ့ ပင်လယ်သားရဲများက မာနကြီးလွန်းသဖြင့် ၎င်းတို့ရဲ့ အင်အားများကိုခွဲ၍ ပင်လယ်ကျယ်ကြီး တစ်ခုလုံးကို ဖြန့်ချပစ်လိုက်တာကြောင့် လူသားများအပေါ် သတ်ဖြတ်မှုကို လျော့ပါးစေခဲ့သည်။
ကျန့်ကျောက်နဲ့ ထျန်းယင်တို့ကတော့ ကံမကောင်းဘူးလို့ ယူဆနိုင်သည်။
လုရွှမ် မေးမြန်းပြီးနောက် သူတို့နှစ်ယောက်ဟာ ပင်လယ်သားရဲတပ်နဲ့ ဝင်တိုက်မိကြောင်း သိလိုက်ရသည်။ နတ်သမီးထျန်းယင်က ကြင်နာသနားတတ်လို့ လွတ်မြောက်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူမသည် ပင်လယ်သားရဲ အကောင်သုံးဆယ်ကျော်ကို ဆွဲဆောင်မိသွားခဲ့သည်။
ထုံးစံအတိုင်း သူတို့ဟာ ကျန့်ကျောက်နဲ့ ထျန်းယင်တို့အတွက် ပြိုင်ဘက်တွေ မဟုတ်ကြတာကြောင့် တစ်လမ်းလုံး ထွက်ပြေးလာခဲ့ရသည်။ သူတို့ အနီးနားက ထွက်ပြေးလာတဲ့ အင်အားစုတွေကို စုဆောင်းပြီး ပြန်ခုခံဖို့ကလည်း ခက်နေသည်။
ဒီလိုနဲ့ အခြေအနေက အရမ်းစိုးရိမ်စရာ ကောင်းလာသည်။ ကျန့်ကျောက် ဒီသတင်းကို တတ်နိုင်သမျှ မြန်မြန်ဖြန့်လိုက်ပါ၏။ အခုတော့ ရက်အနည်းငယ် ကြာသွားပြီမို့ သူ ဆက်မထိန်းထားနိုင်တော့ဘူး။
လုရွှမ် ပြေးထွက်လာရင်း သူ့ခန္ဓာကိုယ်က တစ်ဖက်ကို ရုတ်တရက် ရှောင်ထွက်သွားသည်။ ထိုအခိုက် မှော်အစွမ်းတွေ ပါဝင်တဲ့ အလင်းတိုင်တစ်ခုက ထိုးကျလာခဲ့သည်။
တောင်ထိပ်တစ်ခုရဲ့ နောက်ကွယ်မှ တွားသွားလာသည့် ထူးဆန်းသော မြွေတစ်ကောင်သည် လုရွှမ်အား မျက်လုံးကြီးဖြင့် စိုက်ကြည့်ကာ စူးစူးဝါးဝါး အသံဖြင့် မြွေအဆိပ်များကို ထွေးထုတ်လိုက်ပေသည်။