လီမိသားစု! ဂိမ်းအသစ် _ သစ်ခုတ်ခြင်း! ၂
Vol. 14 Ch. 197
လီရှင်းက ထပ်ရှင်းပြလိုက်သည်_ ''အဖေ... တခြားသူတွေဆို ဒီဝိုင်ကိုတောင်းလို့တောင်မရဘူး... ဒါပေမဲ့ ကျွန်တော်ကမတူဘူးလေ''
''အဖေမသိလို့... သူဌေးချင်ကလည်း အံ့သြစရာကောင်းတဲ့သူပဲ... သူဝိုင်အကြောင်းနှံ့စပ်ပုံက ကျွန်တော့်ထက်တောင် သာသေးတယ်... ကျွန်တော်တို့အချင်းချင်းအသိအမှတ်ပြုချီးကျူးကြပြီးတော့ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်လာတယ်... သူဌေးချင်မှာ ဒီလိုအဆင့်ရှိတဲ့ဝိုင်က နှစ်ပုလင်းပဲကျန်တော့တာ... အဲဒါကျွန်တော် သူ့ဆီကတောင်းခဲ့တာ''
''ကျွန်တော်ပြန်ရောက်ရောက်ချင်းပဲ အဖေနဲ့အဘိုးကို ဝိုင်နှစ်ပုလင်းလာပို့တာ... ကျွန်တော့်အတွက်ဘာမှချန်မထားရဲဘူး''
လီကျန်းက ထိုစကားကြားလျှင် ခေါင်းညိမ့်လိုက်ပြီး_ ''မင်းကမှသိတတ်သေးတယ်... အရင်ဆုံး ဒီဝိုင်မြည်းကြည့်ရအောင်''
''အဖေ... ကျွန်တော်ခွက်ယူပေးမယ်'' လီရှင်းကပြုံးပြုံးနှင့်ယူပြီး ပေးလိုက်သည်။
လီကျန်းကဖန်ခွက်ကိုယူပြီး တစ်ခွက်ငှဲ့သောက်လိုက်၏။

ချက်ချင်းလိုလို သူ့မျက်လုံးများအရောင်တောက်သွားသည်။ ဝိုင်အာနိသင်ကပြင်းလွန်း၍ မကြာမီပင် နွေးထွေးမှုကိုခံစားလိုက်ရ၏။ သူအလွန်သက်သောင့်သက်သာဖြစ်သွားသည်။
ဒီအာနိသင်က မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုရဲ့ဝိုင်ထက် တကယ်ပိုပြင်းတာပဲ။
''ဒီလိုဝိုင်တစ်သုတ်ထုတ်ဖို့ သူဌေးချင်က ဘယ်လောက်အချိန်ယူလိုက်ရလဲ?'' လီကျန်းက မမေးဘဲမနေနိုင်တော့။ သူ့သားက သူဌေးချင်နဲ့ဆက်ဆံရေးကောင်းတယ်ဆိုမှတော့ နောင်မှာ သူဌေးချင်ဆီကဝိုင်တောင်းရတာက မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်စုဆီက တောင်းရတာထက် ပိုလွယ်မည်မဟုတ်လား?
ချင်လင်ဒီလိုတစ်သုတ်ထုတ်ဖို့ ဘယ်လောက်အချိန်ယူရလဲ လီရှင်းတကယ်မသိ။ သူကသူရှင်းပြတတ်သလိုပြောလိုက်သည်_ ''အဖေ... သူဌေးချင် ဒါကိုထုတ်ဖို့ ဘယ်လောက်အချိန်ယူရလဲ ကျွန်တော်မမေးကြည့်ခဲ့ဘူး... ဒါမျိုးတွေမေးတာ ကျွန်တော့်အတွက်မကောင်းဘူးလေ''
''ဒါပေမဲ့ ဒီတစ်ခေါက် သူဌေးချင်ရဲ့ဝိုင်သိုလှောင်ခန်းမှာ နှစ် ၃၀ နှစ် ၂၅ နှစ် ၂၀ သက်တမ်းရှိတဲ့ဝိုင်တစ်သုတ်ရှိတယ်... သူဌေးချင်က ဒီဆေးဖက်ဝင်ဝိုင်စိမ်ဖို့ နှစ် ၃၀ ဝိုင် ၁၀ ကတ်တီနဲ့ နှစ် ၂၀ ဝိုင် ၄၅ ကတ်တီကို သေချာသုံးခဲ့တာ... တစ်သုတ်တစ်သုတ်ကို လုပ်ဖို့သိပ်မကြာလောက်ဘူး''
''အခုသူဌေးချင်က ဒုက္ခရောက်နေတာ... သူ့ကိုကူညီဖြေရှင်းနိုင်မယ်ဆိုရင် ဒီဝိုင်တစ်သုတ်ထဲက တချို့တလေရနိုင်လောက်တယ်''
လီကျန်းက ထိုစကားကြားလျှင် ခဏတွေးကြည့်ပြီးမှ မေးလိုက်သည်_ ''ဘယ်အပိုင်းမှာ ဒုက္ခရောက်တာလဲ? ဥပဒေနဲ့လွတ်ကင်းတယ်ဆိုရင် မင်းအစ်ကိုကိုဖုန်းဆက်ပြီး နှုတ်ဆက်ခိုင်းလိုက်မယ်... အဆိုးတကာ့အဆိုးဆုံးဖြစ်နေရင်တော့ မင်းအစ်ကိုကို လူကိုယ်တိုင်လာခိုင်းလိုက်မယ်''
......
လီရှင်းကချက်ချင်းဝင်ပြောလိုက်၏_ ''အဖေ အထင်လွဲနေပြီ... ဒီလိုမဟုတ်ဘူး... သူဌေးချင်က လူမသိသူမသိနေတတ်တာ... ဘယ်တော့မှဒုက္ခမရောက်ဘူး''
''အဖေရော အစ်ကိုကြီးရော သူ့ကိုမကူညီနိုင်ဘူး... သူဌေးချင်လေ့လာနေတဲ့မျိုးစေ့က ပြဿနာတက်နေတာဆိုတော့... သူ့ကို ဦးလေးသွားကြည့်ပေးဖို့လိုတာ... ဒါပေမဲ့ ဦးလေးက ဒီအတိုင်းတော့သွားမှာမဟုတ်ဘူး''
''ဒါပဲလား?'' လီကျန်းနည်းနည်းကြောင်သွားသည်။ သူကဒီထက်ဒုက္ခများမယ်ထင်ထားတာ။ သို့နှင့် သူကချက်ချင်းပင်_ ''ဒီကိစ္စ ငါ့တာဝန်ထား... ပြီးရင် သုတေသနတက္ကသိုလ်ကိုဖုန်းဆက်လိုက်မယ်''
…
ချင်းလင်စံအိမ်ထဲတွင်_
လီရှင်းထွက်သွားလျှင် ချင်လင်က ဖရဲမျိုးစေ့စိုက်ပျိုးခြင်းစာအုပ်ကိုယူပြီး တစ်နာရီကျော်ကြာလေ့လာလိုက်သည်။

နောက်ဆုံးတော့လည်း ဘာအကြောင်းတရားမှ သူမဖော်ထုတ်နိုင်။ မတတ်သာစွာနှင့် ရုံးခန်းထဲပြန်သွားပြီး ဒီပြဿနာကို လီရှင်း၏ဦးလေးဖန်းက လာပြီးကူညီနိုင်မကူညီနိုင် စောင့်နေရုံသာရှိတော့သည်။ မဟုတ်ရင် အစကပြန်စပြီး စမ်းသပ်မှုပြန်လုပ်နေရမည်။
ရုံးခန်းထဲပြန်ရောက်ပြီးနောက် ကျောက်မိုချင်းက သူ့ကိုလာရှာသည်_ ''ချင်လင်... ဒီဖိုင်လေးလက်မှတ်ထိုးပေးပါဦး''
ချင်လင်က စာဖိုင်ကိုယူပြီး ကြည့်လိုက်သည်။ အကြောင်းအရာမှာ ဝိုင်လုပ်ငန်းဝန်ထမ်းများလစာတိုးသည့်အကြောင်းဖြစ်သည်။
အခုဝိုင်လုပ်ငန်းက ချင်းလင်စံအိမ်အပိုင်ဖြစ်သွားပြီ။ ဆရာကျန်းတို့က စံအိမ်ဝန်ထမ်းများဖြစ်သွားကြပြီ။ နောင်မှာ သူတို့လစာကိုလည်း စံအိမ်အကောင့်ထဲမှရှင်းသွားမည်ဖြစ်သည်။
''အာ... အရင်ဆရာကျန်းရဲ့လစာက နည်းလွန်းတယ်နော်?'' ဆရာကြီးများ၏ယခင်လစာကိုမြင်လျှင် ချင်လင်အံ့သြသွားသည်။ ယွမ် ၃၅၀၀ တည်းတဲ့။ ဆရာကျန်းမှ ယွမ် ၄၅၀၀ ပဲရသည်။
သူဝိုင်လုပ်ငန်းကိုလက်လွှဲယူဖို့သဘောတူစဉ်က ဒီအချက်အလက်တွေကို စစ်ဆေးကြည့်ခဲ့သည်။ စီရင်ထဲရှိဝိုင်လုပ်ငန်းများတွင် အတွေ့အကြုံမရှိသောဝန်ထမ်းအသစ်များလည်း တစ်လယွမ် ၃၅၀၀ ရကြသည်။ အခြေခံအားဖြင့် ၃ နှစ်ကျော်အတွေ့အကြုံရှိသူများက ယွမ် ၅၅၀၀ မှ ၇၅၀၀၊ ၁၀ နှစ်ကျော်ပြီဖြစ်သောဆရာကြီးများက ယွမ် ၁၀၀၀၀ နှင့်အထက်ရကြသည်။
ရုံချန်းစီရင်စုမှာ ပုံမှန်အားဖြင့် လစာနည်းသည်ဆိုသော်လည်း ဒီပမာဏကတော့ နည်းလွန်းသည်မဟုတ်လား?
ဆရာကျန်းလိုဆရာကြီးများမှာ ဝိုင်လုပ်ငန်းတွင်နေထိုင်ရန် ခက်ခဲခဲ့သည်။ တခြားလူငယ်များသာဆိုရင် စမ်းကြည့်ကြလိမ့်မည်။
အခုကျောက်မိုချင်း၏လစာအစီအစဉ်က အခြေခံလစာအတိုင်း ဆရာကြီးများ၏လစာကို ယွမ် ၅၅၀၀၊ ဆရာကျန်း၏လစာ ယွမ် ၆၅၀၀ ဖြစ်ပြီး ဝိုင်လုပ်ငန်းမှဝိုင်အတွက် ကော်မရှင်ခပေးမည်ဖြစ်သည်။
သူရော ကျောက်မိုချင်းပါ သူတို့ဝန်ထမ်းများ၏ လစာပုံသေထားရသည်ကိုမကြိုက်။ ဝန်ထမ်းများအား ကော်မရှင်ခပေးရသည်ကို သဘောကျသည်။ ဒါမှသူတို့ဝန်ထမ်းတွေက စံအိမ်ဝင်ငွေနှင့် အဆက်အစပ်ရှိလာမည်။ စံအိမ်ဝင်ငွေမြင့်လေလေ သူတို့လစာမြင့်လေလေပင်။
သည်လိုနှင့် ဝန်ထမ်းများကိုတက်တက်ကြွကြွဖြစ်စေပြီး သူတို့နှင့်သက်ဆိုင်သည်ဟူသော ခံစားချက်ကိုပေးနိုင်မည်။ စံအိမ်က လစဉ်ဝင်ငွေလျော့သွားသောတန်ဖိုးဖြစ်၏။
သို့သော် တစ်ခါတရံ ရှုံးသည်မြတ်သည်က ပြောရခက်သည်။
ချင်လင်က ဘောပင်ကောက်ကိုင်ပြီး လက်မှတ်ထိုးလိုက်၏။
ကျောက်မိုချင်းက စာဖိုင်ကိုယူပြီးနောက်_ ''ဒါနဲ့ တစ်ခုရှိသေးတယ်... ဝိုင်လုပ်ငန်းက စံအိမ်နဲ့ပေါင်းသွားပြီဆိုတော့ အဲဒီမှာလည်း ဆိုင်းဘုတ်ရှိမယ်... စံအိမ်ရဲ့ဆိုင်းဘုတ်ကလည်း ဝင်ပေါက်အသစ်ရဲ့ဆိုင်းဘုတ်နဲ့မတူဘူးဖြစ်နေတယ်''
''ပြောချင်တာက ဆိုင်းဘုတ်နှစ်ခုက ခမ်းခမ်းနားနားမရှိဘူး... စာလုံးကိုပုံစံတကျဖြစ်အောင် အရေးအသားကျွမ်းကျင်သူတစ်ယောက်ခန့်တာကောင်းမလား? ပြီးရင် ဆိုင်းဘုတ်လုပ်ဖို့တစ်ယောက်ကို သီးသန့်ခန့်လို့ရတယ်''
''အမှန်ပဲ... လူကြီးမင်းချန်ကိုမေးကြည့်ဦးမယ်... ဒီအတွက် သူ့အသိများရှိမလားလို့'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူ့မှာ ဒါတွေလုပ်စရာရှိသေးသည်။ သို့သော် ဘယ်အရေးအသားဆရာသမားကိုမှ သူမသိချေ။
ဘာပဲဖြစ်ဖြစ် ဂန္တဝင်ဆန်ဆန်နှင့် ခမ်းခမ်းနားနားစာလုံးများရေးတတ်သော အရေးအသားကျွမ်းကျင်သူကိုရှာမည်။ မျက်လုံးစုံမှိတ်ပြီး အသံကျယ်ကျယ်နှင့် ''ငါလည်းလုပ်တတ်တယ်'' ဟူသော ဆရာမျိုးကိုရှာနေခြင်းမဟုတ်။
ကျောက်မိုချင်း ရုံးခန်းထဲမှထွက်သွားလျှင် ချင်လင်ကဖုန်းထုတ်ပြီး ချန်ရှန်းဖေကိုဆက်လိုက်သည်_ ''လူကြီးမင်းချန်... ကျွန်တော် စံအိမ်အတွက် ဆိုင်းဘုတ်နှစ်ခုလုပ်ချင်လို့... ကမ္ဗည်းထိုးတတ်တဲ့ အရေးအသားကျွမ်းကျင်သူအသိများရှိလား?''