အခန်း (၉၉၃)
Vol. 71 Ch. 993
သိန်းချီသော ဓားအလင်းများက လျှပ်စီးပင်လယ်ကို ထိုးဖောက်သွားသည်။
နဂါး၏ ဟိန်းဟောက်သံက နာကျင်စွာ ညည်းညူနေသောအသံအဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့က တည်ငြိမ်စွာ ရှိနေသည်။
သူက ဓားမထုတ်ခဲ့လျှင် ကံကြမ္မာ၏ သက်ရောက်မှုကို ခံရမည်မဟုတ်ပေ။
အင်မော်တယ်သခင်တစ်ပါးအား သတ်ဖြတ်လိုက်သော ကံကြမ္မာကို သန်းချီနေသော ဓားကျင့်ကြံသူများနှင့် ဝေမျှလိုက်သည်။ ဓားကျင့်ကြံသူများအတွက် ဘေးမဖြစ်ပဲ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်နိုင်လိမ့်မည်။
လီယွင်ကန်းက ခါးသီးအင်မော်တယ်နယ်မြေတွင် ထိုသို့ လုပ်ခဲ့သည်။ သင်္ချိုင်းအင်မော်တယ်မြို့တွင်လည်း ဓားဂိုဏ်း၏ တပည့်များက အင်မော်တယ်သခင်ကို သတ်ဖြတ်ခဲ့ကြသည်။
ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ခြင်းသည် လူတစ်ယောက်၏ ကျင့်ကြံခြင်းအတွက် အလွန်အကျိုးရှိသည်။
လျှပ်စီးပင်လယ်ထဲတွင် ပိတ်မိနေသော မီးခိုးရောင်နဂါးကို သန်းချီနေသော ဓားအလင်းများက တိုက်စားနေသည်။ ထိုမြင်ကွင်းကြောင့် တခြားအင်မော်တယ်သခင်နှစ်ယောက်က ထိတ်လန့်သွားကြသည်။
သို့သော် တစ်ယောက်က အင်မော်တယ်သခင်နှစ်ယောက်နှင့် ရင်ဆိုင်နေရပြီး နောက်တစ်ယောက်က ကျန်းထျန်းခန်းဆောင်သခင် လီယွင်ကန်းနှင့် တိုက်ခိုက်နေသည်။
သူတို့က နဂါးကို မကယ်နိုင်ကြပေ။
ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတချို့က တိုက်ခိုက်ချင်သော်လည်း ဟန်မူယဲ့က ဓားကိုင်လျက် ရပ်နေသည်။ သူက တိုက်ခိုက်ခြင်းဆန္ဒနှင့် သတ်ဖြတ်ခြင်းဆန္ဒက အလွန်အားကောင်းသည်။
သူက ဓားတစ်ချက်ဖြင့် အင်မော်တယ်သခင်ကို ဖိနှိပ်ပြီး သေဆုံးသွားသည်အထိ စောင့်ကြည့်နေခဲ့သည်။ သူ၏ အရှိန်အဝါကြောင့် တခြားလူများက မချဉ်းကပ်ရဲကြပေ။
ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများက လျှပ်စီးပင်လယ်ထဲတွင် ဖြည်းဖြည်းချင်းအားနည်းသွားသော သွေးစွမ်းအင်ကို အကူအညီမဲ့စွာ ကြည့်နေလိုက်ရသည်။
“ဝီ”
ဟန်မူယဲ့က လက်မြှောက်ပြီး လျှပ်စီးပင်လယ်ကို သိမ်းသည်။
သို့သော် ဓားဝင်္ကပါက အသက်ဝင်နေပြီး မီခိုးရောင်နဂါးကို ဆက်လက်ဖိနှိပ်ထားသည်။
နဂါးကို ဖိနှိပ်ပြီး သတ်ဖြတ်နေသော ဓားဝင်္ကပါ၏စွမ်းအားက အကန့်အသတ်သို့ ရောက်နေသည်။ ချဉ်းကပ်လာသောလူတိုင်းက လောကကို ဖျက်ဆီးနိုင်သော ဓားဝင်္ကပါ၏စွမ်းအားကို ခံစားရလိမ့်မည်။
ထိုစွမ်းအားကို အင်မော်တယ်သခင်များကပင် မခုခံနိုင်ကြပေ။
ဟန်မူယဲ့က လီယွင်ကန်းနှင့် တခြားလူများ၏တိုက်ပွဲကို ကြည့်သည်။
အင်မော်တယ်သခင်များ၏ တိုက်ပွဲကြောင့် ကောင်းကင်နှင့်မြေကြီးက တုန်ခါနေသည်။
“ကျန်တာကို ထားခဲ့လိုက်တော့မယ်”
ဟန်မူယဲ့က ဟွမ်ကျစ်ဟူကို ကြည့်သည်။
ဟွမ်ကျစ်ဟူက ခေါင်းညိတ်သည်။
သူတို့က အင်မော်တယ်သခင်တစ်ယောက်ကို ဖိနှိပ်ထားနိုင်ခဲ့သည်။
စစ်တပ်များက အခြေကျနေသော်လည်း ဤကမ္ဘာကို အမှန်တကယ်သိမ်းပိုက်နိုင်ရန် အချိန်ယူရမည်။
သို့သော် အင်မော်တယ်သခင်သုံးယောက်ထဲတွင် တစ်ယောက်ကို ဖိနှိပ်ထားခဲ့သောကြောင့် အခက်အခဲနှင့် ကြုံရမည်မဟုတ်ပေ။
ကျန်ရှိနေသော အင်မော်တယ်သခင်နှစ်ယောက်ကလည်း ရှုံးနိမ့်ပြီး ထွက်ပြေးသွားကြသည်။
ဟန်မူယဲ့က ဤကမ္ဘာတွင် ဆက်နေရန် မလိုတော့ပေ။
သူက ဤကမ္ဘာကို လျင်မြန်စွာသိမ်းပိုက်ရန် စီစဉ်မထားပေ။
အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ခွန်အားနှင့်ဆိုလျှင် ဤကမ္ဘာကို အပြည့်အဝသိမ်းပိုက်ရန် အလွန်ခက်ခဲသည်။
အချိန်ယူရမည်။
ဟန်မူယဲ့က အလျင်မလိုပေ။
သူက အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ကျင့်ကြံသူများကို အင်မော်တယ်ကမ္ဘာ၏ ရက်စက်သောစစ်ပွဲများအကြောင်း သင်ပြပေးချင်သည်။
သူက တည်ငြိမ်နေသော လူသားကမ္ဘာလမ်းကြောင်း ဝင်္ကပါထဲသို့ တိတ်ဆိတ်စွာ ဝင်သွားသည်။
သူက အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ ပြန်ရောက်လာပြီး အံ့ဖွယ်ကိုးပါးဓားစံအိမ်သို့ တိုက်ရိုက်သွားခဲ့သည်။
သူက အင်မော်တယ်သခင်နှင့် တိုက်ခိုက်ပြီး လုံလောက်သောခွန်အားကို စုစည်းခဲ့သည်။
သူ၏ ဝိညာဉ်က ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။
သူ၏ ရုပ်ခန္ဓာကလည်း ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားသည်။
သို့သော် အသန်မာဆုံးခွန်အားသည် ဓားတာအိုကျင့်ကြံခြင်း ဖြစ်သည်။
ဓားတာအိုသည် သူမခန့်မှန်းနိုင်သောအဆင့်သို့ ရောက်နေသည်။
သို့သော် သူက မူလဝိညာဉ်ဓားနှစ်ခုကို ခွဲထုတ်ထားသောကြောင့် ကျင့်ကြံဆင့် တိုးတက်မလာပေ။
ထိုသို့မဟုတ်လျှင် သူက ရွှေအင်မော်တယ်အဆင့်တွင် ရှိနေလိမ့်မည်။
သူက ဆယ်နှစ်ကြာသည်အထိ ဓားစံအိမ်ထဲမှ ထွက်မသွားခဲ့ပေ။
မကြာခဏ အလည်လာသော မူဝမ်နှင့် ယွင်ကျင်းမှလွဲ၍ သူက ကျန်ရှိနေသော အချိန်များကို မော့ယွမ်နှင့်အတူ ဓားနည်းစနစ်များအား လေ့လာနေခဲ့သည်။
ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို အဆင့်မြှင့်ပြီးသောအခါတွင် ကောင်းကင်နှင့်မြေကြီးကပင် သူ၏ဓား ဖြစ်လာခဲ့သည်။
ဆယ်နှစ်အကြာတွင် မော့ယွမ်က ကျယ်လောင်စွာရယ်မောပြီး ထွက်သွားခဲ့သည်။
ဟန်မူယဲ့ကလည်း အံ့ဖွယ်ကိုးပါးဓားစံအိမ်ထဲမှ ထွက်လာသည်။
ဓားစံအိမ်၏ အပြင်ဘက်တွင် သူက မိတ်ဆွေဟောင်းတစ်ယောက်ကို မြင်ခဲ့ရသည်။
အစိမ်းရောင်ဝတ်စုံနှင့် ပိုင်စုကျန်းက မိစ္ဆာအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
“ဓားဘိုးဘေးမူယဲ့”
ပိုင်စုကျန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ရှုပ်ထွေးသောမျက်နှာထားဖြင့် ညင်သာစွာ ဦးညွတ်သည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
“ဆိုင်ရှင်ပိုင်က ဘာဖြစ်လို့ အရမ်းသူစိမ်းဆန်နေတာလဲ”
သူက ဓားစံအိမ်ထဲတွင်ရှိသော ရင်းနှီးနေသည့်လူများကို ညွှန်ပြလိုက်သည်။
“ဓားစံအိမ်မှာရှိတဲ့ လူအများစုက မိတ်ဆွေဟောင်းတွေပဲ။ ဆိုင်ရှင်ပိုင်က သူတို့ကို မှတ်မိတယ်မဟုတ်လား”
ပိုင်စုကျန်းက ခေါင်းညိတ်သည်။
သူမက ဟွမ်ခြောက်နှင့်လင်းရှန်ကို မြင်ခဲ့သည်။
ထို့ကြောင့် သူမက အချိန်တချို့ကြာအောင် စောင့်နေနိုင်ခဲ့သည်။
“ဂိုဏ်းတူအစ်ကိုဟန်က မိတ်ဆွေဆက်ဆံရေးကို တန်ဖိုးထားတယ်ဆိုတော့ ကျွန်မက ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါမယ်”
ပိုင်စုကျန်းက ညင်သာစွာ သက်ပြင်းချလိုက်ပြီး ကျောက်စိမ်းနက်တံဆိပ်ပြားတစ်ခုကို ဟန်မူယဲ့ဆီသို့ ပေးသည်။
“ကျွန်မအဖေက မြေအောက်မြစ်မှာ လမ်းပျောက်သွားတယ်”
‘မြေအောက်မြစ်လား’
ဟန်မူယဲ့က တံဆိပ်ပြားကိုယူလိုက်ပြီး သွေးရောင်အင်းကွက်များကို အာရုံခံကြည့်သည်။ သူက ပုံရိပ်ယောင်များကို မြင်လိုက်ရသည်။
ကောင်းကင်နှင့်မြေကြီး၏ ချောက်နက်ထဲတွင် မိစ္ဆာနှင့် မကောင်းဆိုးဝါးများ တည်ရှိနေကြသည်။
မြေအောက်မြစ်သည် သေဆုံးခြင်း၏ အရင်းအမြစ်နှင့် အဆုံးသတ် ဖြစ်သည်။
မြေအောက်မြစ်သည် အဆုံးမဲ့ပင်လယ်၏ အောက်ခြေတွင် တည်ရှိနေသည်။
ထိုကမ္ဘာသည် မိစ္ဆာကျင့်ကြံသူများနှင့် သက်ဆိုင်သည်။
အင်မော်တယ်ဘုရင်မင်ဟယ် ....
ဟန်မူယဲ့က နားလည်သွားသည်။
မြေအောက်မြစ်သည် အင်မော်တယ်ဘုရင်မင်ဟယ် ကျဆုံးသွားသောနေရာ ဖြစ်သည်။ ထိုနေရာသည် နတ်ဘုရားဘုရင်အမွေအနှစ်၏ ကမ္ဘာတစ်ခု ဖြစ်လာသည်။
နတ်ဘုရားဘုရင်မင်ဟယ်၏ အချက်အလက်က သူ့ရှေ့သို့ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဟယ်ချူကလည်း မြေအောက်မြစ်အတွက် အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ ရောက်လာခဲ့သည်။
“အကြီးအကဲလီမူပိုင်က ဘယ်တုန်းက ပျောက်သွားတာလဲ”
ဟန်မူယဲ့က တံဆိပ်ပြားကို ကိုင်ထားပြီး မေးလိုက်သည်။
ပိုင်စုကျန်းက ညင်သာစွာ သက်ပြင်းချပြီး လီမူပိုင်အကြောင်းကို ပြောပြသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျွမ်းကျင်သူများက ဝန်မခံချင်သော်လည်း ကျင့်ကြံခြင်းလောကတွင် မရွေ့လျားနိုင်သောတောင်တစ်လုံး ရှိနေကြောင်း နားလည်ကြသည်။
ထိုတောင်တန်းက ဟန်မူယဲ့ ဖြစ်သည်။
ဓားဘိုးဘေးမူယဲ့ ဖြစ်သည်။
ထိုကျွမ်းကျင်သူမျိုးက အတိတ်နှင့်အနာဂတ်ကို လွှမ်းမိုးထားပြီး တူညီသောကမ္ဘာတွင်ရှိနေသည့် ကျင့်ကြံသူများက ခေါင်းမမော့ရဲကြပေ။၊
လီမူပိုင်ကလည်း အနောက်ဘက်နယ်စပ်ကုန်းမြေမှ စတင်၍ ထိုသို့ တွေးခဲ့သည်။
နောက်ပိုင်းတွင် သူက ခွန်အားတိုးလာမည့်နည်းလမ်းများကို ရှာဖွေနေခဲ့သည်။
လွန်ခဲ့သောနှစ်များတွင် သူက အမှန်တကယ်ပင် တိုးတက်လာခဲ့သည်။
ပိုင်စုကျန်း၏စကားအရ လီမူပိုင်သည် သူတော်စင်တစ်ဝက်အဆင့် ဖြစ်သည်။
သူတော်စင်တစ်ဝက်အဆင့် မိစ္ဆာကျင့်ကြံသူ ....
သူ၏ ကျင့်ကြံခြင်းက အလွန်အားကောင်းသည်။
သို့သော် ဟန်မူယဲ့နှင့် ယှဉ်လိုက်လျှင် အလွန်နိမ့်ကျသည်။
လွန်ခဲ့သောနှစ်တစ်ရာတွင် ဟန်မူယဲ့က လူသားကမ္ဘာသို့ ပြန်ရောက်လာပြီး အင်မော်တယ်ကမ္ဘာအဖြစ် အဆင့်မြှင့်ပေးခဲ့သည်။
လီမူပိုင်က ထိုးနှက်ချက်ကို ခံစားလိုက်ရသည်။
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော တံဆိပ်ပြားက လီမူပိုင်နှင့် ဆက်သွယ်နေပြီး သူ၏ လက်ရှိအခြေအနေကို ဖော်ပြနိုင်သည်။
တံဆိပ်ပြား၏ တုန်ခါမှုအရ လီမူပိုင်က အခြေအနေကောင်းပုံမရပေ။
“မြေအောက်မြစ်ကို သွားရမှာလား”
ဟန်မူယဲ့က တံဆိပ်ပြားကို ကိုင်ထားပြီး မေးလိုက်သည်။
ပိုင်စုကျန်းက တီးတိုးပြောသည်။
“ကျွန်မမှာ တခြားကမ်းလှမ်းစရာ မရှိဘူး။ အဲဒါကြောင့် ဂိုဏ်းတူအစ်ကိုဟန်ကိုပဲ အကူအညီလာတောင်းလိုက်တာ”
ဟန်မူယဲ့က မြေအောက်မြစ်သို့ ဝင်ရောက်ပြီး လီမူပိုင်ကို ကယ်တင်နိုင်လိမ့်မည်။
တခြားကျွမ်းကျင်သူများကလည်း ထိုသို့ လုပ်နိုင်လိမ့်မည်။ သို့သော် ပိုင်စုကျန်းက သူတို့ကို မဆွဲဆောင်နိုင်ပေ။
ဟန်မူယဲ့ကတော့ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်သည်။
“ကောင်းပြီ”
ဟန်မူယဲ့က ပြတ်သားစွာ သဘောတူလိုက်သည်။
ပိုင်စုကျန်းက ထွက်မသွားခဲ့ပေ။ မူဝမ်ရောက်လာသောအခါတွင် သူတို့က ပျော်ရွှင်စွာ စကားပြောနေကြသည်။
မူဝမ်၊ ယွင်ကျင်းနှင့် ပိုင်စုကျန်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် လွတ်လပ်စွာ နေထိုင်ခဲ့ကြသည်။ မူဝမ်နှင့် ပိုင်စုကျန်းက အံ့ဖွယ်ကိုးပါးတောင်၏ အကြောင်းအရာများကို ပြန်ပြောနေကြသည်။
ဟန်မူယဲ့ကတော့ ဟွမ်ခြောက်ကို သွားရှာခဲ့သည်။
“မြေအောက်မြစ်လား”
ဟွမ်ခြောက်က ခေါင်းခါသည်။
“ငါက အဲဒီနေရာကို ကြားဖူးတယ်။ အဲဒါက တစ်လောကလုံးမှာ ဖရိုဖရဲအဖြစ်ဆုံးနေရာပဲ။ မကောင်းဆိုးဝါးမိစ္ဆာတွေက အဲဒီမှာ သောင်းကျန်းနေကြတယ်”
“ငါက အဲဒီနေရာကို စိတ်မဝင်စားဘူး”
ဟွမ်ခြောက်က မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
“မင်းက ဘာဖြစ်လို့ အဲဒီကိုသွားမှာလဲ”
“မင်းက မိစ္ဆာလမ်းစဉ်ကို မကျင့်ကြံဘူးလေ”
“မင်းက အဲဒီကိုရောက်သွားရင် ဝိုင်းအတိုက်ခံရလိမ့်မယ်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“အဲဒါကြောင့် အစ်ကိုခြောက်ကို လာပြောတာပဲ”
“လီမူပိုင်ကြောင့်လား”
ဟွမ်ခြောက်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ဆိုင်ရှင်ပိုင်က ငါတို့နဲ့ ဆက်ဆံရေးတချို့ ရှိတယ်ဆိုပေမဲ့ မြေအောက်မြစ်ကို သွားရတဲ့အထိ မထိုက်တန်ဘူး”
ဟန်မူယဲ့က ဟယ်ချူ၏ သွေးလှံဆီမှ ရရှိလာသော သွေးမြူခိုးကို ထုတ်ယူသည်။
နတ်ဘုရားဘုရင်မင်ဟယ် ကျဆုံသွားသောနေရာ ....
နတ်ဘုရားဘုရင်၏ အမွေအနှစ် ဖြစ်သည်။
ဟွမ်ခြောက်က ခပ်ဟဟရယ်သည်။
“မင်းကို ဆွဲဆောင်နိုင်တဲ့ အကျိုးအမြတ်တစ်ခု ရှိလိမ့်မယ်ဆိုတာကို ငါသိနေတယ်”
သူက မေးစေ့ကို ပွတ်သပ်လိုက်ပြီး ခေါင်းညိတ်သည်။
“ကောင်းပြီ။ ငါက မင်းနဲ့ လိုက်ခဲ့မယ်”
....
မြေအောက်မြစ်သည် အဆုံးမဲ့ပင်လယ်၏အောက်တွင် တည်ရှိနေသည်။
သူတို့က အဆုံးမဲ့ပင်လယ်ထဲသို့ ဝင်ရောက်သွားရန် မလိုအပ်ပေ။ အဆုံးမဲ့ပင်လယ်၏ အောက်ခြေတွင်ရှိသော လောကကို ထိုးဖောက်ရမည်။
သူတို့က လျှို့ဝှက်နည်းလမ်းဖြင့် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲပြီး မြေအောက်မြစ်၏စွမ်းအားကို အသုံးပြုထားသော ပစ္စည်းတစ်ခုဖြင့် မြေအောက်မြစ်ကမ္ဘာထဲသို့ ဝင်ရောက်ရမည်.
ထိုနေရာသည် သီးသန့်ကမ္ဘာတစ်ခု ဖြစ်သည်။
ဟွမ်ခြောက်နှင့်ဟန်မူယဲ့က မြေအောက်မြစ်သို့ ရောက်လာသောအခါတွင် မိစ္ဆာကျင့်ကြံသူများ စုဝေးနေသောအကြောင်းပြချက်ကို နားလည်သွားသည်။
မြေအောက်မြစ်သည် သွေးပင်လယ်ကဲ့သို့ စီးဆင်းနေသည်။
မြေအောက်မြစ်သည် အငြိုးအတေးစွမ်းအားနှင့် သွေးစွမ်းအားကို ဝါးမြိုသည်။