နိယာမစွမ်းအင်တွေ
Vol. 76 Ch. 4.648
အသံက ရေတံခွန်ကနေ ရေတွေ ဖြာကျလာတဲ့ အသံမျိုးပင်။ ကျောက်နံရံ အနောက်ဘက်ကို ရိုက်ခတ်လာတဲ့ သက်ရောက်မှုက သူတို့ နားစည်ထဲကိုတောင် လာရောက် ရိုက်ခတ်နေတာကြောင့် အလွန်ပင် အံသြသွားရသည်။
ကျောက်နံရံရှိ စင်္ကြံလမ်းတွင် ထျန်းရှားတို့ လူသုံးဦးအပါအဝင် စုစုပေါင်း လူသုံးဆယ်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး လေထုကတော့ စိတ်ပျက်ဖွယ်အတိပင်။
“ဟမ့် ဘာပြောစရာ ရှိသေးလို့လဲ ရောက်နေမှတော့ ဝင်သွားကြတာပေါ့”
ဟိုင်ရှင်းက ထအော်သည်။ သူ ဒီလူတွေနဲ့ ပေါင်းရတာကြာလေ ဒီလူသားတွေအပေါ် မကြိုက်တာတွေ ပိုတွေ့လာရလေပဲ။ သူတို့က အားနည်းလွန်းလို့ သူတို့ဘာတွေ လုပ်ရမှန်းပင် မသိကြပေ။ ဒါနဲ့များ ပင်လယ်ထဲမှာ ဘာလာလုပ်နေကြတာလဲ။
ကောင်းကင်အောင်ခြင်းဂိုဏ်းရဲ့ အဖွဲ့ထဲမှာတော့ သူ့မျက်လုံးထဲမြင်တာ လေးငါးယောက်လောက်ပဲ ရှိသည်။ ကျန်တဲ့လူတွေက အားနည်းကြပြီး အတူတွဲနေရင် အတူ ဆွဲငင်ခံရမှာ သေချာပါတယ်။ ပြီးတော့ သူ ဒီလူတွေရဲ့ ဆွဲငင်ခြင်းကို မခံချင်ဘူး။
ထျန်းရှားက ခေါင်းညိတ်သည်။
“နင်တို့ ဒီစင်္ကြံမှာ လမ်းလျှောက်ရတာ ငြီးငွေ့နေပြီလားတော့ မသိဘူး ဒါပေမဲ့ ငါကတော့ ပင်ပန်းနေပြီ ဒါက အခွင့်အရေးပဲ ငါတို့ ဆုပ်ကိုင်ထားရမယ်”
ဒါကို ကောင်းကင်အောင်ခြင်းဂိုဏ်းက လူတိုင်းလည်း သိပါသည်။ ဒါပေမဲ့ ဒါက သူတို့ရဲ့ဘဝနဲ့ သက်ဆိုင်တဲ့အတွက် သေချာစဉ်းစားဖို့လည်း လိုပါသေးသည်။
“နောက်ထပ် ဘာစဉ်းစားစရာ ရှိသေးလို့လဲ!”
ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး မုတ်ဆိတ်မွေးနှင့် လူက ပြောလာသည်။
“အထဲကိုဝင်ရင် သေရမှာပဲ မဟုတ်လား? လူတိုင်းလည်း တွေးဖူးကြပြီးပြီ ဆရာတူညီလေး ထျန်းချိုင်... မင်းက ကြင်နာတတ်ပြီး ဖြောင့်မတ်လွန်းတယ် ဒါပေမဲ့ မင်းမှာဒီက လူတိုင်းကို ဒီငရဲကနေ ကယ်တင်ဖို့ အာမခံချက် မရှိဘူး.... ငါတို့အားလုံးက ဂိုဏ်းတစ်ခုတည်းကပဲလေ အားလုံးအဆင်သင့် ဖြစ်နေပြီလို့ ငါယုံကြည်တယ်”
“ဒါမှမဟုတ် မင်းရော အဆင်သင့် ဖြစ်ပြီလား မသိဘူး... အနည်းဆုံးတော့ ငါအဆင်သင့် ဖြစ်နေပြီ”
ကောင်းကင်အောင်ခြင်းဂိုဏ်းက တပည့်များသည် အနည်းငယ် အံ့အားသင့်သွားကာ အနည်းငယ်လည်း ရှက်ရွံ့ ဒေါသထွက်သွားခဲ့ကြသော်လည်း မုတ်ဆိတ်မွေးကြီးကြီးနဲ့လူ ပြောတာကလည်း မှန်နေလေသည်။
လုရွှမ် ဆိုတာက နောက်ဆုံးတော့ သူတို့ အမြဲတမ်း အားကိုးနေရမယ့် အကြောင်းရင်း မဟုတ်ပေ။
“ညီငယ်လေး ဝင်ကြည့်ရအောင် ငါတို့သေရင်လည်း အတူတူ သေကြမယ်!”
“တစ်ယောက်တည်း အသက်ရှင်နေခဲ့တော့လည်း တစ်ယောက်တည်းပေါ့... ဘယ်သူကမှ သူရဲဘောကြောင်ပြီး မရှင်သန်ချင်ဘူး ဟုတ်တယ်မလား?”
ထျန်းရှားနှင့် ဟိုင်ရှင်းတို့သည် မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ပင်လယ်သားရဲများ ကမ္ဘာတွင်၊ အားကြီးသူနှင့် အားနည်းသူတို့က လွှမ်းမိုးထားရာ ဘယ်သူကမှ ဝင်၍ ထင်မြင်ချက် မပေးဝံ့ပေ။ လူသားတွေက မတူနေချေ။
“ဆရာတူညီလေး...သွားလိုက်ရအောင် အားလုံးက အဆင်သင့် ဖြစ်နေပြီ”
နတ်သမီးထျန်းယင်က ပြောလိုက်သည်။ ကျန့်ကျောက်လည်း သူမရဲ့ လက်တစ်ဖက်ကို လှမ်းဆွဲကာ ပြုံးလိုက်သည်။
“ကောင်းပြီ ဝင်ကြရအောင်”
လုရွှမ် ဆို၏။ သူ့စိတ်ထဲတွင် တုန်လှုပ်သွားသလို ခံစားနေရသည်။ ရှေ့ကို ဆက်လျှောက်လာရင်း ရေစီးသံက ပိုကျယ်လောင်လာပြီး သူတို့ရှေ့က ကြမ်းပြင်ပေါ်မှာတောင် ရေတွေ စီးဆင်းလာသည်။
အရှုံးကို စိုးရိမ်ပြီး လူတိုင်းက ရှေ့ကို ဆက်လျှောက်နေပေမယ့် အရှိန်ဟာ မသိစိတ်အလျောက် နှေးသွားကြသည်။ အသက်ရှုသံတွေ မြန်လာသလို ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြားနေရပြီ။
လုရွှမ်နဲ့ ထျန်ရှားတို့က ဦးဆောင်၍ ထွက်သွားခဲ့ကြသည်။ အန္တရာယ်နှင့် ရင်ဆိုင်ရတဲ့အခါ တခြားလူတွေကို အားမကိုးဘဲ ကိုယ်ပထမဆုံး မြင်ရတဲ့ အရာကို ရှာဖွေတွေ့ရှိခြင်းက အမြဲတမ်း ပိုကောင်းလေသည်။
မရေမတွက်နိုင်သော ထောင့်များကို ကွေ့ပြီးနောက် နောက်ဆုံးတွင် သူတို့သည် ပိုမိုနီးကပ်လာကာ သူတို့ရှေ့ရှိ အရာအားလုံးကို ကြည့်ရင်း အံသြသွားကြတော့သည်။
ရုတ်တရက် တွေ့လိုက်ရသော အရာမှာ ကျောက်နံရံကြီးက သူတို့ရှေ့တွင် ရှိနေဆဲ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူတို့သည် စင်္ကြံလမ်းမ တစ်ခုရှေ့တွင် ရပ်ကာ အက်ကွဲနေသော ကျောက်နံရံကို တိတ်တဆိတ် ကြည့်နေကြကာ ကျောက်နံရံမှလည်း ရေအနည်းငယ် စိမ့်ထွက်လာသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”
မျှော်လင့်ချက် အကြီးကြီး ပျက်စီးသွားရသလိုမျိုး အားလုံးက တိတ်တဆိတ် စိတ်ပျက်သွားကြသည်။
ဤနေရာတွင် အကျဉ်းချခံထားရသော အကျဉ်းသားတစ်ဦးကို မြင်လျှင်တောင် အနည်းဆုံး ကြောက်လန့်ပြီး စိတ်ပျက်သွားမိပေမည်။
ဒါပေမဲ့ သူတို့ နှလုံးသားထဲက မျှော်လင့်ချက်တွေ အားလုံးနဲ့အတူ ထွက်လာတဲ့လမ်းကတော့ ကျောက်နံရံ အက်ကြောင်းတွေထဲကနေ ရေတွေ စိမ့်ထွက်နေခဲ့တယ်။ ယခုလို ထိုးနှက်ချက်က လူတိုင်းကို စိတ်ပျက်အားလျော့သွားစေသည်။
ဒါက အဆုံးသတ်ပဲ။ တကယ်ထွက်လမ်း မရှိတော့ဘူး!
“ခုတ်ပစ်မယ်!”
ထျန်းရှားက ဒေါသတကြီး အော်ဟစ်ပြီး သူမဓားကို ဆွဲထုတ်ပြီး ကျောက်နံရံကို ထက်ထက်သော ဓားစွမ်းအင်ဖြင့် ရိုက်ချလိုက်တော့သည်။ ရေစက်များ ကြွေကျသွားသော်လည်း ကျောက်နံရံက လုံးဝတုန်ခါသွားခြင်း မရှိပေ။
“ခုတ်မယ် ခုတ်မယ် ခုတ်မယ်!”
ထျန်းရှားမှာ ရူးသွပ်သွားသလိုပဲ ကျောက်နံရံကို သည်းကြီးမည်းကြီး ဓားနဲ့ ခုတ်နေတော့သည်။ အနီးနားရှိ လူတိုင်းသည်လည်း ထျန်းရှားကို အရူးတစ်ယောက်လို ကြည့်နေကြပြီး သူတို့၏ စိတ်ပျက်သွားမှုကလည်း ထျန်းရှားထက်တော့ မနည်းပေ။
လုရွှမ်၏ ပူလောင်နေသော မျက်လုံးများဖြင့် ကျောက်နံရံကို စိုက်ကြည့်ကာ ထျန်းရှားရဲ့ဓားကို တားဆီးဖို့ သူ့ဓားကို ရုတ်တရက် ထုတ်ပစ်လိုက်သည်။ သူမရဲ့ သွေးနီရောင် မျက်လုံးများက လုရွှမ်ကို စိုက်ကြည့်ပြီးနောက် တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့သည်။
လုရွှမ်လည်း သူမကို လျစ်လျူရှုထားခဲ့သည်။
ကျောက်နံရံရှေ့သို့ ရောက်သောအခါ လုရွှမ်သည် ကျောက်နံရံကို လက်ဖဝါးဖြင့် ထိလျက် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ့ပုံစံက အရင်းနှီးဆုံးချစ်သူကို နူးညံ့သိမ်မွေ့စွာ နမ်းလိုက်သလိုပင်။
“ဆရာတူညီလေး မင်း ဘာလုပ်နေတာလဲ?”
တစ်စုံတစ်ယောက်သည် နောက်ဆုံးတွင် မမေးဘဲ မနေနိုင်တော့ပေ။ လုရွှမ်က ကျောက်နံရံကို တစ်နာရီကြာတဲ့အထိ ထိနေခဲ့တာလေ။
“ရှူး... ညီငယ်တို့ ဆရာတူညီလေး တစ်ခုခုကို ရှာတွေ့တာ ဖြစ်နိုင်မလားမသိဘူး?”
ကျန့်ကျောက်က လုရွှမ်ကို နှောင့်ယှက်မိမှာ ကြောက်သောကြောင့် လူအားလုံးကို ခပ်တိုးတိုး အသံဖြင့် တားလိုက်သည်။
လုရွှမ် တစ်စုံတစ်ယောက် ကျမ်းဂန်ရွတ်နေသကဲ့သို့ သူ့နားထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အသံကို နားထောင်နေခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ကျောက်နံရံပေါ်တွင် လဲလျောင်းနေပြီး ရေစက်များက သူ့အဝတ်အစားများကိုပါ စိုရွှဲနေပေမယ့် သူက သတိမထားမိသလိုပင်။
လျှို့ဝှက်ဆန်းကြယ်သော အသံကို ကြားလိုက်ပြီးနောက် ကျောက်နံရံကို လက်ဖဝါးဖြင့် ထိလိုက်ပုံမှာ ကျောက်နံရံတွင် နားမလည်နိုင်သော မျဉ်းကြောင်းများ ရှိနေပုံပေါ်သည်။
အချိန်အတော်ကြာအောင် အဆက်မပြတ် စူးစိုက်ကြည့်ပြီးတော့မှ ထိုမျဥ်းကြောင်းတို့သည် တစ်ခုပြီးတစ်ခု ပြေးနေမှန်း သိလိုက်ရ၏။
လုရွှမ် နောက်ဆုံးတွင် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး လက်တစ်ဆုပ်စာ ရေစက်များကို ဂရုတစိုက် ဆုပ်ကိုင်လိုက်သည်။ သူ့လက်ထဲမှ ရေစက်များကို စိုက်ကြည့်ရင်း မျက်လုံးများထဲမှ ပူလောင်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။
သူ့လက်က ညင်ညင်သာသာ တုန်ခါသွားပြီး ရေတွေက ဖြည်းညှင်းစွာ ဖြန်းခနဲ ပေါက်ထွက်သွား၏။ ၎င်းက မှော်ဆန်တဲ့ အရာတစ်ခု ဖြစ်သွားသလိုပင်။
ရေဒြပ်စင် ငါးပါးထဲ၌ ပါ၀င်သော ရေနိယာမစွမ်းအင်လည်း ဖြစ်ပေသည်။
“ဆရာတူညီလေး မင်း တစ်ခုခု ရှာတွေ့လို့လား?”
ကျန့်ကျောက် မေးလိုက်သည်။ လုရွှမ် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး မတ်တပ်ထရပ်ကာ ခါးသက်စွာ ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ ဤအရာက လူတိုင်းကို အလွန်အမင်း စိတ်ရှုပ်ထွေးသွားစေခဲ့သည်။
လုရွှမ်က
“ငါတို့ ရေအောက်ခြေမှာ ရှိနေတယ်ဆိုတာ လူတိုင်း သိလောက်မှာပါ... ငါ့ရဲ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ငါတို့ မူလနေရာနဲ့ တော်တော်လေး ဝေးနေလောက်ပြီ...ငါတို့အခု ဝမ့်ရှန်းကမ္ဘာရဲ့ အနက်ရှိုင်းဆုံး ဧရိယာထဲမှာ ရှိနေတာ ဖြစ်နိုင်တယ်”
ဒီထုတ်ပြန်ချက် ထွက်လာတာနဲ့အမျှ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။
ဒါက ဘာကိုဆိုလိုတာလဲ?
“ဒီရေတွေက ငါတို့တွေ့နေကျ ရေစက်တွေလို မဟုတ်ဘူး ရေနိယာမနဲ့ ဖွဲ့စည်းထားတာ... ဒီကျောက်နံရံတွေက ဘာလို့ အမာရွတ်တွေတောင် မရှိရတာလဲ ဆိုတော့ သူတို့က ကျောက်နံရံအစစ်တွေ မဟုတ်ဘဲ ကမ္ဘာမြေကြီးရဲ့ ရေကန်းရိုးတွေ ဖြစ်နေလို့ပဲ”
လုရွှမ် စိတ်ခံစားမှု အပြည့်ရှိတဲ့ မျက်နှာနဲ့ ဆိုလိုက်သည်။ သူက ကျောက်နံရံကို လက်ဝါးနဲ့ ထိထားရင်း အံ့သြထိတ်လန့်မှုတွေ ပြည့်နှက်နေတဲ့ သူ့မျက်လုံးတွေနဲ့ ပြောလိုက်လေသည်။
ဒီလိုလှောင်အိမ်မျိုးကို တည်ဆောက်ဖို့ အရည်အချင်းရှိတဲ့အထိ အစွမ်းထက်တဲ့ သခင်မျိုးက ဘယ်လို အစွမ်းသတ္တိတွေ ရှိတယ်ဆိုတာ စိတ်ကူးရခက်ပါ၏။ ဒြပ်စင်ငါးပါးထက် မြင့်မြတိတဲ့ နယ်ပယ်ကဆိုရင် နတ်မီးနယ်ပယ်လား မဖြစ်နိုင်ဘူး။ မျှော်စင်နယ်ပယ်ကတော့ ဖြစ်နိုင်ချေ ရှိသည်။ အဲဒီနယ်ပယ် ၂ခုထက်လည်း သာနိုင်သည်။
သင်ယူလေလေ နားလည်မှုနည်းလေပါပဲ။ လေ့ကျင့်တာကြာလေ လမ်းခရီးက အရမ်းခက်ခဲတယ် ဆိုတာ သိလေလေပဲ။
“ဒါဆို ဒီကျောက်နံရံကို ရေစိမ်ရတဲ့ အကြောင်းက ရှင်းပါတယ်... မြေက ရေကိုထိန်းထားပေမယ့် ရေအရမ်းကြီးတဲ့အခါ မြေဆီလွှာက ရေကို လုံးဝ မထိန်းနိုင်တဲ့အတွက် တိုက်စားသွားလိမ့်မယ်...ဒီလှောင်အိမ်တွေက ဘယ်လောက်တောင် ကြာသွားပြီလဲ?”
လူတိုင်း ရင်တထိတ်ထိတ်နဲ့ ကြောက်လန့်လာသည်။ ရေသံကို ဆက်တိုက် ကြားနေရတာကြောင့် တွေးရင်း တွေးရင်း ထိတ်လန့်လာလေ၏။ ကမ္ဘာမြေကြီးရဲ့ မြေကြီးနိယာမပါ အမှန်တကယ် တိုက်စားခံလိုက်ရမယ် ဆိုရင် ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံး ပင်လယ်ပြင်အဖြစ် ပြောင်းလဲသွားပေမည်။
“ငါတို့ အပြင်ထွက်လို့ ရသေးရဲ့လား?”
ထျန်းရှား ရုတ်တရက် ဝင်မေးလိုက်ပေမယ့် သူ့အသံက အနည်းငယ် တုန်ရီနေသည်။