အတတ်ပညာကို ခိုးယူခြင်း
Vol. 74 Ch. 4.618
လုရွှမ်သည် ဓားစွမ်းအင်ကို ခွဲထုတ်ရန် သူ့ရှေ့တွင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ခဏကြာတော့ ပတ်ဝန်းကျင်က ကြည်လင်ပြတ်သားလာပြီး လူသုံးယောက်ရဲ့ ပုံပန်းသဏ္ဌာန်တွေကို ထုတ်ဖော်ပြသလာခဲ့သည်။ လုရွှမ်ဟာ လုံးဝ မလှုပ်မယှက် ရပ်နေပြီး ဒဏ်ရာလုံးဝ မရသွားပေ။ ထို့ကြောင့် လုံယီး၏ မျက်နှာမှာ တည်ငြိမ်မှု ပျောက်ဆုံးကာ တုန်လှုပ်ခြောက်ခြားလာသည်။
နဂါးရေငွေ့တောင်ရဲ့ နံပါတ်တစ် ဓားသိုင်းဖြစ်တဲ့ လျှို့ဝှက်နတ်နဂါးဓားသိုင်းမှာ သိုင်းကွက်ဘယ်လောက် ရှိလဲ ဘယ်သူမှမသိပေ။ အဘယ်ကြောင့်ဆိုသော် ဓားသိုင်းပညာကို တောင်ထွတ်က အဆက်မပြတ် ဖန်တီးနေဆဲ ဖြစ်သည်။ လက်ရှိတွင် ဖန်တီးထားသည့် ဓားသိုင်းက ၁၃ကွက် ရှိပြီး ဓားသိုင်း တစ်ခုစီသည် ယခင်ဓားသိုင်းထက် ပိုမိုအားကောင်း၏။
လုံယီးဟာ ထိုအထဲက ဓားသိုင်း ၃ ကွက်ကိုသာ သင်ယူခဲ့ပြီး အကျွမ်းကျင်ဆုံးမှာ ပထမဆုံး လှုပ်ရှားမှု ဖြစ်သည်။
လူအများစုကတော့ သူ့ရဲ့ နောက်ပိုင်းသိုင်းကွက်များကို အသုံးပြုရတဲ့အထိ အရည်အချင်း မရှိကြပေ။ ဂိုဏ်းထဲက အငယ်တန်း တပည့်တွေကို တွန်းလှန်မယ် ဆိုရင်တောင် သူတို့ကပထမသိုင်းကွက်ကို ဒီလောက် လွယ်လွယ်နဲ့ တွန်းလှန်နိုင်မှာ မဟုတ်ချေ။
သို့သော် တစ်ဖက်က မဟာသူတော်စင်ပဲ ရှိသေး၏။
"ငါလုပ်မယ်!"
တိုက်ဟော်ဖုန့်က အော်လိုက်သည်။ လုံယီးလည်း ပေါ့ပေါ့ပါးပါး အသံပေးပြီး ဘေးထွက်နေလိုက်သည်။ သူတို့နှစ်ဦးသည် မဟာသူတော်စင် နယ်ပယ်က သခင်တစ်ဦးကို အတူတကွ မတိုက်ခိုက်ချင်ကြသေးပေ။ လောလောဆယ် မတိုက်ခိုက်ကြသေးတာပင်။
လုရွှမ်ကတော့ အစောတုန်းက လျှို့ဝှက်နတ်နဂါးဓားသိုင်းရဲ့ သိုင်းကွက်ကို တိတ်တဆိတ် နားလည်သွားခဲ့ပြီ။ ဓားသိုင်းထဲကနေ နတ်နဂါး ပေါ်လာခဲ့သည်။
၎င်းသည် အလွန်အစွမ်း ထက်သော်လည်း ယောင်ဝါးဝါးဖြင့် အနည်းငယ် မထင်မရှား ဖြစ်နေသလို ခံစားနေရဆဲ ဖြစ်သည်။ စစ်မှန်တဲ့ နတ်နဂါးရဲ့ အစွမ်းသတ္တိကို သိမ်းဆည်းထားသလိုမျိုး ဆိုပေမယ့် ထုတ်ဖော်မပြနိုင်တဲ့ ပုံရိပ်ယောင်ဟုသာ ဆိုနိုင်သည်။
ဒါက လုရွှမ်ရဲ့ ထင်ယောင်ထင်မှား ဖြစ်သည်။ သူသည် စိမ်းပြာနဂါးရဲ့ နှလုံးနဲ့ ကျောရိုး၏ ကြီးမားသော နဂါးအရိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းတို့သည် နဂါးတစ်ကောင်အတွက် အလွန် အဖိုးတန်သော အရာများ ဖြစ်ကာ ၎င်းတို့ကို ပင်တိုင်အဖြစ် မှတ်ယူနိုင်သည်။
လုရွှမ်ရဲ့ စိမ်းပြာနဂါးအပေါ် နားလည်မှုသည် လုံယီးရဲ့ နတ်နဂါး စွမ်းအားကို ဘယ်လိုထည့်သွင်းလိုက်တယ် ဆိုတာထက် သဘာဝကျကျကို သာလွန်သည်။ တစ်နည်းဆိုရသော် နတ်နဂါးတစ်ကောင်ကို အသက်ပြန်ရှင်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာပင်။ ယင်းနှင့်ပတ်သက်၍ လုံယီးသည် လုရွှမ်နှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေသေးသည်။
နယ်ပယ်ကွာခြားပေမယ့် လုရွှမ် အမြင်အရတော့ လုံယီး စိတ်ကူးမယဉ်နိုင်သော အရာများက လုံးဝ သဘာဝကျကျကို သူ့အတွက် နားလည်နိုင်ပေ၏။ ထို့ကြောင့် လုံယီးရဲ့ လှုပ်ရှားမှုက အားကောင်းတယ်လို့ သူခံစားမိသော်လည်း ချို့ယွင်းချက်များစွာ ရှိနေလေသည်။
"လုရွှမ် နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက်က ငါတို့သခင် နှစ်ယောက်ကို နင့်ဆီလာတွေ့ဖို့ ခွင့်ပြုခဲ့တာ နင့်အတွက် ဂုဏ်ယူစရာကောင်းတယ်လို့ မှတ်! ဒါပေမဲ့ နင့်ရဲ့ဒဏ္ဍာရီက ဒီမှာပဲ အဆုံးသတ်သွားပြီ... ဖီးနစ်နတ်မီးကို ငါ့ဆီပေးလိုက်တော့"
တိုက်ဟော်ဖုန့်က အော်လိုက်ပြန်သည်။
သူမခန္ဓာကိုယ်မှ မီးတောက်တစ်ဆုပ် ထွက်ပေါ်လာပြီး တစ်ဆက်တည်း ထိုမီးတောက်က သူမနောက်တွင် ဖီးနစ်တစ်ကောင် အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ဖီးနစ်အော်သံနှင့်အတူ ဓားရှည်တစ်လတ်သည် မီးတောက်များကြားမှ ထွက်ပေါ်၏။ ထိုအခိုက် သူမအနောက်ဘက်ရှိ ဖီးနစ်ပါးစပ်ထဲမှ မီးတောက်များ ပြေးထွက်လာလေသည်။
"ဖီးနစ်ကကြိုး!"
တိုးတိုးလေး အော်ဟစ်ရင်း တိုက်ဟော်ဖုန့်သည် သူမခန္ဓာကိုယ်ထဲက ရှည်လျားတဲ့ မီးတောက်တစ်ခုကို ဆုပ်ကိုင်လိုက်ပြီး လုရွှမ်ဆီကို ဓားတစ်ချောင်းနဲ့ ပြေးဝင်သွား၏။
အနီရောင် နေလုံးကြီးကဲ့သို့ လုရွှမ်ဆီသို့ ရိုက်ခတ်လာခဲ့သည်။ ဘယ်လှည့်ကွက် ဘယ်သိုင်းကွက်ကိုမှ သုံးနေဖို့ မလိုအပ်ပါ။ အဲဒီလို ပြေးထွက်လာတာကတင် တုနှိုင်းမရနိုင်သော စွမ်းအားကို ယူဆောင်လာခဲ့ပြီးပြီပဲ ဖြစ်သည်။
လုရွှမ် မျက်လုံးများကလည်း မီးတောက်တွေကြောင့် ပူလောင်နေပြီး သူ့ဓားရှည်ကို ရှေ့သို့ ပွတ်ဆွဲနေသည်။
ထိုစဥ် လုံယီးရဲ့ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး လုရွှမ်ရဲ့ လှုပ်ရှားမှုကနေ ရင်းနှီးသော အရိပ်တစ်ခုကို တွေ့လိုက်ရသည်။
သိပ်မကြာခင်မှာပဲ သူပိုကြည့်လေ ပိုရင်းနှီးလာလေ ဖြစ်နေရာ ဒီလူဟာ လျှို့ဝှက်နတ်နဂါးဓားသိုင်းရဲ့ ပထမဆုံး သိုင်းကွက်ကို အတုယူနေတာဖြစိကြောင်း ရုတ်တရက် သိလိုက်ရတော့သည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလူက အရူးတစ်ယောက်လား။ ဒါမှမဟုတ် တစ်ချက်ကြည့်လိုက်ရုံနဲ့ တခြားသူရဲ့ သိုင်းကွက်ကို သင်ယူနိုင်မယ်လို့ တွေးနေတဲ့အထိ ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်နေတာလား။
ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူ့နှလုံးသားထဲမှာ ကြောက်ရွံ့မှု အရိပ်အယောင်တွေက ပေါ်ထွက်လာတော့သည်။ နားမလည်နိုင်တဲ့ အရိပ်အယောင်တွေက လုရွှမ်ရှေ့ကနေ တဖြည်းဖြည်း ပုံဖော်လာတာကို ခံစားလိုက်ရတော့သည်။
လုံယီး မပြောနှင့် တိုက်ဟော်ဖုန့်ပင် လုရွှမ်ရဲ့သိုင်းကွက် လှုပ်ရှားမှုများကို မရင်းနှီးတာတောင် ကျွမ်းကျင်ရာသို့ တဖြည်းဖြည်း ပြောင်းလဲသွားသဖြင့် ကူကယ်ရာမဲ့ စောင့်ကြည့်နေရ၏။ ထို့နောက်တွင် သူ့ကိုယ်ပိုင် အသိဥာဏ်များ ရှိလာကာ လှုပ်ရှားမှုများကို ဝှေ့ယမ်းရင်း သူ့လက်ချောင်းထိပ်က်ု အနည်းငယ် ကောက်ကိုင်လိုက်သည်။ ထိုအခိုက် နတ်နဂါးရဲ့ အရိပ်အနည်းငယ်သည် သူ့ထံမှ ထိုးထွက်လာသည်။
လုရွှမ်၏ လှုပ်ရှားမှုများသည် ရုတ်တရက် အရှိန်တက်လာတဲ့အခါ အဆက်မပြတ် လှုပ်ရှားနေသော နတ်နဂါးကြီး အသွင်သဏ္ဌာန် ဖြစ်ပေါ်လာသည်။
ကျယ်လောင်သော ဟိန်းဟောက်သံနဲ့အတူ နတ်နဂါးကြီး ထွက်ပေါ်လာပြီး လက်သည်းငါးချောင်းရှိသော ရွှေနတ်နဂါးကြီးသည် ထင်ရှားစွာ အသက်ရှင်လာလေသည်။ အထူးသဖြင့် ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ထိုမျက်လုံးများသည် နားမလည်နိုင်သော ခံစားချက် အစစ်အမှန်ကို ပိုင်ဆိုင်ထားပေသည်။
နဂါးအစစ်ကို ဘယ်သူမှ မမြင်ဖူးသော်လည်း ဘာကြောင့်ရယ်မသိ လုရွှမ် ဖန်တီးထားသော နတ်နဂါးအရိပ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းသည် နဂါးအစစ် ဖြစ်ကြောင်းကို လူကိုခံစားရစေ၏။
တိုက်ဟော်ဖုန့် သူမမျက်နှာ သိသိသာသာ ပြောင်းလဲသွားတာကို မထိန်းခဲ့ပေ။ တကယ့် နဂါးအစစ်နှင့် စိတ်ကူးယဉ်နဂါးကို ရင်ဆိုင်ရင်း သူတို့တွင် လုံးဝကွဲပြားသော ခံစားချက် နှစ်ခုရှိကို ရှိကြလိမ့်မည်။
တိုက်ဟော်ဖုန့် စိတ်ထဲတွင် နားမလည်နိုင်သော တောင်တန်းများ လိမ့်တက်လာသည့် ခံစားချက်မျိုး ပေါ်လာပြီး အထိတ်တလန့် ခံစားချက်များလည်း ကြီးစိုးလာသည်။ သူမသာ ထိုသိုင်းကွက်ကို ထိပ်တိုက်ရင်ဆိုင်ရလျှင် နှစ်ဖက်လုံး ဆုံးရှုံးခြင်းက အကောင်းဆုံးဖြစ်ပြီး သူမကတော့ ဒဏ်ရာရနိုင်ခြေ ပိုများကာ လုရွှမ်ကတော့ အဆင်ပြေလိမ့်မည် ဖြစ်ကြောင်း သူမ ရှင်းလင်းပြတ်သားစွာ ခံစားလာရပြီ။
လုရွှမ်သည်လည်း ယခုအခိုက်အတန့်တွင် သူထုတ်လိုက်တဲ့ လှုပ်ရှားမှုကို ကြည့်ပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။ ထိုလှုပ်ရှားမှုသည် သူ့ခန္ဓာကိုယ်ထဲက စိမ်းပြာနဂါးနှလုံးနဲ့ အရိုးတို့၏ စွမ်းအားကို လုံးလုံးလျားလျား ထုတ်လွှတ်ပစ်လိုက်သလိုပင်။ ၎င်း၏ကိုယ်ပိုင် ရောင်ဝါနှင့် လိုက်ဖက်သော ခံစားချက်သည် အမှန်တကယ် စိမ်းပြာနဂါးကြီး ဤကမ္ဘာထဲတွင် ပေါ်ထွက်လာသယောင်။
ဤလှုပ်ရှားမှုနှင့်အတူ နတ်နဂါးကြီး ပေါ်လာပြီ။ နတ်နဂါး အမှန်တကယ် ပေါ်လာလေပြီ။
တိုက်ဟော်ဖုန့် နောက်ဆုတ်သွားခဲ့သည်။ သူမထက် သာလွန်ကြောင်း သူမသိလိုက်ပြီမို့ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။ နတ်နဂါးကြီးဆီကသာ အကိုက်ခံရရင် သူမနောက်ကွယ်ရှိ ဖီးနစ်မီး နောက်ဆက်တွဲ အကျိုးဆက်ကို တွေးရင်း တံတွေး မျိုချမိသွားခဲ့သည်။
"ဘယ်သွားမလို့လဲ!"
လုရွှမ်ရဲ့ အသံနက်ကြီး ထွက်ပေါ်လာသည်။ ဒီလှုပ်ရှားမှုက ဒီလိုမျိုး ဖြစ်မယ်လို့ တကယ် မထင်ထားဘူးမလား။
ဓားအလင်းကြောင့် လေထဲတွင် ဖြစ်ပေါ်လာသော နတ်နဂါးသည် တိုက်ဟော်ဖုန့် ဆီသို့ ၎င်း၏အမြီးကို လွှဲယမ်းပစ်လိုက်သည်။ လုံယီး ယခင်က အသုံးပြုခဲ့ဖူးသော သိုင်းကွက်ထဲမှ လုရွှမ် လုံးဝကူးယူထားသည့် နဂါးအမြီး လွှဲယမ်းသော သိုင်းကွက်ပဲ ဖြစ်သည်။
တိုက်ဟော်ဖုန့် အဆင်သင့် မဖြစ်သေးဘဲ ရှောင်တိမ်းနိုင်ခဲ့သည့်အတွက် ကံကောင်းသွားတယ်လို့ ဆိုရမည်။ နောက်ဆုံးတော့ သူမရဲ့ ကျင့်ကြံမှုက အဆင့်မြင့်တာကြောင့် လှည့်ကြည့်လိုက်တဲ့ အခိုက် ဓားနဲ့ထိုးနိုင်ခဲ့၏။
ဝုန်းကနဲ အသံနဲ့အတူ အရှိန်အဟုန်ပြင်းပြင်း ထိမှန်သွားပြီး စွမ်းအားက သူမထင်ထားတာကို လုံးဝကျော်လွန်သွားပြီ။ ဓားစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော စွမ်းအားသည် နဂါးအမြီးရှေ့၌ ပင်လယ်ပြင်ထဲ လေနဲ့မိုးကြောင့် ပျက်စီးနေသော လှေငယ်လေးနှင့်ပင် တူနေသည်။
သူမ ဘယ်လိုလုပ် ခုခံဝံ့တော့မလဲ။ တိုက်ဟော်ဖုန့်မှာ နတ်နဂါးကို တကယ် တိုက်ခိုက်နေသလို ခံစားလိုက်ရ၏။
သူမခန္ဓာကိုယ်ရှိ အလင်းရောင်သည် တောက်ပစွာ လင်းလက်နေပြီး သူမနောက်ကျောမှ အတောင်များသည် ဆက်လက် ဝှေ့ယမ်းလိုက်တဲ့အခါ မီးငှက်များသည် နတ်နဂါး၏ အမြီးဆီသို့ ပျံသန်းသွားကြသည်။ ပိုးဖလံတွေလိုပဲ သူတို့ သေတော့မယ်ဆိုတာ သိပေမယ့် တိုက်ဟော်ဖုန့် လွတ်မြောက်ဖို့ အခွင့်အလမ်းရှာနိုင်ရန် အရူးလို တိုက်ခိုက်နေကြသည်။
မီးငှက်က တိုက်ခိုက်ပြီးနောက် မီးတောက်တွေက ပြန့်ကျဲသွားလေသည်။ နောက်ဆုံးမှာတော့ တိုက်ဟော်ဖုန့် မျှော်လင့်ချက် တဖျပ်ဖျပ် ခတ်သွား၏။
သို့သော် သူမ နှလုံးသားထဲတွင် ကြောက်ရွံ့နေတဲ့ ခံစားချက်များက ရှိနေဆဲဖြစ်ပြီး သူမ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
လုံယီးရှေ့သို့ ပြန်ရောက်သောအခါ တိုက်ဟော်ဖုန့်သည် နောက်ဆုံးတွင် လုံခြုံသွားသလို ခံစားလိုက်ရ၏။ သို့သော် လုံယီးမျက်နှာသည် အလွန်တရာမှ လေးနက် တည်ကြည်နေကြောင်း သူမ မြင်လိုက်ရသည်။ သူသည် လျှို့ဝှက်နတ်နဂါးဓားသိုင်းကို တစ်သက်လုံး စွဲစွဲမြဲမြဲ လေ့ကျင့်လာခဲ့သူ ဖြစ်တာကြောင့် ထိုဓားစွမ်းအင်သည် ဘယ်လောက် အစွမ်းထက်ပြီး စစ်မှန်ကြောင်း သဘာဝကျကျ သိမြင်နိုင်လေသည်။
ဟုတ်တယ်။ အစကတည်းက နတ်နဂါး ဓားစွမ်းအင်ဆိုတာ ဒီလိုဖြစ်နေသင့်တာ။
နဂါးရေငွေ့တောင်မှ မဟုတ်သော ပြင်ပလူတစ်ဦးမှ အခုလို အားကောင်း၊ စစ်မှန်ပြီး အစွမ်းထက်သော နတ်နဂါးကို ဖန်တီးလိုက်ခြင်းက သူတို့ဂိုဏ်းကို အမှန်တကယ် ထေ့ငေါ့နေခြင်းတစ်မျိုးပဲ ဖြစ်သည်။
"သူ....."
တိုက်ဟော်ဖုန့်မှာ လုံယီးကို ကြည့်ပြီး အော်ပြောချင်ပေမယ့် နောက်စကားတွေကို မပြောသေးခင် လုံယီးက ဟစ်အော်လာခဲ့သည်။
“အတူတူ တိုက်ရအောင်!”
သေရေးရှင်ရေး အကြပ်အတည်းတွေနဲ့ ကြုံလာရင် လူဆိုတာဟာ မာန်မာနနဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်နိုင်သွားကြသည်။