ကနဦး ဓား။
Vol. 137 Ch. 1916
လက်ထဲရှိ ဓားနှလုံးသားကို ကြည့်ကာ ခံစားချက်များ ပြည့်နှက် လာ၏။ ထိုအဖိုးအိုက သူ့ဓား နှလုံးသားအား ပေးအပ် ခဲ့သော်လည်း၊ ၎င်း၏ နာမည် ကိုပင် မသိ လိုက်ချေ။
ယနေ့မှ စတင်ပြီး သစ်သားအိမ် (၃၆) လုံးတွင်၊ (၃၅) လုံးသာ ကျန်ရှိ ပေတော့မည်။
“ ယဲ့ချင်းရှန် ဒါတွေ အားလုံးကို ... မင်း ပခုံးပေါ် ထမ်းထား စရာ မလို ပါဘူး၊ ဒါပေမယ့် တစ်နေ့ ကောင်းကင်ကြီး ပြိုကျတဲ့ အခါ၊ မင်းမှာ ဓားရှိ နေသေးတယ် ဆိုတာ သတိ ရပါ။ ”
အဆုံးတွင် ဓားသူတော်စင် ပြောသည့် စကားများ ပြန်ကြား ယောင်လျက်၊ ဓား နှလုံး သားကို နဖူးပေါ် တင်လိုက်သည်။
ဓား နှလုံးသားက တောက်ပစွာ ထွန်းလင်းလာပြီး၊ အတွင်းသို့ ပျော်ဝင် သွား တော့၏။
ယင်းက ရေကန်ထဲ ပြုတ်ကျ သွားသော ကျောက်စရစ်ခဲ တစ်လုံး နှင့်တူ၏။ ပေ (၁၀၀၀) သာ ရှိသော ဓားပင်လယ်သည်၊ (၁၀၀၀၀) အထိ ကြီးထွား လာသည်။
ဓား နှလုံးသားတွင်၊ ဓားသမား၏ ဆန္ဒများ ပါ၀င် သောကြောင့်၊ သန့်စင်ရန် လွယ်ကူမည် မဟုတ်ချေ။
ဓားသမား၏ ဆန္ဒမှာ၊ အခြားသော လူများထက် ချေဖျက်ရန် အခက်ခဲဆုံး ဖြစ်၏။ ဂရု မစိုက်သော် ဒဏ်ရာ ရသွား နိုင်သည်။
အဖိုးအို ရည်ရွယ်ချက်မှာ၊ အနာဂတ်တွင် သူ့ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အာဟာရ ဖြည့်တင်း ပေးရန် အတွက်၊ ဓား နှလုံးသားအား ဓား ပင်လယ်ဖြင့် ပေါင်းစည်းရန် ဖြစ်သည်။
၎င်းအပြင် သူတော်စင် တစ်ပါး၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ကာကွယ် ပေးပြီး၊ ပြိုင်ဘက်အား သိသိ သာသာ ဒုက္ခ ရောက် စေမည် ဖြစ်သည်။
အဖိုးအို၏ အဆို အရ၊ အချို့သော ရှေးဟောင်း မျိုးနွယ်စု များသည်၊ သူတို့၏ သားမြေး များအား၊ မမွေးဖွားမီ ဓား နှလုံးသား တစ်ခုကို၊ ပေါင်းထည့် ပေးထား ကြ၏။
ဤနည်းဖြင့် မွေးရာပါ ဓားနှလုံးသားကို ပိုင်ဆိုင် နိုင်မည် ဖြစ်သည်။ သို့သော် ရွှေခေတ် ဖျက်ဆီး ခံရ ပြီးနောက် ကောင်းကင်လမ်း ပျက် သွားကာ၊ ထိုပါရမီ ရှင်များ ပျောက်ကွယ် သွားခဲ့သည်။
ဓား နှလုံးသားကို ဓား ပင်လယ်ဖြင့် ပေါင်းစည်းလျက်၊ ဘဝ-သုံးပါး သစ်သီးကို အသက် သွင်းပြီး၊ ဝင်ရောက် လိုက်သည်။
ဘဝ-သုံးပါးဘုံ အတွင်း၊ သုံးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီးကို ထုတ်ယူကာ၊ စားသုံး တော့၏။
ခြေလက် အင်္ဂါများ တစ်လျှောက်သို့၊ ပူနွေးသော စီးကြောင်း တစ်ခု ဖြတ်သန်း လာ လေသည်။
သူ့ခန္ဓာ ကိုယ်မှ အလင်း (၃)မျိုး ထွက်ပေါ်လာ တော့သည်။ ယခင် သင်ခန်းစာ ရရှိ ထား သဖြင့်၊ အများကြီး မစား ဝံ့ချေ။
များမကြာခင် အထွတ် အထိပ် မရဏ စတုတ္ထ အဆင့်၌၊ တည်ငြိမ် သွား တော့သည်။
“ ကောင်းကင် တိမ်လွှာ သစ်သီး တွေရဲ့ အာနိသင်က၊ တကယ့်ကို မျှော်လင့် ထား သလို ပါပဲ ... ။ ”
တစ်လ ကုန်လွန် ပြီးနောက်၊ မရဏ ပဉ္စမ အဆင့်သို့ အောင်မြင်စွာ ဝင်ရောက် နိုင်ခဲ့သည်။ အထွတ် အထိပ် ရောက်ရန် ခြေ တစ်လှမ်းသာ လိုတော့၏။
လေးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီးများ ကုန်ဆုံးသွားသည်။ အာနိသင် မထိ ရောက်သော၊ သုံးရောင်ခြယ် သစ်သီး ဆယ်လုံး သာ ကျန်ရှိ ပေတော့၏။
ထို့ကြောင့် လက်ကျန် အချိန် များကို ပိုးစုန်းကြူး နတ်ဓား လေ့ကျင့်ရန် ဆုံးဖြတ် လိုက်သည်။
“ ပိုးစုန်းကြူး ရောင်ခြည် ... ။ ”
“ အာရုဏ်ဦး ရောင်ခြည် ... ။ ”
“ ဆည်းဆာ ရောင်ခြည် ... ။ ”
“ လကွယ် ည ... ။ ”
“ ကောင်းကင်က နှင်းတောင် ... ။”
“ ငွေသွေး ... ။ ”
“ မရဏ မိုးကြိုး အေးခဲခြင်း ... ။ ”
“ မွန်းတည့်ချိန် ... ။ ”
“ နှလုံးသား လမင်း ရောင်ခြည် ... ။ ”
“ အနန္တ ဓားများ ပေါင်းစည်းခြင်း ... ။ ”
နှစ်လ ကုန်လွန်ပြီးနောက်၊ ပိုးစုန်းကြူး နတ်ဓား၏ ဒသမ ဓားပုံစံကို နားလည် လာ တော့သည်။
မြင့်မြတ်မြေ များတွင်၊ ၎င်းကို လေ့ကျင့် သူများ ရှိသော်လည်း၊ နိဗ္ဗာန် အဆင့် မရောက်မီ ဒသမ ဓားအား၊ မည်သူမျှ နားမလည်ချေ။
“ ရွှပ် ... ။ ”
ဓားကို လွှဲခုတ် လိုက်သော အခါ၊ မီတာ တစ်ရာ အကွာ၌ ဓားရောင်ခြည် ပေါ်လာသည်။ ၎င်းသွားရာ လမ်း တစ်လျှောက်၊ အာကာပြင် ပြတ်တောက် သွား၏။
ကျယ်လောင်သော ဓားမြည်သံ ပဲ့တင် ထပ်ကာ၊ တံခါးကို တွန်းဖွင့် လိုက် သကဲ့သို့ အလင်း ရောင်များ တောက်ပ လာသည်။
ဤဓားသည် ပိုမို ပြီးပြည့်စုံ လာသော၊ ကနဦး ဓားဟု အမည် ပေးထားသည့်၊ သူ၏ ကိုယ်ပိုင် ဓား ဖြစ်၏။
“ ဒီဓားက အာကာသ တာအိုနဲ့ ... ထိတွေ့ လာပုံ ရတယ်။ ”
တစ်ယောက် တည်း အတွေးနက် သွား ခဲ့သည်။ ပိုးစုန်းကြူး နတ်ဓားသည် ဓားသမား အများစု လေ့ကျင့်သော ဓား ဖြစ်၏။
တစ်ဖက်တွင် ကနဦး ဓားသည် သူ့ တစ်ဦးတည်းပိုင် ဓား ဖြစ်သည်။
“ ဒါပေမယ့် ... ကနဦး ဓားက အလင်းတန်း အဆင့်ပဲ ... ရှိပါ သေးတယ်။ ”
ရုတ်တရက် အတွေး ပေါက်လာကာ၊ ဓားအား လွှဲချ လိုက်သည်။ ပတ်ဝန်းကျင်တွင် ဓားရောင်ခြည်များ ပြည့်နှက် သွားသည်။
ရပ်နေ လျက်မှ ပြိုင်ဘက် ဦးခေါင်းကို ဖြတ်လိုက် သကဲ့သို့၊ ခံစား လိုက်ရ လေသည်။ ဤအရာက သူ့အား မယုံနိုင် လောက်အောင် ခံစား လာရ စေ၏။
ယင်းကို ပြီးပြည့် စုံအောင် လုပ်နိုင်သော်၊ သူ့ပြိုင်ဘက်သည် ဓားအား မြင်လိုက် ရမည် မဟုတ်ချေ။ ထိုအချိန်၌ ကျင့်ကြံမှု မည်သို့ပင် ရှိစေ ကာမူ၊ သေရ ပေ လိမ့်မည်။
“ ဒါမျိုး ... ၊ မဖြစ် နိုင်ဘူးလို့ ... ထင်ရ ပေမယ့်၊ ကြယ်ဓား သာဆိုရင် ... ဖြစ်နိုင်ခြေ ရှိပါ တယ်။ ”
သုံးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီး (၁၀)လုံးကို သိမ်းဆည်းပြီး၊ ဘဝ-သုံးပါး ဘုံမှ၊ ထွက်ခွာ လာခဲ့သည်။
သူ ထွက်လာသော အခါ၊ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ အတွက်၊ စာရင်း သွင်းရန် ချန်ဖန်အား ခေါ်ယူ လိုက်သည်။
နှစ်ယောက်သား ကောင်းကင် တာအို ကျောင်းဆောင်သို့၊ အတူတူ ထွက်လာ ခဲ့မိ၏။ ကျန်ရှိသော ကောင်းကင် တိမ်လွှာ သစ်သီးများ အားလုံးကို ချန်ဖန်ထံ ပေးလိုက်သည်။
အံ့အားသင့် သွားပြီး၊ ချန်ဖန်မှ လက်မခံချေ။
“ ယူပါ ... ၊ ဒါတွေက ငါ့အပေါ် အကျိုး သက်ရောက်မှု မရှိ တော့ဘူး၊ မင်း အတွက် များ လွန်းတယ် ထင်ရင်၊ အခြား တပည့် တွေနဲ့ ဝေမျှလို့ ရပါတယ်။ ”
သို့မှသာ ချန်ဖန်က လက်ခံ လိုက်သည်။ သူက၊
“ အစ်ကိုကြီး ... ၊ မင်း တကယ် ဒီ-အဆင့်ကို ရွေးမှာလား၊” -ဟု မေးလာ ခဲ့သည်။
“ ဘာလို့လဲ ... မရ ဖူးလား ။ ”
လင်းယွန်မှ ပြန်မေး၏။
“ မဟုတ် ပါဘူး ... ရေွးနိုင် ပါတယ်၊ ဒါပေမယ့် လူတော်တော် များများက၊ အစ်ကို ကြီးကို မနာလို ဖြစ်နေ ကျတယ်၊ ဒီ-အဆင့် ပြိုင်ပွဲရဲ့ ကန့်သတ်ချက်က၊ နိဗ္ဗာန် စတုတ္ထ အဆင့်မို့၊ အစ်ကိုကြီး အတွက် အန္တရာယ် များတယ်၊ ...
... ဒါက ရှုံးရင် အရှက်ကွဲ တာထက် ပိုနိုင်တယ်၊ သူတို့က ထိန်းထားမှာ မဟုတ်ဘူး၊ ကံဆိုးရင် အသက်ပါ ပေးရ နိုင်တယ် ... ။ ”
ချန်ဖန် စကားကြောင့် လင်းယွန်က ပြုံးသည်။
“ ငါ အသက်ကို ... ယူချင် ကြတာလား၊ မူလ နဂါး မဟာ သူတော်စင်ရဲ့ တပည့်ကို ... တကယ် သတ်ရဲ ကြလား။ ”
“ ဒီလို မဟုတ်ဘူး အစ်ကိုကြီး၊ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ တိုင်းမှာ၊ သေဆုံးမှုတွေ ရှိကြတယ်၊ မူလ နဂါး သူတော်စင် တောင် ဝင်စွက်ဖက်လို့ မရဘူး။ ”
ချန်ဖန်က သက်ပြင်းချ လျက်၊
“ ယဲ့ဖေးဖန်က ဒီပွဲမှာ ... စီနီယာ အစ်ကို အပေါ်၊ လက်စားချေ လိမ့်မယ်။ ”
-ဟု ထုတ်ပြော လာတော့သည်။
“ ဒါဆိုလည်း ... ၊ သူ့ကို ဒီအခွင့် အရေး ပေးရအောင်။ ”
လင်းယွန်က ခေါင်းညိတ် လိုက်၏။ သူ၏ ဝှက်ဖဲများ ထုတ် မပြချင် ၍သာ၊ ဒီ-အဆင့်ကို ရေွးခြင်း ဖြစ်သည်။ မဟုတ်သော် ထျန်း-အဆင့်ကို၊ ရွေးမိ ပေမည်။
ထျန်း-အဆင့် ပထမ ဆယ်ယောက်၏ ဆုကြေးသည် ဒီ-အဆင့် ချန်ပီယံ ထက်ပင်၊ ပိုမို များပြား ချေ၏။
ကောင်းကင် တာအို ဘုံကျောင်းသို့ ရောက်သော အခါ၊ ရင်ပြင်၌ အဆင့် လေးဆင့် ရှိပြီး၊ လူများစွာ စုရုံး နေခဲ့ ကြသည်။
စင်မြင့် များကို သူတော်စင် သတ္တု များဖြင့် ပြုလုပ် ထားသော ကြောင့်၊ တောင်ငယ် များနှင့် တူ၏။
၎င်းတွင် ထိပ်တန်း အဆင့် အစီရင်များ ခင်းကျင်း ထားသည်။ အမည်ခံ သူတော်စင် ပင်လျှင်၊ ဖျက်ဆီးရန် ခက်ခဲ ပေမည်။
သူတော်စင် တပည့်များ ကြား တိုက်ပွဲသည် ကောင်းကင် တာအို ဂိုဏ်း အတွင်း ၊ ကြီးကျယ် ခမ်းနားသော ပွဲဖြစ်၏။
“ သူတော်စင် တပည့်တွေ အများကြီး ပါပဲလား၊ ကြည့်စမ်း ... စီနီယာ အစ်ကို ဟွာရွှမ် ဆိုရင် ... အသက် ကိုးဆယ် ကျော်ပြီး၊ မြေး တစ်ယောက်တောင် ရနေပြီ။ ”
“ အသက် ကိုးဆယ်ကျော် တော့ရော ဘာဖြစ်လဲ၊ နှစ်ငါးဆယ် အတွင်းသာ အမည်ခံ သူတော်စင် ဖြစ်လာ ခဲ့ရင်၊ သူ့ သက်တမ်း တိုးလာ လိမ့်မယ်။ ”
“ သူတော်စင် တပည့် ဟောင်းတွေ အများကြီး ပါလား၊ သူတော်စင် တပည့် အသစ် တွေ အတွက်၊ အခွင့် အရေး မရှိမှာ ငါ ကြောက်တယ်။ ”
“ အိုး ... ဟိုမှာ၊ ပိုင်ရှုရင် လာပြီ။ ”
ငရဲ သစ်ခွ ခြံဝင်းမှ၊ သန့်ရှင်းသော သမီးတော်၏ အသွင် အပြင်သည်၊ လူတိုင်းကို ချက်ချင်း ဖမ်းစား သွား၏။
သူမက လူတိုင်း မျှော်လင့် ထားသည့် အတိုင်း၊ ထျန်း-အဆင့်ကို ရွေးချယ်သွား ခဲ့လေ သည်။
ထျန်း-အဆင့်တွင် လူ တစ်ရာ မျှသာ ရှိသည်။ လူတိုင်းမှာ အနည်းဆုံး နိဗ္ဗာန်-ပဉ္စမ အဆင့်၌ ဖြစ်၏။
အသက် အရွယ် မျိုးစုံ ပါဝင် ကြသည်။ တစ်ဖက်တွင် ယဲ့ချင်းရှန် မည်သည့် အဆင့်ကို ရွေးချယ် မည်အား၊ လူသစ် များက သိချင် နေကြ၏။
ဟွမ်-အဆင့်သည် အသစ် ခန့်အပ် ထားသော သူတော်စင် တပည့်များ အားလုံး နီးပါး အတွက် ဖြစ်သည်။
နိဗ္ဗာန် အဆင့် ရောက်သူတိုင်း အတွက် ရည်ရွယ်ထားသော အဆင့် ဖြစ်၏။ အချို့သည် သာ၊ ရွှမ်-အဆင့်ကို ရွေးချယ် ပေမည်။
“ ဟွမ် အဆင့်ကို ... ၊ မရွေး ဖူးလား။ ”
ယဲ့ချင်းရှန်က တစ်ချက်ပင် မကြည့် ခဲ့ဘဲ၊ ဟွမ်-အဆင့်ကို ဖြတ်ကျော်ကာ၊ ရွှမ်-အဆင့် အနား ရောက်လာသည်။
“ မရွေး ပြန်ဘူး။ ”
သို့သော် ၎င်းကို ဖြတ်ကျော်လျက်၊ ဒီ-အဆင့်၌ ရပ်လိုက် တော့၏။ စာရင်း ရေးသွင်း နေသော အမည်ခံ သူတော်စင်က ပြန်မော့ ကြည့်ကာ၊
“ မင်း သေချာ ပြီလား။ ”
-ဟု မေးမြန်း လာတော့၏။
“ နိဗ္ဗာန် အဆင့် မရောက်ခင် ... ၊ ဒီ-အဆင့်ကို ဘယ်သူမှ မရွေးဘူး ... ၊ ဒါက မရဏ အဆင့်က တစ်စုံ တစ်ယောက် အတွက်၊ သေခြင်း တရားပဲ။ ”
“ ဒါဆို ... ၊ ‘သေခြင်း’ ဆိုတဲ့ ... အဲဒီ ဝေါဟာရကို ... ၊ ဘယ်လို စာလုံး ပေါင်းလဲ ငါ ကြည့်မယ်။ ”
လင်းယွန်က ပြုံးပြီး၊ သူ့ နာမည်ကို ချရေး လိုက်၏။
“ အိုး ... ယဲ့ချင်းရှန် မင်းတကယ် လာရဲ တာပဲ။ ”
ရုတ်တရက် အထင်အမြင် သေးသော အသံနှင့် အတူ၊ ယဲ့ဖေးဖန် လျှောက်လှမ်း လာ လေသည်။
သူ့ဘေးတွင် ကျန်းယွီ တစ်ယောက် လိုက်ပါလာ၏။ ၎င်းသည် ဒဏ်ရာ များမှ ပြန်၍ သက်သာ လာကာ၊ နိဗ္ဗာန်-စတုတ္ထ အဆင့်သို့ ရောက်ရှိ နေခဲ့သည်။
“ ဟား ဟား ဟား ... ၊ ယဲ့ချင်းရှန် ငါတို့ မတွေ့တာ ကြာပြီနော်။ ”
ကျန်းယွီက ဒေါသဖြင့် ရယ်မော လိုက်တော့သည်။
***