အပြန်အလှန်ဆန်းစစ်
Vol. 75 Ch. 4.632
ကျန့်ကျောက် ဘာမှ ထပ်ပြန်မပြောခဲ့ချေ။ အဖြစ်မှန်က အရာအားလုံးကို ရှင်းပြထားပြီးသားပါ။ ဒီနေရာဟာ ထူးဆန်းလွန်းလို့ တားမြစ်နယ်မြေလို့ ခေါ်ခြင်းသာ ဖြစ်သည်။
တခြားသူများကမူ နှုတ်ခမ်းကို တွန့်ကာ ဘာမှ မပြောပေမယ့် လက်ရှိအခြေအနေကို သိသာစွာ နားလည်ကြပုံရသည်။ လုရွှမ် မျက်လုံးများသည် နတ်သမီးထျန်းယင်ကို ကြည့်လိုက်တော့ အမြဲတမ်း တည်ငြိမ်နေတတ်သော သူမက မျက်လုံးများ နီရဲနေပြီး ရောင်နေသည်။
သို့သော် ယခုအခိုက်တွင် လုရွှမ်လည်း ခါးသီးသော အပြုံးတစ်ခုသာ ပေးကာ ခေါင်းကို အနည်းငယ် ခါယမ်း၍ ရှေ့လမ်းကို ဘယ်လိုပြောင်းမလဲဟုသာ တွေးနေမိသည်။
အပြေးအလွှား ပြေးထွက်သွားခြင်းက သဘာဝအတိုင်း အကောင်းဆုံး နည်းလမ်း ဖြစ်သော်လည်း သူတို့ကို ဘယ်လိုပို့ဆောင်ပေးရမလဲ။ အပြင်မှာ ပင်လယ်သားရဲတွေ အများကြီး ရှိကာ သူ့ထက်အဆင့်မြင့်သူက ခုနစ်ယောက် ရှစ်ယောက်လောက် ရှိတယ်လို့ ပြောထားပြီးသားမို့ သူတို့ အမြန် ထွက်သွားရင် သေဖို့ ပိုသေချာသွားပြီ။
ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းကို စဥ်းစားရမည်။ လုရွှမ် လူတိုင်းကို တစ်ချက်ကြည့်လိုက်ရာ လူတိုင်းက ပင်ပန်းနွမ်းနယ်နေကြပြီ။
သူတို့မျက်နှာကနေ ကိုးရက်ကျော်ကြာအောင် ကြံ့ကြံ့ခံပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မြင်ယောင်ကြည့်နိုင်ပါ၏။ သူတို့ရဲ့ ဒဏ်ရာတွေကို ကြည့်ရင်း သူတို့တွေ ဘယ်လောက် စတေးခဲ့ရလဲ ဆိုတာကို တွေးကြည့်မိသည်။။
အကြောက်ဆုံးအရာက ဆင်းရဲဒုက္ခ မဟုတ်ဘဲ မျှော်လင့်ချက် ကင်းမဲ့မှုပါပဲ။
စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ သူတို့ရဲ့မျက်လုံးတွေကို စိုက်ကြည့်ရင်း စစ်ကူကို ခက်ခက်ခဲခဲ စောင့်မျှော်နေရကြောင်း တွေ့ရသည်။ အဲဒီ့ စိတ်ပျက်လက်ပျက်နဲ့ လူတစ်ယောက်က သူသာဆိုရင်လည်း သူတို့ထက် ပိုကောင်းမှာ မဟုတ်ဘူးဆိုတာ သိပါ၏။
ဒါပေမဲ့ ဒါက လက်လျှော့ပစ်စရာ အကြောင်းမရှိဘူးလေ။
"မင်းတို့ အသက်ရှင်ချင်လား? သေချင်လား?"
လုရွှမ် ရုတ်တရက် အော်လိုက်ပြီး သူ့အသံက မမြင့်ပေမယ့် လူတိုင်းရဲ့ နားထဲမှာတော့ ခဏတာလောက်အထိ တုံ့ပြန်မှု ကင်းမဲ့သွားသလို ခံစားရပြီး အားလုံးက တစ်ချက်ကြည့်လာသည်။ ဒါပေမဲ့ မကြာခင်မှာပဲ တစ်စုံတစ်ယောက်က ထအော်လေ၏။
"တကယ်တော့ ငါတို့ အသက်ရှင်ချင်တယ် ငါတို့ ရှင်သန်နိုင်ရင် ဘယ်သူမှ ထပ်သေစရာ မလိုတော့ဘူး"
"ဘာတွေ လာမေးနေတာလဲ?"
"ဒီရက်ပိုင်း ငါတို့ ဘယ်လောက်တောင် တောင့်ခံထားရလဲ မင်းသိလား"
တစ်ယောက်စီက နှိုးဆွခံလိုက်ရသလို ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
လုရွှမ်၏ မျက်လုံးများသည် လူတိုင်း၏ မျက်နှာပေါ်တွင် လှည့်ပတ်သွားလာနေပြီး စကားတစ်ခွန်းမှ မပြောဘဲ လူတိုင်းဆီက ဆူပူကြိမ်းမောင်းခြင်းကို လက်သင့်ခံနေသည်။ ပျော်ရွှင်မှုအရိပ်အမြွက်များပင် သူ့ပါးပြင်ပေါ်တွင် တဖြည်းဖြည်း ပေါ်ထွက်လာသေးသည်။
ထျန်းယင် စကားဝင်မပြောဘဲ မနေနိုင်တော့ပေ။ လုရွှမ်တစ်ယောက်ရဲ့ နှလုံးသားထဲတွင် ရည်ရွယ်ချက်ကောင်းရှိကြောင်း သူမ သိသော်လည်း ထိုညီအစ်ကိုများကို မတော်တဆ စော်ကားမိမည်ကို သူမ ကြောက်သည်။
ကျန့်ကျောက်က သူမကို ဝင်တားလိုက်ပြီး
"ညီလေးမှာ သူ့ရည်ရွယ်ချက်နဲ့သူ ရှိလိမ့်မယ်... သူ့ကို ယုံလိုက်ပါ... ငါ့အမြင်အာရုံ အရမ်းကောင်းတယ်လို့ ငါယုံကြည်တယ် ငါတို့ ဒီအချိန်မှာ သေချာပေါက် ရှင်သန်နိုင်လိမ့်မယ်... ပြီးတော့ ငါတို့ကို ကယ်ထုတ်မယ့်လူက ဆရာတူညီလေးပဲ ဆိုတာ ငါယုံကြည်တယ်”
ထျန်းယင်သည် လုရွှမ်နဲ့ မရင်းနှီးသော်လည်း ကျန့်ကျောက် အပေါ်ကိုတော့ အလွန်ယုံကြည်မှုရှိ၏။ ဤလူသည် အလွန်သန်မာပြီး အလွန်ပျင်းရိသူ မဟုတ်သော်လည်း အရေးကြီးသော အခိုက်အတန့်တွင် သူသည် အမှားအမှန်ကို အမြဲတစေ ခွဲခြားတတ်လေသည်။
အရင်တစ်ခေါက်က အရေးကြီးတဲ့ အခိုက်အတန့်မှာ ကျန့်ကျောက် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့နှစ်ဦး သေခြင်းတရားမှ ကျဉ်းကျဉ်းလေး လွတ်မြောက်လာခဲ့သည်။ ထိုသို့သော စိတ်ထားမျိုးသည် သူမအာရုံကို စွဲဆောင်ကာ ကျန့်ကျောက်အပေါ် သူမနှလုံးသားကိုလည်း ကျဆင်းသွားစေခဲ့သည်။
သူ လုရွှမ်ကို ယုံတယ်လို့ ပြောပြီးကတည်းက ထျန်းယင်လည်း ခေါင်းအသာညိတ်လျက် ဘာမှ ဝင်မပြောတော့ချေ။
ကောင်းကင်အောင်ခြင်းဂိုဏ်းမှ ဆရာတူ ညီအကို မောင်နှမတစ်စုသည် သူတို့နှလုံးသားထဲက ဒေါသကို ဖြေဖျောက် နေကြဆဲ ဖြစ်သည်။
ဒီတစ်ခါတော့ ပင်လယ်နက်ထဲ ဝင်လိုက်တာနဲ့ ဘာမှ သိပ်မရချေ။ လုရွှမ်က အလွန်အစွမ်း ထက်သော်လည်း သူသည် မဟာသူတော်စင် တစ်ဦးဖြစ်ပြီး ဂုဏ်ဒြပ် မရှိသောကြောင့် လူတိုင်းက ၎င်းတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ဝံ့ကြသည်။
အစောကတည်းက အရမ်းအဆင်မပြေ ဖြစ်နေပြီးသား။ ဒါပေမဲ့ အခု လုရွှမ်ရဲ့ လှောင်ပြောင်သံကို ကြားတော့ လူတိုင်း သည်းမခံနိုင်တော့ချေ။ ဒါတင်မကဘူး။ သူတို့က မကြာခင် သေတော့မှာပဲလေ။ လုရွှမ်ကို စော်ကားလိုက်တော့ရော ဘာဖြစ်လဲ။
လုရွှမ်သည် ထိုနေရာတွင်သာ ရပ်နေပြီး သူ့ခန္ဓာကိုယ်သည် တည့်တည့်မတ်မတ် ထားလျက် မျက်နှာတွင်လည်း အပြုံးတစ်ခုဖြင့် လူတိုင်းကို မျက်နှာမူထားသည်။ ထိုယုံကြည်မှုမျိုးနှင့် ထိုအမူအရာမျိုးသည် မြင့်မားသော တောင်ကုန်းကြီးနှင့် တူသောကြောင့် လူအများကို မထိန်းနိုင်ဘဲ ရှိန်သွားစေ၏။
တဖြည်းဖြည်းနဲ့ လူတိုင်းက ပါးစပ်ပိတ်ပြီး လုရွှမ်ရဲ့ မျက်လုံးတွေကို ရှောင်လိုက်တော့သည်။ ဘာ့ကြောင့်မှန်း မသိပေမယ့် ဆက်ပြောရင် သူတို့ကိုယ်သူတို့ အရှက်ကွဲစေတော့မလိုပင်။
"အရမ်းကောင်းတယ် အားလုံးက တက်ကြွနေကြတုန်းပဲ ဆိုတာ မြင်ရတော့ စိတ်သက်သာရာ ရသွားပါပြီ"
လုရွှမ် ပြုံးလိုက်သည်။ လုရွှမ် ဘာတွေလုပ်နေလဲ မသိတာကြောင့် အားလုံးက အံ့ဩသွားကြသည်။
"ဒီရက်ပိုင်း မင်းတို့ ခံစားခဲ့ရတာကို ငါနားလည်ပါတယ်.... မင်းပေးဆပ်ခဲ့ရတာတွေ ဆုံးရှုံးခဲ့ရတာတွေ အများကြီးပဲ ဆိုတာ နားလည်ပေးနိုင်တယ် မင်းတို့ကို ဒီလိုအခြေအနေမျိုး ရောက်သွားခဲ့တာကိုလည်း ငါကောင်းကောင်း နားလည်တယ်... ဒါပေမဲ့ ငါစိုးရိမ်တာက မင်းတို့ ကြောက်ပြီး သေတဲ့အထိ တိုက်ပွဲဝင်ချင်တဲ့ နှလုံးသား မရှိတော့မှာကိုပဲ အခု မင်းတို့ရဲ့နှလုံးသားထဲမှာ ဒေါသတွေ ရှိနေတယ်ဆိုတာ တွေ့ရတာ ကောင်းပါတယ်.... ငါတို့ ဒီကနေ လွတ်မြောက်နိုင်ဖို့ ဒီစွမ်းအင်ကို လိုအပ်တယ်"
လုရွှမ် သူ့လက်သီးကို မြှောက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"ငါတို့သေရတော့မယ် ဆိုရင်တော့ ကိုယ့်ကံကြမ္မာကို ဆုပ်ကိုင်ထားရမယ် မဟုတ်ရင် ငါတို့ရဲ့ကံကြမ္မာက ငါတို့လက်ထဲမှာ မရှိတော့ဘဲ ဖြစ်နေမယ်!!"
လုရွှမ် ခေတ္တရပ်လိုက်ပြီး "ဒီအချိန်ကာလက တခြားသူတွေ မင်းတို့ကို စွန့်လွှတ်လိုက်တာ မဟုတ်ဘူး မင်းတို့ကိုယ်တိုင် ကိုယ့်ကိုကိုယ် စွန့်လွှတ်လိုက်တာပဲ"
"ဒါက တားမြစ်နယ်မြေ ဒါပေမဲ့ အနည်းဆုံးတော့ အသက်ရှင်ဖို့ နည်းလမ်းတစ်ခုတော့ ရှိရမယ် ငါတို့ အစွမ်းကုန် ကြိုးစားရင် ထွက်လမ်း မရှိနိုင်တော့ဘူး ဆိုတာ မဖြစ်နိုင်ဘူး..."
"ငါက ရှေးဟောင်းလျှပ်စီးကမ္ဘာက လာတယ်ဆိုတာ မင်းတို့ သိထားမှာပေါ့... ဒါပေမဲ့ တကယ်တော့ ရှေးဟောင်းလျှပ်စီးကမ္ဘာက ငါ့အိမ် မဟုတ်ဘူး.... တစ်ချိန်က ပိတ်ထားခဲ့ဖူးပြီး မပြည့်စုံတဲ့ နည်းဥပဒေတွေရှိခဲ့တဲ့ သေးငယ်ပြီး ဝေးလံခေါင်သီတဲ့ နေရာကနေ လာတာ... အဲဒီနေရာက လူတွေက ကောင်းကင်ဘုံသခင် အဆင့်အထိပဲ ရှိတယ်!"
"ဒါပေမဲ့ ကမ္ဘာကြီးက သိသိသာသာ ပြောင်းလဲသွားပြီး ငါထွက်လာခဲ့တယ်.... အဲဒီကမ္ဘာငယ်လေးမှာ အမြဲပျံ့နှံ့နေတဲ့ စကားတစ်ခု ရှိတယ်။ 'တောက်လမ်းစဥ် ၅၀ ရှိရင် ကောင်းကင်ကို ၄၉ ကြိမ် အောင်မြင်ရမယ်'တဲ... ဘာကို ဆိုလိုတာလဲ? လွတ်မြောက်ဖို့ဆိုတာ ဘယ်လို နေရာမျိုးမှာပဲဖြစ်ဖြစ် အန္တရာယ်ရှိတဲ့ အခြေအနေပဲ ဖြစ်ဖြစ် ရှင်သန်ခြင်းလမ်းရဲ့ အရိပ်အမြွက် အမြဲရှိနေတယ်”
လုရွှမ် လူတိုင်းကို ကြည့်လိုက်တော့ အားလုံးရဲ့ စိတ်တွေဟာ သူ့စကားတွေထဲ ဆွဲဆောင်ခံနေရတာကို တွေ့လိုက်ရသည်။ သူတို့ဟာ အရင်ကလို အသက်မရှိတော့တဲ့ မျက်နှာတွေ မဟုတ်တော့ပေ။
"ပြောရရင် ဒီတားမြစ်နေရာမှာ ဘာမဆို ဖြစ်သွားနိုင်တယ်... အကြောင်းရင်းက သူ့မှာ ချို့ယွင်းချက်တစ်ခု ရှိနေလို့ပါ... အဲဒါက ငါတို့ရဲ့ အသက်ရှင်ချင်စိတ်တွေ ပျောက်နေတဲ့ အကြောင်းအရင်းလည်း ဖြစ်နိုင်တယ်... အဲဒီသဲလွန်စကို ဖြတ်ပစ်လိုက်ရင် ဒီတားမြစ်ထားတဲ့ နေရာက တားမြစ်နယ်မြေ ဖြစ်လာမှာ မဟုတ်ဘူး"
"ငါတို့လိုအပ်တာက အဲဒီ ပါးလွှာတဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းတရားရဲ့ မျဉ်းကြောင်းကို ရှာမယ်... ပြီးရင် အဲဒါကို ဆုပ်ကိုင်ပြီး ထွက်သွားကြမယ်!"
လုရွှမ် အသက်ပြင်းပြင်း ရှူလိုက်ရာ ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ တပည့်များရှေ့တွင် ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ တပည့် အပေါင်းတို့သည် တုန်လှုပ်ခြောက်ခြား သွားကြကုန်၏။
သူတို့အပေါ် နေရောင်လေးတွေ ထွန်းလင်းနေသကဲ့သို့ ပြင်းထန်သော ယန်စွမ်းအင် လေထုတစ်ခုက တိုးဝင်လာသည်။ နွေးထွေးမှု တစ်ခုက သူတို့ခန္ဓာကိုယ်ထဲက ပင်ပန်းနွမ်းနယ်မှု အားလုံးကို ဖယ်ရှားပစ်လိုက်သည်။
မူလက ထိုင်နေတဲ့လူဟာ ရုတ်တရက် ထရပ်လိုက်သလို မသိစိတ်အလျောက် မတ်တတ် ရပ်နေခဲ့သော လူကလည်း သူ့နောက်ကို တည့်တည့်မတ်မတ် ထားလိုက်သည်။
လုရွှမ်ရဲ့ နှလုံးသားထဲတွင်လည်း မျှော်လင့်ချက် အလင်းရောင်တချို့ အနည်းငယ် တုန်လှုပ်သွားပြီး သူ့အသက်ရှူသံသည် တဖြည်းဖြည်း ပိုအသက်ဝင်လာသည်။
“အခု ငါအားလုံးကို မေးမယ်.... ဘယ်သူက ငါနဲ့အတူ တားမြစ်နယ်မြေထဲကို ဖောက်ဝင်ဖို့ ဆန္ဒရှိလဲ? အပြင်မှာ ထောက်ပံ့ကူညီမှု မရှိဘူး.. သူတို့က ငါတို့ရဲ့ ထောက်ပံ့မှုကိုတောင် စောင့်မျှော်နေကြဦးမှာ... အခု ငါတို့ကို ကယ်တင်နိုင်တဲ့ တစ်ခုတည်းသော သူကတော့ ကိုယ်တိုင်ပဲမလို့ ဘယ်သူငါနဲ့ လိုက်ခဲ့ချင်လဲ? ငါနဲ့အတူတူ တားမြစ်နယ်မြေ အနက်ပိုင်းထဲကို သွားပြီးတော့ အသက်ရှင်လျက် ထွက်သွားကြရအောင်!!”
လုရွှမ်ရဲ့ အသံနှုန်းက မမြင့်သော်လည်း စကားလုံးတိုင်းသည် လူတိုင်းရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဥ်ထဲအထိ ကျယ်လောင်စွာ ရိုက်ခတ်သွားသည်။ ပါးလွှာပြီး သေးငယ်သော အသံများပင် ၎င်းတို့စိတ်ထဲကို ပျံ့နှံ့သွားခွင့် မပြုနိုင်သလိုပင်။