← Chapters

သူငယ်ချင်းဟောင်း

Vol. 76 Ch. 4.659

သူငယ်ချင်းဟောင်း

Vol. 76 Ch. 4.659

လော့ချောင်ဖုန်းလည်း တစ်ဖက်လူကို အမြန်ပြန်ဖြေလိုက်သည်။

“ဒါက ငါတို့ဂိုဏ်းကိစ္စတင် မဟုတ်ဘူး ကြည့်ရတာ ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးကို ပျံ့နှံ့သွားလောက်ပြီ”

အကြပ်အတည်း ဖြစ်နေတာကား သူတို့၏ ကိုယ်ပိုင်ဂိုဏ်းတစ်ခုတည်း မဟုတ်ကြောင်း ယခုမှသိလိုက်ရပြီး ပို၍ထိတ်လန့်လာကာ သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။

တစ်ယောက်ပြီး တစ်ယောက် တခြားဂိုဏ်းက သူငယ်ချင်းတွေနဲ့ အမြန် ဆက်သွယ်ကြတော့သည်။ ဓားပျံများ လွင့်ပျံသွားကာ ကျောက်စိမ်းနှင့် တံဆိပ်ပြား ရတနာများက ကောင်းကင်ပေါ်တစ်ခွင့် ပြေးလွှားလျက် နည်းအမျိုးမျိုးကို ဆက်သွယ်​နေကြသည်။

အဆက်အသွယ် ရပြီးသောအခါ လူတိုင်းရဲ့ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

“ဂိုဏ်းခွဲတွေရဲ့ ရတနာတွေ အားလုံး ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးကို ပျံ့နှံ့သွားပြီး အချက်ပေးသံတွေ ထွက်ပေါ်လာတယ်တဲ့... ဒီကမ္ဘာမှာ ပြဿနာတစ်ခုခု ဖြစ်​နေတာများလား?”

ဆွေးနွေးမှုများ ပြီးဆုံးသွားသော်လည်း ဘယ်သူမှ သဲလွန်စ မရရှိခဲ့ပေ။

လော့ချောင်ဖုန်း လူတိုင်းရဲ့ ဆွေးနွေးမှုကို ရပ်လိုက်ပြီး ပြောလေ၏။

“လူတိုင်း ဂိုဏ်းကို စောင့်ရှောက်ထားကြပါ... ရှဲ့ယွင်ထျန်းက ဝမ့်ရှန်းတံဆိပ်ပြားကို စတေးပြီး အရေးကြီးကိစ္စတွေ ဆွေးနွေးဖို့ တုံးထန်းတောင်ထွတ်မှာ ငါတို့ဂိုဏ်းချုပ်တွေ အားလုံးကို ဖိတ်ခေါ်တယ်.... “

ထိုစကားလုံးတွေ ကျပြီးတာနဲ့ သူ့တစ်ကိုယ်လုံး တစ်ချက် တုန်ယင်သွားပြီး ဖျတ်ခနဲ ပျောက်ကွယ်သွား၏။

နတ်မီးနယ်ပယ် သခင်အုပ်စု တစ်စုကလည်း ဆွေးနွေးနေကြဆဲ ဖြစ်သည်။ ဘာကြောင့်မှန်း မသိသော အန္တရာယ်က ပိုကြောက်စရာ ကောင်းတယ်လေ။

……

လုရွှမ်သည် နှစ်ပေါင်းဘယ်လောက် ကြာသွားခဲ့ပြီလဲ ဆိုတာကို ရေတွက်ရင်း အတွေးတွေ ပျောက်ဆုံး​နေခဲ့သည်။ ဒါပေမဲ့ အချိန်အတော်ကြာပြီးတဲ့အထိ လက်ရှိ အချိန်ကို ဘယ်သူမှ မပြောနိုင်တော့ပါဘူး။

ထွက်သွားဖို့ မျှော်လင့်ချက် မရှိမှာကို စိုးရွံ့နေကြပေမယ့် ပြင်ပကမ္ဘာမှာလည်း ပြောင်းလဲသွားပြီ ဆိုတာ သူတို့ မသိကြသေးချေ။ လက်ရှိမှာတော့ လူတိုင်းဟာ အလုပ်ကို ပိုကြိုးစားပြီး အသက်စွန့်လုနီးပါး ဖြစ်နေပြီ။

လုရွှမ် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးပြီး စိတ်ဝိညာဉ်ကို ခိုင်ခံ့အောင် ကျင့်ကြံထားသည်။ တခြားသူတွေဟာ လုရွှမ်လောက် မဟုတ်ပေမယ့် သူတို့ကိုယ်သူတို့ အဆက်မပြတ် ညှဉ်းပန်းနှိပ်စက်ပြီး လေ့ကျင့်နေကာ သူတို့ရဲ့ ကန့်သတ်ချက်တွေကိုလည်း ဖြတ်ကျော်နေကြသည်။

လှောင်အိမ်ထဲတွင် မိုးခြိမ်းသံ မရှိသောကြောင့် မိုးကြိုးအတိဒုက္ခ မရှိသော်လည်း သူတို့၏ ခွန်အားများ အလွန်တိုးတက်လာများ လာတာကိုတော့ လူတိုင်း သိသည်။ ကျောက်တုံးနံရံတွေပေါ်က ဓားနဲ့ တုတ်သိုင်းတွေကို အများကြီး လေ့လာခဲ့ကြသည်။

ချင်းချန်သည် ဓားရှည်သိုင်း၊ တုတ်သိုင်း၊ တစ်ဖက်သွား ဓားကျွမ်းကျင်မှု၊ လှံကျွမ်းကျင်မှုနှင့် ကြာပွတ်ကျွမ်းကျင်မှု အပါအဝင် လုရွှမ်၏ ကြောက်မက်ဖွယ်စွမ်းရည်များကို အမှန်တကယ် တွေ့မြင်နိုင်ခဲ့သည်။

ယခုနေရာ၏ ကန့်သတ်ချက်များကြောင့်သာ မဟုတ်ပါက လုရွှမ်ရဲ့ နောက်ဆက်တွဲ လှုပ်ရှားမှုများက သူမပင် မခံနိုင်လောက်ချေ။

နှစ်တွေ ကြာလာတာနဲ့အမျှ လုရွှမ် နောက်ဆုံးမှာတော့ ရွှေဒြပ်စင်နတ်ပုတီးစေ့ကို သူ့ခန္ဓာကိုယ်နဲ့ ခွဲထုတ်လိုက်သည်။ ဓားစွမ်းအားသည် အနည်းငယ် လျော့သွားသော်လည်း တခြားကျောက်တုံးတွေဆီက ဒြပ်စင်လေးခုကို နားလည် ထိန်းချုပ်နိုင်ခဲ့ပြီး ၎င်းတို့ကို အသုံးပြုခဲ့သည်။

အောင်ရှင်း၊ ကျင်ဟုန်နဲ့ တခြားလူတွေ သူ့ပတ်ဝန်းကျင်တွင် မရှိလျှင် ဒြပ်စင်ငါးပါးက မပြည့်စုံသလို ခံစားရသည်။ ရွှေဒြပ်စင်ကို လွန်ကဲစွာ လေ့ကျင့်ထားသော်လည်း ဤဒုက္ခမှ လွတ်မြောက်ရန် များစွာအထောက်အကူ မဖြစ်ချေ။ ဒါကြောင့် ရွှေဒြပ်စင်နတ်ပုတီးစေ့ကို ခေတ္တခွဲထားခြင်းက ပိုကောင်းပါ၏။

ရွှေဒြပ်စင်နတ်ပုတီးစေ့ကို ခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက်သည်နှင့်အမျှ ထိုကျင့်ကြံသူအား အရှင်သခင်အဖြစ် အလွယ်တကူ အသိအမှတ် မပြုချေ။ ယခုအခါ လုရွှမ်သည် ရွှေဒြပ်စင်နတ်ပုတီးစေ့ကို သူ့ခန္ဓာကိုယ်ထဲက ခွဲထုတ်ရန် စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး ရွှေဒြပ်စင်နတ်ပုတီးစေ့ဆီက စိတ်ထိခိုက်နေတဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားရပေသည်။

ရွှေဒြပ်စင်နတ်ပုတီးစေ့ကို ခန္ဓာကိုယ်ထဲသို့ ပြန်ပေါင်းစည်းရန်မှာ အဆတစ်ရာပို၍ ခက်ခဲပြီး အောင်မြင်လျှင်ပင် အနာဂတ်တွင် ရွှေဒြပ်စင်နတ်ပုတီးစေ့ရဲ့ နာကျင်မှုကြောင့် ပြန်လည်မွေးမြူရန် အတွက် အချိန်နှင့် စွမ်းအင်များစွာ လိုအပ်နိုင်သည်။

ဒါပေမဲ့ ဒီလို အကျပ်အတည်းမှာ တခြားသူတွေက ခက်ခက်ခဲခဲ ကြိုးစား​နေကြပေမယ့် ဒီကျောက်တုံးထုတဲ့ လှုပ်ရှားမှုတွေကို ကျွမ်းကျင်ပိုင်နိုင်မှု အားနည်းနေကြဆဲပင်။

လုရွှမ်လည်း လူကိုယ်တိုင် တိုက်ပွဲဝင်ရန်မှတပါး ရွေးချယ်စရာ မရှိ​တော့ပေ။

ချင်းချန်၏ ကာကွယ်မှုဖြင့် သူတို့သည် ဤနှစ်များအတွင်း အန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရပေမယ့် လွတ်မြောက်ခဲ့ကြသည်။ လူတိုင်းသည် တစ်ကြိမ်တွင် ဒဏ်ရာအပြင်းအထန် ရခဲ့ကြသော်လည်း ကံကောင်းထောက်မစွာပင် ဝအင်အား လျော့ပါးသွားခြင်း မရှိခဲ့ပေ။ ၎င်းသည် လူတိုင်းအား ခွန်အားကို မြှင့်တင်ရန် ပိုမိုအရေးတကြီး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြသလာခဲ့သည်။

ရေစီးသံကို ကြားတော့ အားလုံးက ခဏလောက် ချီတက်ကြသည်။ အခုတလော ရေစီးသံကို ပို၍ပို၍ ကြားလာရပြီး အရင်ကလို မဟုတ်တော့ဘဲ ပုံမှန်လို ဖြစ်လာခဲ့ပြီ။

နတ်မီးနယ်ပယ်က နောက်ထပ် ​ကျင့်ကြံသူ အများအပြားကို သတ်ပြီးနောက် လူတိုင်း သက်ပြင်းချလိုက်​ကြသည်။

“မကြာသေးမီက ဒီအကျဉ်းသားတွေကို ပိုပိုပြီး ခဏခဏ ကြုံတွေ့လာရတယ်လို့ မင်းတို့ ​ခံစားမိလား?”

ချင်းချန် ရုတ်တရက် ရင်တုန်တဲ့ အကြည့်နဲ့ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

လုရွှမ်ရဲ့ မျက်လုံးများက စူးရှ၏။ ယခုအချိန်တွင် လုရွှမ်ရဲ့ ရောင်ဝါက အဆက်မပြတ် ပြောင်းလဲနေပြီး လူအများကို နားမလည်နိုင်သော ခံစားချက်ကို ပေးစွမ်း​နေသည်။

“ဘိုးဘေး... အန္တရာယ်ကြီး ကျရောက်တော့မယ်လို့ ခံစားနေရတယ် မဟုတ်လား?”

လုရွှမ် ကျောက်နံရံကို ထိလိုက်စဥ် စိုစွတ်အေးမြသော ခံစားချက်ကို ခံစားလိုက်ရသည်။ ထျန်းရှားကလည်း ရုတ်တရက် ကြားဖြတ် ပြောလိုက်သည်။

“ငါလည်း ငါ့လည်ပင်းကို ဓားနဲ့ခြစ်သလိုမျိုး ခံစား​နေရတယ်... အဲဒါကြီးက အချိန်မရွေး ငါ့လည်ပင်းကို ခုတ်တော့မလိုပဲ သိပ်အဆင်မပြေဘူး ငါမကြိုက်ဘူး”

လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း သူမသည် သူမခန္ဓာကိုယ်ထဲက နတ်မီးလုံးကို ရှာတွေ့ခဲ့သည်။ သူမဒီက ထွက်သွားသည်နှင့် သူမသည် နတ်မီးနယ်ပယ်သို့ ချက်ချင်း ဖြတ်သွားနိုင်သည်။ ထို့အပြင် သူမ၊ ဟိုင်ရှင်း နှင့် ဖြူကောင်တို့၏ လုပ်ဆောင်မှုများကို ဤနှစ်များတစ်လျှောက် လူတိုင်း မြင်တွေ့ခဲ့ကြပြီး လုရွှမ်တို့အား ၎င်းတို့အား ကျောချင်းကပ်နိုင်သည့် အဖော်များအဖြစ် ကာလကြာရှည်စွာ မှတ်ယူခဲ့ကြသည်။

ချင်းချန်လည်း ၎င်းတို့အား တန်းတူရည်တူ ဆက်ဆံသည်။ နတ်မီးနယ်ပယ် အထွတ်အထိပ်ရှိ အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ထျန်းရှား၏ စွမ်းရည်လည်း သဘာဝအတိုင်း အလွန်လျင်မြန်စွာ တိုးတက်လာသည်။ သူမ၏ ကိုယ်ပိုင်ထိန်းချုပ်မှု အရ သူမသည် အခါအားလျော်စွာ ဆန်းသစ်သော စိတ်ကူးစိတ်သန်းများ ပေါ်လာတတ်၏။

ထိုအချိန်တွင် ချင်းချန်၏ မျက်လုံးများ တောက်ပလာကာ သူမအရည်အချင်းကို လေးစားမှု အပြည့်​ဖြင့် ကြည့်နေခဲ့သည်။ ယခု ထျန်းရှားရဲ့ စကားကို ကြားတော့ ချင်းချန်လည်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

“မင်းတို့အားလုံး ဒီလိုခံစားရတယ် ဆိုရင်တော့ ဒီလှောင်အိမ်က တကယ် ပြိုကျ​တော့မယ့်ပုံပဲ”

ချင်းချန် ဖြည်းညှင်းစွာ ပြောသည်။

ဘာ? လှောင်အိမ် ပြိုကျတော့မယ်?

ချင်းချန် ကျောက်နံရံကို ဓားဖြင့် ထိုးလိုက်သည်။ ကျောက်နံရံသည် ခဏလောက် တုန်ခါသွားသော်လည်း ဘာအမှတ်အသားမှ မကျန်ခဲ့သေးပေ။ သို့သော် အားလုံးက ကျောက်နံရံ၏ တုန်ခါနေသော အသွင်အပြင်ကို မြင်လိုက်သောကြောင့် ရင်တွင်း၌ တုန်ရီသွားကြသည်။

သူတို့သည် ဤစင်္ကြံလမ်းတွင် နှစ်ပေါင်းများစွာ နေခဲ့ရပြီး ကျောက်နံရံများ၏ မာကျောမှုအပေါ် ပုံသေ တွက်ချက်ထားပြီးသား ဖြစ်သည်။

ဓားကို အသုံးပြုရင် ကျောက်နံရံက ဘယ်လိုတုံ့ပြန်မလဲ။ တုတ်သိုင်းကို အသုံးပြုလိုက်ရင်ရော ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို မျက်လုံး မှိတ်ထားရင်တောင် ကျောက်နံရံက ဘယ်လို ဖြစ်ပျက် တုံ့​ပြန်သွားမလဲ ဆိုတာကို ခံစားနိုင်​ကြသည်။

သို့သော် ကျောက်နံရံ၏ ယခင်တုန်ခါမှုသည် အားနည်းနေပုံရသော်လည်း သူတို့၏ မျက်လုံးများတွင်မူ ယင်းသည် မြေကြီးတုန်ခါမှု ဖြစ်နေပြီ ဖြစ်ကြောင်း ရိပ်မိပါ၏။

လုရွှမ် တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး တုတ်သိုင်းကို သုံး​ကြည့်လိုက်သည်။ အစိမ်းရောင် အလင်းမှုန်က လုရွှမ်ရဲ့ တုတ်ထိပ်၌ တောက်ပလာပြီး ကျောက်နံရံထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။

တောက်ပနေသော အလင်းရောင်ကြီး လင်းလက်လာပြီး မုခ်ဦးတစ်ခု ပေါ်လာသည်။

၎င်းက ချက်ချင်း မပျောက်သေးပေမယ့် တဖြည်းဖြည်း ပျောက်ကွယ်​နေပြီး နချို့သော ရေစီးကြောင်းတွေက အပေါ်ကနေ စိမ့်ထွက်ကျလာနေ၏။

“တစ်ယောက်ယောက် ရှိ​နေတယ်!”

လုရွှမ် ရုတ်တရက် အော်လိုက်သည်။ ချင်းချန်လည်း တံခါးဝကို ပြေးထွက်သွားပြီး တစ်ကိုယ်လုံး ရေစိုနေတဲ့ အမျိုးသမီးကို လှမ်းဆွဲထုတ်လိုက်သည်။ တစ်ဖက် မိန်းကလေးရဲ့ မျက်နှာက ဖြူဖျော့ပြီး ရေထဲမှာ နှစ်ဘယ်လောက် ကြာအောင် စိမ်ထားလဲ မသိ။

ထိုအမျိုးသမီးသည် ရှက်ရွံ့စွာဖြင့် မြေပြင်ပေါ်သို့ လှဲချကာ ပြင်းထန်စွာ အော့အန်​​နေသည်။

“ကြောင်လေး?”

ထျန်းရှား အံ့သြစွာ အော်လိုက်သည်။

ထိုမိန်းကလေးသည် ရှက်ကိုးရှက်ကန်းဖြင့် လှည့်ကြည့်လိုက်ရာ ထျန်းရှားကို တွေ့လိုက်ရသည်။ ရုတ်တရက် သူမမျက်လုံးများထဲမှ မျက်ရည်များ စီးကျလာပြီး ထျန်းရှားရဲ့ ရင်ခွင်ထဲသို့ တိုက်ရိုက် ပစ်ဝင်လိုက်​လေသည်။

“အစ်မကြီး.... အစ်မ ဘယ်​တွေ ရောက်နေတာလဲ? ညီမ အစ်မကို လိုက်ရှာနေခဲ့တာ... အစ်မ သေသွားပြီလို့​တောင် ထင်နေတာ”

ထျန်းရှားသည် ကြောင်လေး၏ ခန္ဓာကိုယ်ကို ညှစ်လိုက်တဲ့အခါ သေးငယ်ပြီး ပျော့လွန်းနေတာကို သတိပြုမိလိုက်သည်။ သူမ၏ လက်ကောက်ဝတ်ကို ကြည့်လိုက်ကာ သိုလှောင်လက်ကောက် တစ်ခုလေးရဲ့ အရိပ်အယောင်မျှပင် မတွေ့ရပေ။

“မြန်မြန် သွားကြရအောင် ဒီနေရာက ပြိုတော့မယ်!!”

ကြောင်လေးက ရုတ်တရက် အော်လိုက်ပြီး ထျန်းရှားရဲ့ ရင်ခွင်ထဲက ခုန်ထွက်သွားသည်။ ရလဒ်အနေနဲ့ သူမတစ်ကိုယ်လုံး အားနည်းနေတာကြောင့် မြေပြင်ပေါ်ကိုပဲ တိုက်ရိုက် ပြုတ်ကျသွားလေ၏။

လုရွှမ်သည် ဆေးလုံးနှစ်လုံးကို ဝှေ့ယမ်းပေးလိုက်သည်။ ထျန်းရှားလည်း ဆေးလုံးတို့ကို ယူကာ ကြောင်လေး ပါးစပ်ထဲသို့ ထည့်​ပေးလိုက်ရင်း ပြောလိုက်သည်။

“စိတ်မပူပါနဲ့ နင့်ရဲ့ ခွန်အားကို အရင်ပြန်ယူလိုက်ဦး....”

All Chapters