အခန်း (၉၉၀)
Vol. 71 Ch. 990
ဟယ်ချူ၏ စုတ်ပြတ်နေသောပုံစံကြောင့် ချန်ရှုနှင့် တခြားလူများက ကြောင်အသွားကြသည်။
ချက်ချင်းဆိုသလိုပင် ချန်ရှုက အင်မော်တယ်စွမ်းအင်ကို ထုတ်လွှတ်၍ ကြိုးတစ်ချောင်းအဖြစ် ပြောင်းလိုက်ပြီး ဟယ်ချူကို ဆွဲခေါ်သည်။ သူက အံကြိတ်ထားပြီး ပြောလိုက်သည်။
“အင်မော်တယ်ရင်းမြစ်ကမ္ဘာက ဘာဖြစ်နေတာလဲ”
အင်မော်တယ်ရင်းမြစ်ကမ္ဘာကို ဟယ်ချူက ထိန်းချုပ်မထားနိုင်ကြောင်း သူနားလည်သွားသည်။
သို့သော် ဟယ်ချူနှင့် ပတ်သတ်နေလိမ့်မည်။
“ဂိုဏ်းတူအစ်ကိုကြီး၊ အင်မော်တယ်ကျောက်တုံး သန်းတစ်သိန်းပိုင်ထားတဲ့လူကို သိလား”
ဟယ်ချူက ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ချန်ရှုကို ကြည့်လိုက်သည်။
ချန်ရှုက ပြန်ပြောရန် ပြင်လိုက်သော်လည်း နားမလည်နိုင်ဖြစ်နေသည်။
သန်းတစ်သိန်း ....
အင်မော်တယ်ကျောက်တုံး ....
“ဂိုဏ်းတူအစ်ကိုကြီးက ကျွန်တော့်ကို မယုံလောက်ဘူး။ ဒါပေမဲ့ အဲဒါက အမှန်တရားပဲ ....”
လူတစ်ယောက်က အင်မော်တယ်ကျောက်တုံး သန်းတစ်သိန်းကို အသုံးပြုပြီး ဤကမ္ဘာကို အင်မော်တယ်ကမ္ဘာအဖြစ် အဆင့်မြှင့်ပေးခဲ့သည်။
ဟယ်ချူ၏စကားများက အဓိပ္ပာယ်မရှိသော ဟာသတစ်ခုပင် ဖြစ်သည်။
သို့သော် ဟယ်ချူ၏ အသက်မဲ့နေသောပုံစံနှင့် ယုံကြည်ချက်ရှိသောမျက်နှာထားက အလိမ်အညာ မဖြစ်နိုင်ပေ။
“ဂိုဏ်းတူအစ်ကိုကြီး၊ သူ့ဝိညာဉ်က ပျက်စီးသွားတာလား”
တာအိုတန်ခိုးရှင်တစ်ယောက်က တီးတိုးမေးသည်။
‘ဝိညာဉ်က ပျက်စီးနေတာလား’
ဖြစ်နိုင်သည်။
နှစ်တစ်ရာဖိအားကို ဝိညာဉ်မပျက်စီးပဲ မည်သို့ တောင့်ခံနိုင်မည်နည်း။
ဟယ်ချူက ခေါင်းခါလိုက်ပြီး ခါးသီးစွာ ရေရွတ်နေသည်။
သူ့ပုံစံက အမှန်တကယ်ပင် ရူးသွပ်သွားပုံပေါ်သည်။
ရုတ်တရက်ဆိုသလိုပင် သူ့မျက်နှာထားက ပြောင်းလဲသွားသည်။
“ဂိုဏ်းတူအစ်ကို၊ သွေးမျိုးဆက်စွမ်းအားနဲ့ ဂိုဏ်းကို စာပို့လိုက်တာ သုံးရက်ရှိပြီမဟုတ်လား”
“ကျွန်တော်က သွေးမျိုးဆက်စွမ်းအားကို အာရုံခံမိပြီး ရောက်လာတာ”
“ဂိုဏ်းက ဘာတဲ့လဲ”
သူ့စကားကြောင့် လူတိုင်းက နားမလည်နိုင်ဖြစ်သွားသည်။
တိမ်တိုက်ခုံရုံးတာအိုဂိုဏ်းက သူတို့ကို စွန့်ပစ်ထားမည်မဟုတ်ပေ။
သူတို့က ကျွမ်းကျင်သူများကို စေလွှတ်လိမ့်မည်။
အနည်းဆုံး သတင်းစကား ပြန်ပို့လိမ့်မည်။
ဂိုဏ်း၏ နည်းလမ်းများနှင့် ဤကမ္ဘာသို့လာရောက်ရန် မခက်ပေ။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် သုံးရက်ကြာနေသနည်း။
“ဂိုဏ်းတူအစ်ကို၊ ခင်ဗျားတို့ကို လိုက်ဖမ်းနေတဲ့လူတွေက ဓားကျင့်ကြံသူတွေလား”
ဟယ်ချူက ရုတ်တရက် တီးတိုးမေးသည်။
ချန်ရှုက ခေါင်းညိတ်သည်။
ဟယ်ချူ၏မျက်နှာက ဖြူဖျော့သွားပြီး ညင်သာစွာပြောသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားကျင့်ကြံသူတွေမဟုတ်လား”
ချန်ရှုက ခေါင်းညိတ်ပြန်သည်။
ဟယ်ချူ၏မျက်နှာက ဖြူဖျော့နေပြီး ခေါင်းခါလိုက်သည်။
“ပြီးသွားပြီ ....”
ချန်ရှုက သူ့အင်္ကျီလည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး ဟိန်းဟောက်သည်။
“သေချာပြောစမ်း”
ဟယ်ချူက အားနည်းစွာ ပြောသည်။
“သူတို့က ဓားရူးတွေပဲ။ ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်နေလောက်ပြီ ....”
‘ဂိုဏ်းရဲ့ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်တာလား’
‘အင်မော်တယ်ကမ္ဘာအသစ်ရဲ့ ကျင့်ကြံသူတွေလား’
‘မဖြစ်နိုင်တာ’
‘ဟယ်ချူက တကယ်ရူးသွားတာပဲ ဖြစ်ရမယ်’
ချန်ရှုက သူ့ကို တွန်းထုတ်လိုက်ပြီး လက်မြှောက်၍ ရွှေရောင်ဝင်္ကပါပြားကို ဆင့်ခေါ်သည်။ ထို့နောက် သွေးမျိုးဆက်စွမ်းအားကို ထည့်သွင်းလိုက်သည်။
“ဝီ”
ရွှေအလင်း ပေါ်ထွက်လာပြီး အမျိုးမျိုးသော သတင်းစကားများ ဝင်ရောက်လာသည်။
“ချန်ရှု၊ မင်းက ဘယ်ရောက်နေတာလဲ”
“ငါတို့က တိုက်ခိုက်ခံနေရတယ်။ ချန်ရှု၊ မင်း အသက်ရှင်နေသေးလား”
“ဂိုဏ်းတူအစ်ကိုရှန်စစ်က သေသွားပြီ။ အရင်ဆုံး နောက်ဆုတ်ကြရအောင်”
“မကောင်းတော့ဘူး။ ငါတို့ ....”
“ချန်ရှု၊ မင်းက ဘယ်ရောက်နေတာလဲ။ ငါတို့ တိမ်တိုက်ခုံရုံးတာအိုဂိုဏ်းကို ကျွမ်းကျင်သူတွေ တိုက်ခိုက်လာအောင် မင်းက ဘာလုပ်ခဲ့တာလဲ”
“ချန်ရှု၊ ငါတို့ ဆုံးရှုံးသွားတာ မင်းကြောင့်ပဲ”
....
ချန်ရှုတို့က ထိုသတင်းစကားများကြောင့် ဆွံ့အနေကြသည်။
‘ဘာဖြစ်နေတာလဲ’
‘ငါတို့ဂိုဏ်းက တိုက်ခိုက်ခံနေရတာလား’
‘ငါတို့ဂိုဏ်းမှာ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ ရှိတယ်။ အင်မော်တယ်သခင်တွေလည်း ရှိသေးတယ်။ လူသားလောကရဲ့ ကျင့်ကြံသူတွေက ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ’
“ဘန်း”
ချန်ရှု၏ရှေ့တွင်ရှိသော ရွှေရောင်ဝင်္ကပါပြားက အက်ကွဲသွားသည်။
သိပ်မဝေးသောနေရာတွင် ဓားအလင်းများ ဆင်းသက်လာကြသည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် မျက်စိကျိန်းလောက်သော ဓားအလင်းများ တောက်ပနေကြသည်။
“ဓား၊ ထွက်လာစမ်း”
ခပ်အုပ်အုပ်အော်သံနှင့်အတူ ထောင်ချီနေသော ဓားရှည်များက မိုးရွာနေသကဲ့သို့ ကျဆင်းလာသည်။
ဓားဝင်္ကပါ ဖြစ်သည်။
ချန်ရှုက အော်ဟစ်လိုက်သည်။ လူတိုင်း၏ ခန္ဓာကိုယ်တွင်ရှိသော အင်မော်တယ်အလင်းက ပေါက်ကွဲထွက်လာသည်။ သူတို့က သတိလွတ်မနေရဲပဲ အင်မော်တယ်စွမ်းအင်ကို အသုံးပြု၍ ခုခံလိုက်ကြသည်။
သူတို့က လျှပ်စီးကြောင်းများ ကျဆင်းလာလျှင်ပင် ဂရုမစိုက်နိုင်တော့ပေ။
အကယ်၍ ထိုဓားဝင်္ကပါကို မတားဆီးနိုင်လျှင် သူတို့အားလုံး သေဆုံးသွားကြလိမ့်မည်။
“ဘန်း”
ဓားအလင်းသည် အလင်းလွှာနှင့် ထိတွေ့သွားသည်။ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ကျဆင်းလာကြသည်။
လျှပ်စီးကြောင်းနှင့် ဓားအလင်းများ ပျောက်ကွယ်သွားသောအခါတွင် အင်မော်တယ်အလင်း ခုနစ်ခု၊ ရှစ်ခုခန့်သာ လွတ်မြောက်သွားသည်။ ကျန်ရှိနေသော လူများအားလုံးက ဤနေရာတွင် အဆုံးသတ်သွားသည်။
“သူတို့ကို လိုက်ဖမ်း။ ခေါင်းဆောင်က တိမ်တိုက်ခုံရုံးတာအိုဂိုဏ်းရဲ့ စစ်ကူတွေကို ဖြေရှင်းပြီးပြီ။ သူတို့က အသုံးမဝင်တော့ဘူး”
အသံတစ်သံ ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သော ဓားအလင်းများက အင်မော်တယ်အလင်းများနောက်သို့ လိုက်သွားကြသည်။
ထိုအချိန် အာကာသထဲတွင် စစ်တပ်ကြီးတစ်ခုက အင်မော်တယ်အလင်းအား ထုတ်လွှတ်နေသော တာအိုတန်ခိုးရှင်များကို ဝိုင်းရံထားသည်။
ထိုကျွမ်းကျင်သူများက လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေကြသည်။
သူတို့နှင့်အတူ ပါလာသော တခြားလူများက သေဆုံးသွားကြသည်။
လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နေလျှင်ပင် ဓားဝင်္ကပါကို မခုခံနိုင်ပေ။
သူတို့က ပူးပေါင်းထားသောကြောင့် ထိုဓားဝင်္ကပါကို ခုခံနိုင်ခဲ့သည်။
“မင်းတို့က ဘယ်သူတွေလဲ”
သူတို့၏ရှေ့တွင်ရှိသော စစ်တပ်ကို အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများနှင့် ဖွဲ့စည်းထားခြင်းမဟုတ်ပေ။
သူတို့က အင်မော်တယ်အလင်းရောင်ကို ထုတ်လွှတ်နေသော်လည်း ခြုံကြည့်လိုက်လျှင် အားနည်းသည်။
အများစုသည် ကောင်းကင်အင်မော်တယ်အဆင့်သို့ မရောက်ကြသေးပေ။
သို့သော် ထိုစစ်တပ်က သူတို့ကို အများအပြားဆုံးရှုံးသွားအောင် တွန်းအားပေးနိုင်ခဲ့သည်။
‘ဟယ်ချူနဲ့ ချန်ရှုက ဘယ်လိုရန်သူမျိုးကို ဆွဲဆောင်ခဲ့တာလဲ’
“တိမ်တိုက်ခုံရုံးတာအိုဂိုဏ်း၊ အညံ့ခံလိုက်။ အင်မော်တယ်ကမ္ဘာနဲ့ ဆက်သွယ်နေတဲ့ လမ်းကြောင်းကို လွှဲပေးလိုက်ပါ”
ကြည်လင်သောအသံနှင့်အတူ ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ဓားတစ်လက်နှင့် ဟွမ်ကျစ်ဟူက ရှေ့တက်လာသည်။
သူမက တောက်ပသော အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသည်။ ကောင်းကင်အင်မော်တယ်အဆင့် ဖြစ်သည်။
“အင်မော်တယ်ကမ္ဘာရဲ့ လမ်းကြောင်းလား”
တိမ်တိုက်ခုံရုံးတာအိုဂိုဏ်းမှ လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ မျက်နှာထားက မည်းမှောင်သွားသည်။
ထိုလမ်းကြောင်းမျိုးက ရှားပါးသည်။
များသောအားဖြင့် အမျိုးမျိုးသော အင်မော်တယ်ကမ္ဘာများသည် အင်မော်တယ်တက်လှမ်းစင်မြင့်ကို အသုံးချပြီး လူသားကမ္ဘာများကို ထိန်းချုပ်ကြသည်။
တခြားလမ်းကြောင်းများက တရားဝင်မဟုတ်ပေ။ စည်းမျဉ်းနှင့် ဆန့်ကျင်နေသည်။
ထို့အပြင် ထိုလမ်းကြောင်းက တိမ်တိုက်ခုံရုံးတာအိုဂိုဏ်းသို့ တိုက်ရိုက်ရောက်နိုင်သည်။ အကယ်၍ တခြားလူများက ထိုလမ်းကြောင်းကို ရှာတွေ့သွားလျှင် ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မည်။
“မပြောဘူးပေါ့လေ”
ဟွမ်ကျစ်ဟူက ရယ်လိုက်ပြီး ဓားရှည်ကို ဆွဲထုတ်သည်။
ဓားအလင်းက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
“သတ်”
သောင်းချီသော ဓားအလင်းများ စုစည်းလာသည်။ ဓားတစ်ချက်ကြောင့် ကျင့်ကြံသူတချို့ သေဆုံးသွားသည်။ ကျန်ရှိနေသော လူများကလည်း ဒဏ်ရာများဖြင့် ပြည့်နေပြီး သေလုမျောပါး ဖြစ်နေကြသည်။
“မပြောဘူးဆိုရင်လည်း မင်းတို့ရဲ့ဝိညာဉ်ကိုယူပြီး ဖြည်းဖြည်းချင်း ရှာကြည့်ရမှာပေါ့”
ဟွမ်ကျစ်ဟူက ဓားရှည်ကို မြှောက်လိုက်ပြီး နဂါးတစ်ကောင်ကို ထပ်မံထုတ်ဖော်သည်။
“ငါပြောမယ်”
ဒဏ်ရာများဖြင့် ပြည့်နေသော တာအိုတန်ခိုးရှင်က သွေးအန်လိုက်ပြီး တီးတိုးရေရွတ်သည်။
ဟွမ်ကျစ်ဟူက ရယ်လိုက်ပြီး ဓားအလင်းနှစ်ခုကို ထုတ်လွှတ်၍ တာအိုတန်ခိုးရှင်ကို ချုပ်နှောင်သည်။
ဆယ်ရက်အကြာ၊ အံ့ဖွယ်ကိုးပါးဓားစံအိမ်၏ အပေါ်ဆုံးထပ်တွင် ဖြစ်သည်။
လီယွင်ကန်းနှင့် စုရှင်းဟယ်တို့က ဟန်မူယဲ့၏ရှေ့တွင် ထိုင်နေကြသည်။ သူတို့၏ရှေ့တွင် ကျောက်စိမ်းပေလွှာတစ်ခု ရှိနေသည်။
အဆုံးမဲ့ပင်လယ်တွင် နေလေ့ရှိသော အဆုံးမဲ့နတ်ဘုရားဘုရင်လည်း ရောက်နေသည်။
ယခုအချိန်တွင် အဆုံးမဲ့နတ်ဘုရားဘုရင်က ရွှေအင်မော်တယ်တစ်ဝက်အဆင့် ဖြစ်သည်။
လူသားကမ္ဘာက အဆင့်တက်သွားသောကြောင့် အဆုံးမဲ့နတ်ဘုရားဘုရင်က ကျင့်ကြံခြင်းတွင် အတားအဆီးနှင့် မကြုံရတော့ပေ။ သူက စုရှင်းဟယ်ထက် ပိုမိုလျင်မြန်စွာ အဆင့်တက်လာသည်။
“အင်မော်တယ်ကမ္ဘာတစ်ခု။ ကောင်လေး၊ မင်းက ဘယ်လိုထင်လဲ”
လီယွင်ကန်းက ကျောက်စိမ်းပေလွှာ၏ အချက်အလက်များကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
အင်မော်တယ်ကမ္ဘာသည် လူသားကမ္ဘာနှင့် မတူပေ။
“ခန်းဆောင်သခင်လီ၊ အဲဒီမှာ အင်မော်တယ်သခင်သုံးယောက်ပဲ ရှိတယ်။ သူတို့က သိပ်ပြီး မသန်မာဘူး”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ တီးတိုးပြောသည်။
အင်မော်တယ်သခင်သုံးယောက် ....
‘အင်မော်တယ်သခင်သုံးယောက်ဆိုရင် အားကောင်းနေပြီလေ’
လီယွင်ကန်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။
“ငါက အင်မော်တယ်သခင်တစ်ယောက်နဲ့ ရင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ တခြားနှစ်ယောက်ကို ဘယ်လိုလုပ်မလဲ”
လီယွင်ကန်းက ဒေါသတကြီး ပြောသည်။
အင်မော်တယ်သခင်သုံးယောက်အပြင် ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူများလည်း ရှိနေလိမ့်မည်။
“တခြားလူတွေကို စိတ်ပူစရာမလိုပါဘူး။ အင်မော်တယ်သခင်တစ်ယောက်ကို ရင်ဆိုင်နိုင်ရင် ရပါပြီ။ ခန်းဆောင်သခင်လီက ယုံကြည်ချက်ရှိလား”
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကို ကိုင်ထားပြီး ညင်သာစွာပြောသည်။
‘အင်မော်တယ်သခင်တစ်ပါးနဲ့ပဲ ရင်ဆိုင်ရမှာလား’
ယခင်က လီယွင်ကန်းသည် မိစ္ဆာဘုရင်ဟွင်ထျန်း၏ ရုပ်ခန္ဓာကို ဖျက်ဆီးပစ်ခဲ့သည်။
မိစ္ဆာဘုရင်ဟွင်ထျန်းကလည်း အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
ယခုအချိန်တွင် သူက ဓားစံအိမ်မှတစ်ဆင့် ဓားကောင်းများကို ရရှိထားပြီး ဓားတာအိုကျင့်ကြံခြင်းကို ပြီးပြည့်စုံစေခဲ့သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ယခင်ထက် နှစ်ဆတိုးလာသည်။
အဓိကအချက်သည် တစ်ဖက်ရန်သူများက သေးငယ်သော အင်မော်တယ်ကမ္ဘာတစ်ခုသာ ဖြစ်သည်။
ထိုကမ္ဘာတွင်ရှိသော အင်မော်တယ်သခင်များက အလွန်အမင်း မသန်မာကြပေ။
“ကောင်းပြီ”
လီယွင်ကန်းက ပွင့်လင်းစွာပြောသည်။
အင်မော်တယ်သခင်တစ်ပါးနှင့် တိုက်ခိုက်ခြင်းသည် သူ၏ ကျင့်ကြံခြင်းအတွက် အကျိုးရှိသည်။
သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် တိုက်ခိုက်ရမည်။