ကျွမ်းကျင်သူတွေက တကယ်ထူးတယ်! စိတ်ဝင်စားဖွယ်လီခိုင်! ၂
Vol. 14 Ch. 203
လီရှင်းက သူ့ဦးလေးပွစိပွစိပြောနေသည်ကို လျစ်လျူရှုထားလိုက်သည်။
သူ့မှာ ငွေအဆင့်ချင်းလင်ဝိုင် ၃ ပုလင်းရှိသေးသည်။
နောက်ပြီး သူဌေးချင်ကိုပြဿနာဖြေရှင်းပေးရင် သူဌေးချင်စိတ်ချမ်းသာသွားမည်။ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းလောက်တောင်းလည်း ကိစ္စမရှိ။
မူလခန်းမထဲရောက်သောအခါ လီရှင်းက_ ''ဦးလေး... အရင်ဆုံး အစိမ်းရောင်မှန်လုံအိမ်ထဲသွားပြီး ဖရဲသီးကြည့်ချင်လား?''
''သွားတာပေါ့... ကိစ္စပြီးရင် ပြန်ရအောင်'' လီခိုင်ငြင်းစရာအကြောင်းမရှိ။ ဒီကပြဿနာမြန်မြန်ရှင်းပြီး သူ့ရဲ့အပူချိန်နိမ့်သီးနှံမျိုးဗီဇစမ်းသပ်မှုကိုပြန်လုပ်ရဦးမည်။
သူတို့ခြံဝင်းထဲဝင်လာခဲ့သည်။ ပထမဆုံးသူတို့တွေ့သောအရာမှာ လယ်ကွက်၊ အမိုးကြီးကြီးနှင့် ဖရဲခင်းအသေးစားလေးဖြစ်၏။ မခူးရသေးသော ဖရဲသီးတချို့တောင်ရှိနေသေးသည်။
လယ်ကွက်မှာ အထူးတလည်ကြည့်ရန် သိပ်မရှိ။
ဖရဲခင်းကို လီခိုင်ကြည့်လိုက်သောအခါ သူအံ့သြသွားသည်။ သူကမယုံနိုင်ပုံနှင့် ပြေးသွားလိုက်ပြီး_ ''နောက်နေတာလား? ဆောင်းတွင်းကြီး ဒီမှာဖရဲသီးစိုက်ပြီးတော့ အပင်လည်းကောင်းကောင်းဖြစ်နေတယ်?''

လီရှင်းက အပြုံးနှင့်ရှင်းပြလိုက်သည်_ ''ဒါသူဌေးချင်တွေ့ထားတဲ့ မျိုးစပ်တဲ့ဖရဲသီးမျိုးလေ... ဆောင်းတွင်းမှာ အပင်ကောင်းကောင်းဖြစ်ရုံတင်မကဘူး... အရသာကလည်း သာမန်ဖရဲသီးထက်ချိုသေးတယ်... ဒါပေမဲ့ ဒါကဒုတိယမျိုးဆက်... အရသာက နည်းနည်းဆိုးတယ်... ပထမမျိုးဆက်ကတော့ ရှယ်ပဲ... ဖြစ်ချင်တော့ မျိုးကသိပ်မရှိတော့ဘူး... ဒါနဲ့ ပြဿနာဖြစ်နေတဲ့မျိုးစေ့တွေက အစိမ်းရောင်မှန်လုံအိမ်ထဲမှာ... သူဌေးချင်ပြောတာတော့ ဒီအပင်တွေသေကုန်ရင် ဒီဖရဲမျိုးတွေတုံးတော့မှာတဲ့''
ဖရဲပင်ကိုကိုင်ကြည့်လိုက်သောအခါ လီခိုင်၏လက်များတုန်နေသည်။ စိတ်လှုပ်ရှားစရာကောင်းလိုက်တာ။ သူလေ့လာနေတဲ့ အပူချိန်နိမ့်စမ်းသပ်မှုက ဒီလိုသီးနှံတွေရဲ့ရာသီမဟုတ် အပူချိန်နိမ့်နိမ့်မှာ ဖြစ်ထွန်းနိုင်စွမ်းပဲ။
ဒီရာသီမရွေးတဲ့သီးနှံတွေကို ဆောင်းတွင်းမှာ အမိုးအကာမပါဘဲ စိုက်နိုင်မစိုက်နိုင် သူအဖြေရှာကြည့်ချင်ခဲ့သည်။
ဒီခေါင်းစဉ်က နည်းနည်းတော့ခက်ခဲ၏။ သူ့တစ်ဘဝလုံးအချိန်ပေးကောင်းပေးရနိုင်သည်။ ဒါကိုသုတေသနလုပ်နိုင်ရင် သိပ္ပံနည်းပညာဆုရဖို့ပြဿနာမရှိတော့။
သူ့လေ့လာနေသည်မှာ လေးငါးနှစ်ခန့်ရှိပြီ။ စာတမ်းနည်းနည်းထုတ်ပြီး မှတ်ချက်တချို့ရခဲ့သည်ဆိုသော်လည်း ပေါက်ပေါက်မြောက်မြောက်မရှိခဲ့။
......
အခုတော့ သူတစ်ခုတွေ့လိုက်ရပြီ။ စိုက်ပျိုးထားပြီးဖြစ်တဲ့ ရာသီမရွေးအပူချိန်နိမ့်သီးနှံ။
ဒီဖရဲသီးက ရာသီမဟုတ်ဘဲ ဆောင်းတွင်းသီးနိုင်တယ်ဆိုမှတော့ အပူချိန်နိမ့်ကိုအလိုက်သင့်ဖြစ်နိုင်တဲ့မျိုးဗီဇတွေပါကိုပါရမည်။
သူ့အတွက်တော့ မိုးပေါ်ကရွှေထုပ်ကျလာသလိုပင်။
ဖရဲသီးတွေမျိုးတုံးတော့မယ်ဆိုသောစကားကြောင့် လီခိုင်က လီရှင်းကိုအောင့်သက်သက်နှင့်မေးလိုက်၏_ ''ဒီမှာ ဒီဖရဲမျိုးတွေရှိမှန်း မင်းသိတယ်မလား? ဘာလို့စောစောကမပြောတာလဲ?''
လီရှင်းက ရုတ်တရက်နည်းနည်းစိတ်လှုပ်ရှားလာသော သူ့ဦးလေးကိုကြည့်ရင်း အံ့သြပုံနှင့်_ ''ဦးလေး ဘာဖြစ်နေတာလဲ? ခင်ဗျားမှမမေးတာ... ခင်ဗျားကို ဖရဲမျိုးစေ့အကြောင်းပြောပြောချင်း ခင်ဗျားပဲစိတ်ပျက်ပြီးတော့ ငြင်းခဲ့တာလေ''
လီခိုင်က ပိုတောင်စိတ်ပျက်သွားပြီး_ ''မင်းသာ ဆောင်းတွင်းမှာ အစိမ်းရောင်မှန်လုံအိမ်မလိုဘဲ ဖရဲသီးစိုက်နိုင်တယ်လို့ပြောရင် ငါငြင်းမလား?''
လီရှင်းမှာ စကားရှာမရဖြစ်သွားကာ_ ''ဦးလေး... စဉ်းစဉ်းစားစားပြောပါ... ကျွန်တော့်ကို ပါးစပ်ပိတ်လို့ပြောတာ ဘယ်သူလဲ?''
''ပိတ်ဆိုတာနဲ့ ပိတ်ရောလား? မင်းဘာလို့ အထအနကောက်တာလဲ? မင်းငါ့ကိုပြောရမှာပေါ့!'' လီခိုင်က လီရှင်းနှင့် အသည်းအသန်ငြင်းခုံလိုက်ပြီး ဒေါသတကြီးနှင့်_ ''သွားတော့... ငါ့ကိုမနှောင့်ယှက်နဲ့... ငါဒီဖရဲပင်တွေနဲ့ အချိန်ဖြုန်းလိုက်ဦးမယ်''
''...'' လီရှင်းမှာ နေစရာနေရာမရှိသလိုခံစားလိုက်ရ၏။ သူကခြံဝင်းထဲမှ အောင့်သက်သက်နှင့်ထွက်လာပြီး ခန်းမထဲပြန်လာခဲ့သည်။
သူ့ဦးလေးက ဖရဲပင်တွေကို စိတ်ဝင်တစားဖြစ်နေမှန်းတွေ့ရလျှင် သူစိတ်သက်သာရာရသွားသည်။ အနည်းဆုံးတော့ သူဌေးချင်ကို သူ့ဦးလေးက အလေးမထားမှာ စိုးရိမ်စရာမလိုတော့ဘူးပေါ့။

…
ချင်လင်လည်း စံအိမ်ကိုအမြန်ဆုံးပြန်လာခဲ့သည်။
မူလခန်းမထဲသူရောက်လျှင် မကြည်မလင်ဖြစ်နေသောလီရှင်းကို တွေ့ရလေသည်_ ''လူကြီးမင်းလီ... ဘာဖြစ်လို့လဲ? ခင်ဗျားကို စိတ်တိုအောင်ဘယ်သူလုပ်တာလဲ?''
''ယုတ္တိမရှိတဲ့သူပေါ့ဗျာ'' လီရှင်းကြည့်ရတာ စိတ်ပျက်လက်ပျက်ပုံပေါက်နေသည်။ ပြီးမှသူက ခြံဝင်းဘက်ညွှန်ပြလိုက်ပြီး_ ''ကျွန်တော့်ဦးလေး အထဲမှာ... ခင်ဗျားရဲ့ဖရဲသီးတွေကို သူအရမ်းစိတ်ဝင်စားနေတဲ့ပုံပဲ''
သူကမတ်တပ်ထရပ်ပြီး ခြံဝင်းထဲလျှောက်သွားလိုက်သည်။
ချင်လင်လည်း ခြံဝင်းထဲချက်ချင်းလိုက်ဝင်သွားရာ အစိမ်းရောင်မှန်လုံအိမ်ထဲမှနွယ်ပင်များကိုဆွဲပြီး အပြင်ထုတ်ပစ်နေသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။
ထိုအခြင်းအရာကိုမြင်လျှင် လီရှင်းက အလျင်စလိုနှင့်မိတ်ဆက်ပေးလိုက်၏_ ''သူဌေးချင်... ဒါကျွန်တော့်ဦးလေး လီခိုင်ပါ''
လီခိုင်လည်း ချင်လင်ကိုမြင်လျှင်_ ''ခင်ဗျားက ဒီစံအိမ်ပိုင်ရှင်လား? ဒီဖရဲနွယ်ပင်တွေကို ခင်ဗျားစိုက်တာလား?''
ချင်လင်က လီခိုင်ဘယ်သူမှန်းသိလိုက်ပြီး ခေါင်းညိမ့်ကာ_ ''ကျွန်တော်လျှောက်လုပ်မိတာပါ... အားနာလိုက်တာ''
လီခိုင်က ထေ့ငေါ့ပြောလိုက်သည်_ ''အလုပ်မဟုတ်တာ... ဒီလိုကောင်းတဲ့အရာကို မင်းလက်ထဲမှာ ဘယ်လိုလုပ်လိုက်တာလဲ? မင်းဘယ်လိုလုပ်ရမှန်းမသိရင်လည်း စောစောကတည်းက လီရှင်းနဲ့ငါ့ကိုဘာလို့မမေးခိုင်းတာလဲ?''
''အာ!'' ချင်လင်ဘယ်လိုဖြေရမှန်းမသိတော့။
အရင်က လီရှင်းမှာ စိုက်ပျိုးရေးသုတေသနလုပ်တဲ့ဦးလေးရှိမှန်းမသိခဲ့သလို သူစမ်းသပ်ခဲ့သည်က ပြဿနာဖြစ်လာမည်မှန်းလည်းမသိခဲ့ပေ။ ဒီပြဿနာတွေဖြစ်မလာခင်က သူ့ကိုယ်သူအောင်မြင်သည်ဟုသာထင်ထားခဲ့သည်။
လီရှင်းက ဖြတ်ပြောလိုက်၏_ ''သူဌေးချင်... သူ့ကိုစိတ်ထဲမထားနဲ့... တစ်ခါတလေ ကျွန်တော့်ဦးလေးမှာ ချောင်းရိုက်ချင်စရာကောင်းလောက်အောင်လုပ်တတ်တဲ့စိတ်ရောဂါရှိတယ်''
လီခိုင်က လီရှင်းကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး_ ''လီရှင်း... စကားပြောဆင်ခြင်နော်... ငါကမင်းထက်အကြီး... ငါမင်းကိုရိုက်ရင် မင်းပြန်လုပ်လို့မရဘူး''
''...'' ဒီနေ့သူ့ဦးလေးအရှက်မရှိလိုက်ပုံကို လီရှင်းထပ်သိလိုက်ရပြန်သည်။ အရင်က သူဘာလို့မသိခဲ့ပါလိမ့်? သူကသက်ပြင်းသာချလိုက်ပြီး ဆက်မပြောတော့ချေ။
ချင်လင်က ဦးလေးနှင့်တူကြား စကားအသွားအလာကိုနားထောင်နေသည်။ သူတို့ကတစ်ယောက်နှင့်တစ်ယောက်ထေ့ငေါ့နေကြသော်လည်း သူတို့နှစ်ဦးမှာ တကယ်ရင်းနှီးမှန်း သူသိနိုင်သည်။
သူလည်း လီခိုင်ကိုပြုံးပြလိုက်ပြီး_ ''လူကြီးမင်းလီ... ခင်ဗျားဒီနယ်ပယ်မှာ ကျွမ်းကျင်သူမှန်းသိရင် သေချာပေါက် လီရှင်းကနေတဆင့်ဖိတ်တာပေါ့... အခုဘာဖြစ်သွားလဲသိချင်လို့ပါ? မျိုးစေ့တွေပျိုးထောင်တဲ့အဆင့်အားလုံးကို စာအုပ်ထဲကအတိုင်းလုပ်ခဲ့တာပါပဲ''
''ဒီစာအုပ်လား?'' လီခိုင်က အစိမ်းရောင်မှန်လုံအိမ်ထဲရှိ စင်တစ်စင်ပေါ်မှစာအုပ်ကိုဆွဲယူပြီး ချင်လင်အားမေးလိုက်သည်။
''ဟုတ်ပါတယ်... ဒီစာအုပ်ပါ'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ ထိုစာအုပ်မှာ ဘာပြဿနာဖြစ်နိုင်လဲ သူကြိုးစားပမ်းစားအဖြေရှာနေသော စာအုပ်ဖြစ်၏။
တစ်ဖက်တွင် လီခိုင်က အလွန်အထင်အမြင်သေးပုံနှင့်_ ''ဝမ်တဖန်း... ဒီလိုကောင်မျိုးက ဘယ်လိုလုပ်ပြီး စာအုပ်ထုတ်ရဲတာလဲ? ရေးတဲ့သူကလည်း ရေးရဲတယ်... ဖတ်တဲ့သူကလည်း ဖတ်ရဲတယ်ပေါ့? သူ့စာအုပ်က သာမန်အစေ့လွတ်ဖရဲမျိုးစေ့ကိုပျိုးထောင်နည်း... သူပြောသလိုသာလုပ်ရင် ဖရဲမျိုးစိတ်အတော်များများလမ်းလွှဲကုန်လိမ့်မယ်''