← Chapters

နောက်ဆုံးကောက်ချက်ချမှု

Vol. 83 Ch. 1157

နောက်ဆုံးကောက်ချက်ချမှု

Vol. 83 Ch. 1157

ဝမ်ချန်က သူ့ရှေ့တွင် ပေါ်ထွက်လာသည့် အမျိုးသမီးကို ကြည့်လိုက်သည်။ သူမက သူ အမြဲတမ်း အိပ်မက်မက်ခဲ့ရသလိုမျိုး ကွက်တိ တူနေပြီး လှပကာ ငြိမ်သက်အေးချမ်းသည့် အငွေ့သက်မျိုး ပိုင်ဆိုင်ထားသည်။ သူမက သူ့ကို မမြင်ဘဲ ဆေးကြိုရင်း အလုပ်ရှုပ်နေသည်။ ဖြစ်နိုင်တာက နောက်လူနာအတွက် ဖြစ်နိုင်သည်။ သူက သူမကို တောင့်တစွာကြည့်လိုက်ပြီး သူ့တည်ရှိမှု သိအောင် ပြလိုက်သည်။

"လန့်လိုက်တာ" သူမက တည်ငြိမ်စွာဖြင့် ထိုစကားများကို ပြောလိုက်သည်။ ပြောရလျှင် သူမက တစ်စုံတစ်ယောက်အတွက် တည်ငြိမ်လွန်းနေ၏။

"ရှင်က ဒီမှာ ဘာရပ်လုပ်နေတာတုံး။ လာကူလှည့်"

သူ့ဘဝတွင် ပထမဦးဆုံးအနေဖြင့် ဝမ်ချန်က သူမစကားကို နားမထောင်ခဲ့ပေ။ ထိုအစား သူက သူမဘေးနား လျှောက်သွားကာ သူမမျက်နှာလေးကို ပွတ်သပ်လိုက်သည်။

"တစ်ခုခုဖြစ်လို့လား" မြောင်ယွဲ့က လုပ်လက်စကို ရပ်ကာ သူ့ကို ကြည့်ရင်း မေးလိုက်သည်။

"မဟုတ်ပါဘူး"

"အဲဆိုရင် ရှင်ကဘာလို့ ဒီလို ထူးထူးဆန်းဆန်း ပြုမူနေရတာတုံး"

"မင်းကို လွမ်းလို့ပါ"

"ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ ဆယ်မိနစ်လောက်ပဲ ရှိတယ်ဆိုပေမဲ့ ကျွန်မလည်း ရှင့်ကို လွမ်းပါတယ်" သူမက သူ့လက်ကို ကိုင်ရင်း ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ကျွန်မတို့တွေ လုပ်စရာတွေ ရှိတယ်လေ။ အသက်တွေကို ကယ်တင်ရမယ်။ အဲဒါဆိုတော့ ဆေးခန်းပိတ်တဲ့အချိန်တဲ့အထိ စောင့်ဦး ဟုတ်ပြီလား"

ဝမ်ချန်က ရယ်မောလိုက်သည်။

"ဒါက သူမ ပြောမဲ့ ပုံစံအတိုင်းပဲ"

"ဟင် … "

"မင်း ကြည့်ရတာ အရမ်းကို ပြီးပြည့်စုံပြီးတော့ ခွဲခြားလို့တောင် မရဘူး။ သူမရဲ့ မျက်နှာ၊ အငွေ့အသက်၊ သဘောထားနဲ့ စိတ်အခြေအနေအတိုင်း မင်းက ပြီးပြည့်စုံတဲ့ ပုံပွားတစ်ခုပဲ။"

"အခု ရှင်က ကျွန်မ စိုးရိမ်ရအောင် လုပ်နေတာပဲ။ ဘာမှမဖြစ်တာ သေချာရဲ့လား။ ရှင် ဖျားနေလား။ မဟုတ်သေးဘူး။ ရှင်က ကျင့်ကြံသူဆိုတော့ ဖျားမှာမဟုတ်ဘူး။ ကျွန်မကို ပြောပါအုံး။" မြောင်ယွဲ့က ပြောလိုက်သည်။

"တကယ့်ကို အားကောင်းတဲ့ ပုံရိပ်ယောင်တစ်ခုပဲ"

"ချန်အာ" မြောင်ယွဲ့က သူ့မျက်နှာကို ထိတွေ့လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်မတို့ မိသားစုက ဖြေရှင်းနိုင်ပါတယ်"

"ဒီနေရာက ငါ သူမကို ဆုံးရှုံးရတုန်းက နာကျင်မှုကို မဖယ်ရှားပေးနိုင်တာ နှမြောစရာပဲ" ဝမ်ချန်က ခေါင်းယမ်းလိုက်သည်။

"ထျန်းအာ အကြောင်း တွေးပါအုံး" မြောင်ယွဲ့က ပြောလိုက်သည်။

"ကျွန်မတို့ မိသားစုပြိုကွဲသွားမဲ့ အရာတွေကို မလုပ်ပါနဲ့။ အထူးသဖြင့် ကျွန်မတို့တွေ ဒီလို အခက်အခဲတွေ ကျော်ဖြတ်ပြီးမှ ပြန်ဆုံစည်းခဲ့တာလေ။ ကျွန်မနဲ့ ဒီမှာ တူတူနေပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်"

ဝမ်ချန်က သူမကို နောက်ဆုံးအနေဖြင့် ကြည့်ပြီးသည့်နောက် ပုံရိပ်ယောင်က ပြိုလဲသွားသည်။ သူက မျက်လုံးဖွင့်လိုက်သည့်အချိန် အကျပ်အတည်းကြား ကျရောက်နေ၏။ ယန်ချန်းက သူ့ကို ကြောက်မက်ဖွယ်ကောင်းသည့် အဖြူရောင် မီးတောက်ဖြင့် တိုက်ခိုက်လာခဲ့ကာ သူ့ခန္ဓာကိုယ်တစ်ဝက်က ပျက်စီးနေပြီဖြစ်သည်။ ယခင်ဒဏ်ရာများကို ထည့်ပေါင်းလိုက်လျှင် သူက တော်တော်လေး အခြေအနေ ဆိုးဝါးနေ၏။

သို့သော်လည်း သူက များစွာ စိုးရိမ်နေခြင်း မရှိပေ။ သူ ဖော်ထုတ်ထားသည့် နည်းစနစ်အရ သူ့ခန္ဓာကိုယ်သည် အန္တရာယ် ကျရောက်လာသည်နှင့် ဗလာနတ္တိစွမ်းအားအနည်းငယ်ကို အသုံးပြုပြီး ကိုယ်ထည်မဲ့ အခြေအနေကို ဝင်ရောက်နိုင်လိမ့်မည်။ ထို့ကြောင့် ယန်ချန်းက အော်ဟစ်ပြီး အကောင်းဆုံးကြိုးစားခဲ့သော်လည်း ကျန်ရှိနေသည့် ခန္ဓာကိုယ်တစ်ဝက်ကို မဖျက်ဆီးနိုင်ခြင်း ဖြစ်သည်။

ငါ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်မှာ တာအိုဆန္ဒကို ခံစားမိတယ်။ သူ့ဆီမှာ တာအိုလက်နက်ရှိနေတာ ဖြစ်ရမယ်...

ဝမ်ချန်က တွေးပြီးသည့်နောက်တွင် အခြေအနေကို အကဲဖြတ်လိုက်သည်။

ဒါပေမဲ့ သူ့ရဲ့အသုံးပြုပုံက အိပ်မက်လောကထဲက စံနှုန်းထက်စာရင် နိမ့်ကျနေတယ်...

သူက စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းကို အသုံးပြုကာ တာအိုဆန္ဒကို ဖယ်ရှားလိုက်သည်။

ယန်ချန်းက အသုံးမဝင်သည့် တိုက်ကွက်ကို ရပ်တန့်လိုက်ပြီး ရန်သူကို အံကြိတ်ကာ ကြည့်လိုက်သည်။ သူက ထိုကောင်စုတ်ကို ဒုတိယအကြိမ် အနိုင်ပိုင်းနိုင်တော့မည် ဖြစ်သော်လည်း ကိစ္စများက စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။

သူ့တာအို နှလုံးသားက ပြစ်ချက် ရှိသင့်တာ။ ပုံရိပ်ယောင်က ဘာလို့ ကြာကြာမခံရတာလဲ...

အရင်ကြိုတင်လေ့ကျင့်ထားတယ်ဆိုရင်တောင် ဒီလောက် မမြန်ဆန်သင့်ဘူး...

သူက တစ်ဖက်သူကို အထင်ကြီးသည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းတော့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

ယန်ချန်းက အသက်ပြင်းပြင်းရှုကာ ပြောလိုက်၏။

" ဒီတိုက်ပွဲကို သရေအနေနဲ့ သတ်မှတ်လိုက်ရင် ဘယ်လိုလဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ဆီမှာ ကြီးကြီးမားမား ရန်ငြိုးလည်း ရှိတာမဟုတ်ဘူးလေ။ ပြိုင်ပွဲတစ်ခုပဲကို။ ငါတို့တွေ ငြိမ်းချမ်းရေး ယူရအောင်လား။"

"တုံးအအ အရာတွေ မပြောစမ်းနဲ့" ဝမ်ချန်က လှောင်ပြောင်လိုက်သည်။

"ငါတို့ထဲက တစ်ယောက်ကပဲ ဒီနေရာကနေ ထွက်သွားနိုင်မယ်။"

ကျစ် ဒီအရူးကတော့ ငါက ဒီလိုမျိုး ကိစ္စထုတ်ပြောထားတာတောင်မှပဲ။

ယန်ချန်းက စိတ်တိုလာမိသည်။ သူက ခေါင်းမာသည့် သူများကို ပြောရသည်ကို မကြိုက်ပေ။

အာဏာရှင်၏ လုပ်ပိုင်ခွင့် - မိုးမြေ

ဝမ်ချန်က မိုးမြေ၏ စွမ်းအားကို အတင်းအကြပ် ထိန်းချုပ်ပြီး တစ်ဖက်လူကို ထိုးခေါ်လိုက်သည်။ ဧရာမအလင်းရောင် လက်သီးချက်က ဤဒိုင်မေးရှင်းအတွင်း ပေါ်ထွက်လာကာ  ဝမ်ချန်၏ လှုပ်ရှားမှုနှင့် အတူ ရွေ့လျားသည်။ ယန်ချန်းက ထိုတိုက်ကွက် သူ့အပေါ် ကျရောက်လာသည်နှင့် အမူအရာ ပျက်ယွင်းသွားခဲ့သည်။

သူက မလှုပ်ရှားနိုင်သလို သူ့အတွေးအခေါ်များကလည်း နဂိုထက် နှေးကွေးနေသည်။ သူ့ဝိညာဉ်က သေဆုံးရမည်ကို အကြောက်တရားဖြင့် လွှမ်းမိုးခံထားရသည်။ အကြောင်းအရင်းက သူ့မျက်လုံး သို့မဟုတ် သူ့အာရုံများက ထိုလက်သီးကို မမြင်ဘဲ မိုးမြေ၏ စွမ်းပကားကိုသာ မြင်နေရသည်။

ကမ္ဘာတစ်ခုလုံးက တုန်ခါသွားလေ၏။ ထိုတိုက်ကွက်၏ တုန်ခါလှိုင်းမှက တောအုပ်၊ သစ်ပင်နှင့်တောင်တန်းတို့ကို လွင့်စင်ထွက်သွားစေကာ ပင်လယ်၊ ရေကန်နှင့် မြစ်ချောင်းများကလည်း ချက်ချင်းဆိုသလို ခြောက်သွေ့သွားသည်။ မီးတောင်များကလည်း ငြိမ်သက်သွားကာ အသက်မဲ့သွားပြီး လမင်းနှင့် နေမင်းတို့ကလည်း ပေါက်ကွဲထွက်သွားသည်။

ကမ္ဘာကြီးထဲ အမှောင်ထုသာ ကျန်ရှိနေ၏။

ဝမ်ချန်က ဤအရာသည် မပြီးဆုံးသေးကြောင်း သိသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ ထင်ထားသည့်အတိုင်း ဖြူဖျော့နေသည့် ယန်ချန်းက အဝေးတစ်နေရာတွင် ပေါ်ထွက်လာသည်။ သူက ပုံရိပ်ယောင်တာအိုကို အသုံးပြုကာ အစစ်အမှန်မှ အတုအယောင်အဖြစ် ပြောင်းလဲပြီး ကိုယ်ထည်မဲ့နှင့် တူညီသည့် အနေအထားသို့ ဝင်ရောက်ခဲ့သည်။ ကံဆိုးစွာဖြင့် တိုက်ကွက်က သူ့နည်းစနစ်ကို ကျော်လွန်နေခဲ့သည်။

ဝမ်ချန်က သူ့စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းကို အောင်အောင်မြင်မြင် အသုံးပြုနိုင်ခဲ့၏။

"မင်း တစ်ခါပဲ ထွက်ပြေးလို့ရမယ်။ နှစ်ခါမြောက် မရှိဘူး" ဝမ်ချန်က လှောင်ပြောင်ကာ ပြောလိုက်သည်။ မိုးမြေထိန်းချုပ်မှုဖြင့် သူသည် ယင်ယန်ကိုလည်း ထိန်းချုပ်လိုက်သည်။  ထို့ကြောင့် သူက ပတ်ဝန်းကျင်ကို ပြောင်းလဲကာ ယင်ယန်သည် အတုအယောင်အခြေအနေသို့ ဝင်ရောက်ခြင်းမှ ကာကွယ်ထားလိုက်၏။ ထို့နောက် သူက ဒုတိယအကြိမ် လက်ဝါးချက်ကို ရိုက်ထုတ်လိုက်သည်။

ပုံရိပ်ယောင်ဟွင်သွမ်း မီးတောက်

ယန်ချန်းက သူ့ပင်မနှင့် အရံတာအို ဖြစ်သည့် မီးတောက်နှင့် ပုံရိပ်ယောင်တာအိုကို တစ်သားတည်းအဖြစ် ပေါင်းစည်းပြီး ပုံရိပ်ယောင်ဟွင်သွမ်း မီးတောက်ကို ဖန်တီးခဲ့သည်။ သူ့အတွက် ကံဆိုးသွားသည်က ဝမ်ချန်သည် ထိုအတုအယောင် မီးတောက်က တကယ့်အစစ်အမှန် မီးတောက်နှင့် တူညီသည့် သက်ရောက်မှုရှိလား ဂရုမစိုက်ပေ။ သူက အစစ်အမှန် ဟွင်သွမ်းမီးတောက်ဖြင့် လေ့ကျင့်ခဲ့သည့်အတွက် အတော်လေး ခံနိုင်ရည် မြင့်မားနေ၏။

ယန်ချန်းက ထိုအချက်ကို သတိထားမိသည့်အချိန် နောက်ကျသွားခဲ့သည်။

လက်ဝါးချက်က သူ့အရိုးများစွာကို ကြေမွသွားစေသည်။ သူက ဤစည်းပိတ်ထားသည့် ကမ္ဘာအတွင်း မြေကြီး၌ ရိုက်ထည့်ခံလိုက်ရသည်။

ယန်ချန်းက အလျင်အမြန် ထရပ်ပြီး သူ့အခြေအနေက မည်မျှပင်ဆိုးရွားစေကာမူ လျစ်လျုရှုထားလေသည်။ သူက သစ်သားဓာတ်နှင့် ရေဓာတ်စွမ်းအားတို့ဖြင့် ပြန်လည်အားဖြည့်ဖို့ ကြိုးစားနေ၏။ သို့သော် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဆန္ဒက ထိုအရာမျိုးကို ခွင့်မပြုပေ။

ငါ တုံ့ဆိုင်းနေလို့ မရတော့ဘူး...

သူက နောက်ဆုံးဝှက်ဖဲကို အသက်သွင်းလိုက်၏။ ထိုအရာက တိမ်တိုက်သဏ္ဍာန်ပါသည့် အနီရောင်သတ္တုလုံးတစ်ခု ဖြစ်၏။ သူ့အရှိန်အဝါက သိသိသာသာ တိုးမြင့်လာကာ သတ်ဖြတ်ငွေ့ကလည်း ကြီးမားလာခဲ့သည်။ သူက ယခုအခါ စစ်ပွဲလမ်းစဉ်ပေါ် ကျရောက်သွားပြီး မည်သူကမျှ သူ့ကို မတားဆီးနိုင်တော့ပေ။

" အမြဲတမ်း မင်းက တုံးအပြီးတော့ သဘောကို မပေါက်သေးဘူးပဲ" ယန်ချန်းက လှောင်ပြောင်ကာ ပြောလိုက်သည်။

"အရင်တုန်းက လွတ်မြောက်ခဲ့တာက မင်းရဲ့ ဉာဏ်ရှိတဲ့ ရွေးချယ်မှုကြောင့်လို့ထင်နေတာလား။ ငါ မင်းကို လွတ်မြောက်ခွင့်ပေးခဲ့တာ။ တာအို အခွင့်အလမ်းဂိုဏ်းပေါ် လေးစားမှုကြောင့်ပဲ"

သူ့အရှိန်အဝါက ကြောက်မက်ဖွယ် အနေအထားသို့ ရောက်ရှိသွားသည်။

"ဒါပေမဲ့ အခုတော့ ကိစ္စတွေက ကွဲပြားသွားပြီ။ ငါက နောက်ခံမြင့်နေတဲ့သူပဲ။"

ဝမ်ချန်က ဤရုတ်တရက် အပြောင်းအလဲအတွင်း တည်ငြိမ်နေလေသည်။ သူက သိုလှောင်လက်စွပ်မှ အဆောင်တစ်ခုကို ဆင့်ခေါ်ကာ အသက်သွင်းလိုက်သည်။ အမှောင်ကောင်းကင်အထက် စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာကာ ချက်ချင်းဆိုသလို ရှေ့တိုးလိုက်၏။ ယန်ချန်း၏ အရှိန်အဝါက သိသိသာသာ လျော့ကျသွားပြီး သတ္တုလုံးကို မဆင့်ခေါ်ခင် အနေအထားသို့ ရောက်ရှ်ိသွားခဲ့သည်။

"မင်း ဘာလုပ်လိုက်တာလဲ"

"မင်း မြင်တဲ့အတိုင်း ငါ့ဆီမှာ အရမ်းကိုတော်တဲ့ မြေးတစ်ယောက် ရှိတယ်လေ" ဝမ်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းလိုလူမျိုးဆီမှာ ပိုင်ဆိုင်နိုင်တဲ့ အကြီးဆုံးဝှက်ဖဲက ကောင်းကင်ဘုံလက်နက်ပဲ ဖြစ်လိမ့်မယ်ဆိုပြီးတော့ ခန့်မှန်းထားတာ။ အဲ့ဒါက မင်း ကပ်ပါးတွေထဲက တစ်ယောက်ယောက်ကို ခစားပြီးတဲ့နောက်မှာ ရလာတဲ့အရာပေါ့။ အဲ့ဒါကြောင့် သူက တိုက်ပွဲကို မျှတစွာ စီရင်ဖို့အတွက် တစ်စုံတစ်ခု ပေးခဲ့တယ်လေ"ယန်ချန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။

"နောက်ထပ် သူ ပြောလိုက်တာကိုရော ကြားချင်သေးလား" ဝမ်ချန်က ဆက်ပြောလိုက်သည်။

"မင်းက ဒီလို အသုံးအဆောင် ပစ္စည်းမျိုးကို အလဲအလှယ်လုပ်နိုင်လောက်အောင် စွမ်းဆောင်ရည် ရှိတယ်လို့ မထင်ဘူးလေ။ အခု မင်းက ဒီလို ဆုလာဒ်မျိုးရအောင် ဘယ်လိုကိစ္စ လုပ်ခဲ့တယ်ဆိုတာ သိချင်မိသား"

ယန်ချန်းက ပြန်မဖြေဘဲ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။ သူ့မျက်ဝန်းကပင် သွေးများ စီးကျလာမတတ်ဖြစ်နေသည်။

"ပြန်မဖြေဘူးလား။ ကောင်းပြီလေ။ ကိစ္စတော့ မရှိပါဘူး"

ဝမ်ချန်က အသက်ပြင်းပြင်းရှုကာ လက်သီးဆုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကြွက်သားတိုင်းကို ခံစားနေသည်။ သူက လက်သီးချက် ထုတ်ဖော်လိုက်သည့်အခါ သူ့ဝိညာဉ်သည် အင်မတန် အာရုံစူးစိုက်လာပြီး သူ့ဘဝ၏ အကောင်းဆုံးလက်သီးချက်ကို ထိုးခွင့်ပြုလိုက်သည်။

မိုးကောင်းကင်မှ ရွှေရောင်နဂါးတစ်ကောင် ဆင်းသက်လာပြီး အော်သံထုတ်ကာ လေဟာနယ်ကိုပင် တုန်ခါသွားစေသည်။ နဂါးက ဆိုးဆိုးဝါးဝါး အခြေအနေရှိနေသော်လည်း ကာကွယ်နေဆဲဖြစ်သည့် ယန်ချန်းဆီ တိုးဝင်လာသည်။ သတ္တုလုံးက သူ့ရှေ့တွင် လွင့်မျောနေပြီး အနီရောင်ဒိုင်းကာတစ်ခုကို ထုတ်လွှင့်ထား၏။ နှမြောစရာကောင်းလှစွာဖြင့် ထိုအရာက အသုံးမဝင်ခဲ့ပေ။

နဂါးက သူ့ဒိုင်းကာကို ဆုတ်ဖြဲပြီး သူ့ခန္ဓာကိုယ်ကို အမှုန့်ဖြစ်သွားစေကာ သူ့ဝိညာဉ်ကို ပစ်မှတ်ထားလာသည်။ နဂါးက ယန်ချန်း၏ ဝိညာဉ်ကို အားအနည်းဆုံး အနေအထားအဖြစ် လျှော့ချခဲ့ပြီး အစိတ်အပိုင်းတစ်ခုကို သလင်းကျောက်အတွင်း စီးပိတ်ခဲ့သည်။ ဝမ်ချန်က နောက်ဆုံးအနိုင်ရရှိသူ ဖြစ်လာသော်လည်း တော်တော်လေး တည်ငြိမ်နေလေသည်။

သူက လေဟာနယ်ထဲ တင်ပျဉ်ခွေထိုင်ကာ တရားထိုင်လိုက်၏။ သူ့အငွေ့အသက်က ချက်ချင်းဆိုသလို ငြိမ်းအေးကာ တည်ငြိမ်သွားသည်။ သူ့အရှိန်အဝါက ပတ်ဝန်းကျင်နှင့် ပေါင်းစည်းသွားပြီးသည့်နောက်တွင် သာမန်သေမျိုး တစ်ယောက်လိုမျိုး ပေါင်းစည်းသွား၏။

ဝမ်ချန်၏ တာအိုနှလုံးသားရှိ နောက်ဆုံးပြစ်ချက်က ကောင်းမွန်သွားပြီဖြစ်ကာ သူ့အစိတ်အပိုင်း အခြေအနေက ပြီးပြည့်စုံသွားပြီး ပြောင်းလဲသွားခဲ့သည်။ သူက မျက်လုံးကို ဖွင့်ကာ ရေရွတ်လိုက်၏။

"အခု စွန့်စားမှုခရီးလမ်းအသစ်အတွက် အချိန်ပဲ"

All Chapters