စွမ်းရည်သုံးမျိုး အသက်ချောင်းသုံးဓား
Vol. 76 Ch. 4.650
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံသည် မြေအောက်မှ ထွက်ပေါ်လာကာ စင်္ကြံလမ်း၏ အဆုံးတွင် အနက်ရောင်အသွင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
လုရွှမ်လက်ထဲက ထူးဆန်းတဲ့ မီးတောက်က လျှံထွက် တောက်ပနေပြီး သူ့ရှေ့မှာ ကိုယ်လုံးတီး ဖြစ်နေတဲ့ အဘိုးအိုတစ်ယောက် ရပ်နေ၏။
ထိုသူသည် အရပ်အလွန်ပုပြီး သာမန်လူရဲ့ ထက်ဝက်ခန့်သာ ရှိသည်။ ၎င်းသည် လူသားဆန်သည့်ပုံ ပေါက်နေသေးသော်လည်း ၎င်း၏လက်ရှိ အသွင်အပြင်သည် သားရဲထက်ပင် ပို၍ကြောက်စရာ ကောင်းနေသည်။
ဦးခေါင်းကြီးသည် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် မလိုက်ဖက်လှပေ။ သူ့အရေပြားသည် အရိုးများဖြင့် ဖုံးလွှမ်းနေပြီး အလွန်ဆာလောင်နေပုံရသည်။
သူ့မျက်လုံးများသည် အပြာရောင် အလင်းတန်းများဖြင့် ပွင့်လန်းနေပြီး လူတိုင်းကို ကြည့်နေပုံက အရသာရှိသော အစားအစာများကို ကြည့်နေရသကဲ့သို့ သူ့လျှာကိုပါ လျက်နေသေးသည်။
သူ့ရောင်ဝါက တမင်ယိမ်းယိုင်နေတာ မဟုတ်ပေမယ့် ထွက်လာတဲ့ ရောင်ဝါက လုရွှမ် မြင်ဖူးသမျှ နတ်မီးနယ်ပယ်တွေထက်ကို ပိုအားကောင်းနေပြီ။
“လတ်ဆတ်တဲ့ သွေးတွေ အများကြီးပဲ!”
ထူးဆန်းတဲ့ အဖိုးအိုက ထူးထူးခြားခြား ပြုံးပြပြီး သူ့ခန္ဓာကိုယ်က တဟုန်ထိုး ခုန်ထလာလေ၏။
ထိုလူက လေစီးကြောင်းလို အလွန် လျင်မြန်သော အရှိန်ဖြင့် ပြေးလာရာ ပုံရိပ်က ချက်ချင်းပင် ပျောက်ကွယ်သွားကာ ပြန်ပေါ်လာတဲ့ အခိုက်အတန့်မှာတော့ သူတို့အနားတွင် ရှိနေလေပြီ။
လုရွှမ် သူ့ဓားကို တိုက်ရိုက် ထုတ်လိုက်ပြီး ဓားစွမ်းအင်ကို လေထဲသို့ ပျံတက်သွားစေလိုက်ကာ စီးဆင်းနေသော လေထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ ၎င်းသည် ကျောက်ထွင်းလက်ရာများမှ သူနားလည်ထားသော ဓားသွားပုံစံ ဖြစ်သည်။
ဓားတစ်ချောင်း ပြေးထွက်သွားစဥ် ဒုတိယဓားက ထပ်မံ ပြေးထွက်လာပြီ။ ထို့နောက်တွင် တတိယဓားက ထပ်ထွက်လာသည်။ ထျန်းရှားရဲ့ တုံ့ပြန်မှုက အရမ်းမြန်ပြီး သူမက သတ်ဖြတ်ဖို့ ဓားစွမ်းအင်နဲ့အတူ ပြေးထွက်သွား၏။
စင်္ကြံလမ်းက မကျယ်ပေ။ လူနှစ်ယောက်က တံခါးရွက် နှစ်ခုလို လူတိုင်းရှေ့မှာ ရပ်ပြီး ထူးဆန်းတဲ့ ခွေးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို တားဆီးနေရသည်။
ထျန်းရှားရဲ့ ယခင် စိတ်နေစိတ်ထားအရ အခုထွက်မပြေးရင် ဘယ်အချိန်အထိ စောင့်နေရမှာလဲလို့ တွေးမိလိမ့်မည်။ သို့သော် နှလုံးသားနှင့် စိတ်ဝိညာဉ်၏ သစ္စာကြောင့် အန္တရာယ်ကျရောက်လာသောအခါတွင် သူမသည် လုရွှမ်ကို ကာကွယ်ရန် တာဝန်ရှိသွားသည်။
စီးဆင်းနေသော လေသည် လှည့်ပတ်ကာ သုတ်သင်ခြင်း ရပ်တန့်သွားပြီးနောက် အဘိုးအို၏ ရုပ်ပုံလွှာကို ထပ်မံ ထုတ်ဖော်ခဲ့သည်။
“စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားလား?”
အဖိုးအိုက အော်ပြောပြီးနောက် မဝေးလှသော ကျောက်နံရံပေါ်တွင် ဓားဖြင့်ထွင်းထားသော ကျောက်ထွင်း လက်ရာများကို လှမ်းကြည့်လိုက်သည်။
“ဟေး မင်းတို့က ကောင်းကင်ဘုံသခင် နယ်ပယ်မှာပဲ ရှိပါသေးတယ်... အများဆုံး မင်းတို့လူ့ဓားကို လေ့ကျင့်ထားရုံပဲ ရှိတာ....မင်းတို့ အဲဒါကို လုံးဝ ပြီးပြည့်စုံအောင် လေ့ကျင့်နိုင်မှာ မဟုတ်ဘူး... ဟမ့် ဒီအဘိုးကြီးက မင်းတို့ကို ကြောက်လိမ့်မယ်လို့ ထင်နေလား?”
ထိုအဘိုးအိုက မောက်မာစွာ အော်ဟစ်လိုက်သည်။
လတ်စသတ်တော့ ဒီဓားသိုင်းကို စွမ်းရည်သုံးမျိုးနဲ့ အသက်သုံးဓားလို့ ခေါ်တာကိုး။ လုရွှမ် ဓားရောင်ဝါကို လျင်မြန်စွာ မြည်းစမ်းကြည့်လိုက်ရာ သိသာထင်ရှားသည်မှာ ဤဓားသည် လူသားဓား ဖြစ်နိုင်ပြီး မြေကြီးဓားနှင့် ကောင်းကင်ဓားတို့လည်း နောက်တွင် ရှိနိုင်သည်။
ထိုလူနှစ်ယောက်၏ ဓားစွမ်းအင်ကို ထပ်မံရင်ဆိုင်ရပြန်သည်။ အဘိုးအိုသည် ဓားစွမ်းအင်ကို မကြောက်တော့ဘဲ အပြေးအလွှား ပြေးတက်လာကာ ပြင်းပြင်းထန်ထန် ဆီးတားလိုက်သည်။
စိတ်ဆင်းရဲစရာကောင်းတဲ့ အော်သံတစ်သံ ထွက်ပေါ်လာသော်လည်း ၎င်းက ကောင်းကင်အောင်ခြင်းဂိုဏ်းက တပည့်တစ်ဦး ဖြစ်လေသည်။ သူသည် ထူးဆန်းသော အဘိုးအိုရဲ့ လက်ထဲတွင် ဖမ်းမိပြီး လေထဲသို့ ပျံတက်သွားခဲ့သည်။
ထူးဆန်းသော အဘိုးအို၏ ပုံသဏ္ဌာန်သည် လေထဲတွင် တဖျပ်ဖျပ် ခတ်နေပြီး ထိုတပည့်ရဲ့ လည်ချောင်းကို ကိုက်ကာ သွေးစုပ်နေတော့သည်။ ခဏအကြာတွင် တပည့်သည် မြေပြင်ပေါ်သို့ လှဲချကာ မံမီအလောင်းတစ်လောင်း အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်သွားခဲ့လေသည်။
“ဆရာတူအစ်ကိုချန်....”
လူတစ်ယောက်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူ့ပုံစံက ဝမ်းနည်းမှု အပြည့်ဖြင့်။
ဤနေရာသို့ ဝင်ရောက်သည့်အခါ အန္တရာယ်နှင့် အသေအပျောက်များ ကြုံတွေ့ရမည်ဟု သူတို့ထင်ခဲ့ကြသော်လည်း ဒီလောက် မြန်မြန်ဆန်ဆန် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ သူတို့မှာ နည်းနည်းလေးမှ ခံနိုင်ရည်မရှိတာ သိသာထင်ရှားနေပြီ။ တစ်ဖက်လူက သူတို့ကို တိုက်ရိုက်ဖယ်ထုတ်ပြီး သူတို့ရဲ့ အစာအဖြစ် သုံးဆောင်တော့မည်။
“အားလုံးပဲ မြန်မြန်ဝိုင်းပြီး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြ!!”
ကျန့်ကျောက်က အော်ခေါ်ပြီး အားလုံးလည်း မြန်မြန်စုလျက် ဖြည်းညှင်းစွာ နောက်ပြန် ဆုတ်သွားကြသည်။
ထူးဆန်းသော အဖိုးအိုသည် ဟက်ဟက်ပက်ပက် ရယ်မောနေရင်း သူ့ဆီက အငွေ့အသက်သည် ယခင်ကထက်ပင် ပိုမိုပြင်းထန်လာသည်။ အထင်ရှားဆုံးသော လက္ခဏာမှာ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးထွားလာခြင်းပင်။
သူသည် ယခင်ကထက် အနည်းဆုံး တစ်လက်မခန့် ပိုမြင့်လာသည်။
လုရွှမ် ထျန်းရှားကို ထိတ်လန့်စွာ ကြည့်နေခဲ့ပြီး တစ်ဖက်လူကလည်း သူ့ကို ထိတ်လန့်စွာ ပြန်ကြည့်နေလေသည်။
သူတို့နှစ်ဦးသည် အလွန် ထက်မြက်တာကြောင့် ဒါက လျှို့ဝှက်ပညာတစ်ခု ဖြစ်နိုင်ကြောင်း နားလည်လိုက်သည်။ အစာနှင့် ဝိညာဉ်စွမ်းအင်များ ရှားပါးလာသောအခါ ဤထူးဆန်းသော အဖိုးအိုသည် ဆက်လက် ကျုံ့သွားပြီး စွမ်းအင်သုံးနိုင်တာက လျော့နည်းသွားမှာပဲ ဖြစ်သည်။
အကယ်၍ သူသည် ယခုအချိန်တွင် သွေးနဲ့အစာကို အလုံအလောက် ရရှိသွားပါက ခွန်အားသည် လျင်မြန်စွာ တိုးလာမှာ သေချာပေသည်။ သူတို့သည် ယခုအချိန်တွင် ၎င်း၏ ပြိုင်ဘက် မဟုတ်တော့ပေ။ ၎င်း၏ မူလအသွင်အပြင် ပြန်ရောက်တဲ့အထိ ကြီးထွားမလာခင် သတ်ပစ်ရမည်။
“သတ်ပစ်!”
ထျန်းရှားက ဟောက်ပြီး ဖြူကောင်နဲ့ ဟိုင်ရှင်းကိုပါ ဆွဲခေါ်သွားသည်။
ယခုအချိန်သည် ခွန်အားကို ထိန်းသိမ်းထားရမယ့် အချိန်မဟုတ်တော့ပေ။ ခွန်အားရှိသမျှနဲ့ တိုက်ရတော့မယ့် အချိန်ပင်။ ယခုက အနှေးနဲ့အမြန်ဆိုသလို သေရမယ့် ကိစ္စဖြစ်တာကြောင့် လွတ်မြောက်နိုင်ရန် ဤနတ်မီးနယ်ပယ်က သခင်ကို သတ်ရမည်။
သူတို့နှစ်ဦးကလည်း ငတုံးတွေ မဟုတ်ကြတာကြောင့် ရှေ့သို့ လျင်မြန်စွာ ပြေးထွက်လာကြပြီး နတ်မီးနယ်ပယ်ကို တိုက်ရန် သူတို့လေးယောက် ပူးပေါင်းကာ မြင်ကွင်းတစ်ခု ဖန်တီးလိုက်ကြသည်။
သို့သော် ထူးဆန်းသော အဘိုးကြီးသည် မောက်မာစွာ ပြုံးကာ သူတို့လေးဦးကို လုံးဝဂရုမစိုက်ဘဲ သောင်းကျန်းသွားခဲ့သည်။
“ကျောက်တုံးပေါ်မှာ ထွင်းထားတဲ့ဓားကို ရွှေ့လျားဖို့သုံးကြ!!”
လုရွှမ် ဟောက်ပြီး တစ်ဖက်က ပင်လယ်သားရဲ နှစ်ကောင်ကို ငတုံးလို့သာ တိတ်တဆိတ် ကြိမ်းမောင်းလိုက်သည်။
အစွမ်းအစတွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ နတ်မီးနယ်ပယ်ကို အနိုင်ယူနိုင်မလား မသိပေ။
လူနှစ်ယောက်လည်း လျင်မြန်စွာ ပြောင်းလဲသွားကာ ကျောက်ထွင်း လက်ရာထဲက ဓားသိုင်းတွေကို ထုတ်သုံးလိုက်ကြသည်။ လူလေးယောက်သည် အရပ်မျက်နှာတိုင်းတွင် ရပ်နေပြီး ဓားစွမ်းအင်က ထူးဆန်းသော အဘိုးအိုကို အဆက်မပြတ် တိုက်ခိုက်နေလေသည်။
ထူးဆန်းတဲ့ အဘိုးအိုက အော်ဟစ်ပြီး မကြာခင်မှာ ထပ်မံ ရယ်မောလိုက်ပြန်၏။
“မင်းငါ့ကို တကယ် ထိတ်လန့်သွားစေတာပဲကွ... ဟားဟား အဲ့တော့ ဘာဖြစ်လဲ?”
လေပြင်းသည် အေးစက်သော ဓားတစ်လက်ကဲ့သို့ လူတိုင်းမျက်နှာကို ရိုက်ခတ်သွားကာ သူတို့လေးယောက်ရဲ့ ဓားစွမ်းအင် တိုက်ခိုက်မှုများကို ပိတ်ဆို့ထားလိုက်သည်။
လုရွှမ်သည် အဘိုးအိုက တခြားတိုက်ခိုက်သည့် သိုင်းစွမ်းရည် လှုပ်ရှားမှုများကိုတော့ လုံးဝ ဂရုမစိုက်ဘဲ တိုက်ရိုက် ခုခံထားခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သို့သော် ဤစွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကျတော့ ၎င်းက ပို၍လေးနက်လာသည်။
အစောတုန်းက အဘိုးအိုဟာ ဒီဓားသိုင်းကို မြင်ပြီး လန့်အော်ခဲ့သည့်အခိုက် သူ့နှုတ်ကနေ ကျောက်ထွင်းလက်ရာ ဓားသွားရဲ့ နာမည်ကိုပါ အော်ခဲ့လေသည်။
ဒီလို ဓားသိုင်းပညာကို ကျောက်နံရံမှာ ထွင်းထုထားတာ ဘာကြောင့်လဲ။
တစ်ခုခုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုများလား။
လုရွှမ် အသက်ပြင်းပြင်းရှူရင်း စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို တစ်စင်းပြီးတစ်စင်း ထပ်မံအသုံးပြုခဲ့သည်။ ထိုအခိုက် အဘိုးအိုရဲ့ တုံ့ပြန်မှုကို ချက်ချင်း ခံစားလိုက်ရ၏။
“သူ့ကို တားထား!”
လုရွှမ် တိတ်တဆိတ် ဆုတ်ခွာလိုက်ပြီး ဓားသွားလှုပ်ရှားမှုတွင် သူ့စိတ်ကို လုံးလုံးလျားလျား နစ်မြုပ်လျက် နှလုံးသားထဲတွင် အပြည့်စုံဆုံး နားလည်မှုနှင့် ခံစားချက်များအတိုင်း ဓားစွမ်းအင်ကို အသုံးပြုလိုက်သည်။
ပထမဓား၊ ဒုတိယဓား...။
သူတို့သုံးယောက်လုံး အံ့အားသင့်သွားကြ၏။ လုရွှမ် ဆုတ်ခွာသွားလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားပါဘူး။ ပင်လယ်သားရဲ သုံးကောင်က လုရွှမ်အတွက် တိုက်ပွဲဝင်ရလိမ့်မယ်လို့ မထင်ထားခဲ့ကြချေ။
ခဏအတွင်း ဟိုင်ရှင်း သူ့ဝန်ထုပ်ဝန်ပိုးကို လျှော့ချလိုကာ ဖြူကောင်မှာ တိုက်ခိုက်ဖို့ စိတ်အားထက်သန်သော်လည်း သူက မမိုက်မဲပေ။ ယခု သူက ထျန်းရှားရဲ့ အမိန့်ကိုသာ နာခံသောကြောင့် လုရွှမ်စကားကို နားမထောင်လိုပေ။
“ဘာရပ်လုပ်နေတာလဲ? သူ့ကိုတားလေ!!”
ထျန်းရှား အော်လိုက်သည်။
အဘယ်ကြောင့်မှန်းတော့ သူမ မသိပေ။ ဒါက လမ်းတစ်လျှောက် တွေ့ခဲ့ရတဲ့ သူမ၏ အသိပညာကြောင့်လည်း ဖြစ်နိုင်သည်။ သူမမှာ သံသယ အနည်းငယ်ပင် မရှိသော အချက်မှာ လုရွှမ်က သူတို့ကို စွန့်ပစ်ခဲ့မယ့်သူ မဟုတ်ကြောင်း လွန်စွာ ယုံကြည်နေမိသည်။
ယခုအချိန်တွင် သူတို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းတရားက လုရွှမ်အပေါ်တွင် မူတည်နေလေပြီ။
လုရွှမ်ရဲ့ နှလုံးသားကတော့ ရေထဲ နက်ရှိုင်းစွာ နစ်မြုပ်သွားသလို ဓားလှုပ်ရှားမှုကို နားလည်ရန် အာရုံစိုက်ထားခဲ့သည်။ ဒီအချိန်မှာသာ သူ့ဒန်တန်ထဲကို တွေ့နိုင်ရင်တော့ သူအရမ်းကို ထိတ်လန့်သွားမှာ သေချာပါ၏။
ယခုအချိန်တွင် ဒန်တန်ထဲရှိ ရွှေဒြပ်စင်နတ်ပုတီးစေ့သည် ဓားသွား လှုပ်ရှားမှုကြောင့် ဖြစ်လာသည့် ခန္ဓာကိုယ်ထဲက သွေးကြောများအတိုင်း လုံးလုံးလျားလျား ရွေ့လျားနေသည်။
ဒီလောက် ကြီးမားသော အရွယ်အစားရှိသည့် ရွှေဒြပ်စင်နတ်ပုတီးစေ့သည် သွေးကြောတွေထဲမှာ ဘယ်လိုများ ရွေ့လျားနေလဲ ဆိုတာ နတ်ဘုရားတွေပဲ သိလိမ့်မည်။ သို့သော် ရွှေဒြပ်စင်နတ်ပုတီးစေ့ ဖြတ်သန်းသွားတိုင်း ဓားသွားလို ခြေရာလက်ရာဖြင့် တိတ်တဆိတ် တဖြည်းဖြည်း ပုံဖော်လာပြီး ဓားရွေ့လျားမှုနှင့်အတူ ထွက်လာသည်။
လုရွှမ် ဦးခေါင်းထိပ်တွင် အလွန်အသားကျနေသယောင် ရှိသည့် လူသတ်ဓားလို ရောင်ဝါမှာ အပြာရောင် ဓားရှည်တစ်လက်အဖြစ် အလိုအလျောက် ပေါင်းစပ်သွား၏။ ၎င်းက လုရွှမ် လက်ထဲက သစ်သားဓားနှင့် အလွန်ဆင်တူပေသည်။
လုရွှမ် သူ့ဓားကို လှန်လိုက်သောအခါတွင် ဓားတစ်ချောင်းသည် ရည်ရွယ်ချက်တစ်ခု ရှိနေတဲ့ အသွင်သဏ္ဌာန်ဖြင့် သူ့ခေါင်းထက်က ဓားရှည်နဲ့ ပေါင်းစည်းသွားသည်။ ခေါင်းထက်တွင် စုစည်းထားသော ဓားရှည်သည် တဖြည်းဖြည်း ကြည်လင်စွာ တောက်ပလာလေသည်။