ကျွမ်းကျင်သူတွေက တကယ်ထူးတယ်! စိတ်ဝင်စားဖွယ်လီခိုင်! ၁
Vol. 14 Ch. 202
ချင်လင်လည်း ဆိုင်းဘုတ်ပေါ်မှ မှတ်ချက်ကိုကြည့်လိုက်သည်။
(ချင်းလင်စံအိမ်သစ်မွှေးဆိုင်းဘုတ်: အရည်အသွေး ၂)
(သစ်မွှေးနှင့်လုပ်ထားသော အဆင့်မြင့်ဆိုင်းဘုတ်ဖြစ်သည်: အနံ့စုပ်ယူခြင်း +၂၊ သစ်မာခြင်း +၂၊ အပွေးသိနိုင်ခြင်း +၂၊ အင်းဆက်ပိုးမွှားနိုင်ခြင်း +၂၊ အာရုံဆွဲဆောင်ခြင်း +၂၊ အနုပညာအငွေ့အသက် +၂!)
ဤဆိုင်းဘုတ်မှတ်ချက်မှာ အရည်အသွေး ၁ နှင့်နည်းနည်းကွဲလွဲနေသည်။ အဆင့်မြင့်ဟူသော စကားလုံးလည်းပါ၏။
ထို့အပြင် အာရုံဆွဲဆောင်နိုင်ခြင်း +၂ အရည်အသွေးလည်းရှိသည်။ ဤအချက်က အရည်အသွေး ၂ သုံးပွင့်ဆိုင်ဇီးပန်းပင်၏ အာရုံဆွဲဆောင်နိုင်ခြင်း +၂ အရည်အသွေးနှင့်တူနေ၏။
နောက်ပြီး အနုပညာအငွေ့အသက် +၂ ဟူသော ထပ်တိုးအရည်အသွေးရှိသည်။
ဤအချက်က ဆိုင်းဘုတ်ဒီဇိုင်းပုံစံ၊ ဆရာချန်ဖုန်းဝူ၏ထိပ်တန်းလက်ရေးတို့နှင့် သက်ဆိုင်မည်ထင်သည်။ စနစ်ကိုအဆင့်မြှင့်ပြီးနောက် ဆိုင်းဘုတ်စာလုံးများက ဆရာချန်ဖုန်းဝူ၏မူရင်းထက်ပိုပြီး အသက်ဝင်သွား၏။
ဒီအချက်က ဆိုင်းဘုတ်တစ်ခုလုံး၏တန်ဖိုးကို ထိုးတက်သွားစေသည်မှာ သံသယဖြစ်ဖွယ်မရှိ။
ထို့ကြောင့် ဆိုင်းဘုတ်၏တကယ့်တန်ဖိုးမှာ အရင်တွက်ချက်ထားသည်ထက်ပိုပြီး ကျော်လွန်ဦးမည်။
ချင်လင်က အရည်အသွေး ၁ နှင့် ၂ သစ်မွှေးဆိုင်းဘုတ်ကို အလွန်ကျေနပ်အားရသွားသည်။
ကျန်ရှိနေသော သစ်သားနှင့်ထင်းရှူးမှာ အပြင်ထုတ်၍မရသလို ခက်ခက်ခဲခဲနှင့်အပြင်ထုတ်ခဲ့လျှင်လည်း သိပ်တန်မည်မဟုတ်ပေ။ ဂိမ်းထဲမှာသာ ရောင်းချပစ်မည်!
စက်ပစ္စည်းစမ်းသပ်ခန်းမထဲရှိ စက်သုံးလုံးထဲမှ နှစ်လုံးကိုအသုံးချပြီးဖြစ်သည်။ ကျန်နေသည်က ချည်မျှင်စက်။

သာမန်ယောက်ျားများမှာ ပိုးချည်မျှင်ကို လုံးဝစိတ်မဝင်စားသော်လည်း ပိုးချည်မျှင်က ခြေအိတ်၊ အောက်ခံအဝတ် စသည်ကိုထုတ်လုပ်နိုင်သည်ဆိုပါလျှင် တစ်မျိုးဖြစ်သွားမည်။
......
ချင်လင်က အရည်အသွေး ၁ နှင့် ၂ ခြေအိတ်များ၏အရည်အသွေးကို စူးစမ်းကြည့်လိုက်သည်။
မပြဲလွယ်ဘူး?
ဆွဲသားပါတယ်?
ဖြစ်ချင်တော့ ပစ္စည်းထုတ်ကြည့်ရန် သူ့မှာကုန်ကြမ်းမရှိသလို ကျောက်မိုချင်းနှင့်စမ်းကြည့်ရအောင်လည်း အခွင့်အရေးမရှိချေ။
ချင်လင်က ဂိမ်းထဲမှထွက်လာပြီး ဂိုဒေါင်သွား၍ ဆိုင်းဘုတ်အားလုံးကိုထုတ်ရန် စီစဉ်လိုက်သည်။ ထို့နောက် ဂိုဒေါင်ထဲမှာရက်ပိုင်းလောက်ထားပြီးမှ စံအိမ်ကိုပို့မည်။
ချန်ရှန်းဖေက ပုံစံငယ်ကိုပို့ပြီးရုံသာရှိသေး၍ သူချက်ချင်းထုတ်လို့ လုံးဝမဖြစ်သေး။ အချိန်ကိုက်မဖြစ်နိုင်သည်ကို အရူးတောင်သိမည်။
ဒီတော့ ရက်ပိုင်းလောက်စောင့်ရဦးမည်။
သို့သော် ဂိမ်းထဲမှာရက်ပိုင်းစောင့်လိုက်လျှင် တစ်ရက်က နှစ်ဝက်နှင့်ညီမျှသဖြင့် အချိန်မကိုက်တော့ပြန်။
ချင်လင်က ရုံးခန်းတံခါးဖွင့်လိုက်ရာ ဆရာကျန်းကို ကျောက်မိုချင်းရုံးခန်းဆီခေါ်သွားသော ငွေစာရင်းကိုင်တစ်ဦးကိုတွေ့လိုက်ရသည်။
''သူဌေး?'' ဆရာကျန်းက ချင်လင်ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်၏။
သူကအလွန်စိတ်ချမ်းသာနေသည်။
အကြောင်းမှာ ဝိုင်လုပ်ငန်းက လုံးဝစိတ်ချရပြီဖြစ်သောကြောင့်ပင်။
သူဌေးအသစ်လို ဝိုင်အကြောင်းသိတဲ့သူက ဝိုင်လုပ်ငန်းကိုလက်လွှဲယူလိုက်ရင် တူတော့မဟုတ်မှန်းသူသိသည်။
ဝိုင်လုပ်ငန်းကိုလွှဲယူပြီးပြီးချင်း သူနှင့်သူ့လုပ်ဖော်ကိုင်ဖက်တွေကို လစာတိုးပေးခြင်းကြောင့်မဟုတ်ပေ။ အခုအလုပ်သင်များခေါ်ဖို့တောင် စလုပ်နေပြီ။ အသက်မဲ့နေသောဝိုင်လုပ်ငန်းမှာ တဖန်ပြန်ပြီး အသက်ဝင်လာတော့မည်။
ငွေစာရင်းကိုင်အမျိုးသမီးကလည်း ချင်လင်ကို တရိုတသေအစီရင်ခံလိုက်သည်_ ''သူဌေး... သူဌေးကတော်က ဆရာကျန်းကိုခေါ်ခိုင်းလိုက်လို့ပါ... ကျွန်မတို့ဝိုင်လုပ်ငန်းအတွက် ကုန်ကြမ်းထပ်ရှာရပါမယ်... ပြီးရင် ကျွန်မတို့ဘဏ္ဍာရေးဌာနက တန်ဖိုးတွက်ချက်ပေးမှာပါ''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
ယခင်ကဝိုင်လုပ်ငန်းမှာ ဆရာကျန်းပြောသောအရာရှိများ မွှေခြင်းကိုခံလိုက်ရ၏။ ထိုအရည်အသွေးနိမ့်ကုန်ကြမ်းများမှာသုံးမဖြစ်၍ အသစ်ထပ်ရှာရမည်။
ဒီလိုပြဿနာတွေအားလုံးကို သူကိုင်တွယ်နိုင်တာ အားလုံး သူ့ရဲ့ဇနီးကောင်းကျောက်မိုချင်းကိုကျေးဇူးတင်ရပေမည်။

ဆရာကျန်းက ရုတ်တရက်အားတုံ့အားနာပုံနှင့်_ ''သူဌေး... ကုန်ကြမ်းကို ကျုပ်ကိုယ်တိုင်ရွေးလို့ရမလား?''
''ကောင်းပါပြီ... အချိန်တန်ရင် ဘဏ္ဍာရေးဌာနက ခင်ဗျားနဲ့ပူးပေါင်းပါလိမ့်မယ်... တန်ဖိုးအတွက်တော့ စိုးရိမ်စရာမလိုပါဘူး... အရည်အသွေးမြင့်ပစ္စည်းတွေပဲလိုချင်တာပါ'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ ဝိုင်လုပ်တာနဲ့ပတ်သက်ပြီး ဘယ်သူမှ ဆရာကျန်းထက်ပိုမသိနိုင်။
နောက်ပြီး ဝိုင်သိုလှောင်ခန်းနှင့်သက်တမ်းရင့်ဝိုင်ဖြစ်ရပ်အပြီးတွင် ဆရာကျန်းကိုမယုံစရာအကြောင်းမရှိတော့။ သူလက်လွှတ်ပေးသင့်သောအရာများရှိသည်။ ဆက်ကိုင်ထားလျှင် သူပဲပင်ပန်းမည်။
''ကျေးဇူးပါ သူဌေး'' ဆရာကျန်းက စိတ်အားထက်သန်စွာနှင့် ချက်ချင်းကတိပေးလိုက်သည်_ ''ဝိုင်လုပ်ငန်းကနေ ဝိုင်အသစ်တစ်သုတ်အမြန်ဆုံးရအောင်ထုတ်မှာပါ... အရည်အသွေးက လုံးဝစိတ်မပျက်စေရပါဘူး''
ချင်လင်က ဆရာကျန်းကိုယုံသည်။ နောက်ပြီး နှစ် ၆၀ သက်တမ်းဝိုင်သိုလှောင်ခန်းနှင့်ဝိုင်စိမ်လျှင် အနည်းဆုံး ဝိုင်အသစ်က အနံ့မွှေးမှာအာမခံနိုင်သည်။ သူသာပစ္စည်းကောင်းနှင့်စိမ်ပြီး အရသာလိုက်ဖက်အောင်လုပ်နိုင်ရင် ဝိုင်အသစ်ကလုံးဝကောင်းမှာပင်။
ချင်လင်ကစံအိမ်မှထွက်ပြီး ပိုးထည်တချို့ဝယ်ကာ ဂိုဒေါင်ဆီသွားလိုက်သည်။ သူကဆိုင်းဘုတ်သုံးခုကို ဂိမ်းထဲမှထုတ်ပြီး ပိုးနှင့်ပတ်လိုက်၏။
လုပ်ပြီးသည်နှင့် လီရှင်းဆီမှ ချင်လင်ထံဖုန်းဝင်လာသည်။
သူ့မျက်နှာဝင်းလက်သွားပြီး ချက်ချင်းဖုန်းကောက်ကိုင်လိုက်ရာ လီရှင်း၏အသံကိုကြားရသည်_ ''သူဌေးချင်... ကျွန်တော် ဦးလေးကိုခေါ်လာတယ်... အခုခင်ဗျားစံအိမ်ရဲ့ကားပါကင်ကိုရောက်နေပြီ''
''လူကြီးမင်းလီ... ကျွန်တော်အခုအပြင်ရောက်နေလို့... ချက်ချင်းပြန်လာခဲ့မယ်'' ချင်လင်က လီရှင်း၏ဦးလေးလာကယ်မည်ကိုစောင့်နေခြင်းပင်။
သူမနက်ခင်းကစံအိမ်ရောက်ပြီး ခြံဝင်းထဲရှိအစိမ်းရောင်မှန်လုံအိမ်ဆီသွားကာ ဖရဲပင်များကြည့်ခဲ့သေးသည်။ အခြေအနေက တိုးတက်မလာဘဲ အရွက်ခြောက်ပိုများလာ၏။
သူဒီအခြေအနေနှင့်ပတ်သက်ပြီး ဘာမှမတတ်နိုင်သဖြင့် လီရှင်း၏အကူအညီကိုသာ အားထားနေရသည်။
…
ချင်းလင်စံအိမ် မူလကားပါကင်၌_
လီရှင်းကဖုန်းချပြီး သူ့နံဘေးမှလူကိုပြောလိုက်သည်_ ''ဦးလေး... အထဲအရင်ဝင်ရအောင်!''
လီခိုင်မှာ လီရှင်း၏ဦးလေးဆိုသော်လည်း လီရှင်းထက် အသက်အနည်းငယ်သာပိုကြီးသည်။
ဒါကအထူးအဆန်းတော့မဟုတ်။ ယနေ့ခေတ်တွင် တူဖြစ်သူထက် ၁၀ နှစ်ကျော်ငယ်သောဦးလေးများစွာရှိနေပြီဖြစ်၏။
''လီရှင်း... မင်းငါ့ကိုမလိမ်နဲ့နော်... မဟုတ်ရင် မင်းနဲ့ငါအပြတ်ပဲ'' လီခိုင်က မကြည်မလင်နှင့် လီရှင်းနောက်မှလိုက်လာသည်။
သူ့အတွက်လွယ်လို့လား?
သီးနှံများကို အပူချိန်အနိမ့်မျိုးဗီဇစမ်းသပ်မှုများ နှစ်အတော်ကြာလုပ်လာခဲ့ရာ လွန်ခဲ့သောလပိုင်းများအထိ တိုးတက်မှုမရှိခဲ့။ သူ့မှာစိတ်ပျက်လွန်း၍ သုတေသနတက္ကသိုလ်မှ အိမ်တောင်မပြန်ချင်။
သူ့ကိုအားလပ်ရက်ယူဖို့ဖိအားပေးတဲ့ အနိုင်ကျင့်တဲ့ဖုန်းဝင်လာမယ်လို့ ဘယ်ထင်မလဲ? အခုတော့ သူဌေးချင်ရဲ့ဖရဲမျိုးစေ့ပြဿနာကိုကူညီဖြေရှင်းပေးဖို့ သူ့တူနောက် မလိုက်ချင်လိုက်ချင်နှင့်လိုက်နေရသည်။
စိတ်ထဲမှာတော့ ငြင်းဆန်နေမိသည်။
ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုသာ မသောက်ဖူးရင် သူလာတောင်မလာချင်။
သူဌေးချင်ပြဿနာကိုဖြေရှင်းပေးပြီးမှ သူ့တူကချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းပေးမယ်ဆိုတဲ့ကတိကိုမတည်ရင် သေချာပေါက်သူနဲ့အဆက်အသွယ်ဖြတ်ပစ်လိုက်မည်။