အခန်း (၉၉၂)
Vol. 71 Ch. 992
တိမ်တိုက်ခုံရုံးတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲများက မခုခံရဲကြပေ။ သူတို့က တပည့်များကို ဦးဆောင်ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။
ဓားဝင်္ကပါ၏နောက်ကွယ်တွင် ကျွမ်းကျင်သူများရှိနေကြောင်း သူတို့က အာရုံခံနိုင်သည်။
အကယ်၍ သူတို့ လှုပ်ရှားခဲ့လျှင် ပြင်းထန်သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလိမ့်မည်။
သူတို့က အရင်ဆုံး နောက်ဆုတ်ပြီး ရန်သူများကို ဖြည်းဖြည်းချင်း တိုက်ခိုက်ရမည်။
နှစ်ပေါင်းများစွာကျင့်ကြံခဲ့သော ကျွမ်းကျင်သူများအတွက် တချို့ဆုံးရှုံးမှုများသည် အရေးမပါပေ။ ဂိုဏ်းကလည်း အရေးမပါပေ။ သူတို့၏ ရှင်သန်မှုကသာ အရေးကြီးသည်။
“ကျင့်ကြံသူကြီးတွေ ပီသပါတယ်”
ဟန်မူယဲ့က ထွက်ပြေးသွားသော ကျွမ်းကျင်သူများကို မြင်လိုက်ရသောအခါတွင် ခပ်ဟဟရယ်သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံသူများက တိမ်တိုက်ခုံရုံးတာအိုဂိုဏ်းကို သိမ်းပိုက်လိုက်ကြသည်။
ထို့နောက် သူတို့က တာအိုဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်ကို အရင်ဆုံး လေ့ကျင့်လိုက်ကြသည်။
သူတို့စုဆောင်းထားသော ဆေးလုံးများ၏အကူအညီဖြင့် လူတိုင်းက တစ်ရက်အတွင်း တိမ်တိုက်ခုံရုံးတာအိုဂိုဏ်း၏ အခြေခံနည်းစနစ်ကို တတ်မြောက်သွားကြသည်။
ကျင့်ကြံခြင်းနည်းစနစ် အောင်မြင်သွားသောအခါတွင် လူတိုင်းက ဖိအားလျော့ကျသွားကြောင်း ခံစားမိသည်။
ထိုအရာသည် တခြားကမ္ဘာတစ်ခုကို ကျူးကျော်ရာတွင် အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံခြင်းအမွေအနှစ်များက ပြတ်တောက်မသွားကြပေ။
ထိုနည်းလမ်းကို ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ တာအိုပြိုင်ပွဲတွင်လည်း အသုံးပြုခဲ့သည်။
အဆုံးတွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ကောင်းကင်အံ့ဖွယ်ကမ္ဘာက ဝါးမြိုခဲ့သည်။
“မင်းတို့က ဘယ်သူလဲ။ ထုံဟယ်အင်မော်တယ်ကမ္ဘာကို ကျူးကျော်ရဲတယ်ပေါ့လေ”
အသံတစ်သံ ပေါ်ထွက်လာသည်။
တစ်ရက်အကြာတွင် ထိပ်တန်းအဆင့်ကျင့်ကြံသူများ ရောက်လာကြသည်။
အင်မော်တယ်သခင်များ ဖြစ်ကြသည်။
ထိုအင်မော်တယ်သခင်က ဤကမ္ဘာ၏စွမ်းအားနှင့် လိုက်ဖက်ညီနေသည်။
လီယွင်ကန်းက ဓားအလင်းကို ထုတ်လွှတ်သည်။
တခြားအင်မော်တယ်သခင်နှစ်ယောက်၏ မျက်လုံးများကလည်း တောက်ပသွားကြသည်။
“ခန်းဆောင်သခင်၊ နေပါအုံး။ ကျွန်တော်လှုပ်ရှားလိုက်မယ်”
ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
သူဖိနှိပ်ထားသော ဓားဆန္ဒက ချက်ချင်း ပေါက်ကွဲထွက်လာသည်။
လေဟာနယ်လမ်းကြောင်း ကောင်းကင်အင်မော်တယ်အဆင့်မှ လေဟာနယ်သန့်စင်ခြင်းအဆင့်အထိ ရောက်သွားသည်။ ထို့နောက် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်သို့ ဆက်ရောက်လာသည်။
ဓားဆန္ဒသည် လေဟာနယ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်တွင် ရပ်တန့်သွားသော်လည်း သူ့ဝိညာဉ်က ရွှေအင်မော်တယ်အဆင့်တွင် ရှိနေခဲ့သည်။
ထို့အပြင် ဝိညာဉ်စွမ်းအားက ဆက်လက်ပေါ်ထွက်လာပြီး ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားသည်။
သူ့နောက်တွင် ဓားအလင်းများ သွယ်ယှက်နေပြီး ဓားပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
မူလဝိညာဉ်ဓားသည် အပြင်ဘက်သို့ ပျံသန်းထွက်လာပြီး ပေတစ်သောင်းရှည်လျားသော အစိမ်းရောင်ဓားတစ်လက် ဖြစ်သွားသည်။
သူက အင်မော်တယ်သခင်တစ်ယောက်နှင့် ရင်ဆိုင်မည်ဖြစ်သောကြောင့် အစွမ်းကုန်ထုတ်သုံးရမည်။
“ကျစ်ဟူ”
ဟန်မူယဲ့က ဟိန်းဟောက်သည်။
ဟွမ်ကျစ်ဟူက ပျံတက်လာပြီး လက်ထဲတွင်ရှိသော ဓားရှည်ဖြင့် ဓားဝင်္ကပါကို လှုံ့ဆော်သည်။ ထို့နောက် အဆုံးမရှိသော ဓာအးလင်းများကို ဟန်မူယဲ့၏ မူလဝိညာဉ်ဓားဆီသို့ ထည့်သွင်းလိုက်သည်။
ဟန်မူယဲ့၏မျက်လုံးများက အလွန်တောက်ပနေသည်။
သူက ဓားဝင်္ကပါနှင့် မူလဝိညာဉ်ဓားကို အသုံးချပြီး အင်မော်တယ်သခင်တစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်သည်။
“တာအိုတန်ခိုးရှင်ယွင်လန်က တကယ်ထူးခြားတာပဲ”
လီယွင်ကန်း၏ဘေးတွင် ရပ်နေသော ဓားတာအို၏ အင်မော်တယ်သခင်က ပြောလိုက်သည်။
တခြားလူများကလည်း ညင်သာစွာ ခေါင်းညိတ်ကြသည်။
ဟန်မူယဲ့က လီယွင်ကန်း၏လက်အောက်တွင် ရှိနေလိမ့်မည်ဟု သူတို့က ထင်ထားခဲ့ကြသည်။
သို့သော် ယခုပုံစံအရ ဟန်မူယဲ့က သူတို့နှင့် ယှဉ်နိုင်သည်။
“ဟားဟား၊ ဒီကလေးက တကယ်အံ့အားသင့်စရာကောင်းတယ်”
လီယွင်ကျန်းက ညင်သာစွာ သက်ပြင်းချသည်။
ယခုအချိန်တွင် ဟန်မူယဲ့က သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။
‘ခဏပဲရှိသေးတယ်’
‘သူက ကောင်းကင်နဲ့မြေကြီးရဲ့ အခွင့်အရေးတွေကို သယ်ဆောင်ထားတဲ့လူ ဖြစ်သင့်ပါတယ်’
“ပုရွက်ဆိတ်လိုကောင်က ငါ့ကို စိန်ခေါ်ရဲတယ်လား”
အေးစက်သောနှာမှုတ်သံနှင့်အတူ မြင်းမြီးကြာပွတ်ကိုင်ဆောင်ထားသော တာအိုတန်ခိုးရှင်တစ်ဦး ပေါ်ထွက်လာသည်။
တာအိုတန်ခိုးရှင်၏အသံက အထင်သေးနေပုံပေါ်သော်လည်း လျင်မြန်စွာ လှုပ်ရှားခဲ့သည်။
သူ့လက်ထဲတွင်ရှိသော မြင်းမြီးကြာပွတ်က ဟိန်းဟောက်နေသော သွေးဝံပုလွေတစ်ကောင်ကို ဖန်တီးပြီး ဟန်မူယဲ့ကို တိုက်ခိုက်သည်။
ထိုသွေးဝံပုလွေက မိစ္ဆာအလင်းကို ထုတ်လွှတ်နေသည်။ မြင်းမြီးကြာပွတ်ထဲတွင် ဖိနှိပ်၍ သန့်စင်ထားသော အားကောင်းသည့်မိစ္ဆာတစ်ကောင် ဖြစ်လိမ့်မည်။
ထိုမြင်းမြီးကြာပွတ်က အင်မော်တယ်ရတနာနှင့် နှိုင်းယှဉ်နိုင်သည်။ အဆင့်တူအင်မော်တယ်သခင်များပင် ဂရုစိုက်ရလိမ့်မည်။
ဓားဝင်္ကပါကို အသုံးပြု၍ အင်မော်တယ်သခင်နှင့် တိုက်ခိုက်ချင်သော ဟန်မူယဲ့က ထိုဝံပုလွေကို ခုခံနိုင်မည်မဟုတ်ပေ။
တာအိုတန်ခိုးရှင်က အပြုံးတစ်ခုနှင့်အတူ ကြည့်နေသည်။
ကျူးကျော်လာသော ရန်သူများထဲတွင် အင်မော်တယ်သခင်များလည်း ရှိနေကြသည်။
သို့သော် သူက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုနိုင်သောကြောင့် သေချာဂရုစိုက်၍ ကိုင်တွယ်လျှင် သူတို့အားလုံးကို ထိန်းချုပ်နိုင်လိမ့်မည်။
အကယ်၍ အင်မော်တယ်သခင်တစ်ယောက် သေဆုံးသွားပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက သူ့ကို အားဖြည့်ပေးလျှင် အဆင့်တက်သွားနိုင်လိမ့်မည်။
“သတ်”
ဟန်မူယဲ့က ခုန်အုပ်လာသော သွေးဝံပုလွေကိုကြည့်လိုက်ပြီး ဟိန်းဟောက်သည်။
သူက လက်မြှောက်သည်။ ဓားရှည်က ကြမ်းတမ်းစွာ ကျဆင်းလာသည်။
ထိုတိုက်ပွဲမျိုးတွင် တူညီသောခွန်အားမရှိလျှင် တိုက်ကွက်တစ်ခုကိုပင် ခုခံနိုင်မည်မဟုတ်ပေ။
အင်မော်တယ်သခင်အဆင့်သို့ ရောက်သွားသောအခါတွင် နည်းစနစ်များကို ထည့်တွက်နေရန် မလိုတော့ပေ။
ခွန်အားကိုသာ လိုအပ်သည်။
သူ၏ တိုက်ခိုက်ခြင်းဆန္ဒက ပြင်းထန်စွာလှုပ်ရှားနေသည်။
သတ်ဖြတ်ခြင်းဆန္ဒသည် နှလုံးသားထဲတွင် ပြည့်နှက်နေသည်။
သူက မရေမတွက်နိုင်သော ဓားဆန္ဒများကို စုစည်းထားခဲ့သည်။
ဟန်မူယဲ့က ဓားစွမ်းအင်အား သိမ်းဆည်းနိုင်သော နည်းစနစ်ကို နားလည်ထားပြီး ဓားစွမ်းအင်များကို အမြဲမပြတ် စုဆောင်းနေခဲ့သည်။
ယခုအချိန်တွင် သူက သင်္ချိုင်းအင်မော်တယ်မြို့တော်မှတစ်ဆင့် စုဆောင်းထားသော ဓားချက်ကို ထုတ်လွှတ်ခဲ့သည်။
“ဘုန်း”
ဓားချက် ကျဆင်းလာသည်။ လေဟာနယ်က အက်ကွဲသွားသည်။
ထိုဓားသည် ထုံဟယ်အင်မော်တယ်ကမ္ဘာသာမက နတ်ဘုရားကမ္ဘာ၏ အတားအဆီးကိုလည်း ချိုးဖောက်သွားသည်။ ထိုဓားကို မည်သည့်အရာမှ မတားဆီးနိုင်ပေ။
အင်မော်တယ်သခင်ကလည်း တားဆီးနိုင်မည်မဟုတ်ပေ။
တောက်ပသော ဓားအလင်းသည် သွေးဝံပုလွေကို တစ်ပိုင်းတစ်စစီ ဖြစ်သွားစေသည်။
ဓားအလင်းသည် ထုံဟယ်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်ဆီသို့ ဆက်လက်တိုးဝင်သွားသည်။
သူ၏ အင်မော်တယ်ရတနာက ဓားချက်ကို မခုခံနိုင်ခဲ့ပေ။
အားနည်းပုံရသော လူငယ်က အလွန်အားကောင်းနေသည်။
တာအိုတန်ခိုးရှင်က တစ်ကိုယ်လုံးတုန်ခါနေပြီး မီးခိုးရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ဓားအလင်းသည် ဦးချိုနှစ်ချောင်းနှင့် ထိတွေ့ပြီး ပြန်ကန်ထွက်သွားသည်။
ဟန်မူယဲ့က လက်မြှောက်သည်။ သူ့လက်ထဲတွင်ရှိသော ဓားက ပိုမိုတောက်ပလာသည်။
မီးခိုးရောင်နဂါး၏ မျက်လုံးထဲတွင် ကြောက်ရွံ့စိတ်များ ပေါ်လာသည်။
ထိုနဂါးက ဟိန်းဟောက်လိုက်ပြီး အဆုံးမရှိသော မီးခိုးရောင်မြူခိုးများကို မှုတ်ထုတ်၍ ဟန်မူယဲ့နှင့် ဓားဝင်္ကပါကို လွှမ်းခြုံလိုက်သည်။
“မင်းက လောကမြူခိုးထဲကနေ ဘယ်လိုထွက်လာမလဲ ကြည့်ရတာပေါ့”
မီးခိုးရောင်နဂါးက ဟိန်းဟောက်လိုက်ပြီး လေဟာနယ်ကို တုန်ခါသွားစေသည်။ သူက ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်ကို ဆွဲယူနေသည်။
မီးခိုးရောင်နဂါးသည် ဤကမ္ဘာတွင် မွေးဖွားလာသောကြောင့် သဘာဝစွမ်းအင်ကို အသုံးချနိုင်သည်။
ထိုစွမ်းအင်မျိုးသည် အဆင့်တူများကြားတွင် ရှားပါးသည်။
လီယွင်ကန်းက မျက်မှောင်ကြုတ်လိုက်ပြီး ဓားရိုးကို ဆုပ်ကိုင်သည်။
သို့သော် သူမလှုပ်ရှားနိုင်ခင် အင်မော်တယ်သခင်နှစ်ယောက် ပေါ်ထွက်လာသည်။
ဤကမ္ဘာ၏ ကျန်ရှိနေသော အင်မော်တယ်သခင်နှစ်ယောက် ရောက်လာခဲ့သည်။
သူတို့က ဤနေရာကို ပစ်မှတ်ထားနေပြီး လှုပ်ရှားသောလူကို ပြင်းထန်စွာ တိုက်ခိုက်လိမ့်မည်။
လီယွင်ကန်း၏ဘေးတွင်ရှိသော ဓားတာအို၏ အင်မော်တယ်သခင်နှစ်ယောက်က ဓားရိုးပေါ်တွင် လက်တင်ထားသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သော်လည်း မလှုပ်ရှားခဲ့ပေ။
သူတို့က သဘောတူညီချက်အတွက် ရောက်လာသောကြောင့် အသက်စွန့်မည်မဟုတ်ပေ။
“ဝီ”
ရှေ့တွင် တုန်ခါနေသောဓားမြည်သံကို ကြားနိုင်သည်။
မြူခိုးများကြားတွင် ဖိနှိပ်ခံထားရသော ဓားရှည်က ပြင်းထန်စွာ ရုန်းကန်နေသည်။
လီယွင်ကန်းက ကြောင်အသွားပြီး ပြုံးလိုက်သည်။
“ဟားဟား၊ သူ့မှာ နည်းလမ်းရှိတာကို ငါသိနေတယ်”
သူက ခပ်ဟဟရယ်လိုက်ပြီး ဘေးတွင်ရှိသော အင်မော်တယ်သခင်နှစ်ယောက်ကို ကြည့်သည်။
“တစ်ယောက်က ငါ့အတွက်ပဲ”
သူက စကားပြောလိုက်ပြီး ပျံသန်းထွက်သွားသည်။
သူက အင်မော်တယ်သခင်တစ်ယောက်ကို ဓားအလင်းဖြင့် တိုက်ခိုက်သည်။
ကျန်ရှိနေသော အင်မော်တယ်သခင်နှစ်ယောက်က လျင်မြန်စွာလှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။
သူတို့က ထုံဟယ်ကမ္ဘာမှ အင်မော်တယ်သခင်တစ်ယောက်၏ရှေ့တွင် ပြန်ပေါ်လာကြသည်။
အင်မော်တယ်သခင်သုံးယောက်၏တိုက်ပွဲ စတင်လာသည်။
“ခလွပ် ....”
ထိုအချိန်တွင် မြူခိုးများကြောင့် ဖိနှိပ်ခံနေရသော ဟန်မူယဲ့က စောင့်ဆိုင်းမနေတော့ပေ။ သူက အော်ဟစ်လိုက်ပြီး မူလဝိညာဉ်ဓားက မရေမတွက်နိုင်သော အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။
ထောင်ချောက်ဓားက မရေမတွက်နိုင်သော ဓားများအဖြစ် ခွဲထွက်ပြီး ဓားဝင်္ကပါကို ဖွဲ့စည်းသည်။
ဓားအလင်းကြောင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက စုတ်ပြဲသွားသည်။
“ဝှစ် ....”
ခရမ်းရောင်ဓားတိုတစ်ချောင်းသည် လေဟာနယ်ကို ထိုးဖောက်ပြီး မီးခိုးရောင်နဂါး၏ခေါင်းပေါ်သို့ ရောက်လာသည်။
နဂါးက ခေါင်းမော့ပြီး ဦးချိုနှင့် ခုခံလိုက်သောအချိန်တွင် မေးရိုး၌ နာကျင်မှုကို ခံစားရသည်။ အစိမ်းရောင်ဓားတစ်လက်က သူ့မေးရိုးတွင် စိုက်ဝင်နေသည်။
အင်မော်တယ်ရတနာဓားနှစ်လက်က ပြိုင်တူတိုက်ခိုက်ခဲ့သည်။
မီးခိုးရောင်နဂါးက ထိတ်လန့်သွားပြီး ထွက်ပြေးရန်ကြိုးစားသည်။
ဟန်မူယဲ့က ရှေ့သို့ တစ်လှမ်းတိုးသည်။ သူ့နောက်တွင် နွားသိုးတစ်ကောင်၏ပုံရိပ် ဖြစ်တည်လာသည်။
ခွေသားရဲ ဖြစ်သည်။
ရှေးခေတ်နတ်ဘုရားသားရဲက နဂါး၏လည်ပင်းကို တက်နင်းထားသည်။
“ဘန်း”
နဂါးက လေထုထဲတွင် တုန်ခါနေပြီး ရှေ့ဆက်မသွားနိုင်တော့ပေ။
ဟန်မူယဲ့က မရပ်တန့်ခဲ့ပေ။ သူက လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ လျှပ်စီးကြောင်းတစ်ခု ကျဆင်းလာသည်။
“ဘုန်း”
လျှပ်စီးကြောင်းက မီးခိုးရောင်နဂါးကို ထုံထိုင်းသွားစေသည်။
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ပေါ်ထွက်လာပြီး နဂါးကို ချုပ်နှောင်လိုက်သည်။
ဓားအလင်းသည် လျှပ်စီးများကြားတွင် ပျံသန်းနေပြီး နဂါးကို ထိုးဖောက်လိုက်သည်။
အောက်တွင်ရှိသော ဓားကျင့်ကြံသူများက ထိုမြင်ကွင်းနှင့် ရင်းနှီးနေသည်။
တာအိုပြိုင်ပွဲတွင် ဟန်မူယဲ့က ထိုနည်းလမ်းဖြင့် သူတို့၏သွေးကို အသုံးပြု၍ ဓားများကို အရည်အသွေးတိုးလာစေခဲ့သည်။
ယခုလည်း ထိုသို့ပင်ဖြစ်သည်။
“မင်းတို့က ဓားမထုတ်သေးဘူးလား။ ဘာကိုစောင့်နေတာလဲ”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။