အခန်း (၉၈၅)
Vol. 71 Ch. 985
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ကွန်ဖြူးရှပ်တာအိုက လွှမ်းမိုးထားသည်။ လူတိုင်းက ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံကြသည်။
နောက်ပိုင်းတွင် ဟန်မူယဲ့က ဓားဖြင့် ကောင်းကင်နှင့်မြေကြီး၏ အတားအဆီးကို ချိုးဖျက်ခဲ့သည်။ သမင်ဖြူတောင်တန်း၏ ကျောင်းတော်သားများက ဓားတစ်လက်ကို သယ်ဆောင်ထားပြီး လောကတွင် လျှောက်သွားနေကြသည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ မဟာတာအိုက ပြောင်းလဲသွားသည်။
လောကတွင် တာအိုတစ်ခု ရှိသည်။ ထိုတာအိုသည် လောက၏ သက်ရှိများ ဖြစ်ကြသည်။
တပည့်များကို လက်ခံမည့် ဓားစံအိမ်၏ အစီအစဉ်သည် သက်ရှိများ၏စွမ်းအားဖြင့် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို တည်ငြိမ်စေသော ဟန်မူယဲ့၏ အကြံဉာဏ် ဖြစ်သည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် ဓားစံအိမ်၏ တပည့်များက နေရာအနှံ့သို့သွားပြီး စမ်းသပ်မှုများကို ပြုလုပ်၍ တပည့်အသစ်များကို လက်ခံနေကြသည်။
အသက်နှစ်ဆယ်မပြည့်ခင် ကောင်းမွန်သောပါရမီနှင့် စိတ်အခြေအနေကို ပိုင်ဆိုင်ထားလျှင် အမည်ခံတပည့်တစ်ယောက် ဖြစ်နိုင်ပြီး ဓားစံအိမ်၏ တပည့်များနှင့်အတူ အထက်ဘုံသို့ လိုက်သွားနိုင်သည်။
ထိုအခွင့်အရေးမျိုးကို လူတိုင်းက လိုချင်ကြသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ထိုအခွင့်အရေးအတွက် တိုက်ခိုက်ရန် စုစည်းလာကြသည်။
ကျန့်ထန်ဟူသည် ကျန့်မိသားစု၏ မျိုးဆက်သစ်တစ်ယောက် ဖြစ်သည်။ သူက ဓားစံအိမ်၏ အစောပိုင်းစစ်ဆေးမှုကို ကျော်ဖြတ်ပြီး အထက်ဘုံသို့ လိုက်သွားရန် အခွင့်အရေး ရခဲ့သည်။
ကျန့်မိသားစုတွင် သူတစ်ယောက်သာ ထိုအခွင့်အရေးကို ရခဲ့သည်။
တပည့်ရွေးချယ်ပွဲကို ကြီးကြပ်ခဲ့သော ဓားစံအိမ်မှ တပည့်များ၏ ပြောစကားအရ အနာဂတ်တွင် ပိုမိုများပြားသော အခွင့်အရေးများကို ပိုင်ဆိုင်နိုင်လိမ့်မည်။
ကျန့်ထန်ဟူသည် အသက် ၁၅နှစ်သာ ရှိသေးသည်။ ကျန့်မိသားစု၏ ဘိုးဘေး ကျန့်တနျိုက ကျန့်ထန်ဟူကို အဖော်ပြုပေးပြီး အထက်ဘုံသို့ လိုက်သွားခဲ့သည်။
သူတို့က ဓားစံအိမ်၏ သင်္ဘောပျံကို စီးနင်းခဲ့ကြသည်။ သင်္ဘောပျံပေါ်တွင် လူသုံးရာကျော်ရှိပြီး အဆုံးမဲ့ပင်လယ်မှ ထွက်လာခဲ့သည်။
ထိုလူသုံးရာထဲတွင် ၂၅၀က ငယ်ရွယ်သော တပည့်အသစ်များ ဖြစ်ကြသည်။
ကျန်ရှိနေသော လူများက ကျန့်တနျိုကဲ့သို့ အဖော်လိုက်လာသော အကြီးအကဲများ ဖြစ်ကြသည်။ လူဆယ်ယောက်ကသာ ဓားစံအိမ်၏ တပည့်များ ဖြစ်ကြသည်။
သင်္ဘောပျံက အာကာသထဲတွင် ပျံသန်းနေသည်။ အခန်းထဲတွင်ရှိသော လူငယ်များကို ဓားစံအိမ်၏ အခြေခံကျင့်ကြံခြင်းနည်းစနစ် ပေးအပ်ထားသည်။
ထိုနည်းစနစ်က အင်မော်တယ်စွမ်းအင်ကို လွယ်ကူစွာ ထိန်းချုပ်နိုင်သည်။
ကျန့်ထန်ဟူက တည်ငြိမ်စွာ မနေနိုင်ခဲ့ပေ။ သူက ဝိညာဉ်သွေးကြောထဲတွင် အင်မော်တယ်အငွေ့အသက်တချို့ကို စုစည်းပြီး တခြားလူငယ်များနှင့်အတူ သင်္ဘောပျံပေါ်တွင် လျှောက်ကစားနေခဲ့သည်။
ကံကောင်းစွာဖြင့် သင်္ဘောပျံက ကြီးမားသောကြောင့် သူတို့ လျှောက်သွားနိုင်သည်။
“ဘုန်း”
ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာပြီး သင်္ဘောပျံက တုန်ခါသွားသည်။ ပြေးလွှားနေသော ကျန့်ထန်ဟူက ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
“ဘာဖြစ်တာလဲ”
သင်္ဘောအခန်းထဲမှ လူငယ်တစ်အုပ်စု ထွက်လာပြီး ကုန်းပတ်ပေါ်သို့ ရောက်လာသည်။
သူတို့၏ရှေ့ အာကာသထဲတွင် ပေတစ်ရာကြီးမားသော ချိုတစ်ချောင်းကျားသစ်ပျံတစ်ကောင် ရှိနေသည်။ ထိုကျားသစ်ပျံက သင်္ဘောပျံကို တားဆီးထားသည်။
ကျားသစ်ပျံက ရွှေရောင်အလင်းကို ထုတ်လွှတ်နေပြီး ခွန်အားကောင်းပုံပေါ်သည်။
ကျားသစ်ပျံက ဟိန်းဟောက်လိုက်ပြီး တောင်ပံဖြန့်သည်။ ထက်မြိသော ဓားသွားများက သင်္ဘောပျံဆီသို့ ရောက်လာကြသည်။
‘ဒါက လေဟာနယ်သားရဲလား”
လူငယ်တစ်ယောက်က စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် ရေရွတ်သည်။
“ဟုတ်တယ်။ ငါ့အဘေးက ဒီလိုသားရဲမျိုးကို တစ်ခါသတ်ဖူးတယ်”
လူငယ်တစ်ယောက်က ဂုဏ်ယူနေသောမျက်နှာထားဖြင့် ပြောသည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် တခြားလူငယ်များက ထိတ်လန့်သွားကြသည်။
ကျန့်ထန်ဟူက နောက်သို့ လှည့်ကြည့်သည်။ တုချန်ဟိုင်၏အဘေးက ထိုသို့ ခွန်အားကြီးသောကြောင့် သူက အားကျမိသည်။
သူ၏ ဘိုးဘေးက ဓားဘိုးဘေးမူယဲ့၏ နောက်လိုက်တစ်ယောက် ဖြစ်ဖူးသည်။ ထိုလူအိုကြီးက လေဟာနယ်သားရဲကို သတ်ဖူးသလား သူတွေးမိသည်။
“ဓားစံအိမ်ရဲ့ သင်္ဘောပျံကို တားဆီးရဲတယ်လား”
အစိမ်းရောင်ဝတ်စုံနှင့် ဓားစံအိမ်၏ တပည့်တစ်ယောက် ပျံသန်းထွက်လာသည်။ သူ့လက်ထဲတွင်ရှိသော ဓားက အစိမ်းရောင်အင်မော်တယ်အလင်းကို ထုတ်လွှတ်နေပြီး ပေငါးဆယ်ရှည်လျားသော ဓားအလင်းဖြင့် ကျားသစ်ပျံကို တိုက်ခိုက်လိုက်သည်။
ဓားအလင်းသည် ကျားသစ်ပျံ၏ ထက်မြိသောဓားသွားများနှင့် ရင်ဆိုင်လိုက်ပြီး နှစ်ခုလုံး ပျောက်ကွယ်သွားသည်။
ထိုစွမ်းအားကြောင့် ပေတစ်သောင်းပတ်ဝန်းကျင်က တုန်ခါသွားသည်။
သင်္ဘောပျံကလည်း ယိမ်းထိုးသွားသည်။
ကုန်းပတ်ပေါ်တွင်ရှိသော ကျန့်ထန်ဟူနှင့် လူငယ်များက ဖြူဖျော့သွားကြသည်။ သူတို့က လက်ရန်းကို ဆုပ်ကိုင်ထားပြီး လွှတ်မပေးရဲပေ။
သူတို့က ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ကျွမ်းကျင်သူများ၏ရှေ့တွင် သူတို့အားလုံးက ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။
“ဝင်္ကပါပြင်မယ်”
ဓားစံအိမ်၏ တပည့်တစ်ယောက်က အော်ဟစ်လိုက်ပြီး ဓားထုတ်သည်။
တခြားတပည့်များက အုပ်စုနှစ်ခု ခွဲလိုက်ပြီး လက်ထဲတွင်ရှိသော ဓားရှည်ဖြင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို လှုံ့ဆော်သည်။ ထို့နောက် ပေတစ်ထောင်ရှည်လျားသော ရွှေရောင်ဓားတစ်လက် ဖြစ်တည်လာပြီး သင်္ဘောပျံကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။
ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စတင်ရောက်ရှိလာသော လူငယ်များက ဓားစံအိမ်၏တပည့်များကို ကြည့်လိုက်ပြီး လေးစားအားကျနေကြသည်။
“ဟားဟား၊ ဓားစံအိမ်က နာမည်နဲ့ ထိုက်တန်ပါတယ်။ သာမန်တပည့်တွေကတောင် ဒီလိုနည်းလမ်းမျိုးကို ပိုင်ဆိုင်ထားတယ်”
သင်္ဘောပျံပေါ်တွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ခပ်ဟဟရယ်သည်။
သူက မျိုးဆက်သစ်ကို စောင့်ရှောက်ရန်အတွက် အတူလိုက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အင်မော်တယ်အလင်းများအရ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
ယခုအချိန်တွင် ကောင်းကင်နှင့်မြေကြီးက ပြောင်းလဲသွားသောကြောင့် ကျင့်ကြံသူများ၏ ကျင့်ကြံဆင့်ကို လွယ်ကူစွာ မသိနိုင်တော့ပေ။
အင်မော်တယ်အလင်းကို အကဲဖြတ်၍ အကြမ်းဖျင်း ခန့်မှန်းရုံသာ တတ်နိုင်သည်။
သင်္ဘောပျံတွင်ပါလာသော အကြီးအကဲများကြားတွင် တုချန်ဟုခေါ်သော လူအိုကြီးက ကျင့်ကြံဆင့်အမြင့်ဆုံး ဖြစ်ပုံရသည်။
သူက ဂိုဏ်းလေးတစ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်ဟု မိတ်ဆက်ခဲ့သည်။
ကျန့်တနျိုက ပြန့်ကျဲကြယ်ကျွန်းမှ မိသားစုလေးတစ်ခု၏ခေါင်းဆောင် ဖြစ်သည်ဟု ပြောခဲ့သည်။
အဆုံးတွင် ဂိုဏ်းများက ပိုမိုအားကောင်းကြသည်။
သင်္ဘောပျံတွင်ပါလာသော အကြီးအကဲနှင့် လူငယ်များက တုချန်ကို ပိုမိုလေးစားကြသည်။
“ကျားသစ်ပျံက တစ်ခုခု ထူးဆန်းနေတယ်”
ကျန့်တနျိုက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး နှာမှုတ်သည်။
“ဘယ်အင်အားစုက ဓားစံအိမ်ရဲ့တပည့်တွေကို ပစ်မှတ်ထားရဲတာလဲ”
သူ့အသံအဆုံးတွင် အနက်ရောင်ပုံရိပ်များက လေဟာနယ်ထဲမှ ထွက်လာပြီး သင်္ဘောပျံပေါ်သို့ ရောက်လာကြသည်။
“မိစ္ဆာကျင့်ကြံသူတွေပဲ”
လူတစ်ယောက်က ညင်သာစွာ အသံပြုသည်။
သင်္ဘောပျံပေါ်တွင် ဓားစံအိမ်၏ တပည့်များက ပြေးထွက်လာပြီး မိစ္ဆာကျင့်ကြံသူများနှင့် ရင်ဆိုင်လိုက်ကြသည်။
ကောင်းကင်နင်းခြေမိစ္ဆာဘုရင်သည် မိစ္ဆာအင်အားစု၏ ၉၀%ကို ထိန်းချုပ်ထားသော်လည်း မိစ္ဆာကျင့်ကြံသူများအားလုံးကို မဖိနှိပ်နိုင်ပေ။
ယခင်က ဆည်၏ အတွင်းနှင့်အပြင်တွင်ရှိသော ကျွမ်းကျင်သူတချို့က ပုန်းအောင်းနေပြီး အထက်ဘုံနှင့် မဆက်သွယ်ခဲ့ပေ။
ယခုအချိန်တွင် လောကကြီးက ပြောင်းလဲသွားပြီး ကျွမ်းကျင်သူများ ပေါ်ထွက်လာသည်။
တပည့်များကို ခေါ်ယူနေသော ဓားစံအိမ်က ထိုလူများနှင့် ရင်ဆိုင်ရလိမ့်မည်။
“ဓားစံအိမ်က မျိုးစေ့ကောင်းလေးတွေ အများကြီးယူထားတာပဲ။ ငါကလည်း ဓားတာအိုကို ကျင့်ကြံတယ်။ ငါနဲ့အတူ လိုက်ခဲ့”
ထိုအချိန်တွင် အသံတစ်သံ ပေါ်ထွက်လာသည်။ ကြေးမျက်နှာဖုံးနှင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်က ကုန်းပတ်ပေါ်တွင် ရုတ်တရက် ပေါ်လာသည်။
သူက လက်မြှောက်ပြီး ကုန်းပတ်ပေါ်တွင်ရပ်နေသော ကျန့်ထန်ဟူနှင့် တခြားလူငယ်များကို ဖိနှိပ်သည်။
အစိမ်းရောင်အင်မော်တယ်အလင်းသည် ကြိုးအဖြစ် ပြောင်းလဲသွားပြီး လူငယ်များကို သင်္ဘောပျံပေါ်မှ ဆွဲချရန် ကြိုးစားသည်။
“ရပ်စမ်း”
ဓားစံအိမ်၏ တပည့်တစ်ယောက်က တိုက်ခိုက်ချင်သော်လည်း ယခုအချိန်တွင် မလုပ်နိုင်ခဲ့ပေ။
သင်္ဘောပျံ၏ ဦးထိပ်တွင် ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။
ဓားစံအိမ်၏ ကျွမ်းကျင်သူတစ်ယောက် ရှိနေသည်။
“ဂိုဏ်းခွဲမှူးလုက ဘာမှ လုပ်စရာမလိုပါဘူး”
“သူတို့က တကယ်ကို ရဲတင်းနေတာပဲ”
ကျန့်တနျို၏ဘေးတွင်ရှိသော တုချန်က ခပ်အုပ်အုပ် အော်ဟစ်သည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော အင်မော်တယ်အလင်းက ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး သူက ရှေ့ထွက်သွားသည်။
ကောင်းကင်အဆင့် ....
သူက ဝိညာဉ်သူငယ် အဌမအဆင့်တွင် ရှိနေပြီး ဓားစံအိမ်မှ တပည့်များထက် ပိုမိုသန်မာသည်။ သင်္ဘောပျံကို စောင့်ကြပ်ပေးနေသော ဂိုဏ်းခွဲမှူးလုကလည်း ဝိညာဉ်သူငယ် အဌမအဆင့် ဖြစ်သည်။
တုချန်က လက်သီးချက်ဖြင့် ကြိုးများကို ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် သင်္ဘောပျံပေါ်မှ ထွက်သွားပြီး ကြေးမျက်နှာဖုံးလူအိုကြီးနှင့် တိုက်ခိုက်နေသည်။
“အဲဒါက ငါ့အဘေးပဲ”
သင်္ဘောပျံပေါ်တွင်ရှိသော တုချန်ဟိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
တခြားလူများက အားကျနေကြသည်။
‘သူက ဒီလိုနောက်ခံမျိုး ရှိနေတော့ ဓားစံအိမ်မှာ အရေးပေးခံရလောက်တယ်’
ကျန့်ထန်ဟူက ဘိုးဘေးကို လျင်မြန်စွာ လှည့်ကြည့်သည်။
‘ဘိုးဘေးက ဓားဘိုးဘေးမူယဲ့ရဲ့ နောက်လိုက်တစ်ယောက် ဖြစ်ဖူးတယ်မဟုတ်လား။ တုချန်ဟိုင်ရဲ့အဘေးနဲ့ ယှဉ်ကြည့်လိုက်ရင် ဘိုးဘေးရဲ့ခွန်အားက ဘယ်လိုနေမလဲမသိဘူး’
တုချန်ဟိုင်၏ ဂုဏ်ယူနေသောမျက်နှာထားကို မြင်လိုက်ရသောအခါတွင် ကျန့်ထန်ဟူက အနည်းငယ် မနာလိုဖြစ်လာသည်။
“အချိန်ဆွဲမနေနဲ့တော့။ ဒါကို မြန်မြန်ဖြေရှင်းလိုက်”
အဝေးတစ်နေရာမှ အသံတစ်သံ ပေါ်ထွက်လာသည်။
အနက်ရောင်ဓားမော့အလင်းသည် သင်္ဘောပျံကို ခုတ်ချလိုက်သည်။
ဓားမော့အလင်းက ပေတစ်ထောင်အထိ ရှည်လျားနေပြီး သင်္ဘောပျံကို ဖျက်ဆီးပစ်ချင်ပုံရသည်။
တစ်ချိန်တည်းမှာပင် တုချန်နှင့်တိုက်ခိုက်နေသော ကြေးမျက်နှာဖုံးနှင့် လူအိုကြီးက အလံတိုင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအလံက အနက်ရောင်မိစ္ဆာအလင်းကို စုစည်းထားပြီး တုချန်ကို လွှမ်းခြုံလိုက်သည်။
ထိုမိစ္ဆာအလင်းကို ချိုးဖောက်ရန် အချိန်ယူရလိမ့်မည်။
“ခလွမ် ....”
သင်္ဘောပျံပေါ်တွင် ဓားတစ်လက် ထုတ်ယူလိုက်သည်။
ဓားပျံက ပေတစ်ထောင်ရှည်လျားသော ဓားမော့အလင်းကို ခုတ်ချသည်။ ဓားအလင်းသည် အေးစက်နေပြီး ပတ်ဝန်းကျင်တွင်ရှိသော မိစ္ဆာအလင်းကို ဖယ်ရှားသည်။
သို့သော် ဓားပျံက ဓားမော့အလင်းကို တားဆီးလိုက်သောအချိန်တွင် အနက်ရောင်အလင်းတန်းတစ်ခု ကျဆင်းလာသည်။
သူတို့က သင်္ဘောပျံပေါ်တွင်ရှိသော လူတိုင်းကို သတ်ဖြတ်ချင်သည်။
“ဘယ်သူက ပြဿနာရှာရဲတာလဲ ကြည့်ရအောင်”
သင်္ဘောပျံပေါ်တွင်ရပ်နေသော ကျန့်တနျိုက အော်ဟစ်လိုက်သည်။ သူ၏ သွေးချီစွမ်းအားက နွားသိုးတစ်ကောင်၏ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။
“ဝီ”
ရွှေရောင်နွားသိုးက ရှေ့သို့ တိုးလိုက်ပြီး အနက်ရောင်အလင်းတန်းကို ဖျက်ဆီးသည်။
ကျန့်တနျိုက ထပ်မံအော်ဟစ်သည်။ နွားသိုးက ဦးချိုဖြင့် ဓားပျံနှင့် ရင်ဆိုင်နေသော ဓားမော့အလင်းကို ဖယ်ရှားသည်။
“ကျွမ်းကျင်သူတစ်ယောက် ရှိနေတယ်”
လူတစ်ယောက်က အော်ဟစ်လိုက်သည်။ တိုက်ခိုက်ချင်သော မိစ္ဆာကျင့်ကြံသူများက လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။
ကျန့်တနျိုက ကျယ်လောင်စွာရယ်သည်။ နွားသိုးပုံရိပ်က ပျောက်ကွယ်သွားပြီး ရွှေလက်သီးတစ်ခုအဖြစ် ပြောင်းလဲ၍ ပြင်းထန်စွာ ကျဆင်းလာသည်။
“ဘန်း”
တုချန်နှင့် တိုက်ခိုက်နေသော မိစ္ဆာကျင့်ကြံသူက တုန်ခါသွားပြီး ကြေးမျက်နှာဖုံးက အက်ကွဲသွားသည်။
သူ့ခန္ဓာကိုယ်တွင်ရှိသော မိစ္ဆာအလင်းက ပျောက်ကွယ်သွားပြီး မှိန်ဖျော့သော အင်မော်တယ်အလင်းကို မြင်ရသည်။