← Chapters

အတိတ်

Vol. 76 Ch. 4.657

အတိတ်

Vol. 76 Ch. 4.657

လုရွှမ် ထျန်းယင်တို့ဘက်ကို ကြည့်လိုက်တော့ ထျန်းယင်က သူမအား လေးလေးစားစား ဦးညွှတ်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ကျန့်ကျောက်သည်လည်း လျင်မြန်စွာ ဦးညွှတ်လျက်သား။ ဒါ့အပြင် ရောင်ကွမ်းတောင်ထွတ်နဲ့ တခြားတောင်ထွတ်များမှ တပည့်များကလည်း မြေပြင်တွင် ပျပ်ဝပ်လျက် အမြန်ဦးညွတ်လိုက်ကြသည်။

“ဘိုးဘေးချင်းချန်ကို နှုတ်ခွန်းဆက်ပါတယ်!”

ထျန်းယင်က စအော်လိုက်ပြီး အမျိုးသမီးရဲ့ သင်္ကေတနဲ့ အတိအကျတူတဲ့ သင်္ကေတတစ်ခုကို ထုတ်ယူလိုက်သည်။ သင်္ကေတ တံဆိပ်ပြားရဲ့ အရှေ့ဘက်အခြမ်းက အလင်းပြောင်းသွားပြီး နောက်ဘက်ခြမ်းတွင် ထျန်းယင်၏ ပုံရိပ် ပေါ်လာသည်။ တူညီသော အမူအရာဖြင့် ရောင်ဝါသည် တံဆိပ်​ပြားထဲသို့ ထိုးဖောက် ဝင်ရောက်သွားပြီး တံဆိပ်ပြားက ထျန်းယင် ခေါင်းပေါ်၌ ရပ်တန့်နေ၏။

အမျိုးသမီး၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး အော်​မေးလိုက်သည်။

“မင်းက ကောင်းကင်အောင်ခြင်းဂိုဏ်းကလား?”

“ဆရာဘိုးဘေး ချင်းချန်ကို ဂါဝရပြုပါတယ်!”

ဒီတစ်ခါတော့ အားလုံးက တညီတညွတ်တည်း အော်ကြပြန်၏။ လုရွှမ်လည်း ရှက်ကိုးရှက်ကန်းဖြင့် ​ပေကျီဓားကို ဖယ်ထုတ်လိုက်ပြီး

“ဆရာတူအစ်ကို ဘာလို့ ကျွန်​တော့်မှာ အဲဒီလို တံဆိပ်ပြား မရှိတာလဲ?”

ကျန့်ကျောက်လည်း ခါးသက်စွာ ပြန်ပြုံးကာ

“ဒါက အတွင်းစည်း တပည့်တွေမှာပဲ ရှိတဲ့ တံဆိပ်ပြားတစ်ခုပဲ... မင်း အဲဒီတုန်းက သူတော်စင် နယ်ပယ်ထဲမှာပဲ ရှိနေခဲ့တာဆိုတော့ မင်း ဘယ်လိုလုပ် တံဆိပ်ပြားကို ရနိုင်ပါ့မလဲ”

လုရွှမ်လည်း ထိုအမျိုးသမီးကို ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။

“ဘိုးဘေးချင်းချန်ကို နှုတ်ဆက်ပါတယ်”

ထိုအမျိုးသမီးသည် ယခုအချိန်တွင် အလွန်စိတ်လှုပ်ရှား နေသောကြောင့် လုရွှမ်ကို သူမ သတိမထား​တော့ပေ။ သူမသည် ထျန်းယင်လက်မှ တံဆိပ်ပြားကို ယူကာ ခဏကြာအောင် ကြည့်ပြီးနောက် ထျန်းယင်အား ပြန်ပေးလိုက်သည်။

“မင်းတို့အားလုံး ကောင်းကင်အောင်ခြင်းဂိုဏ်းက လာကြတာလား? မင်းတို့ဒီကို ဘယ်လိုလုပ် ရောက်လာ​ကြတာလဲ? အခုအပြင်မှာ ဘယ်လောက်​တောင် ကြာသွားပြီလဲ? ဆရာတူအစ်မရော အဆင်ပြေလား? မင်းတို့နဲ့အတူ လာတာလား? ဟုတ်သားပဲ နတ်မီးနယ်ပယ်က ဦးဆောင်သူတွေရော?”

ရှင်းရှင်းပင် ချင်းချန်သည် သံသယများစွာ ရှိနေတာကြောင့် မေးခွန်းများစွာ မေးလာခဲ့သည်။ ထိုအခါ နတ်သမီးထျန်းယင်လည်း တိုးတိုးလေး ပြောလိုက်သည်။

“ဘိုးဘေး... ကျွန်မတို့ နောက်မှရှင်းပြမယ် ပြသနာတွေက အများကြီးပဲ... အခု ဘိုးဘေးရဲ့ ယွမ်စွမ်းအားကို အရင်ပြန်ယူကြရင်ရော?”

သူမက ပြောသည့်အတိုင်း ကောင်းကင်နှင့်မြေကြီး၏ ဆေးပင်များမှ သန့်စင်ထားသော အဂ္ဂိရတ်ဆေးနှင့် ရတနာများဖြင့် ပြည့်နေသော သိုလှောင်လက်စွပ် တစ်ကွင်းကို အလျင်အမြန် လွှဲပေးလိုက်သည်။

ချင်းချန်လည်း သူမအား ကျေးဇူးတင်စကားပြောကာ အဂ္ဂိရတ်ဆေးကို သောက်၍ ခွန်အားပြန်လည်ရရှိရန် တင်ပျဥ်ခွေ ထိုင်နေလိုက်သည်။ ထျန်းယင်နှင့် အခြားသူများက သူမကို စောင့်ကြပ်နေကြသည်။

လုရွှမ်နဲ့ ထျန်းရှားလည်း ထိုအမျိုးသမီး နိုးလာမည့်အချိန်ကို စောင့်ဆိုင်းရင်း ငြိမ်သက်စွာ စကားပြောနေကာ ဘေးနားသို့ လျှောက်ထွက်သွားသည်။

မကြာခင်မှာပဲ ချင်းချန်ရဲ့ ခန္ဓာကိုယ်ကနေ စွမ်းအင်လှိုင်းလုံးတွေ ထိုးထွက်လာပြီး သူမ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။ ထိုအခါ ထျန်းယင်က ဒီကိစ္စကို ဖြည်းဖြည်းချင်း ရှင်းပြပြီး သူမမှာ သစ်သားတုံးလို မယုံကြည်နိုင်စွာ ထိုင်နေလေ၏။

အချိန်အတော် ကြာပြီးနောက် သူမနှုတ်ခမ်းကို လှုပ်လိုက်ပြီး

“တောင်တန်းတွေပေါ်မှာ တစ်ရက်ပဲ ​​ရှိသေးပေမယ့် ကမ္ဘာကြီးမှာ အနှစ်တစ်ထောင်တဲ့... အခု အနှစ်သုံးသောင်းတောင် ကုန်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”

တစ်ဖက်ခြမ်းက လူတိုင်းမှာ ဒီအကြောင်းကို တွေးထားပြီးသား ဖြစ်ပေမယ့် ချင်းချန်ရဲ့ နှုတ်ထွက်စကားကြောင့် သူတို့အားလုံးရဲ့ အမွေးအမှင်တွေ ထောင်လာလိုပင် ခံစားလိုက်ရသည်။

ဒါဆိုရင် ဒီဘိုဘေးက အသက်ဘယ်လောက်တောင် ရှည်နေခဲ့တာလဲ?

ဝမ့်ရှန်းကမ္ဘာတွင် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များ ပေါများပြီး ဘယ်သူမဆို အနည်းဆုံး အသက်တစ်ရာအထိ ရှင်သန်နိုင်သည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ ကျင့်ကြံသူများပင် သက်တမ်း ၃၀၀ အထိ ရှင်နိုင်ကြသည်။

သူတော်စင်တစ်ပိုင်း ရောက်လျှင် သာမန်လူများနှင့် ထူးကဲပြီး ကွဲပြားနေပြီ ဖြစ်သည်။ သူတော်စင်နယ်ပယ်မှာ အနည်းဆုံး အနှစ်တစ်ထောင် သက်တမ်းရှိလာပြီ။ နတ်မီးနယ်ပယ်သို့ ရောက်ရှိပြီးနောက် အမြင့်ဆုံး သက်တမ်းသည် နှစ်ပေါင်းသုံးထောင် ဖြစ်သည်။

ယခု ဘိုးဘေးသည် နှစ်ပေါင်း 30,000 ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း ပြောင်းလဲမှု လုံးဝ မရှိပုံရသည်။ သူမ၏ လေသံဖြင့် အချိန်အကြာကြီး ကုန်ဆုံးသွားသည်ဟု သူမ မထင်ထားမိသည်မှာ ထင်ရှား​ပေသည်။

လူတိုင်းရဲ့ အင်္ကျီတွေကနေ လေအေးတွေ ထွက်လာခဲ့သည်။ သူတို့လည်း ဘိုးဘေးလို ဒီနေရာမှာ အကြာကြီး နေရတော့မှာများလား။ သူတို့ဒီထဲ ရောက်နေတဲ့ အချိန်က နှစ်နှစ်သာ ရှိသေးတာလို့ ထင်ကြပေမယ့် တကယ်တမ်းတော့ အချိန်တွေက အဲ့လောက်တောင် ကြာသွားတတ်တာလား။

တစ်ယောက်နဲ့ တစ်ယောက် သူကြည့် ငါကြည့်လုပ်ရင်း အားလုံးရဲ့ နှလုံးသားတွေက တုန်​လှုပ်​သွားကြသည်။

“သေချာပေါက် ထိတ်လန့်နေစရာ မလိုပါဘူး.... နောက်ဆုံးတော့ ဒီလှောင်အိမ်မှာ အဆင့်သုံးဆင့် ရှိတယ် ငါတို့က အပြင်ဆုံးအဆင့်မှာ ရှိတာဆိုတော့ အချိန်တွေ အရမ်းမြန်မှာ မဟုတ်ဘူး!”

လုရွှမ် ဒီနည်းနဲ့ သူ့ကိုယ်သူ နှစ်သိမ့်နိုင်ခဲ့သည်။

သူ့ရဲ့ မိုးနတ်ဘုရားမလေးကို အနှစ်သုံးရာလောက် စောင့်ခိုင်းခဲ့ပြီးပြီ။ ယွီရှန်ကို ခါးခါးသီးသီးနဲ့ ဆက်လက် စောင့်ဆိုင်းစေရမယ့် ကိစ္စကို လုရွှမ် မတွေးရဲချေ။

“ဘိုးဘေး အဆင်ပြေရဲ့လား?”

ထျန်းယင်က မေးလိုက်သည်။ ချင်းချန်သည် ရောင်ကွမ်းတောင်ထွတ်ကို တည်ထောင်သူ ဖြစ်တာကြောင့် သူမသည် ချင်းချန်ကို သဘာဝအတိုင်း ချစ်မြတ်နိုး​ပေသည်။

ချင်းချန်က ခါးခါးသီးသီး ပြုံးကာ လူတိုင်းကိုကြည့်ရင်း ခေါင်းခါလိုက်သည်။ သူမအတွက်က တစ်ရေးတစ်မော အိပ်လိုက်ပြီး နိုးလာတဲ့အချိန်မှာ ကမ္ဘာကြီး ပြောင်းလဲသွားတာကို တွေ့လိုက်ရတော့ ဘယ်လိုလုပ် အဆင်ပြေနိုင်ပါ့မလဲ။

ချင်းချန်သည် သူမရဲ့ မှတ်ဉာဏ်တွေထဲက အတိတ်အကြောင်းကို ပြန်လည် ပြောပြခဲ့သည်။ သူမတို့ထဲက ၇ ယောက်ဟာ ဖြောင့်မတ်စွာ လက်ထပ်သွားခဲ့ကြသည်။

ကျစ်ဝေသည် အရည်အချင်း အမြင့်ဆုံးဖြစ်ပြီး ရှင်းချန်က ခွန်အား အပြင်းထန်ဆုံး ဖြစ်သည်။ ရှင်းချန်သည် အကြီးဆုံး ဆရာတူအစ်ကို အဖြစ် ရာထူးမှ ဆန္ဒအလျောက် စွန့်လွှတ်လိုက်သောကြောင့် ကျစ်ဝေက အကြီးဆုံး ဆရာတူအစ်မ ဖြစ်လာခဲ့ပြီး ရှင်းချန် ဒုတိယအစ်ကို ဖြစ်လာကာ သူမက အငယ်ဆုံး ညီမဖြစ်သည်။

နောက်ပိုင်းတွင် သူတို့သည် ကောင်းကင်အောင်ခြင်းဂိုဏ်းကို အတူတကွ တည်ထောင်ခဲ့ကြသည်။ ထို့နောက် ပင်လယ်သားရဲများနှင့် လူသား ကျင့်ကြံသူများကြား စစ်ပွဲဖြစ်ပွားခဲ့ရာ ၎င်းတို့ သုံးဦးသာ ကျန်ခဲ့ပြီး တခြားလူများ သေဆုံးခဲ့သည်။

နောက်တော့ ပင်လယ်သားရဲတွေ ဆုတ်ခွာသွားပြီဆိုတဲ့ သတင်းကို ကြားသိခဲ့ရပြီး စစ်ပွဲဖြစ်ခဲ့တဲ့ နေရာက လျှို့ဝှက်ဆန်းကြယ်တဲ့ တားမြစ်နယ်မြေ ဖြစ်သွားခဲ့သည်​။ သူတို့သည် ဈာပနပွဲအတွက် စီစဉ်ပေးဖို့ ညီအစ်ကိုညီအစ်မများစွာ၏ အရိုးများကို ပြန်ယူချင်သော်လည်း ဤလှောင်အိမ်ထဲတွင် ပိတ်မိနေခဲ့သည်။

နောက်ပိုင်းတွင် သူတို့ ဘယ်လောက်ကြာအောင် ပိတ်မိနေခဲ့တယ် ဆိုတာ မသိသော်လည်း မတော်တဆ လျှို့ဝှက်ဆန်းကြယ်မှု အနည်းငယ်ကို တွေ့ရှိခဲ့သည်။

ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်မှုရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်ခဲ့ပေ။ ရလဒ်အနေနဲ့ သူတို့ သုံးယောက် ဝင်လာပြီးတာနဲ့ လူချင်းကွဲသွားပြီး ကျန်တဲ့နှစ်ယောက် ဘာဖြစ်သွားမှန်း သူမ မသိခဲ့သလို အခုချိန်ထိလည်း လှောင်အိမ်ထဲမှာ ပိတ်မိနေခဲ့သည်။

“မမျှော်လင့်ဘဲ ဒုတိယအစ်ကို သေဆုံးသွားပြီး အစ်မအကြီးဆုံးကတော့ ဒဏ်ရာ အပြင်းအထန်ရပြီး သေလုမတတ် ဖြစ်သွားခဲ့တယ်... ဆန့်ကျင်ဘက်အနေနဲ့ ငါက မုခ်ပေါက်တစ်ခုထဲကို မတော်တဆဝင်မိပြီး သတိလစ်သွားခဲ့ပေမယ့် လွတ်မြောက်ခဲ့တယ်”

ထျန်းယင် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ အံ့ဩစရာ မရှိတော့ပါဘူး။ သူမရဲ့ တုတ်သိုင်းစွမ်းအင်က ဘိုးဘေးကို လွှတ်ပေးသလို ဖြစ်သွားခဲ့တာပဲ။ ဒါက အခွင့်အလမ်း တစ်ခု ရခဲ့တာလားတော့ မပြောတတ်ချေ။

အားလုံးက သက်ပြင်းချလိုက်သည်။ သူတို့က ဘိုးဘေးရဲ့ ဒဏ္ဍာရီနှင့် အလွန်ရင်းနှီးနေကြတာ သေချာ​ပေသည်။

ဘိုးဘေးအကြီးဆုံးက စိတ်ဓာတ်ကျကာ ဆုံးပါးသွားတယ်လို့ ကြားလိုက်ရသလို သူမရဲ့ ညီအကို မောင်နှမတွေ အားလုံး အသက်မရှင်တော့ဘူးဆိုတာ အံ့သြစရာတော့ မရှိပေ။ ချင်းချန် အနေနဲ့ သူတို့အတွက် စိတ်ပူစရာ မရှိတော့ချေ။

“ဒီဓားကို အစ်ကိုရှင်းချန် ကိုယ်တိုင်က အတုလုပ်ထားတာ... ကောင်းကင်နဲ့ မြေကြီးရဲ့ တန်ခိုး အကူအညီနဲ့ နတ်လက်နက် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့​ပြီးပြီ... မမျှော်လင့်ဘဲ ကျိုးသွားခဲ့ပြီပေါ့!”

“ဘိုးဘေး... ကျွန်မတို့ အပြင်ထွက်လို့ ရမှာလား?”

“အစ်မအကြီးဆုံးက လွတ်မြောက်သွားခဲ့တယ် ဆိုတော့ လွတ်လမ်းရှိမယ်လို့ ထင်ပါတယ်”

နတ်သမီးထျန်းယင်က လုရွှမ်ရဲ့ ယခင် ခွဲခြမ်းစိတ်ဖြာချက်များကို ပြောပြလိုက်သည်။ ချင်းချန်ရဲ့ မျက်လုံးများလည်း တောက်ပလာပြီး လုရွှမ်အား အပေါ်အောက် ငုံ့ကြည့်လိုက်သည်။

“နောက်ဆုံးတော့ အစ်ကို၄ရဲ့ အထွတ်အထိပ်အောက်မှာ ပါရမီရှင်​တွေ ထွက်လာတုန်းပဲကိုး... မင်းက အရမ်းတော်ပါတယ်”

ချင်းချန်လည်း လုရွှမ်ဟာ ဘယ်လောက် ထူးထူးခြားခြား ဉာဏ်စွမ်းရှိတယ် ဆိုတာ သူမ သဘာဝကျကျ သိမြင်နိုင်ပါ၏။ ထူးကဲတဲ့ အရည်အချင်းနဲ့ ထူးကဲတဲ့ စိတ်ထားရှိတဲ့ တပည့်တစ်ယောက်ဟာ သူ့လူကြီးတွေကိုတောင် ဂုဏ်ယူစေမှာပဲ။

“ဒါပေမဲ့ မင်း ဒြပ်စင်ငါးခုကို တကယ်ရှာဖွေပြီး အပြင်ထွက်တဲ့ အခါကျရင် တွေ့ရမယ့် လူတွေပိုများလာမှာကို ကြောက်ရတယ်... အဲဒီလူတွေကို တွန်းလှန်ဖို့က ခက်တယ် ခက်တယ် ခက်တယ်!”

ချင်းချန်သည် သူမ မျက်နှာပေါ်တွင် ကြောက်ရွံ့သော အကြည့်ဖြင့် ခက်ခဲတယ် ဆိုတဲ့စကားကို သုံးကြိမ် ဆက်တိုက်ပြောခဲ့ပြီး သူမ ပြန်မကြည့်ဝံ့ခဲ့သော အတိတ်ဖြစ်ရပ်များကို ပြန်ပြောင်းသတိရနေပါသည်။

“ဒါတွေအားလုံးက လူပေါ်မှာပဲ မူတည်တယ်... မအောင်မြင်ရင်တောင် ကြိုးကြိုးစားစားနဲ့ ဆက်သွားနေရမှာပဲ... ကျရှုံးခဲ့ရင်တောင် ကျွန်တော်တို့ နောင်တရမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်... ဒါ့ထက် ဒီလှောင်အိမ်က ကျိုး​နေ​ပြီဆိုတာ မလွဲမသွေပဲ ကျွန်တော်တို့ လုပ်ရမှာက ဒါကို လုံးဝ ချိုးဖျက်ဖို့ လိုတယ်... ပြီးတော့ အချိန်မီ လွတ်မြောက်အောင် လုပ်ရမယ်”

လုရွှမ်ရဲ့ စကားများက ဒေါသတကြီး အရိပ်အယောင်များ ရောပါနေကာ ခါးသက်သက်လည်း ပြုံးလိုက်သည်။

All Chapters