ရွေးချယ်မှု
Vol. 76 Ch. 4.647
ဟိုင်ရှင်း လုံးဝ သတိမပေါ့ဝံ့ပေ။ ဤဓားစွမ်းအင်သည် အလွန်အစွမ်းထက်လှတာ မဟုတ်သော်လည်း ရောင်ဝါရဲ့ ကြီးမားနက်ရှိုင်းမှုက သူ့ကို ထိတ်လန့်စေသည်။ ဓားစွမ်းအင်ကို တားဆီးပြီးနောက် သူသည် ခဏတာ တုန်လှုပ်ချောက်ချားသွားရာ ချက်ချင်း မလှုပ်ရှားဝံ့တော့ပေ။
ပင်လယ်ထဲတွင် သူ့အရည်အချင်းကြောင့် လက်ရှိ ဂုဏ်သိက္ခာကို ရယူနိုင်ခြင်း၊ သူ့မျိုးရိုးတွင် ထိပ်တန်းပါရမီရှင်ဖြစ်လာခြင်း၊ ပင်လယ်တစ်ခွင်တွင် ကျော်ကြားလာခြင်း၊ မျိုးဆက်သစ် လူငယ်များ၏ ဂုဏ်ယူဝံ့ကြွားခြင်းတို့ ဖြစ်လာသည်။ သူသည် တိုက်ပွဲရာပေါင်းများစွာကို တွေ့ကြုံခဲ့ရပြီး သဘာဝ အန္တရာယ်များကိုလည်း ကြုံတွေ့ဖူးသည်။
ဒီဓားနဲ့ အထိုးခံလိုက်ရရင် နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာမှာကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပြီး သူ့စိတ်တွေက တုန်လှုပ်သွားသည်။ သူ လှုပ်ရှားလိုက်သည်နှင့် ထိုဓားစွမ်းအင်က ခန္ဓာကိုယ်တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ် သွားစေလိမ့်မည်။ ဒါ့အပြင် သူအနိုင်ရရှိရန် အခွင့်အလမ်း မရှိဘူးဟုလည်း ယောင်ဝါးဝါး ခံစားရသည်။
ဒါက အရမ်းထူးဆန်းတဲ့ ခံစားချက်တစ်ခုပါပဲ။ ကောင်းလျှိုနဲ့ ရင်ဆိုင်ရချိန်မှာတောင် အခုလို မခံစားခဲ့ရပေမယ့် ထျန်းရှားမှာ လုရွှမ်ဆီကနေတော့ ဒီလို ခံစားနေရသည်။
ဒီခံစားချက်က သူ့ကို အရမ်းကြောက်လန့်သွားစေသည်။ သူဟာ ဒီရန်သူကြီးကို သတ်ပစ်ချင်ပေမယ့် နားမလည်နိုင်လောက်အောင် ကြောက်သွားနေမိသည်။ ဟိုင်ရှင်း ထျန်းရှားဘက်ကို လှည့်ကြည့်လိုက်ရင်း ထျန်းရှား ရှိနေတာကို တွေ့တော့ သူ ပိုပြီး ရဲရင့်လာသည်။
သူမကို လှည့်ကြည့်လိုက်သော်လည်း သူမက ဝင်လှုပ်ရှားဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာကို သူတွေ့လိုက်ရ၏။
“ကျန်းထျန်းချိုင် ဒါက ငါ့သူငယ်ချင်း ဟိုင်ရှင်း... ဟိုင်ရှင်း သူက ကျန်းထျန်းချိုင်ပဲ”
ကျန်းထျန်းချိုင်ဟူသည့် အမည်သည် ပင်လယ်ဧရိယာ တစ်လျှောက် ပျံ့နှံ့နေသည့် မဟာသူတော်စင် ပထမအဆင့်မှ လူငယ်လေး တစ်ဦးဖြစ်သည်။ သူသည် ရပ်တည်မှုတွင် ပထမနေရာကို ရရှိခဲ့ပြီး ထို့နောက် နဂါးရေငွေ့တောင် နှင့် ဖီးနစ်အသိုက်တို့မှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ခဲ့ကာ တစ်ဖက်လူတွေက အမှန်တကယ် အနည်းငယ် ရှုံးနိမ့်သွားခဲ့သည်။
ထို့နောက် သူသည် ပင်လယ်သားရဲများ၏ ရန်သူဖြစ်လာပြီး ဓားနတ်ဆိုးကိုပင် နတ်မီးနယ်ပယ်ထဲသို့ ထိုးဖောက် ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့သည်။ ထို့နောက် ပင်လယ်သားရဲများ တိုက်ခိုက်သောအခါတွင် သူတစ်ယောက်တည်းနဲ့ ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးခဲ့သည်။
သူကလျှို့ဝှက် ဆန်းကြယ်သော သွေးတစ်စက်ကို အသုံးပြု၍ ပင်လယ်သားရဲများကြားက ခေါင်းဆောင်များနှင့် သခင်များကို အနိုင်ယူခဲ့သည်။ ဤအရာများသည် လတ်တလောတွင် ဘယ်သူမဆို သိနေသော ဒဏ္ဍာရီတစ်ခု ဖြစ်သည်။
ဟိုင်ရှင်း သူ့ကို တစ်ခါမှ မတွေ့ဖူးပေမယ့် သူ့အကြောင်းကိုတော့ သေသေချာချာ သိပါ၏။
ဤအခိုက်အတန့်တွင် ထျန်းရှား၏ နိဒါန်းစကားကို ကြားပြီးနောက် သံသယများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်သည်။ အစ်မအကြီးဆုံးက ဒီလူကိုသတ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ သွေးတွေကို ထုတ်ယူချင်နေတာ မဟုတ်ဘူးလား။ အခုချိန်မှာကျ သူငယ်ချင်းတစ်ယောက်လို ဖြစ်နေပြီတဲ့လား။
ထျန်းရှားရဲ့ မျက်နှာက အနည်းငယ် ပူသွားသည်။ ဟိုင်ရှင်း တွေးနေတာကို သူမ သဘာဝကျကျ သိပါ၏။ သူမက
“ဟုတ်ပြီ... အခု လူတိုင်းက ဒီလျှို့ဝှက်ဆန်းကြယ်လှောင်အိမ်ထဲမှာ ပိတ်မိနေကြပြီ ငါတို့ ရှင်သန်ချင်တာဖြစ်စေ ဒီတစ္ဆေနေရာကနေ ထွက်သွားချင်တာဖြစ်စေ ငါတို့အားလုံး စည်းလုံးဖို့လိုတယ်... အခု လူသားမျိုးနွယ်နဲ့ ပူးပေါင်းပြီး ငါတို့ထွက်သွားနိုင်တဲ့အထိ စောင့်ကြစို့...”
မျှော်လင့်ချက်က အနည်းငယ် ဝေးကွာနေသော်လည်း အဓိပ္ပာယ်တော့ ရှိပါသည်။ ဟိုင်ရှင်း ခေါင်းညိတ်၍ အလိုလို တိုက်ခိုက်ချင်နေတဲ့ သူ့ကိုယ်ဟန် အနေအထားကို ဖယ်လိုက်ပြီး
“ဒါဆို အခုလောလောဆယ် ပူးပေါင်းကြရအောင်”
လုရွှမ် ထျန်းရှားကို မျက်နှာသာပေးတဲ့ အနေနဲ့ အပြုံးတစ်ပွင့် ခြွေလိုက်သည်။
သူသည် ဖြူကောင်ကိုလည်း စိတ်ဝိညာဉ်ဖြင့် ကျိန်ဆိုရန် အတင်းအကြပ် စေခိုင်းကာ ဖြူကောင်ကိုလည်း လူအုပ်ထဲ သယ်ဆောင်လာခဲ့သည်။
လူသားတွေ အများကြီးရှိနေတာကို မြင်တော့ ဖြူကောင်နဲ့ ဟိုင်ရှင်းတို့ အံ့သြသွားပေမယ့် ထျန်းရှား ဘာမှပြန်မပြောဘဲ နှစ်ယောက်စလုံး ပါးစပ်ကို ပိတ်ထားခိုင်းလိုက်သည်။
“ပြောပါဦး... နင်တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ် တွေ့ခဲ့တာလဲ?”
ထျန်းရှားက မေးလိုက်သည်။
နှစ်ယောက်သား စကားစမြည် ပြောဖြစ်ကြရင်း အရင်က ကောင်းလျှို သူမကို တိတ်တဆိတ် တိုက်ခိုက်ခဲ့ချိန် သူမ ဒဏ်ရာရပြီး ထွက်ပြေးသွားခဲ့ရာ တခြားသူများလည်း အမြန်လွတ်မြောက်ဖို့ ထွက်ပြေးခဲ့ရသည်။
အချိန်အတော်ကြာတဲ့အထိ ကောင်းလျှိုဆီက လိုက်ဖမ်းနေတာကို ခံခဲ့ရပြီးနောက် သဘာဝအတိုင်း လူစုခွဲသွားကြသည်။
လမ်းတစ်လျှောက်တွင် ကျောက်နံရံများက အမှန်တကယ် ရွေ့လျားနိုင်ကြောင်း တဖြည်းဖြည်း တွေ့ရှိလာခဲ့သည်။ သို့နှင့် လမ်းလျှောက်သွားရင်း နှစ်ယောက်သား အချင်းချင်း ထိပ်တိုက်တွေ့သွားသည်။
တစ်ဖက်က ဖြူကောင် ဖြစ်နေပြီး တစ်ဖက်ကလည်း ကြယ်ငါး ဟိုင်ရှင်း ဖြစ်နေတာကို မြင်သောအခါ နှစ်ယောက်သား ပြေးတက်သွားပြီး အချင်းချင်း ခုတ်ထစ်ကြပြီးနောက်တွင် တိုက်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
“ထားလိုက်တော့ ဆက်လျှောက်ကြရအောင်”
လုရွှမ်က ဆို၍ ထျန်းယင်တို့နဲ့ ဆွေးနွေးပြီးနောက် အားလုံးရှေ့ဆက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ရေစီးသံအတိုင်း လိုက်သွားရင် လမ်းပျောက်မှာကို ကြောက်စရာ မလိုတော့ဘူး။
ထျန်းရှား ဟိုင်ရှင်းနဲ့ ဖြူကောင်ကို ခဏလောက် ဘေးထွက်ခိုင်းပြီး စကားပြောခဲ့ရာ ဟိုင်ရှင်းရဲ့ မျက်နှာဟာ ဒေါသတွေနဲ့ ပြည့်နှက်လာတော့သည်။ လုရွှမ် ထျန်းရှားကို ဘာလုပ်ခဲ့လဲ ဆိုတာ သိသွားတာကြောင့်ပင်။ ဖြူကောင်ကတော့ ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူကအခု ထျန်းရှားရဲ့ အကျဉ်းသားဖြစ်နေပြီ။ သူတို့အားလုံးကို လုရွှမ်က ဒီငရဲပြည်ကနေ ကယ်ထုတ်နိုင်လောက်သည်။
အရှေ့ဘက်ရှိ ရေသံသည် ပိုကျယ်လောင်လာပြီး ကျောက်နံရံထဲရှိ လေများပင် အနည်းငယ် စိုစွတ်လာသည်။ လူတစ်စုဟာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဝမ်းသာနေတဲ့ အရိပ်အမွတ်များ ပေါ်ထွက်လာတော့၏။
“အားလုံး သတိထားကြပါ... ဒီလိုနေရာမျိုးမှာ တခြားလူတွေနဲ့ ထောင်နေကျတဲ့ လူတွေတောင် ရောက်လာနိုင်တယ်”
လုရွှမ်ရဲ့ အသိပေးစကားကြောင့် လူတိုင်းရဲ့ အမူအရာတွေက လေးနက်လာသည်။
ဒါအမှန်ပဲ။ ယခုအချိန်အထိ ဤဝင်္ကပါသည် ထိုအကျဉ်းသားများကို ဘယ်လို ထိန်းသိမ်းထားလဲ ဘယ်သူမှ သေချာ မသိနိုင်သေးချေ။ အကယ်၍ ထိုအကျဉ်းသားများသည် သူတို့လိုပဲ ဝင်္ကပါထဲမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်လျှင် စီးဆင်းနေသော ရေထဲတွင် ၎င်းတို့နှင့် ဆုံတွေ့ရန် အခွင့်အလမ်း များလှသည်။
“ကျောက်ထွင်း ပန်းချီလက်ရာတွေကို မတွေ့ရတာကြာပြီ ဆိုတာ သတိထားမိကြလား?”
ထျန်းလင်က ရုတ်တရက် ထမေးလိုက်သည်။
သူမ ဒီလိုနေရာမှာ ကျင့်ကြံဖို့ မဝံ့ရဲသော်လည်း သူမသည် အလွန်ထက်မြက်ပြီး သွတ်လတ်သူ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ပတ်ဝန်းကျင်ကို သတိထား အာရုံစိုက်နေခဲ့သည်။ သူမသည် အချိန်တိုင်း ဉာဏ်ပညာ အလက်းရရှိခဲ့တာက လုရွှမ်သည် သူတို့ သတိမထားမိသော အရာများကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။
“ဟုတ်တယ် ငါတို့ လမ်းလျှောက်လာနေတာ ကြာပြီ ကျောက်နံရံပေါ်မှာ ဘာမှ မရှိဘူး”
“ဆိုလိုတာက ဒီကျောက်တံတိုင်းက မလှည့်ဘဲ ဒီနေရာမှာ ပိတ်သွားတယ်ဆိုတဲ့ သဘောလား?”
“အချုပ်အနှောင်က အရေးမကြီးဘူး ငါတို့ အပြင်ထွက်လို့ ရမလားပဲ အရေးကြီးတယ်”
စကားလုံး တစ်လုံးချင်း လူတိုင်းက သူတို့ရဲ့ အဓိက စိုးရိမ်မှုတွေကို ထုတ်ပြလာခဲ့သည်။ ဒါက လုရွှမ် လူတိုင်းရဲ့ မျက်လုံးများကို စိုက်ကြည့်လိုက်ရုံနဲ့ ခံစားလိုက်ရလေသည်။ သူရှေ့ဆက်သွားလာခဲ့တဲ့ လမ်းတစ်လျှောက်လုံး သူတို့ဆီက ယုံကြည်မှုကို ရရှိခဲ့သည်။
သူတို့စကားလုံးတွေက အဓိပ္ပာယ်တွေ အများကြီး ပေးနေသည်။ ဒီနေရာကို တကယ် ပိတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ? ချုပ်နှောင်ခြင်း၏ ရည်ရွယ်ချက်မှာ အတွင်းမှ လူများ အပြင်သို့ မထွက်အောင် တားဆီးရန် သို့မဟုတ် အပြင်မှ လူများ ဝင်ရောက်လာခြင်းမှ တားဆီးရန် ဖြစ်သည်။
နားထောင်ကြည့်လိုက်ရင် နတ်မီးနယ်ပယ်က သခင်တွေကို ထောင်ချထားတဲ့ နေရာနဲ့ တော်တော်လေး တူ၏။
လုရွှမ် ခေါင်းခါလိုက်သည်။ ဒီဆုံးဖြတ်ချက်က ခက်ခဲလွန်းတယ်။ ဒါက လူတိုင်းရဲ့ဘဝကို ဆုံးဖြတ်ပေးရမှာလေ။
ကျောက်နံရံက လျှို့ဝှက်ဆန်းကြယ်သည်။ တစ်ချိန်က သူတို့၏ စိတ်ဝိညာဉ် စွမ်းအားကို ဖြန့်ထုတ်ခဲ့သော်လည်း ကျောက်နံရံကို ထိလိုက်သည်နှင့် ကျောက်နံရံက စုပ်ယူသွားခဲ့သည်။ ထို့ကြောင့် သူတို့သွားနိုင်သည့် နေရာသည် သူတို့မြင်နိုင်သည့် နေရာသာ ဖြစ်သည်။
စိတ်ဝိညာဥ် စွမ်းအားဖြင့် နေရာတွေကို စူးစမ်းလို့ မရပေ။ ပြီးတော့ ဒီစင်္ကြံတွေဟာ လှည့်ကွက်တွေနဲ့ ပြည့်နေပြီး အလွန်ရှုပ်ထွေးလေသည်။
ဒါ့အပြင် သူတို့ရဲ့ စိတ်တွေကို ထိခိုက်စေတဲ့ နားမလည်နိုင်တဲ့ တွန်းအားတစ်ခုလည်း ရှိနေပုံရပြီး ကျောက်နံရံ အဲဒီအပြောင်းအလဲတွေရဲ့ ဦးတည်ရာကို မမှတ်မိနိုင်ကြချေ။
အထူးသဖြင့် ကျောက်နံရံ အပြောင်းအလဲများ အပြီးတွင် ကျက်မှတ်ထားသော လမ်းများအားလုံးက လုံးဝ အချည်းနှီး ဖြစ်သွားတဲ့အထိ ရှုပ်ထွေးလွန်းလေသည်။
အရင်က ဒီလမ်းကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ဖူးသလို တူညီတဲ့ ကျောက်တုံးတွေကိုလည်း တွေ့နေရသည်။
“ဒီဆုံးဖြတ်ချက်က အရေးကြီးလွန်းတယ် လူတိုင်းရဲ့ အသက်နဲ့ သေဆုံးမှုကို ထိခိုက်စေနိုင်တယ်”
လုရွှမ် လူတိုင်းကို ကြည့်လိုက်ပြီး ထျန်းရှားတို့ လူသုံးယောက်ကိုလည်း တစ်ချက် ကြည့်လိုက်သည်။
“ငါတို့ရှေ့ဆက်ပြီး မသိနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမလား ဒါမှမဟုတ် နောက်ဆုတ်ပြီး တခြားအခွင့်အရေးတွေကို ရှာသင့်လား ဆိုတာ အားလုံးက မင်းတို့ရဲ့ ရွေးချယ်မှုပေါ်မှာ မူတည်တယ်”
သူတစ်ယောက်တည်း ဆိုရင်တော့ လုရွှမ်ဟာ ဖောက်ထွက်သွားဖို့ သတ္တိရှိပေမယ့် ဒီလူတွေနဲ့ဆိုရင် တစ်စုံတစ်ယောက် သေသွားနိုင်တယ် ဆိုတာ သူသိသည်။ ဒါက မှန်းဆချက် မဟုတ်ပေ။ ဘဝရဲ့ သေရေးရှင်ရေးကို ထိုးထွင်း သိမြင်နိုင်သော အသိဖြစ်သည်။