← Chapters

ရေထဲက ကျောက်နံရံ

Vol. 77 Ch. 4.667

ရေထဲက ကျောက်နံရံ

Vol. 77 Ch. 4.667

“တက်သွားမယ်?? မင်းတို့ တက်သွားရင် ပိုနက်တဲ့လှောင်အိမ် အပိုင်းထဲကို ဝင်သွားမိလိမ့်မယ်!”

ချင်းချန်က သံသယစိတ်ဖြင့် အော်လိုက်သည်။ သူမအမြင်အရ အားလုံး ဒီလှောင်အိမ်ထဲတွင် နှစ်ပေါင်းသုံးဆယ်ကျော် ကြာအောင် နေလာခဲ့ကြသည်။ သူတို့ကရော ဒီအခြေအနေကို ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။

အားလုံးကလည်း ထိတ်လန့် တုန်လှုပ်သွားကာ တစ်ယောက်ကို တစ်ယောက် ​ပြန်ကြည့်လိုက်ကြသည်။ သူတို့အားလုံး ကြောက်လန့်ပြီး ကံကောင်းသွားတယ်လို့လည်း ခံစားလိုက်ရသည်။ ကံကောင်းတယ် ဆိုတာက ဘယ်သူမှ အလျင်စလို မတက်ရဲကြခဲ့ကြတာပါပဲ။ မဟုတ်ရင် သူတို့ဘဝတွေ ဒီမှာပဲ ပျက်စီးသွားလိမ့်မယ်။

အပေါ်ကို မတက်နိုင်ဘူး ဆိုတော့ လက်ရှိအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ကြတော့မလဲ။

ကျောက်နံရံသည် အလွန်လျင်မြန်သော အရှိန်ဖြင့် တိုက်လာနေပြီဖြစ်ပြီး ရေထဲတွင် အဆက်မပြတ် လှိမ့်နေပြီ။ ၎င်းက စင်္ကြံလမ်း၏ ကျောက်နံရံကို ပွတ်တိုက်လာတာကြောင့် မီးပွားများ တဟုန်ထိုး တောက်လောင်နေသကဲ့သို့ အလင်းစများပင် ဖြာထွက်နေသည်။

ထိုရိုက်ခတ်မှု၏ စွမ်းအားကို မပြောဘဲ ရိုက်ခတ်သံကို ကြားရရုံနဲ့တင် နားထဲမှာ လျှပ်စီးကြောင်းတွေ ပစ်ခတ်နေသလို ခံစားရစေသည်။

လုရွှမ် သူ့ဓားကို ဆွဲထုတ်လိုက်ရာ ဓားမီးစွမ်းအင် တစ်လက် ပြေးထွက်သွားကာ ကျောက်နံရံကို ရိုက်ခတ်သွားခဲ့သည်။

ဘုန်း!

အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ကျောက်နံရံသည် လုံးဝအတားအဆီး မရှိဘဲ ဆက်လက် တိုးထွက်လာသည်။ အပျက်အစီး လုံးဝ မရှိ​။ ရေတိုက်စားသွားရင်တောင် ပျက်စီးသွားနိုင်တဲ့ ကျောက်နံရံက လုရွှမ်ရဲ့ လက်ရှိခွန်အားနဲ့ မ​ဖြိုခွင်းနိုင်သေးတာ ထင်ရှားပေသည်။

“အားလုံး ခဏဖယ်ကြ!”

ကျောက်နံရံက ဖြိုခွဲပစ်ဖို့ ဘယ်လောက်တောင် ခက်ခဲနေကြောင်း မြင်ကြရသောကြောင့် ဘယ်သူမှ ရှေ့မတိုးဝံ့ဘဲ သဘာဝအတိုင်း လုရွှမ်နဲ့ ချင်းချန်တို့အနောက်တွင် ပုန်းရှောင်နေလေသည်။

“အားလုံး... ငါ့နောက်က လိုက်ခဲ့ပြီး သတိထားကြပါ!!”

လုရွှမ် စကားပြောပြီး သွားသောအခါ သူသည် ကျောက်နံရံဆီသို့ ဦးစွာ ပြေးထွက်သွားခဲ့သည်။

လုရွှမ်၏ လျင်မြန်သော မျက်လုံးများနှင့် လျင်မြန်သော လက်များဖြင့် ကျောက်နံရံကို တွန်းလှန် တိုက်ခိုက်ဖို့အတွက် သူ့ခန္ဓာကိုယ်ကို နဂါးငယ်လေးကဲ့သို့ ပြေးဝင်သွားလေ၏။

ကျောက်နံရံကြီးသည် အလွန်လျင်မြန်စွာ လှိမ့်ဝင်သွားပြီး စွမ်းအားကလည်း ကြီးမားသော ဖိအားများနှင့်အတူ ပါလာသည်။ စီးဆင်းနေသော ရေနိယာမသည် အလင်းရောင်ဖြင့် တောက်ပနေသော်လည်း လုရွှမ်က ပို၍ မြန်ဆန်ပြီး သွက်လက်သည်။

လုရွှမ် ဖြတ်သွားနိုင်​တာကို မြင်လိုက်ရတော့ သူတို့သက်ပြင်းချပြီး တစ်ချိန်တည်းမှာပင် လူတိုင်းရဲ့ နှလုံးသားထဲတွင် မျှော်လင့်ချက်အလင်းတန်းများ ပေါ်ထွက်လာသည်။

တစ်ယောက်ပြီး တစ်ယောက် အလျင်အမြန် လိုက်၍ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဂရုတစိုက် အကာအကွယ်ပေးရင်း ကျဥ်းမြောင်းသော အပေါက်လေးထဲက ဖြတ်သွားကြ၏။

“အား!”

လုရွှမ် အနောက်ကလူဟာ ကောင်းကင်ဘုံသခင် တတိယအဆင့်တွင် ရှိသော အကြီးတန်းအစ်ကို တစ်ဦး ဖြစ်သည်။ သူ့အမြင်အရတော့ လုရွှမ်သည် စိတ်အေးလက်အေး ဖြတ်သန်းသွားတာကြောင့် ကျောက်နံရံဟာ ခြိမ်းခြောက်မှု ကြီးကြီးမားမား ရှိပုံမပေါ်ချေ။

သို့သော် သူ ကျောက်နံရံဆီသို့ အပြေးအလွှား ပြေးလာသောအခါတွင်တော့ ကြီးမားသော အရှိန်အဟုန်က သူ့အပေါ်သို့ ရောက်လာလေရာ ခဏတာမျှ တုန်လှုပ်သွား​လေသည်။ ကြည့်ရတာ လွယ်ပုံရပေမယ့် လက်တွေ့ လုပ်ဆောင်ဖို့ကျတော့ အရမ်းခက်ပေ၏။

နည်းနည်း နှေးသွားချိန်၌ ကျောက်နံရံကြီး ပြိုကျလာနေပြီ။ ထိုညီအစ်ကိုသည် ကျောက်နံရံကို ထိမှန်သွားပြီး သူ့ခန္ဓာကိုယ်ရ ချက်ချင်းပင် အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။

အနောက်မှ အငယ်တန်း တပည့်များမှာ တိတ်တဆိတ် ထိတ်လန့်သွားရုံမှတစ်ပါး သူတို့ ဘာမှ မလုပ်နိုင်ကြချေ။

လုရွှမ် ကျောက်နံရံကြားထဲကို အပြေးအလွှား ပြေးသွားရင်း စကားမပြောနိုင်မီတွင် အနောက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ဆိုးရွားတဲ့ အရာတစ်ခု ဖြစ်သွားမှန်း သူသိလိုက်သည်။

“လူတိုင်း သတိထားပြီး အသက်ရှင်ဖို့ ကြိုးစားကြ....”

ဖြတ်သန်းသွားလာတဲ့ အတွေ့အကြုံ မရှိသော ကျောက်နံရံဟာ ဘယ်လောက် အားကောင်းမလဲ မသိနိုင်ပေ။ မြင့်မားသော တောင်တန်းကြီးတစ်ခုဆီက ဖိသိပ်ခံလိုက်ရတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပင်။

ဒါက ရိုးရိုးရှင်းရှင်း နှိပ်စက်ညှဉ်းပန်းနေတာ မဟုတ်တော့ပေ။ သူတို့အားလုံးရဲ့ စိတ်ထဲအထိ တုန်လှုပ်သွားစေခဲ့သည်။

ဒါက စိတ်စမ်းသပ်မှု တစ်ခုလား။ လုံလောက်သော ဆန္ဒမရှိပါက သို့မဟုတ် ကျောက်နံရံကို အနိုင်ယူရန် ယုံကြည်မှုမရှိပါက ၎င်းကို ကျော်ဖြတ်ဖို့ ခက်ခဲမှာလား။

အလိုအလျောက် သတိပေးစိတ်က သူတို့အား အန္တရာယ်ရှိကြောင်း သတိပေး​နေသော်လည်း ဆန္ဒကို ဘယ်လိုလုပ် သတိပေးနိုင်မှာလဲ။ ဒီအဆင့်ကို သူတို့ဘာသာ သူတို့သာ ကျော်ဖြတ်ရတော့မယ်။

“ငါလာမယ်!”

ကျန့်ကျောက်ရဲ့ အသံ ထွက်ပေါ်လာပြီး သူက ကျောက်နံရံဆီသို့ ပြေးထွက်သွားလိုက်သည်။

သူတို့မှာ ဆက်ပြီးရုန်းကန်ဖို့ အချိန်မရှိ​​တော့ဘူး။ မဟုတ်ရင် ကျောက်နံရံက အပြေးအလွှား ဝင်လိုက်တာမှာဖြစ်လို့ လူတိုင်း သေ​ကြရလိမ့်မည်။

ကျန့်ကျောက် ရှေ့သို့ အမြန်ပြေးသွားသော်လည်း လျင်မြန်သော ရေစီးကြောင်းက သူ့အား အလွန်နှေးကွေးသွားစေသည်။ သူက နည်းနည်းလေးမှ ဂရုမစိုက်ဘဲ မနေဝံ့သလို ထျန်းယင်ကိုတောင် ပြန်မကြည့်ရဲချေ။ ထျန်းယင် သူ့ကိုကြည့်​နေမယ် ဆိုတာ သိပေမယ့် သူ့မှာ ဒီလောက် အချိန် မရှိတော့ပါ။

ကောင်းကင်အောင်ခြင်း ဂိုဏ်းဝင် ညီအစ်ကို မောင်နှမ အများအပြားကလည်း သူ့ကို ကြည့်​နေကြသည်။ ထျန်းရှူးတောင်ထွတ်က အကြီးဆုံး အစ်ကိုအဖြစ် သူသည် ကောင်းကင်အောင်ခြင်းဂိုဏ်းက တောင်ထွတ် ခုနစ်ခုကြားတွင် အားနည်းသူအဖြစ် သတ်မှတ်ခံရသော်လည်း ရောင်ကွမ်းတောင်ထွတ်က အလှဆုံးတပည့်ကို ရအောင် ယူနိုင်ခဲ့သည်။

တခြားသူတွေရဲ့ လေးစားမှုကို ရချင်ရင် ကိုယ့်ရဲ့ ခွန်အားကို ပြသရမှာပဲ။

ကျန့်ကျောက် ကျောက်နံရံကို စိုက်ကြည့်နေသည်။ အချိန်နှင့် သူ့အမြန်နှုန်းကို တွက်ချက်ထားပြီးဖြစ်သော်လည်း ကျောက်နံရံသို့ ရောက်သောအခါတွင် ကြီးမားသော အင်အားတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖိနှိပ်ထားသလို ခံစားလိုက်ရသည်။

မဟုတ်ဘူး။ အစောကတင် သူ့ခန္ဓာကိုယ်က ပျော့ပြောင်းနေသေးတယ်လို့ ခံစားမိပေမယ့် မရှင်းပြနိုင်လောက်အောင် လေးလံလာသည်။

ခဏလောက်အထိ သူ့ခမျာ ထင်ယောင်ထင်မှား ဖြစ်နေသလိုမျိုး သူ့မျက်လုံးတွေကို မှိတ်ထားပစ်ချင်လာသည်။ သို့သော် သူ့စိတ်က ယခုအခါ သေရေးရှင်ရေး အကြပ်အတည်း တစ်ခုထဲ ရောက်နေကြောင်း သိလိုက်ရသဖြင့် သူ့စိတ်သည် အလွန်ကြည်လင်သွား၏။

“ဟမ့်”

ကျန့်ကျောက် ဟောက်ကာ ရှေ့သို့ လျှောက်သွားသည်။ သူ့ခန္ဓာကိုယ်ထဲတွင် လေးလံသော ခံစားချက်များက ရုတ်တရက် အားကောင်းလာပြီး သူ့နှလုံးသားထဲတွင် အတွေးတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။

ခွန်အား မရှိတော့ဘူး။ ခဏလောက် အနားယူပြီး ရှေ့ကို ဆက်သွားရမယ်။ ကျန့်ကျောက် သူကိုယ်တိုင်က နည်းနည်းလေး စိတ်လျှော့ပြီး ခွန်အား ပြန်ရနေသရွေ့တော့ သူ အမြန်ရုန်းထွက်နိုင်မယ် ဆိုတာ သိပါ၏။

ကျောက်နံရံက ဖြိုခွဲပစ်ဖို့ ခက်ခဲသော်လည်း အလွန်အဆင့်မြင့်သော နိယာမပုံစံများ မရှိချေ။ ထို့အပြင် ကျောက်တံတိုင်းကြီးကနေ ပြိုကျ ပျက်စီးလာတာ ဖြစ်​သောကြောင့် ၎င်း၏ယခင် ခွန်အား အများစုလည်း ပျောက်ကွယ်သွားခဲ့သည်။

အမြန် ဖြတ်သွားရမယ်!

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နောက်ထပ် အတွေးတစ်ခုက သူ့စိတ်ထဲမှာ ပြည့်နှက်လာပြန်သည်။ အခု အလျင်စလိုမလုပ်ရင် ထပ်စောင့်နေစရာ မလိုတော့ဘူး။ သေတော့မှာ။

ဘဝတစ်ခုပဲ ရှိတယ်။ ဘဝနဲ့သေခြင်းကြားက စမ်းသပ်မှုက ရွေးချယ်မှု တစ်ခုပဲ လုပ်လို့ရတယ်။ အခုအချိန်ကာလက အရမ်းမြန်တာကြောင့် ရွေးချယ်ဖို့ အချိန်မရှိဘူး၊ ဒါ့အပြင် စဉ်းစားဖို့လည်း အချိန်မရှိ​တော့ဘူး။

ကျန့်ကျောက် သူ့ကိုယ်သူ ဒီလောက် စိတ်ကူးယဉ်ဆန်တဲ့လူ ဖြစ်နေမယ်လို့ ဘယ်တုန်းကမှ မသိခဲ့ပေ။ ဒါပေမဲ့ သူသိတာတစ်ခုက သူအခု သေချာပေါက် အသက်ရှင်ရမယ်။

သူသည် ပြင်းပြင်းထန်ထန် ခြေလှမ်း လှမ်းကာ လက်ကို ရှေ့သို့ ရွှေ့လျားသွား၏။ ကျန့်ကျောက် ရေအောက်သို့ ငုံ့သွားပြီးနောက် ရုန်းထွက်နိုင်သည့် ကျဥ်းမြောင်းသော အခွင့်အရေး ဆီသို့ ပြေးဝင်သွားခဲ့သည်။

သူ့ခန္ဓာကိုယ် ပတ်ဝန်းကျင်ရှိ ရောင်ဝါများ ရုတ်တရက် ကွယ်ပျောက်သွားသည်။ ကျန့်ကျောက် ရေထဲက ခုန်ထွက်လိုက်စဥ် သူ ကျောက်နံရံနောက်မှာ ရှိနေကြောင်း တွေ့လိုက်ရသည်။ လုရွှမ်က သူ့ကိုအချိန်ကိုက် ဆွဲထုတ်လိုက်သည်။

“အခုနက ဘာဖြစ်တာလဲ?....”

“စိတ်ဆန္ဒစမ်းသပ်မှု.... ဒီစမ်းသပ်မှုမှာ တုံ့ဆိုင်းနေတာမျိုး မရှိသင့်ဘူး... အခြေအနေက ပိုအန္တရာယ်များလေ သတ္တိရှိရလေပဲ မဟုတ်ရင် အခွင့်အရေးက ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး...”

ကျန့်ကျောက် သူ့ပါးပေါ်က ရေတွေကို သုတ်လိုက်ပြီး လုရွှမ်အား လေးလေးနက်နက် ယုံကြည်စွာဖြင့် ခေါင်းညိတ်​ပြလိုက်သည်။

“သူတို့ရော?”

“ကျွန်တော်တို့စကားတွေက သူတို့ဆီကို မကူးစက်နိုင်ဘူး....ဒါ သူတို့ကိုယ်တိုင်ပဲ မြင်နိုင်တယ်”

လုရွှမ် ဟိုဟိုဒီဒီကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး

“ဒီလှောင်အိမ်က လျှို့ဝှက်ဆန်းကြယ်လွန်းတယ်... ဒါကို ဘယ်သူဆောက်ခဲ့လဲ နတ်ဘုရားတွေပဲ သိလိမ့်မယ်”

ဒြပ်စင်ငါးခုသည် အရင်းခံအားဖြင့် အပြန်အလှန် အားဖြည့်ထားသော်လည်း ရေနိယာမနဲ့ မြေကြီးနိယာမများ ပေါင်းစည်းမိသောအခါ သူတို့စိတ်ဆန္ဒကို စမ်းသပ်နိုင်တဲ့ စွမ်းရည်တစ်ခု ရှိမယ်လို့ ဘယ်သူက သိမှာလဲ။

“သူတို့ဘယ်နှစ်ယောက် ကျော်နိုင်မလဲ မသိဘူး”

ကျန့်ကျောက် စိတ်ပျက်လက်ပျက် မျက်နှာနဲ့ ရေရွတ်လိုက်သည်။

အတူတူ လမ်းလျှောက်ရင်း တိုက်ခိုက်ရင်းနဲ့ ဒီညီအစ်ကိုတွေဟာ မိသားစုလို ရင်းနှီးလာခဲ့ကြပြီ ဖြစ်သည်။ အရင်က ထွက်လမ်း မရှာနိုင်တဲ့အခါတုန်းက အားလုံး ကောင်းကောင်း ရှိနေသေးပေမယ့် အခုနောက်ဆုံးတော့ ထွက်သွားဖို့ အခွင့်အလမ်းကို ရှာတွေ့တော့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ရသည်။

All Chapters