မီးနဂါးသွေး
Vol. 77 Ch. 4.663
ထျန်းရှားက “နင်ကငါ့လောက် မသန်မာဘူး ငါဘာလို့ ထွက်သွားရမှာလဲ”
“ငါ့မှာ ငါ့အစီအစဥ်နဲ့ ငါရှိတယ်!”
ထျန်းရှားက သူ့နှုတ်ခမ်းကို ကိုက်ပြီး အော်လိုက်သည်။
“ငါ့မှာလည်း ရှိတယ်”
လုရွှမ် ဒေါသတကြီး ရယ်မောလိုက်သော်လည်း သူ့စိတ်ထဲတွင် အနည်းငယ်တော့ လှုပ်ရှားသွားခဲ့သည်။
သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့ အချိန်တွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ တစ်ယောက်ကို တစ်ယောက် ကာကွယ်ဖို့ အသက်စတေးဖို့ ဆန္ဒရှိနေကြပါပြီ။
“ငတုံးမ!”
လုရွှမ် မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်သည်။ ဒီမိန်းမက သူ့ရဲ့ ဝှက်ဖဲက ဘာလံဆိုတာ ကောင်းကောင်း သိနေ၏။ သူ ခုခံဖို့ ဒါမှမဟုတ် တစ်ဖက်က သားရဲကို သတ်ပစ်ချင်တယ် ဆိုရင် ဖီးနစ်ရဲ့ မှော်သွေးအစစ်ကို အသုံးချလိုက်မှာပင်။
ဒါပေမဲ့ သွေးအစစ် ထွက်လာရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။ ပျက်စီးနေပြီ ဖြစ်တဲ့ ဤလှောင်အိမ်သည် ၎င်းကို ခံနိုင်ရည်ရှိမရှိ သို့မဟုတ် ပို၍အန္တရာယ်ရှိသော ခြိမ်းခြောက်မှုများကိုပင် ဖြစ်ပေါ်စေမလား ဘယ်သူမှ မသိနိုင်ပေ။
ဤကိုယ်ခန္ဓာကို ခိုးယူထားသော ပင်လယ်သားရဲ ဖျက်ဆီးခံရလျှင်ပင် တခြားသော အကျဉ်းကျ ခံထားရသည့် ပင်လယ်သားရဲများကို သူ့ထံရောက်လာအောင် ဆွဲဆောင်မိနိုင်ခြေ မြင့်မားသည်။ ဖီးနစ်နတ်မီးနဲ့ ပတ်သက်လျှင် အနည်းဆုံး တန်ပြန် သက်ရောက်မှုများက သူ့ကို မထိမှန်ကြောင်း ယုံကြည်ခဲ့သော်လည်း ထျန်ရှားသာ ဤနေရာတွင် ရှိနေပါက အလွန်အန္တရာယ်များလိမ့်မည်။
“နင်ဘယ်သူ့ကို ပြောနေတာလဲ”
ထျန်းရှား မျက်မှောင်ကြုတ်လိုက်သည်။
“ပြောလို့ ပြီးပြီလား”
လုရွှမ် စကားမပြောခင်မှာပဲ လူသားခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့ ပင်လယ်သားရဲက ဒေါသထွက်လာလေပြီ။ ဒီလူငယ်နှစ်ယောက်က သူမကို မျက်လုံးထဲ မထည့်ထားသလို စကားပြောနေကြတာပဲ။
သူမ အနည်းငယ် စိုးရိမ်လာသည်။ သူမ၏ခွန်အား ပြန်လည်ရရှိရန် သာမက သူမ၏လက်ရှိ ကျင့်ကြံမှု အဆင့်ကို တည်ငြိမ်စေရန် အတွက် အသားစာအာဟာရနဲ့ သွေးပါ လိုအပ်သည်။ သွေးအစားအစာဆိုတာ ဘာလဲ? ထျန်းရှားတို့လို ကျင့်ကြံသူတွေက သူ့အတွက် သွေးအစားအစာတွေပဲလေ။
ချင်းချန်က လူငယ်တစ်စုကို အဝေးသို့ ဦးဆောင်သွားတာအား မြင်လိုက်ရသောအခါ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော ပင်လယ်သားရဲမှာ ဒေါသတကြီး ဖြစ်သွားသော်လည်း ဤအငယ်တန်း နှစ်ယောက်သည် အမှန်တကယ်ပင် ကြံ့ခိုင်မှု အားမနည်းကြချေ။ ဒါကလည်း သူမကို အံ့အားစေ၏။
မိန်းကလေးသည် နတ်မီးနယ်ပယ် အစွမ်းသတ္တိ ရှိနေပြီ ဖြစ်၍ ယောက်ျားပျို၏ ပါရမီ အစွမ်းသတ္တိနှင့် ကြွယ်ဝသော နည်းလမ်းများက သူမကို ဆန့်ကျင်နိုင်ဆဲ ဖြစ်သည်။
“ဟမ့်!” ထျန်းရှားက ဟစ်အော်လိုက်သည်။
“ပြောင်း!”
ထျန်းရှား အော်ဟစ်ရင်း သူမနဖူးမှ နဂါးချိုနှစ်ချောင်း ထွက်လာပြီး နဂါးအကြေးခွံများကလည်း သူမ ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းများ အဖြစ် ပေါ်ထွက်လာသည်။ နဂါးအကြေးခွံများသည် အနီရောင်အလင်းကို ထုတ်လွှတ်လျက် အမြင့်ဆုံး ဖိအားကိုလည်း ထုတ်လွှတ်ထားသည်။
သူမနောက်ဘက်တွင်ရှိ နဂါးအမြီးသည် တဖြည်းဖြည်း ပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်။ လက်ဖဝါးများက ချွန်ထက်လာပြီး လက်သည်းများ အဖြစ် ပြောင်းလဲလာကာ သူမတစ်ကိုယ်လုံး အနီရောင်နဂါးကြီး အဖြစ်သို့ ပြောင်းလဲသွားလေသည်။
အရောင်က နည်းနည်း မှိန်နေသေးပြီး နဂါးရဲ့ စွမ်းအားကလည်း နည်းနည်းတော့ အားနည်းနေသေးတာတော့ အမှန်ပဲ။ ဒါက လုရွှမ်အမြင်မှာ အားနည်းနေတာ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှာ စိမ်းပြာနဂါးရဲ့ နှလုံးသားလည်း ရှိပြီး သူ့အတွက် နဂါးအရွယ်အစားနဲ့ ဖိအားက ပြတ်သားလွန်းသည်လေ။
သို့သော် တခြားသော ကျင့်ကြံသူများ၊ ပင်လယ်သားရဲများရဲ့ အမြင်နဲ့ နှိုင်းယှဉ်ကြည့်ရင်တောင် ဤပန်းချီကားသည် အလွန်တုန်လှုပ်ဖွယ် ကောင်းနေပေပြီ။
သာမန်ပင်လယ် သားရဲများ၏ အမြင်တွင် နတ်သားရဲများသည် သဘာဝအလျောက် ဖိအားများ ပေးနိုင်၏။ နတ်သားရဲများအပေါ် ကြောက်ရွှံမှုက ၎င်းတို့၏ စိတ်ဝိညာဉ်ထဲသို့ နက်နက်ရှိုင်းရှိုင်းနဲ့ အမြင့်ဆုံး ထိုးဖောက်ထားပြီးသား ဖြစ်သည်။
ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော ပင်လယ်သားရဲသည် အော်ဟစ်လိုက်ပြီး သူမခန္ဓာကိုယ်မှ ထွက်လာသော ရောင်ဝါသည် မသိစိတ်အလျောက် အနည်းငယ် ပြန့်ကျဲသွားသည်။
ဒါပေမဲ့ သူမ လေကို ရှူရှိုက်လိုက်တာနဲ့ မျက်လုံးတွေ တောက်ပလာပြီး
“ကလေးမ မင်းက ငါ့ကို ကြောက်မိလုနီးပါး ဖြစ်သွားစေတာပဲ... မင်းက အဲဒီမီးနဂါးအနှစ်သာသရ သွေးတစ်စက်ကို ရခဲ့တာကိုး”
မီးနဂါးသွေးလား?
ထျန်းရှားနဲ့ လုရွှမ်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
“ကလေးမလေး... ကတုတ်ကျင်းထဲမှာ နတ်နဂါးအမြုတေနဲ့ သွေးတစ်စက်ကို မင်းတွေ့ခဲ့တယ် မဟုတ်လား? သူ့ဘေးမှာ သွေးပုံစံကျောက်တုံး ၃ ခုရှိတယ်လေ... ဟမ့် နှစ်ပေါင်း 30,000 ကျော်ကြာပြီး သွေးနိယာမပုံစံ ကျောက်တုံးတွေကလည်း သက်တမ်းကုန်သွားပြီ မဟုတ်ရင် မင်းဒီမီးနဂါးသွေးကို ရနိုင်ပါ့မလားတောင် မပြောတတ်ဘူး”
ခန္ဓာကိုယ်ကို ဖမ်းစားထားတတ်တဲ့ ပင်လယ်သားရဲက တင်းမာသော လေသံဖြင့် ဆိုလိုက်သည်။
အသံသည် ဒေါသနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး မျက်လုံးများတွင် လောဘကြီးသော အကြည့်များဖြင့် ကြည့်နေတာကို လုရွှမ်ပင် မြင်နေရပြီ။
ထျန်းရှားက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့ ပင်လယ်သားရဲ ပြောတာ မှန်ကြောင်း ထောက်ခံလိုက်သည်။
“ကောင်မလေး မင်းနဲ့မဆိုင်တဲ့ အရာတွေကို ငါ့ဆီ ပေးလိုက်စမ်း!”
ထိုပင်လယ်သားရဲက အော်ဟစ်လိုက်ပြီး အနက်ရောင် အငွေ့များကို သူမပါးစပ်ပေါက်ထဲမှ ထွေးထုတ်လိုက်သည်။ အနက်ရောင် အလင်းတန်းများက ထျန်းရှားကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
ထျန်းရှား၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီးနောက် သူမမျက်နှာက ဖျော့တော့လာသည်။ သူမ တစ်ကိုယ်လုံးက နီရဲနေသည့် သွေးစွမ်းအင်များက ပျောက်ကွယ်သွားတော့မယ့် လက္ခဏာမျိုး ပြသနေသည်။
“ကလေးမ မင်းက မီးနဂါးအမြုတေရဲ့ သွေးကို ကောင်းကောင်း ပေါင်းစပ်ထားနိုင်တာပဲ.... ဒါပေမဲ့ ဒီမီးနဂါးအမြုတေနဲ့ သွေးတစ်စက်အတွက် ငါလည်း ပါဝင်ခဲ့တယ်... အဲဒီထဲမှာ ထူးခြားတဲ့ ကန့်သတ်ချက်တစ်ခု ချထားပြီးသား ထွက်လာခဲ့!”
သူမ ကျယ်လောင်စွာ အော်လိုက်စဉ် ထျန်းရှားမှာ နာကျင်စွာ အော်ဟစ်လိုက်တော့သည်။ သူမခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြင့် အရေပြားများ အက်ကွဲကာ သွေးစီးကြောင်းများ ထွက်လာပြီး လေထဲ၌ ပျံ့ကျဲသွားသည်။
လုရွှမ်လည်း စူးရှသော မျက်လုံးမျာဖြင့် လူသားခန္ဓာကိုယ်ကို သိမ်းပိုက့ထားသော သားရဲကို စိုက်ကြည့်နေသည်။ နောက်ပိုင်း လှုပ်ရှားမှုများက ပို၍ အားကောင်းလာသော်လည်း လုရွှမ်ရဲ့ ထင်မြင်ချက်အရတော့ ၎င်းသည် သူမခွန်အား၏ အဆုံးတွင် ရှိနေသေးသည်။
ယခုသူမသုံးလိုက်တဲ့ လှုပ်ရှားမှုဟာ လွန်စွာ အားကောင်းပေ၏။ ၎င်းက ကန့်သတ်ချက်ကို နှစ် 30,000 ကြာသွားတာတောင် အသက်သွင်းနိုင်သေးသည်။ ဒါက သူမ ဒီအရာကို ထုတ်သုံးနိုင်ဖို အားထုတ်မှုများစွာ ယူခဲ့ရကြောင်း ပြသနေသည်။ အလားတူပင် သူမသည် ယခုကန့်သတ်ချက်ကို အသက်သွင်းလိုပါက အားထုတ်မှုများစွာ လိုအပ်ပါသည်။
သူမ၏ တိုက်ခိုက်မှုကို ကြည့်ရလျှင် ပိုမိုပြင်းထန်လာလေ သူမ နှလုံးသားက အားနည်းလာလေ ဖြစ်ကြောင်း ပြသနိုင်သည်။
“ယွမ်ယန်ဓားကိုးစင်း!”
လုရွှမိလက်ထဲက ပေကျီဓားဟာ ဓားစွမ်းအင်တွေ ပေါက်ကွဲထွက်နေပြီး အဆုံးမရှိ အစွမ်းထက်တဲ့ ဓားသိုင်းတွေက ဆက်တိုက်ဆိုသလို သူ့ဆီကနေ ပြေးထွက်လာသည်။ ပထမဆုံး ယွမ်ယန်ဓားကိုးစင်း။ ထို့နောက် ကျောက်နံရံမှ သင်ယူခဲ့သော စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားသိုင်း ဖြစ်သည်။
ဓားသိုင်းစွမ်းရည်သည် တစ်ချက်ပြီး တစ်ချက် အနန္တတန်ခိုးရှင်၏ အလင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
တစ်ဖက်က ပင်လယ်သားရဲသည် ပြင်းထန်သော အမူအရာမျိုး ရှိနေသော်လည်း သူမက တိုက်ခိုက်နေခြင်း မဟုတ်ဘဲ ခုခံနေခြင်းသာ ဖြစ်သည်။
လုရွှမ်လည်း သူလမ်းကြောင်းမှန်ပေါ် ရောက်နေမှန်း သိတော့ တိုက်ခိုက်မှုတွေက ပိုပြင်းထန်လာသည်။
ပေကျီးဓားကို ဖယ်ထုတ်လိုက်ချိန် သစ်သားချောင်းက ပျံထွက်သွားပြီး စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား၏ ကိုးချောင်းမြောက် ဓားစွမ်းအင်ဖြင့် ရိုက်ခတ်လိုက်ရာ ပင်လယ်သားရဲမှာ ကြောက်လန့်သွားကာ ခန္ဓာကိုယ်ကိုပင် တုန်လှုပ်သွားခဲ့သည်။
“လှောင်အိမ်နဂါးတုတ်သိုင်း?”
ပင်လယ်သားရဲသည် အော်ဟစ်ပြီး နောက်ပြန်ဆုတ်လုနီးပါး ဖြစ်သွားသော်လည်း လှောင်အိမ်က မကွဲသေးကြောင်းကို မြင်လိုက်ရပြီးနောက် သူမ သက်ပြင်းတစ်ချက် ချလိုက်သည်။
ထိုအချိန်တွင် သူမသည် သူမခြေကုပ်ယူထားသော ကျောက်ပြားကို ငုံ့ကြည့်ရင်း တစ်ချိန်က သူမအလွန် မုန်းတီးခဲ့သော ကျောက်နံရံသည် ယခုအခါ သူမအသက်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။
လုရွှမ်သည် သူ့တုတ်သိုင်းကနေ လှောင်အိမ်ပုံ မပေါ်လာသော်လည်း ပင်လယ်သားရဲ နောက်ဆုတ်သွားတာကြောင့် ထျန်းရှား အကျပ်အတည်းထဲက အမှန်တကယ် သက်သာသွားတာကိုတော့ သတိပြုမိသည်။
ထို့နောက် လုရွှမ်သည် လှံသိုင်း၊ တစ်ဖက်သွားဓားသိုင်း၊ ကြာပွတ်ရိုက်ချက်များပါ ရောပါလာကာ လက်နက်ငါးခုနှင့် ဒြပ်စင်ငါးခု၏ စွမ်းရည်ငါးခုတို့ပါ ထွန်းတောက်လာခဲ့သည်။ အချိန်အတော်ကြာ ဖိနှိပ်ခံထားရသော ပင်လယ်သားရဲသည် အမှန်တကယ်ပင် အဆက်မပြတ် ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။
ထျန်းရှား၏ ဦးခေါင်းအထက်ရှိ သွေးဘောလုံးသည် သူမခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ကျဆင်းလာပြီး ဖြည်းညှင်းစွာ ပြန်လည် နစ်မြုပ်သွားခဲ့သည်။
“ကောင်လေး မင်းလုပ်ရဲတယ်ပေါ့!!”
ပင်လယ်သားရဲ မကောင်းဆိုးဝါးကြီးက အလွန်အမင်း မကျေမနပ်ဖြစ်ကာ ဟောက်လိုက်သည်။
မီးနဂါးအနှစ်သာရနှင့် သွေးသည် လွန်စွာ အစွမ်းထက်လှသည်။ သူမသည် ထျန်းရှားကို ဖိနှိပ်ထားနိုင်ရန် များစွာ အားထုတ်ခဲ့ရသည်။ ယခုအခါ နှစ်ပေါင်း 30,000 ပြီးနောက် ဒီအကွက်ကို အသက်သွင်းနိုင်တာ မှတ်သားဖွယ်ကောင်းလှပြီ။
သွေးလုံးက ထျန်းရှား၏ ခန္ဓာကိုယ်ထဲသို့ နစ်သွားတာနဲအမျှ သူမ ထုတ်လွှတ်ထားတဲ့ စွမ်းအားက အကျိုးသက်ရောက်မှုမှ ရှိတော့မည် မဟုတ်ပေ။ ထိုအစား ၎င်းသည် ထျန်းရှား ၏ ခွန်အားကို တိုးလာစေလိမ့်မည်။
ထျန်းရှားအတွက် ဒါက ကြီးမားသော အကျိုးကျေးဇူး ဖြစ်သော်လည်း ခန္ဓာကိုယ် ခိုးယူနေသော ပင်လယ်သားရဲ၏ တုန့်ပြန်မှုကတော့ မကောင်းတော့ချေ။
သူမကိုယ်တိုင် ဖန်တီးခဲ့သော တားမြစ်ပိတ်ပင်မှု၏ နောက်ပြန်ဆုတ်မှုကြောင့် သူမမှာ လုံးဝခုခံနိုင်စွမ်း မရှိပေ။ တခြားသူရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးလို့ မတည်မငြိမ် ဖြစ်နေတဲ့အခိုက်မလို့ ဆင်ခြင်သုံးသပ် ကြည့်ရင် အခန့်မသင့်ပါက သူမ သေမှာ သေချာပါ၏။
လုရွှမ် ဤလျှို့ဝှက်ချက်များကို သဘာဝအတိုင်း မသိသော်လည်း သားရဲ၏ အသွင်အပြင်ကို ကြည့်ပြီး သူ့တိုက်ခိုက်မှုများက ပို၍ပြင်းထန်လာသည်။
သူသည် ဒြပ်စင်ငါးပါး၏ လည်ပတ်မှုကို ပြီးပြည့်စုံစေရန် လိုလားသော်လည်း ကံမကောင်းစွာနဲ့ပဲ သဲလွန်စ မရှိခဲ့ပေ။ ယွမ်ယန်ကျင့်စဥ်သည့ သူ့ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်ကိုးစင်းနဲ့ ပေါင်းစပ်လိုက်သောကြောင့် ယွမ်ယန်ကျင့်စဥ်က အဆင့် တိုးသွားသော်လည်း ယင်စွမ်းအင်ကိုးစင်းကတော့ စုပ်ယူခံရပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
ယင်နဲ့ယန် ချီနှစ်ခုသည် ဒြပ်စင်ငါးခုကို လိုက်လျောညီထွေ ဖြစ်စေရန် မလုံလောက်သည့်အပြင် တိုက်ခိုက်ရေးအပေါ် ထိရောက်မှုမှာလည်း အလွန် မမြင့်မားချေ။