အခန်း (၉၈၁)
Vol. 71 Ch. 981
ဟယ်ချူက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူ့လက်ထဲတွင်ရှိသော လှံရှည်က သွေးမိကျောင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
“အင်မော်တယ်ရင်းမြစ်ကမ္ဘာကို ဖျက်ဆီးပစ်မယ်တဲ့လား”
“မင်းက အရမ်းသတ္တိရှိနေတဲ့ပုံပဲ”
ကောင်းကင်နှင့်မြေကြီးကြားတွင် အသံတစ်သံ ပေါ်ထွက်လာသည်။
ဟန်မူယဲ့၏ ဓားအလင်းသည် အလွန်တောက်ပနေခဲ့သည်။
“မွေးစားအဖေ”
ဟွမ်ကျစ်ဟူက တစ်ဖက်သို့ လှည့်ကြည့်လိုက်ပြီး အာကာသထဲတွင်ရပ်နေသော ဟန်မူယဲ့ကို မြင်ရသည်။
နှစ်ပေါင်းနှစ်ထောင် ကြာမြင့်သွားခဲ့သော်လည်း သူမ၏ မွေးစားအဖေက ပုံစံပြောင်းမသွားခဲ့ပေ။
ထိုအချိန်တွင် ဟွမ်ကျစ်ဟူက တော်ဝင်ကျောင်းတော်သို့ ပြန်ရောက်သွားသည်ဟု ခံစားလိုက်ရသည်။ သူမက မွေးစားအဖေ စိတ်မပျက်စေရန်အတွက် အပြင်းအထန် ကြိုးစားခဲ့သည်။
သူမ၏ နှလုံးသားထဲတွင် အဖေအရင်းဖြစ်သော ဟွမ်ခြောက်နှင့် ယှဉ်လိုက်လျှင် ဟန်မူယဲ့က ပိုမိုအရေးပါသည်။
အဖေအရင်းက သူမအတွက် သူရဲကောင်းတစ်ယောက် ဖြစ်သော်လည်း မွေးစားအဖေက စည်းကမ်းတင်းကျပ်ပြီး လောကတွင်ရှိသော အကောင်းဆုံးအရာများကို ပေးအပ်သည်။
ဟွမ်ကျစ်ဟူက စတင်ကျင့်ကြံခဲ့သောအချိန်တွင် တခြားလူများနှင့်မတူကြောင်း သတိထားမိသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၊ အလယ်ပိုင်းကုန်းမြေ၊ ဓားတာအိုနှင့် ကွန်ဖြူးရှပ်တာအိုတို့တွင် သူမက တခြားလူများ မော့ကြည့်ရသော လူတစ်ယောက် ဖြစ်ခဲ့သည်။
သူမ မကျင့်ကြံခင် မွေးစားအဖေက လျှို့ဝှက်နယ်မြေသို့ ခေါ်သွားပြီး သွေးပင်လယ်နှင့် အလောင်းတောင်တန်းကို မြင်စေခဲ့သည်။
ဟန်မူယဲ့က ဟွမ်ကျစ်ဟူကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြသည်။
ထိုအပြုံးကြောင့် ဟွမ်ကျစ်ဟူက မျက်ရည်ဝဲလာသည်။
“ဂိုဏ်းတူအစ်ကိုဟန်”
“ဓားဘိုးဘေးမူယဲ့ပဲ”
ဓားဝင်္ကပါထဲမှ အံ့အားသင့်နေသောအသံများ ပေါ်ထွက်လာသည်။
ဟွမ်ကျစ်ဟူ၏ ဓားကျင့်ကြံသူစစ်တပ်သည် ပြောင်းလဲသွားခဲ့သော်လည်း အဓိကလူများသည် ဟန်မူယဲ့ စုစည်းပေးခဲ့သောလူများ ဖြစ်သည်။
သူတို့က အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးပါး ပြိုကျသွားခြင်းကို ကြုံတွေ့ခဲ့ပြီး ဓားဘိုးဘေးမူယဲ့ မြင့်တက်လာသည်ကို မြင်ခဲ့ရသည်။
သူတို့၏အမြင်တွင် ဓားဘိုးဘေးမူယဲ့က ပြိုင်ဘက်ကင်းသည်။
ဟန်မူူယဲ့က ခေါင်းညိတ်လိုက်ပြီး အသားစီးရနေသော ကမ္ဘာခြားစစ်တပ်နှင့် ကောင်းကင်တွင်ရစ်ဝဲနေသော ကျင့်ကြံသူများကို ကြည့်သည်။
သူတို့က အင်မော်တယ်အလင်းကို ထုတ်လွှတ်နေကြသည်။
ဟယ်ချူက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဟန်မူယဲ့က အင်မော်တယ်အလင်းကို ထုတ်လွှတ်မထားသော်လည်း တည်ငြိမ်နေသည်။ ထို့အပြင် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ကျင့်ကြံသူများ၏ ပုံစံအရ အစစ်အမှန်ကျွမ်းကျင်သူတစ်ဦး ဖြစ်ပုံပေါ်သည်။
ဟယ်ချူက ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်သောကြောင့် လူသားလောကတွင် မည်သူ့ကိုမှ မကြောက်ရွံ့ပေ။
သို့သော် လူသားလောက၏ ကောင်းကင်နှင့်မြေကြီးက ကောင်းကင်အင်မော်တယ်များကို ဖိနှိပ်ထားသည်။ ဤလောက၏ကန့်သတ်ချက်ထက် ကျော်လွန်သောစွမ်းအားကို ထုတ်သုံးရန် ခက်ခဲသည်။
အကယ်၍ အင်မော်တယ်ကမ္ဘာတွင် ဖြစ်နေလျှင် သူက ဤနေရာတွင်ရှိသော လူတိုင်းကို လွယ်ကူစွာ သတ်ပစ်နိုင်သည်။
သူတို့အားလုံးက ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။
ဟယ်ချူက အေးစက်စွာနှာမှုတ်လိုက်ပြီး တိုက်ရိုက်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုလူကို သူတို့က အားကိုးနေသောကြောင့် အားလုံး၏ရှေ့တွင် သတ်ဖြတ်လိုက်လျှင် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ကျင့်ကြံသူများ၏ စိတ်ခွန်အားကို လျော့ကျစေလိမ့်မည်။
သူက လက်မြှောက်ပြီး လှံရှည်ကြောင့်ဖြစ်လာသော သွေးမိကျောင်းပုံရိပ်ကို တွန်းပို့လိုက်သည်။
သွေးမိကျောင်းက ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။
သွေးမိကျောင်း၏ ကြီးမားသောခွန်အားကြောင့် လေဟာနယ်က အက်ကွဲသွားသည်။
ထိုမိကျောင်း၏ခွန်အားသည် ဤကမ္ဘာ၏ ကန့်သတ်ချက်ထက် ကျော်လွန်နေပြီး အနည်းဆုံး လေဟာနယ်သန့်စင်ခြင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဟွမ်ကျစ်ဟူက နောက်ဆုတ်လာရသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
ဓားဝင်္ကပါသည် ထိုမိကျောင်းကို မခုခံနိုင်ပေ။
သွေးမိကျောင်း ပြေးထွက်လာသောအခါတွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာက တုန်ခါသွားသည်။
လောက၏ခွန်အားက သွေးမိကျောင်းကို ခုခံနိုင်ရန် ကြိုးစားနေသည်။
သို့သော် သွေးမိကျောင်းက အလွန်အားကောင်းသောကြောင့် လောက၏စွမ်းအားကို လျစ်လျူရှုပြီး ဟန်မူယဲ့ဆီသို့ ရောက်လာသည်။
ဓားဝင်္ကပါက ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။
ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများက ချီစွမ်းအင်ကို အသက်သွင်းသည်။
‘ဓားဘိုးဘေးမူယဲ့က အဲဒီတိုက်ကွက်ကို ခုခံနိုင်မှာလား’
“ပျက်စီးနေတဲ့ အင်မော်တယ်ရတနာနဲ့ ကြွားဝါရဲတယ်ပေါ့”
ဟန်မူယဲ့က ပြေးဝင်လာသော သွေးမိကျောင်းကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်လျက် ဓားမြှောက်သည်။
ဓားစွမ်းအင်က အလွန်တောက်ပနေပြီး သွေးမိကျောင်းကို နှစ်ပိုင်းခွဲပစ်လိုက်သည်။
“ဘုန်း”
ဓားအလင်းသည် ကောင်းကင်ကို ဆက်လက်ထိုးခွဲသွားပြီး ပြိုကျလာစေသည်။
“ဘန်း”
သွေးနီရောင်လှံရှည်က နှစ်ပိုင်းပြတ်သွားပြီး မရေမတွက်နိုင်သော သွေးစွမ်းအင်က နေရာအနှံ့သို့ ဖြာထွက်လာသည်။
ဓားချက်တစ်ချက် ....
ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် မရပ်တန့်နိုင်သော သွေးမိကျောင်းကို ဖျက်ဆီးပစ်ခဲ့သည်။
လူတိုင်းက ပြင်းထန်သောတိုက်ပွဲတစ်ခုကို မြင်ရလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် အလွန်ရိုးရှင်းနေသည်။
“ဒါက ဘယ်လိုလုပ်ပြီး ....”
ဟယ်ချူက မျက်လုံးပြူးနေပြီး ကျိုးပဲ့သွားသောလှံရှည်ကို ကြည့်သည်။
ထိုလှံရှည်သည် အင်မော်တယ်ရတနာဖြစ်ပြီး ဂိုဏ်းက သူ့ကို ချီးမြှင့်ခဲ့သည်။
ထိုရတနာက အခွင့်အရေးတစ်ခုဖြစ်ပြီး သူက ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်လာခဲ့သည်။
ထို့ကြောင့်ပင် သူက ဂိုဏ်းတပည့်များကိုစုစည်းပြီး လူသားကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။
သို့သော် သူ၏ အစစ်အမှန်အခွင့်အရေးကို မဖမ်းဆုပ်နိုင်ခင် လှံရှည်က နှစ်ပိုင်းပြတ်သွားခဲ့သည်။
‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
ဟယ်ချူ၏နောက်တွင်ရှိသော အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများက ထိတ်လန့်နေကြသည်။
သူတို့အားလုံး လှံရှည်၏စွမ်းအားကို ကောင်းမွန်စွာ နားလည်သည်။
ယခင်က လူသားကမ္ဘာတစ်ခုတွင် ထိုလှံရှည်က ကမ္ဘာတစ်ခုလုံးကို တိုက်ရိုက်ဖျက်ဆီးပြီး သက်ရှိတစ်ဝက်ကို ဝါးမြိုခဲ့သည်။
“အဲဒီဓားချက်က အရမ်းသန်မာလွန်းတယ်”
ဝိညာဉ်လေးပါးကမ္ဘာ၏ ကျင့်ကြံသူများက ထိတ်လန့်စွာ အော်ဟစ်လိုက်ကြပြီး အလိုလျောက် နောက်ဆုတ်မိသည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် ထိုကျင့်ကြံသူမျိုး ရှိနေသောကြောင့် သူတို့၏ လူအရေအတွက်က မည်မျှပင် များပြားနေပါစေ သေဆုံးရလိမ့်မည်။
နတ်ဘုရားဘုရင်အဆင့် ကျင့်ကြံသူများက တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြသည်။
“ဓားဘိုးဘေးက အရမ်းသန်မာတာပဲ”
ဓားဝင်္ကပါတွင် ရှိနေသောလူများက မျက်လုံးပြူးသွားကြသည်။
ဟန်မူယဲ့က တိုက်ခိုက်နိုင်စွမ်းကောင်းပြီး သူတို့ကို တစ်ခါမှ စိတ်မပျက်စေခဲ့ပေ။
သို့သော် ဟန်မူယဲ့က ထိုသို့ သန်မာနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူတို့ကို ဖိအားပေးခဲ့သော သွေးမိကျောင်းက ဓားတစ်ချက်ကြောင့် နှစ်ပိုင်းပြတ်သွားခဲ့သည်။
သိပ်မဝေးသောနေရာတွင် ဟွမ်ခြောက်က အံ့အားသင့်သွားသည်။
“သူက အရမ်းသန်မာတာပဲ ....”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ဟွမ်ခြောက်က ဟန်မူယဲ့နှင့် မယှဉ်နိုင်ကြောင်း သိခဲ့သည်။
နောက်ပိုင်းတွင် သူက မိစ္ဆာကမ္ဘာသို့ ရောက်သွားပြီး အလွန်သန်မာသော ကောင်းကင်နင်းခြေမိစ္ဆာဘုရင် ဖြစ်လာခဲ့သည်။
သူက ဟန်မူယဲ့ကို လွှမ်းမိုးနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ဟန်မူယဲ့က သူ့ထက် ပိုမိုသန်မာနေခဲ့သည်။
ယခုအချိန်တွင် နှစ်ပေါင်းနှစ်ထောင်ကျော် ကြာမြင့်သွားပြီး ဟန်မူယဲ့၏ ခွန်အားကို သူက နားမလည်နိုင်တော့ပေ။
“ငါက ချန်းဖျင်ကိုခေါ်ပြီး အင်မော်တယ်ကမ္ဘာကို သွားကြည့်ရမယ်”
ဟွမ်ခြောက်၏မျက်လုံးများက တောက်ပနေပြီး တီးတိုးရေရွတ်လိုက်သည်။
“ဝီ”
ဟန်မူယဲ့၏ရှေ့တွင် ကောင်းကင်နှင့်မြေကြီးက ပြိုကျသွားပြီး သွေးကမ္ဘာတစ်ခု ဖြစ်လာသည်။
ထွက်ပြေးတော့မည်ဟယ်ချူက ရပ်တန့်လိုက်ပြီး ပျော်ရွှင်သွားသည်။
“ဟားဟား၊ သွေးရေလှိုင်းက သွေးပင်လယ်ဘိုးဘေး နိုးထလာတာပဲ”
“ဟားဟား၊ ငါက သွေးယဇ်ပူဇော်ခြင်းတွေ အများကြီးလုပ်ပြီးတာတောင် သွေးပင်လယ်ဘိုးဘေးကို မနိုးထစေခဲ့ဘူး။ ဒါပေမဲ့ မင်းကတော့ သူနိုးလာအောင် ကူညီပေးခဲ့တယ်”
ဟယ်ချူက ကြမ်းတမ်းသောမျက်နှာထားဖြင့် ဟန်မူယဲ့ကိုကြည့်နေပြီး ဟိန်းဟောက်လိုက်သည်။
“မင်းဘယ်လိုသေသွားမလဲ ငါကြည့်နေမယ်”
“မင်းတစ်ယောက်တည်း သေသွားမှာမဟုတ်ဘူး။ မင်းရဲ့ ကမ္ဘာတစ်ခုလုံးကလည်း သွေးပင်လယ်ဘိုးဘေးအတွက် စားစရာဖြစ်သွားလိမ့်မယ်”
သူ၏ စကားကြောင့် သွေးစွမ်းအင်လောကသည် တုန်ခါလာခဲ့သည်။
လူသားလောက၏ ပျက်စီးခြင်းက ပိုမိုလျင်မြန်လာသည်။
ကောင်းကင်နှင့်မြေကြီးက မခုခံနိုင်ပဲ သွေးရောင်ပြောင်းသွားသည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာက အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုနှင့် ကြုံတွေ့နေရသကဲ့သို့ ငိုကြွေးနေသည်။
ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏ ဝမ်းနည်းမှု ဖြစ်သည်။
ဟန်မူယဲ့က ထိုခံစားချက်နှင့် ကြုံတွေ့ဖူးသည်။
ထိုအရာသည် ဖျက်ဆီးခံရတော့မည့် ကမ္ဘာတစ်ခု၏ ငိုကြွေးခြင်း ဖြစ်သည်။
အလွန်အားကောင်းသော သွေးစွမ်းအား၏ ဝါးမြိုခြင်းကို မည်သည့် လူသားကမ္ဘာက ခုခံနိုင်မည်နည်း။
အဆင့်နိမ့်ကမ္ဘာများသည် ထိုသို့ပင် ဖြစ်ကြသည်။
အားနည်းသည်။
ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နေထိုင်ခဲ့သောအချိန်ကို ပြန်တွေးမိသည်။
သူ၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းက အားနည်းသောကြောင့် မဟာကျင့်ကြံသူများ၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်သဖွယ် ဖြစ်နေသည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာသည် နတ်ဘုရားခုံရုံးခေတ်မှစတင်၍ မရေမတွက်နိုင်သော သက်ရှိများကို ပျိုးထောင်ပေးခဲ့သည်။
ဤနေရာတွင် တိုက်ပွဲအမျိုးမျိုး ဖြစ်ပွားခဲ့သည်။ ဘုံကိုးပါးသည် ပြိုကျသွားပြီး မဟာကျင့်ကြံသူကြီးတစ်ယောက်က လောကကို ဓားဖြင့် ထိုးဖွင့်ခဲ့သည်။
သို့သော် ဤလောကသည် သက်ရှိများအားလုံးအတွက် ကျင့်ကြံခြင်းနေရာတစ်ခုကို တိတ်ဆိတ်စွာ ထောက်ပံ့ပေးနေဆဲ ဖြစ်သည်။
ယခုအချိန်တွင် ဟန်မူယဲ့က လောကကို ဓားဖြင့် ထိုးခွဲလိုက်သော်လည်း လောက၏ ရန်ငြိုးကို မခံစားရပေ။
“တာအိုက အရာအားလုံးကို လွှမ်းခြုံထားတယ်”
“ငါ့ဓားကတော့ သေးငယ်တယ်”
ဟန်မူယဲ့က တီးတိုးပြောသည်။
သူ၏ ကျင့်ကြံဆင့်နှင့် ခွန်အားက ဤကမ္ဘာထက် အဆပေါင်းများစွာ သာလွန်နေသော်လည်း ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ခံစားနေရသည်။
ထိုစွမ်းအားသည် သူ့စိတ်ထဲမှ ရောက်လာသည်။
သူက နားလည်သွားသည်။
ဤလောကသည် စကားတစ်ခွန်းမှမပြောပဲ သက်ရှိများအားလုံးကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ထောက်ပံ့ပေးထားသည်။
ထိုအရာသည် ကျင့်ကြံခြင်း၏ ပုံစံတစ်မျိုးပင် ဖြစ်သည်။
ဤလောကနှင့် ယှဉ်လိုက်လျှင် သူ၏ ကျင့်ကြံခြင်းက အလွန်သေးငယ်သည်။
ဟန်မူယဲ့က ပြိုကျနေသောကမ္ဘာကို တိတ်ဆိတ်စွာကြည့်ပြီး စိတ်အခြေအနေ တိုးတက်လာကြောင်း ခံစားမိသည်။
“အထွတ်အထိပ်အဆင့်”
ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ၏ စိတ်အခြေအနေ ဖြစ်သည်။
အရာအားလုံးကို လွှမ်းခြုံထားပြီး လောကသည် သူ၏ နှလုံးသားထဲတွင် ရှိနေသည်။
လူတစ်ယောက်၏ ကျင့်ကြံခြင်းက ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားလျှင် ကမ္ဘာငယ်နှင့် ပေါင်းစပ်ပြီး တစ်သားတည်းဖြစ်လာသည်။
တခြားလူများ၏အမြင်တွင် ဟန်မူယဲ့က ပြိုကျလာသော ကမ္ဘာကြောင့် ငေးမောနေသည်ဟု ထင်ရသည်။
ထိုမြင်ကွင်းမျိုးသည် ကမ္ဘာတစ်ခု၏ ပျက်စီးခြင်း ဖြစ်သည်။
“မြန်မြန်လေး၊ နောက်ဆုတ်ကြ။ ဒီကမ္ဘာက ပျက်စီးတော့မယ်”
နောက်တွင်ရှိနေသော လူတစ်ယောက်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
“ကျစ်ဟူ၊ သူတို့ကို အရင်ခေါ်သွားလိုက်တော့”
ဟွမ်ခြောက်က ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး ရှေ့တွင်ရှိသော သွေးပင်လယ်ကို ကြည့်သည်။
ဟွမ်ကျစ်ဟူက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
“သမီး ထွက်မသွားဘူး”
ဟယ်ချူက နေရာတွင်ရပ်နေပြီး ကျယ်လောင်စွာရယ်သည်။
“မင်းတို့လို သေမျိုးတွေက သွေးပင်လယ်ဘိုးဘေးရဲ့စွမ်းအားကို နားလည်မှာမဟုတ်ဘူး”
“နတ်ဘုရားဘုရင်တွေရဲ့အထက်မှာ ဘာရှိလဲ”
“ကောင်းကင်အင်မော်တယ်ပဲ”
“ကောင်းကင်အင်မော်တယ်ရဲ့ အထက်မှာတော့ ရွှေအင်မော်တယ် ရှိတယ်”
“သွေးပင်လယ်ဘိုးဘေးက ရွှေအင်မော်တယ်တစ်ယောက်ပဲ”
“သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံနဲ့ မင်းတို့ရဲ့ကမ္ဘာကို ဖျက်ဆီးပစ်နိုင်တယ်”
သွေးပင်လယ်က လှိုင်းထန်နေပြီး ကောင်းကင်နှင့်မြေကြီးက ပိုမိုစွန်းထင်းလာသည်။