← Chapters

လေးပွင့်ဆိုင်ဒိတ် (၂)

Vol. 10 Ch. 13

လေးပွင့်ဆိုင်ဒိတ် (၂)

Vol. 10 Ch. 13

“ဝိုး၊ ဒီအပေါ်မှာလည်း စားစရာတွေအများကြီးရှိတာပဲ။”

ရှုခင်းကြည့်တဲ့အထပ်ကိုမရောက်ခင် အထပ်တစ်ထပ်ကိုရောက်တော့ ဆိုဖီယာက ပြောလိုက်တယ်။ ဒီတစ်ထပ်လုံး​က စားသောက်ဆိုင်တွေနဲ့ ပြည့်နေတဲ့နေရာတစ်ခုပါ။ အသင့်စောင့်နေတဲ့ အထပ်ရဲ့လမ်းညွန်ကတော့ ဓာတ်လှေကားထဲက ထွက်လာတဲ့လူတွေကို စုရပ်ခိုင်းပြီးတော့ အထပ်အကြောင်းရှင်းပြပေးပါတယ်။

“ဒီအထပ်ကတော့ ၁၉၃၀ ခုနစ်တွေကအတိုင်း အဲဒီခေတ်က စားစရာတွေကို အရသာခံကြည့်နိုင်မယ့်အထပ်ဖြစ်ပါတယ်။ လိုက်လံကြည့်ရှုပြီး ဝယ်ယူစားသုံးနိုင်ပါတယ်။”

လမ်းညွန်သမားက ရှင်းပြပြီးတာနဲ့ ဆိုဖီယာက မက်ဒါနာလက်ကိုဆွဲပြီး စားသောက်ဆိုင်တွေကို လိုက်ပတ်ကြည့်တယ်။ မက်ဒါနာကတော့ နာရီတကြည့်ကြည့်နဲ့ပေါ့။ အေမီရဲ့အစီအစဥ်အတိုင်းဆိုရင် ဆယ်မိနစ်တစ်ခါ ကောင်မလေးတွေကို လှည့်ထားခဲ့ရမှာဆိုပေမဲ့ ဆိုဖီယာနဲ့က ခုမှစဒိတ်တာမလို့ ထားခဲ့လို့မကောင်းဘူး။ ဒါကြောင့် မက်ဒါနာက နားကနားကျပ်ကိုထိပြီးတော့ တီးတိုးလေးအေမီကို သတင်းပို့လိုက်တယ်။

“အေမီ၊ ငါနောက်ဆယ်မိနစ်လောက် ဒီမှာထပ်နေလို့ရမလား။ ဆိုဖီယာကို ဒီတိုင်းထားသွားရင် သံသယဝင်သွားလိမ့်မယ်။”

“ရပါတယ်၊ ဒါပေမဲ့ ဖလေရာလည်း အသားကင်ဆိုင်ထဲဝင်သွားပြီ။ သူ့ကို အကြာကြီးစောင့်ခိုင်းတာမကောင်းဘူး။”

မက်ဒါနာက သက်ပြင်းချလိုက်တယ်။ ဆိုဖီယာကတော့ စကားခိုးပြောရင်း နောက်မှာပြတ်ကျန်ခဲ့တဲ့ မက်ဒါနာကို လှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ မက်ဒါနာကတော့ ပြုံးသာပြလိုက်တယ်။ ခနနေတဲ့နောက်မှာတော့ ဆိုဖီယာရဲ့အကြည့်က ရောင်စုံသစ်သီးခြောက်လေးတွေနဲ့ပြုလုပ်ထားတဲ့ ကိတ်မုန့်တွေဆီကို အကြည့်ရောက်သွားတယ်။ ဆိုင်ဝန်ထမ်းကလည်း ဆိုဖီယာရဲ့အကြည့်ကို သတိထားမိသွားပြီး ရှင်းပြပါတယ်။

“ဒါက ၁၉၃၀ ခုနစ်တွေက လူ​ကြိုက်များခဲ့တဲ့ တစ်ဒေါ်လာကိတ်ဖြစ်ပါတယ်။ နာမည်အတိုင်း တစ်ဗန်းလုံးလုပ်ဖို့ တစ်ဒေါ်လာပဲကုန်ကျခဲ့တဲ့ ကိတ်မလို့ပါ။ သစ်သီးခြောက်တွေ၊ ယိုအမာထိုးထားတဲ့ သစ်သီးတွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး စားကောင်းပါတယ်။ အရင်အရသာအတိုင်းလုပ်ထားတာဆိုပေမဲ့ အခုခေတ်မှာတော့ တစ်ပိုင်းကို နှစ်ဒေါ်လာခွဲ ကျသင့်ပါတယ်နော်။”

(စာရေးသူ၏မှတ်စု။ ။ မြန်မာပြည်မှာလည်း အရသာအနီးစပ်ဆုံးတူတဲ့ မုန့်တစ်ခုရှိပြီး Good Morningကထုတ်တဲ့ သီးစုံကိတ်ချပ်တွေပါ။ တစ်ဒေါ်လာကိတ်ကို ဒယ်ဝိုင်းကြီးကြီးထဲမှာ ထည့်ဖုတ်တာဖြစ်ပြီး ဝယ်ရင် ဆနွင်းမကင်းလို လေးထောင့်တုံးပုံစံဖြတ်ပေးတာဖြစ်ပါတယ်။)

ဆိုင်ဝန်ထမ်းက နောက်လိုက်ပေမဲ့ ဆိုဖီယာကတော့ အိတ်ထဲကနေ ပိုက်ဆံတွေထုတ်နေပြီ။ “ငါးခုယူမယ်။”

ခဏနေတော့ မက်ဒါနာနဲ့ဆိုဖီယာတို့က ခုံတန်းတစ်ခုပေါ်မှာထိုင်နေပြီးတော့ ဝယ်လာတဲ့ ကိတ်မုန့်အသေးလေးတွေကို မျှဝေစားဖြစ်ကြတယ်။ ဆိုဖီယာက ​သူ့လက်ထဲမှာ ကိုင်လို့ရတယ်ဆိုရုံသာ အရွယ်အစားရှိတဲ့ တစ်ဒေါ်လာတန်ကိတ်ကလေးကို သေးသေးလေးဖဲ့စားလိုက်ရင်း သုံးသပ်ပါတယ်။

“ပေါင်မုန့်သားကြမ်းပေမဲ့ ယိုနဲ့သစ်သီးခြောက်တွေက ချိုသားပဲ။ သူ့ချည်းပဲဆိုတော့ လည်ချောင်းခြောက်သား။”

ဆိုဖီယာက ပြောပြောဆိုဆိုနဲ့ ခုံတန်းကနေ ထလိုက်ပြီး ဆိုင်တန်းတွေထဲမှာ လိုက်ကြည့်တယ်။ နောက်တော့ ဆိုဒါဖန်ပုလင်းတစ်လုံးနဲ့ပြန်ရောက်လာရော။

“ဒေါက်တာပီပါသောက်လေ့မရှိပေမဲ့ ပုလင်းလေးချစ်လို့ဝယ်လာတာ။ ဟိုးတုန်းက ဆိုဒါကုမ္ပဏီတိုင်းလိုလို​က ဖန်ပုလင်းထဲမှာ အချိုရည်တွေကိုထည့်ကြတာတဲ့။ ပြီးတော့ ဝယ်သူက ဖန်ပုလင်းတွေကိုဆိုင်ပြန်အပ်ရင် ပုလင်းပေါင်ဖိုးပြန်ရတဲ့စနစ်ရှိတယ်ဆိုလား။ ဆိုင်ဝန်ထမ်းက ရှင်းပြတာ။”

ဆိုဖီယာက ပုလင်းအဖုံးဖွင့်ပြီး ပိုက်တပ်ပြီးသား ဆိုဒါဘူးကို မက်ဒါနာဆီ ကမ်းပေးလိုက်တယ်။ မက်ဒါနာကလည်း အကောင်းမှတ်ပြီး ပုလင်းကိုယူ ပိုက်ကိုစုပ်သောက်တော့တာပေါ့။ အဲဒီနောက် ကိတ်မုန့်နှစ်ခုလောက်ကိုလည်း စားလိုက်သေးတယ်။ ပြီးခါမှ ဆိုဖီယာလက်ထဲမှာ နောက်ထပ်ဆိုဒါပုလင်းရှိမနေမှန်း သတိထားမိတော့တာ။

“ဆိုဖီယာ၊ နင်ရောမသောက်ဘူးလား....” မက်ဒါနာက မေးလိုက်ရုံရှိသေးတယ် ဆိုဖီယာက မက်ဒါနာရဲ့လက်ထဲက ဆိုဒါပုလင်းကို ဆွဲလုလိုက်ပြီး မက်ဒါနာသောက်လက်စပိုက်နဲ့ပဲဆက်သောက်တယ်။ နောက်တော့ ပြုံးပြလိုက်ပြီး

“နင့်ရဲ့သွယ်ဝိုက်အနမ်းလေး ရသွားပြီ။”

“.....” ဆိုဖီယာရဲ့ရိုမန့်တစ်ဆန်ပုံကို လိုက်မမီတော့တဲ့ မက်ဒါနာကတော့ မျက်တောင်လေးခတ်ကာခတ်ကာနဲ့ နတ်သူငယ်မလေးကို အကြောင်သားကြည့်လို့ပေါ့။

ဂေ့...

ပုလင်းတစ်ဝက်ကုန်တဲ့အထိ သောက်ပြီးတဲ့နောက်မှာတော့ ဆိုဖီယာက လေတက်လိုက်တယ်။ အဲဒီနောက်တော့ မက်ဒါနာကို ပုလင်းပြန်ပေးပြီး ပြောပါတယ်။

“ကိုလာထက်ချိုတာပဲ၊ ပြီးတော့ ငရုတ်ကောင်းအရသာနဲ့ဆင်တယ်။ အနံကတော့ ဆေးခန်းရောက်သွားသလိုပဲ။”

မက်ဒါနာက စဥ်းစားလိုက်ပြီး သူကြားဖူးတဲ့စကားတစ်ခွန်းကို ပြောလိုက်ပါတယ်။ “အင်း၊ မူလတီထွင်သူက ဆေးခန်းသွားရင်ရတဲ့ အရက်ပျံနံသင်းသင်းကို သဘောကျလို့ သူ့ဆိုဒါကို အဲဒီလိုအနံရအောင်လုပ်ခဲ့တာဆိုလား။”

မက်ဒါနာက ပြောလိုက်ပြီး လက်ထဲက ဆိုဒါပုလင်းကို ပြန်ငုံကြည့်ပါတယ်။ သူ့စိတ်ထဲ ဆက်သောက်ရမလား မသောက်ရဘူးလား မသဲကွဲဘူး။ ဒါပေမဲ့ ဆိုဖီယာက သူ့ကိုမျှော်လင့်တကြီးအကြည့်တွေနဲ့ ကြည့်နေလေတော့ တံထွေးမျိုချလိုက်ပြီး ပိုက်အဟောင်းနဲ့ပဲ ဆက်သောက်ရတော့တာပဲ။ နတ်သူငယ်မလေးမှာ တံထွေးကနေကူးစက်နိုင်တဲ့ ကူးစက်ရောဂါမျိုး မရှိဖို့မျှော်လင့်ရတာပဲ။

“အပြန်အလှန် သွယ်ဝိုက်အနမ်းပေးတာ အောင်မြင်သွားပြီ။ ကဲ၊ အပေါ်ထပ်သွားပြီး ရှုခင်းကြည့်ကြရအောင်။”

ဆိုဖီယာက မက်ဒါနာရဲ့လက်ကိုဆွဲလိုက်ပေမဲ့ မက်ဒါနာရဲ့နားကျပ်ကနေ အေမီရဲ့အသံထွက်လာပါလေရော။ “မမလေး၊ လင်ဒါက မမလေးကို ဖုန်းဆက်ဖို့လုပ်နေပြီ။”

တခြားကောင်မလေးတစ်ယောက်ယောက်ဆီကနေ ဖုန်းဝင်လာရင် ဆိုဖီယာသံသယဝင်သွားနိုင်တယ်ဆိုတာကိုတွေးမိတော့ မက်ဒါနာက ဗိုက်ကိုဖိကိုင်လိုက်ပြီး အလွတ်ကျက်လာတဲ့ ဆင်ခြေဟောင်းကြီးကို ပေးလိုက်ပါတယ်။

“အားဟားဟား... မနက်က အေမီချက်ပေးတဲ့ အီတလီခေါက်ဆွဲမှာ ပြဿနာရှိနေတယ်ထင်တယ်။ သန့်စင်ခန်းသွားလိုက်ဦးမယ်။”

မက်ဒါနာက ပြောပြောဆိုဆိုနဲ့ အထပ်က အများသုံးသန့်စင်ခန်းရှိရာကိုပြေးတယ်။ ဆိုဖီယာ​က ခုံတန်းမှာထိုင်ပြီး သူသန့်စင်ခန်းထဲဝင်တဲ့အထိ ပြုံးပြနေပေမဲ့ မက်ဒါနာက သူ့ကိုမမြင်ရတော့တာနဲ့ အပြုံးပျောက်သွားပြီး

“လူလိမ်...” လို့ တီးတိုးပြောလိုက်လေရဲ့။

...

ဒီတစ်ခါတော့ ပေါ်တယ်က စားသောက်ဆိုင်နားမှာ ပွင့်လာပြီး မက်ဒါနာက ဖုန်းကလေးကို ကိုင်ကာကိုင်ကာနဲ့ ဆိုင်ထဲဝင်ပါတယ်။ အဲဲဒီနောက်တော့ တူးလုနီးနီးဖြစ်နေတဲ့ အသင့်ကင်ပြီးသား အသားကင်တွေကိုငုံကြည့်ပြီး မှိုင်တွေနေတဲ့ လင်ဒါရှိရာစားပွဲဆီ ကပ်သွားလိုက်တယ်။

“လင်ဒါ၊ ဆောရီးပါ။ ငါလမ်းပျောက်သွားလို့။” မက်ဒါနာက လင်ဒါမြင်အောင်လို့ ဖုန်းထဲကြိုဖွင့်ထားတဲ့ မြေပုံဆော့ဝဲလ်ကို ထုတ်ပြလိုက်တယ်။ လင်ဒါကတော့ မက်ဒါနာကိုမြင်တာနဲ့ ချက်ချင်းပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်သွားလေရဲ့။

“ကြာလိုက်တာ၊ နယူးယောက်မြို့ရဲ့ဟီးရိုးကြီးက နယူးယောက်မှာ လမ်းပျောက်နေရတယ်လို့။”

“တောင်းပန်ပါတယ်နော်၊ ငါက ကွင်းနဲ့မက်ဟန်တန်မှာပဲ ကင်းလှည့်တာများတော့ အင်ပါယာစတိတ်နားကို သိပ်မကျွမ်းဘူးလေ။”

“ဟုတ်ပါပြီဟုတ်ပါပြီ။” လင်ဒါက မက်ဒါနာဆင်ခြေပေးနေတာတွေကို နားမထောင်တော့ဘဲ မက်ဒါနာအတွက် ကြိုကင်ပေးထားတဲ့ အသားတွေထဲက ကောင်းကောင်းကျက်တဲ့အသားတွေကိုရွေးပြီး ပန်းကန်တစ်ချပ်ထဲထည့်ပေးလိုက်တယ်။ တူးတာတွေကိုတော့ သူယူထားလိုက်တယ်။

“အသားကင်ဖိုမြင်တာနဲ့ ကင်ချင်စိတ်ပေါက်လာပြီး ကိုယ့်ဘာသာကင်ကြည့်မိတာလေ။ ဒါပေမဲ့ မကျွမ်းသေးတော့ နည်းနည်းဒုက္ခရောက်သွားရုံပါ။”

လင်ဒါက ရှင်းပြရင်း လေပူတွေမှုတ်ထုတ်လိုက်ပါတယ်။ မက်ဒါနာကတော့ ကြက်နက်အသားလွှာတစ်ခုကို တူနဲ့ညှပ်ယူကာ ပဲငံပြာရည်နဲ့တို့လိုက်ရင်း လင်ဒါကို ပြုံးပြလိုက်တယ်။

“အသားတွေကိုကြည့်ရတာ စားလို့ကောင်းမယ့်ပုံပဲနော်။” လင်ဒါကလည်း ခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့ သူတို့နှစ်ယောက်က စစားကြတယ်။ ခဏနေတော့ လင်ဒါက စကားစလာရော။

“မက်ဒါနာ၊ နင်ဒီကို ဘာနဲ့လာတာလဲ။”

“ကျန်တဲ့သူတွေမအားလို့ ဆုဗာနာသံရုံးကနေ သံရုံးကားခေါ်လိုက်တာလေ။” မက်ဒါနာက စဥ်းစားရင်းနဲ့ ပြန်ဖြေလိုက်တယ်။ ခါတိုင်းဆိုရင် ဖရက်က သူသွားချင်တဲ့နေရာတိုင်းကို ကားမောင်းလိုက်ပို့နေကျဆိုပေမဲ့ အခုဖရက်က ကြိုးစားပန်းစားအလုပ်လုပ်နေပြီး စစ်တန်းလျားမှာညအိပ်နေရတယ်။

“ဒါပေမဲ့ သံရုံးက ဒရိုက်ဘာတွေက ကျွမ်းကျင်အဆင့်တွေမဟုတ်လား။ မြို့လယ်ခေါင်မှာ လမ်းပျောက်သွားတယ်ဆိုတော့ သူတို့ကိုအလုပ်မှာ ကျွင်းကျင်မှုတကယ်ရှိမရှိ ပြန်စစ်ဆေးဖို့လိုနေပြီထင်တယ်။”

“....” လင်ဒါပြောလိုက်တဲ့စကားကြောင့် မီးဖိုထဲမှာ ကင်လက်စ ဝက်သားသုံးထပ်သားပြားကို လှမ်းယူဖို့လုပ်နေတဲ့ မက်ဒါနာရဲ့တူက ရုတ်ချည်းတန့်ခနဲရပ်သွားတယ်။

‘သေချာပြီ၊ လင်ဒါက ငါ့ကိုသံသယဝင်နေတာပဲ။ ဒီဟာမ ငါ့ကိုပုလိပ်စစ်စစ်နေပြီ။’ မက်ဒါနာက လင်ဒါရဲ့ပုံစံကိုကြည့်ရင်း သက်ပြင်းခိုးချလိုက်တယ်။ လင်ဒါက သူ့ကိုမျက်မှောင်ကုတ်ကြည့်နေပေမဲ့ ပြုံးထားတယ်။ ဒါပေမဲ့ အဲဒီအပြုံးက အပြုံးတုကြီးဖြစ်နေပြီး စုံထောက်တွေ တရားခံဆီက ထွက်ဆိုချက်ယူရင် ပြုံးတဲ့အပြုံးမျိုး။

“အဟားဟား... တကယ်တော့ သံရုံးကဒရိုက်ဘာကို ကျောင်းအထိပဲ ကားလာပို့ခိုင်းပြီး ဒီကိုကိုယ်တိုင်ကားမောင်းထွက်လာလေ။” မက်ဒါနာက ခြောက်ကပ်ကပ်နဲ့ရယ်လိုက်ရင်း ဆင်ခြေပေးတယ်။

လင်ဒါက မက်ဒါနာရဲ့အလီဘိုင်ကိုနားထောင်​နေရင်းကနေ တစ်ချက်အပြုံးပျက်သွားတယ်။ အဲဒီနောက်တော့ အပြင်ကိုကြည့်လိုက်ပြီး “အနားမှာ သံရုံးကားလည်း မတွေ့ပါလား။” လို့မေးလာရော။

“ကားပါကင်မရမှာစိုးလို့ ဟိုဘက်လမ်းမှာ ပါကင်ထိုးခဲ့တယ်။”

“အော်...” လင်ဒါက မက်ဒါနာ ကားပါကင်တကယ်ထိုးခဲ့တာဟုတ်မဟုတ် စစ်ဖို့နည်းလမ်းမရှိတာကြောင့် ခေါင်းပဲညိတ်ပြီး ဆက်မမေးတော့ဘူး။ နောက်တော့ သူတို့နှစ်ယောက်က အသားကင်တွေကို ပုံမှန်အတိုင်းဆက်စားတယ်။ ပြဿနာက...

‘သေစမ်း၊ ဆိုဖီယာနဲ့ဒိတ်နေတုန်း ကိတ်မုန့်နဲ့အအေးသောက်လာမိပြီး ဗိုက်က အများကြီးမဆန့်တော့ဘူး။’ မက်ဒါနာက သူ့ဗိုက်ထဲမှာရှိတဲ့ နောက်ဆုံးနေရာလွတ်လေးကို မှိုကင်မျိုချကာ ဖြည့်တင်းလိုက်ပြီးတဲ့နောက် လင်ဒါကို စိုးရိမ်တကြီးကြည့်လိုက်တယ်။

ဘာဘီကျူ့ဘူဖေးဆိုင်မှာ စောစောစီးစီးမစားနိုင်ဘဲ ရပ်သွားတယ်ဆိုတာ အပြင်မှာတစ်ခုခုစားလာခဲ့မိလို့ဆိုတဲ့ သက်သေပဲ။ လင်ဒါကလည်း မက်ဒါနာမစားဘဲရပ်သွားတာကို ချက်ချင်းသတိပြုမိသွားတယ်။

“မက်ဒါနာ၊ ဗိုက်ဝသွားတာလား။ ဒါပေမဲ့ နင်စားတာ ဒီလောက်လည်း မများသေးပါဘူးနော်။”

လင်ဒါရဲ့လေသံက ပုံမှန်ပဲဆိုပေမဲ့ မက်ဒါနာနောက်ကျောမလုံတော့ဘူး။ သူ့ရှေ့က ရဲအရာရှိကိုကြည့်လေ သူ့ကိုခုချက်ချင်းဖမ်းပြီး ထောင်ထဲထည့်တော့မယ့်သူလို့ မြင်လာလေလေပဲ။

“အိမ်ကနေ တစ်ခုခုစားလာသေးတာလား။” လင်ဒါက လေသံအေးအေးနဲ့ပြောလိုက်တော့ မက်ဒါနာက ပျာယာခတ်နေတဲ့စိတ်ကို ထိန်းချုပ်နေရင်းနဲ့ ပြန်ဖြေပါတယ်။

“အေမီက မနက်စာစားမှဖြစ်မယ်ဆိုပြီး အီတလီခေါက်ဆွဲတွေအများကြီး ကျွေးလွှတ်လိုက်လို့လေ။”

ဒီတစ်ခါတော့ မက်ဒါနာက အမှန်အတိုင်းပြောလိုက်တာ။ ဖြစ်ချင်တော့ အဲဲဒီအချိန်မှာပဲ သူ့ဖုန်းက မြည်လာတော့တာပဲ။ မက်ဒါနာက ဖုန်းကို ဖွင့်ကြည့်တော့ ဖလေရာဆီက ဖြစ်နေတယ်။ မက်ဒါနာက လင်ဒါကို အားနာတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး

“အမေဖုန်းဆက်တာ၊ အပြင်ထွက်ပြီး ဖုန်းပြောလိုက်ဦးမယ်။”

မက်ဒါနာက ဖုန်းကိုအသံအရင်ပိတ် ကိုင်ချင်ယောင်ဆောင်ပြီး သန့်စင်ခန်းရှိရာဖက်ကို ထွက်သွားတယ်။ ဒီနေ့အတွက် တတိယအကြိမ်မြောက် သန့်စင်ခန်းထဲဝင်တာပါ။ လင်ဒါကတော့ မက်ဒါနာရဲ့နောက်ကျောကို ကြည့်နေရင်းကနေ မျက်ခုံးပင့်လိုက်ပါတယ်။

“ခါတိုင်းဆိုရင် ဆုဗာနာကို မက်ဒါနာကပဲ အရင်ဆက်သွယ်လေ့ရှိတာပါ။ ပြီးတော့ သူ့အမေဆိုရင် ငါ့ရှေ့မှာပဲ ဖုန်းပြောလို့ရတယ်မဟုတ်ဘူးလား။”

...

မက်ဒါနာက အကင်ဆိုင်ရဲ့သန့်စင်ခန်းထဲရောက်တာနဲ့ အိမ်သာခန်းထဲဝင်ပြီး ချက်ချလိုက်တယ်။ နောက်တော့ ဖုန်းကိုတကယ်ကိုင်တယ်။ တစ်ဖက်ကနေပြီး ဖလေရာရဲ့စိတ်မရှည်တဲ့လေသံက ထွက်လာပါလေရော။

“မက်ဒါနာ၊ နင်အိမ်သာထဲမှာ အိပ်ပျော်နေတာလား။ အိမ်သာထဲပြုတ်ကျသွားတာလား။ နင်အိမ်သာတက်နေတာ နာရီဝက်လောက်ရှိနေပြီနော်။”

“အီး... ဗိုက်ရစ်နေလို့ပါ... လာပြီ... လာပြီ။” မက်ဒါနာက ဟန်ဆောင်ပန်ဆောင် ဖလေရာကြားအောင် ရေဆွဲချလိုက်ပြီးနောက် လက်ဖျောက်တီးလိုက်ပါတယ်။ ဘာဘီကျူ့စားသောက်ဆိုင်သန့်စင်ခန်းထဲမှာ ပေါ်တယ်တစ်ခုပွင့်လာပြီးတဲ့နောက် မက်ဒါနာက ပန်းခြံရဲ့သော့ခတ်ထားတဲ့ အိမ်သာခန်းထဲမှာ ပြန်ပေါ်လာတယ်။ ပြီးတော့ အေမီကိုမေးလိုက်တယ်။

“အေမီ၊ သူဖုန်းဆက်မှာကို ဘာလို့ကြိုမပြောတာလဲ။”

“တောင်းပန်ပါတယ်မမလေး၊ သူက ကျွန်မစောင့်ကြည့်ပြီးတွက်ချက်နေတဲ့ကြားက ရုတ်တရက် ကောက်ပြီးဖုန်းစဆက်တာ။” ဒါပေါ့၊ အေမီက အနာဂတ်ကို ကြိုတွက်ချက်နိုင်တယ်ဆိုပေမဲ့ ရာနှုန်းပြည့်ကြီး တွက်နိုင်တာမဟုတ်ဘူးလေ။

...

“ဖလေရာ၊ စောင့်လိုက်ရလို့ တောင်းပန်ပါတယ်။”

မက်ဒါနာက ခုံတန်းတစ်ခုပေါ်မှာ ထိုင်စောင့်နေတဲ့ ဖလေရာကို ပြုံးပြလိုက်တယ်။ ဖလေရာကတော့ မက်ါနာရဲ့ခြောက်သွေ့နေတဲ့လက်ကို သေချာကြည့်လိုက်ပြီး

“မက်ဒါနာ၊ နင်အိမ်သာကအထွက်မှာ လက်ရောဆေးခဲ့သေးလား။”

“.....” မက်ဒါနာ ကြောင်ကြောင်ကြီးရပ်နေမိတယ်။ သူက တကယ်အိမ်သာတက်တာမဟုတ်လို့ အိမ်သာတက်ပြီးတိုင်း လက်ဆေးရမယ်ဆိုတဲ့အချက်ကိုမေ့သွားတာ။ ဒါနဲ့၊ လက်ကလေးတစ်ချောင်းထောင်ပြပြီး “ရေမလိုလက်သန့်ဆေးသုံးထားလို့ လက်တွေစိုမနေတာပါ။” လို့ရှင်းပြလိုက်တယ်။

“ဒါဆိုလည်းပြီးရော၊ ငါက နင့်အတွက် ဝေဖာကတော့နဲ့ရေခဲမုန့်ဝယ်ပေးမလို့ မေးနေတာ။”

ဖလေရာက ပြောလိုက်ပြီးတော့ မက်ဒါနာကိုခေါ်ပြီး ပန်းခြံထဲမှာ ရေခဲမုန့်ရောင်းတဲ့ ဆိုင်ဆီကိုခေါ်သွားပြီးမက်ဒါနာအတွက် ချောကလက်အရသာရေခဲမုန့်ဝယ်ပေးပါတယ်။ မက်ဒါနာကတော့ သူ့လက်ထဲက ရေခဲမုန့်ကို ကြည့်လိုက်တယ်။

‘ဘုရားသခင်၊ ငါဒီနေ့တစ်​နေကုန် ဗိုက်ပေါက်တဲ့အထိ သူတို့ကျွေးတာ စားရမှာလားဟင်။’

...

အင်ပါယာစတိတ်အဆောက်အအုံ အပေါ်ဆုံးထပ်၊ ရှုခင်းကြည့်လသာထပ်မှာတော့ ဆိုဖီယာက အကြွေစေ့ထည့်ပြီးသုံးတဲ့ ရှုခင်းကြည့်မှန်ဲပြောင်းနားမှာ ခါးထောက်ပြီးရပ်နေပါတယ်။

“မက်ဒါနာ၊ ကောင်မစုတ်။ မပြောမဆိုနဲ့ ဘယ်ထွက်သွားတာလဲမသိဘူး။ ငါသူ့ဝိညာဥ်ကို အာရုံခံကြည့်သလောက် အိမ်သာထဲမှာ မရှိတော့ဘူးပဲ။ လူလိမ်မကြီး။”

ဒါပေါ့၊ သုံးယောက်ထဲမှာ ဆိုဖီယာက လိမ်ရအခက်ဆုံးပဲ။ ဒါပေမဲ့ သည်းခံစိတ်အရှိဆုံးလူလည်းဖြစ်ပါတယ်။ ဆိုဖီယာက ဒေါသထွက်နေပြီး သူ့အနားမှာ လောကဓာတ်စွမ်းအားတွေ ဝန်းရံနေပေမဲ့ အသက်ကိုပြင်းပြင်းရှု စိတ်ကိုထိန်းလိုက်ပြီး မှန်ဘီဘူးထဲကို အကြွေစေ့ထည့်လိုက်တယ်။

“သူပြန်မလာသေးခင်တော့ ရှုခင်းကြည့်ပြီး အချိန်ဖြုန်းတာပေါ့။”

ဒီလိုနဲ့ဆိုဖီယာက မှန်ဘီလူးကိုသုံးပြီး နယူးယောက်မြို့ရဲ့ကောင်းကင်အောက်က ရှုခင်းတွေကို စကြည့်ဖြစ်တယ်။ ဒါပေမဲ့ ငါးမိနစ်မပြည့်ခင်မှာပဲ ဆိုဖီယာဖိနှိပ်ထားတဲ့ စွမ်းအားတွေက ပြန်ပွင့်ထွက်လာတယ်။အကြောင်းကတော့ အဖြူရောင်ဘလောက်ဇာအင်္ကျီနဲ့အနက်ရောင်ဘောင်းဘီရှည်ဝတ်ထားတဲ့ ဖလေရာကို ဘားနက်ပန်းခြံထဲမှာ မြင်လိုက်ရလို့ သူ့ဘေးနားမှာကတော့ အဝေးကနေလှမ်းကြည့်ရင်း ထင်းနေတဲ့ ခရမ်းရောင်ဂါဝန်လေးနဲ့ မက်ဒါနာရယ်။

“မက်ဒါနာ၊ လူလိမ်မ။ နင်ထွက်သွားတာ အဲဒီဟာမနဲ့ခိုးတွေ့ဖို့ပေါ့လေ။ သေပေတော့...”

ပြိုင်ဖက်မရှိစိတ်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးက ခြေဆောင့်လိုက်ပြီး ကောင်းကင်ပေါ်ခုန်တက်လိုက်တယ်။ လသာဆောင်ပေါ်က ကြွေပြားတချို့အက်ကွဲသွားပြီး ဘေးနားက ခရီးသွားတွေအကုန်လုံးလန့်ဖြန့်သွားတယ်။ နတ်သူငယ်မလေးကတော့ အင်ပါယာစတိတ်အဆောက်အဦးပေါ်ကနေ ဇောက်ထိုးဆင်းနေပြီ။

....

“မမလေး၊ ရပ်နေတဲ့နေရာကနေ နောက်မီတာသုံးဆယ်လောက်ကို ခုန်ဆုတ်လိုက်တော့။”

ရုတ်တရက် အေမီဆီကနေပြီး သတိပေးချက်ရလာတဲ့အတွက် မက်ဒါနာလည်း ပြောတဲ့အတိုင်းပဲ နောက်ကိုခုန်ဆုတ်လိုက်တယ်။ ဖလေရာကတော့ မက်ဒါနာဘာထလုပ်မှန်းမသိပေမဲ့ နောက်စက္ကန့်ဝက်အတွင်းမှာပဲ သဘာဝစွမ်းအင်အလင်းတန်းတစ်ခုက ပန်းခြံထဲပြုတ်ကျလာပြီး မြက်ခင်းပြင်တွေနဲ့ကျောက်ခင်းလမ်းကို ဖျက်ဆီးပစ်လိုက်တယ်။ မက်ဒါနာသေချာပြန်ကြည့်လိုက်တော့ ဒေါသထွက်နေတဲ့ နတ်သူငယ်မလေးဖြစ်နေတာ တွေ့လိုက်ရတော့တာပဲ။

“မက်ဒါနာ၊ ကောင်မစုတ်။ နင်က ငါနဲ့ဒိတ်နေတုန်း တခြားမိန်းမတစ်ယောက်နဲ့ လာတွေ့တယ်ပေါ့လေ။”

ဖလေရာကလည်း ဆိုဖီယာရဲ့စကားကို ကြားသွားပြီးမျက်မှောင်ကြုတ်ကာ မက်ဒါနာကို ကြည့်လိုက်တယ်။ အကြည့်ရဲရဲနှစ်ခုကြောင့် မက်ဒါနာလည်း လက်ထဲမှာကိုင်ထားတဲ့ ချောကလက်ရေခဲမုန့်ကို ပစ်ချလိုက်မိတော့တာပဲ။

“မဟုတ်ဘူး... ကျွန်မရှင်းပြမယ်...”

“မက်ဒါနာ၊ နင်အိမ်သာထဲဝင်တာ ကြာလှကြာလှနဲ့ လက်စသတ်တော့ ဆိုဖီယာကို သွားတွေ့နေတာကိုး။”

ဖလေရာကလည်း ဒေါသထွက်လာပြီး လက်ကိုကောင်းကင်ပေါ်မြှောက်လိုက်တယ်။ စက္ကန့်အနည်းငယ်အကြာမှာပဲ ရွှေရောင်နည်းပညာသေတ္တာကြီးပျံသန်းလာပြီး ဖလေရာက မက်တယ်ပလာဒင်အဖြစ်ပြောင်းသွားတယ်။

https://mmxianxia.com/wp-content/uploads/2024/06/IMG_20240606_195931_176-195x300.jpg

“သေစမ်း၊ ပြေးမှဖြစ်တော့မယ်။” ကြံရာမရတော့တဲ့ မက်ဒါနာကလည်း အင်ပါယာစတိတ်အဆောက်အဦးရှေ့မှာ စောင့်ကျန်နေရစ်တဲ့ စေဘာစတိန်းကိုဆင့်ခေါ်ပြီးပြေးဖို့ ​ကြံရတော့တာပေါ့။

All Chapters