← Chapters

ကမ္ဘာတစ်ဝှမ်းမှလူများ

Vol. 79 Ch. 4.705

ကမ္ဘာတစ်ဝှမ်းမှလူများ

Vol. 79 Ch. 4.705

လုရွှမ် ထပ်မရှင်းပြတော့ပေ။ ဒီထျန်းရှားက အစစ်အမှန် ထျန်းရှားနဲ့ 10%လောက် ဆင်တူရင်ကို ပန်းကန်ခွက်ယောက်ကို ဖောက်ပြီး အမှန်အတိုင်း ညှစ်မေးတော့မယ် ဆိုတာ လုရွှမ် သိထားပါသည်။

သူတို့အုပ်စုကို သူတို့ဘာသာ တွက်ချက်ခွင့်ပေးလိုက်ရင်း လုရွှမ်သည် မီးလောင်နေသော မျက်လုံးများဖြင့် ကျောက်ပြားကို စိုက်ကြည့်ကာ ၎င်းထဲမှ တစ်ခုခုကို မြင်နိုင်ရန် ကြိုးစား​နေသည်။ သို့သော် ဤကျောက်​ပြားသည် နတ်တောင်တန်း ဖြစ်ကြောင်း သိရုံမှတပါး သူဘာမျှ ထပ်မပြောနိုင်ပေ။

ကျောက်​ပြားကြီးပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော တန်ခိုးတစ်ခု ရှိ​နေနိုင်သည်။ ၎င်း၏အနီးတစ်ဝိုက်ရှိ လူများသည် သူတော်စင် အဆင့်တွင်သာ ရှိကာ ကျောက်​ပြားကြီးအနီးသို့ ချဉ်းကပ်လိုလျှင်ပင် လုံးဝ မချဥ်းကပ်နိုင်ပေ။

ဤအခိုက်တွင် လုရွှမ် ပါးဟုဂိတ်ရှိ လူများထံမှ သွေးနံ့များကို ရလိုက်သည်။ ၎င်းသည် အလွန်ပြင်းထန်ပြီး လူသားတစ်ဦးရဲ့ သွေးဖြစ်နေတာ သေချာပါ၏။

"ကာကွယ်ထားတဲ့ အခင်းအကျင်း ပုံစံက တကယ်ကို အံ့ဩစရာ ကောင်းပါတယ်.... ပါးဟုဂိတ်က အယုတ်မာဆုံးနဲ့ အဆိုးဆုံးလူတွေပဲ... ရတနာရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ဖို့အတွက်နဲ့ လူသားတွေရဲ့ သွေးကို တကယ်ကြီး သုံးချင်နေကြတာပဲ"

"လူ့သွေး?" လုရွှမ် ရုတ်တရက် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။

ထျန်းရှားက ဒီဇာတ်လမ်းအကြောင်း သူ့ကို ပြောပြပြီးပါပြီ။

"ဟုတ်တယ်လေ... ဒီသွေးအများစုက ဒီဒေသမှာနေထိုင်တဲ့ လူတွေရဲ့သွေးတွေပဲ"

လုရွှမ် ရုတ်တရက် သူ့ရင်ဘတ်ကို ဥက္ကာခဲတစ်လုံး ထိမှန်သွားသလို ခံစားလိုက်ရသည်။ ဒါတွေအားလုံးဟာ သူ့​အမှားပဲ။ သူက သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးစွန်ထိ တွန်းပို့ခံရတာကို မြင်လိုက်ရလေသည်။

အကယ်၍ သူသည် ဝိညာဥ်မြက်ပင်ကို တိုက်ရိုက်ခူးပါက သို့မဟုတ် ပါးဟုဂိတ် သို့မဟုတ် တခြားလူများအား ယူခွင့်ပေးလိုက်ပါက မိခင်မြစ် ဖျက်ဆီးခံခဲ့ရသော်လည်း ဤသာမန်လူများကတော့ ဘယ်တော့မှ အသတ်မခံရနိုင်ပေ။

"ဘာဖြစ်နေတာလဲ?"

လုရွှမ်ရဲ့ မျက်နှာ ဖြူဖျော့လာတာကို မြင်လိုက်ရသဖြင့် ထျန်းရှား မေးလိုက်သည်။ လုရွှမ် သူ့ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး။

"ဆက်သွားရမလား ဒါမှမဟုတ် ငါ့ကံကြမ္မာကို ငါလက်ခံရမလား မသိ​တော့ဘူး"

ယခုအခိုက်အတန့်မှာတော့ သူတကယ်ကို စိတ်ရှုပ်နေပါ​ပြီ။ သူသာ နတ်တောင်တန်းကို အမှန်တကယ် ရရှိပြီး နတ်တောင်တန်းကို ဝမ့်ရှန်းကမ္ဘာထဲ ချပေးလိုက်ပါက ဝမ့်ရှန်းကမ္ဘာသည် မူလပုံစံအတိုင်း ပြန်လည် တည်ဆောက်နိုင်မှာပဲ ဖြစ်သည်။

ဒါပေမဲ့ ဝမ့်ရှန်းကမ္ဘာ အတွက် တကယ်အကျိုးရှိမှာလား။ နောက်ထပ် ဘေးဥပဒ်တစ်ခု ရှိကောင်းရှိနိုင်သည်။ သို့မဟုတ် ပို၍ပင် အန္တရာယ်ရှိလာလိမ့်မည်။ နတ်နဂါး ရုတ်တရက် ပေါ်လာမည်။ ဖီးနစ်မီးငှက်လည်း ပြန်ပေါ်လာမည်။ သူတို့က လက်ရှိ ဝမ့်ရှန်းကမ္ဘာရဲ့ အပြောင်းအလဲတွေကို မြင်ပြီးရင် ဝမ့်ရှန်းကမ္ဘာကို ချက်ချင်း သုတ်သင်ပစ်နိုင်သည်။

နတ်သားရဲ နှစ်ကောင်က ဤကမ္ဘာငယ်လေးကို ရှာဖွေတွေ့ရှိ လာသောအခါတွင် ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် အစီအစဉ်များကို စတင် ဆောင်ရွက်ကြလိမ့်မည်။

ထို့နောက် ဝမ့်ရှန်းကမ္ဘာကို ကယ်တင်နိုင်​ပြီဟု ထင်ကာ အဆောတလျင် ဝင်ရောက်လာသော် လူများကိုလည်း အမှန်တကယ်တော့ သူတို့ရဲ့ သေဆုံးမှုကို အရှိန်မြှင့်​​ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။

လုရွှမ်သည် ယခုအချိန်မှာတော့ ဤဖြစ်နိုင်ချေကို စဉ်းစားနေရသည်။ မတူညီတဲ့ နယ်ပယ်တွေမှာ လုံးဝကွဲပြားတဲ့ အယူအဆတွေ ရှိပါ၏။ နဂါး ဒါမှမဟုတ် မီးဖိုနစ်တို့ရဲ့အမြင်မှာ ဒီကမ္ဘာငယ်လေးဟာ ကမ္ဘာငယ်လေးတစ်ခုပဲ ဖြစ်နေပြီး သူတို့လိုချင်တဲ့ အရာကို ယူချင်တိုင်း ယူသွားနိုင်တဲ့ သခင်တွေပဲ။

ပင်လယ်သားရဲများသည် လူသားများက ကျင့်ကြံမှု အဆင့်မြင့်လျှင်ပင် လုံးဝအလေးအနက် မထားတတ်ပေ။ ဒါဆို ဆင်တစ်ကောင်က ပုရွက်ဆိတ်တွေကို မျက်လုံးထဲ ထည့်မှာတဲ့လား။

ထိုအခိုက် ငါးနံ့သင်းသင်းရနံ့က လုရွှမ်ကို သူ့အတွေးတွေကနေ နိုးထလာ​စေပြီး မျက်လုံး ဖွင့်ကြည့်လိုက်တော့ ရက်စက် ကြမ်းကြုတ်တဲ့မြင်ကွင်းကို သူမြင်လိုက်ရလေ၏။

နတ်တောင်တန်း ကျောက်ပြားပေါ်ကို လူသွေးများ ဖြန်းပေး​နေသော ပါးဟုဂိတ်မှ လူများသည် ယခုအခိုက်၌ သူတို့ကိုယ်ပေါ် သွေးများ ပြန်၍ စိုစွတ်နေပါ​ပြီ။ အဆိပ်မိသွားသလို လူတွေက အရူးအမူး ​​အော်ဟစ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို ကုတ်ခြစ်​​နေကြသည်။

သူတို့အဝတ်အစားတွေကို အပိုင်းပိုင်း ဆုတ်ဖြဲကာ အော်ဟစ်ရင်း အရေပြား​တွေကိုပါ ခွာချတော့မတတ်ပင်။ အရိုးတွေနဲ့ အတွင်းအင်္ဂါတွေအားလုံးကို ဖယ်ထုတ်ပြီးချိန်မှာတောင် အဲဒီလူတွေဟာ အရူးအမူး ကုတ်နေကြတုန်းပါပဲ။

နောက်ဆုံး အသက်ရှုမဝတော့တဲ့ အခါကျမှသာ ရုပ်ပျက်ဆင်းပျက်နဲ့ မြေပြင်ပေါ် လဲကျသွားတော့သည်။ ဘယ်သူမှ ရှေ့ကို မထွက်ရဲကြဘဲ ပါးဟုဂိတ်မှ ကျန်လူတွေတောင် သူတို့ရှေ့က အလောင်းသုံးလောင်းကို ထိတ်လန့်တကြားနဲ့ ကြည့်နေကြလေသည်။

"ဟားဟား....လူမိုက်! မင်းတို့နဲ့ ထိုက်တန်တယ်!"

ရွဲ့စောင်းလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ပါးဟုဂိတ် ဂိုဏ်းခေါင်းဆောင်သည် ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်သော် ရွဲ့စောင်းပြော​​နေသူမှာ ကျားဂိုဏ်းခေါင်းဆောင် ဟူရှောက် ဖြစ်​နေတာ တွေ့လိုက်ရ၏။

ကျားဂိုဏ်းနှင့် ပါးဟုဂိတ်တို့သည် ဤနယ်မြေ၏ အရှင်သခင် နေရာအတွက် အပြိုင်အဆိုင် ဖြစ်နေကြသူများပဲ ဖြစ်သည်။ ထုံးစံအတိုင်း ရန်သူများ ကောင်းစားနေတာကို တွေ့သောအခါတွင် ၎င်းတို့သည် လွန်စွာ မနာလိုဖြစ်တတ်သည်။

ပါးဟုဂိတ်ကလူတွေ သွေးထွက်သံယိုနဲ့ ကံဆိုးမိုးမှောင်ကျနေပုံကို မြင်လျှင် ကျားဂိုဏ်း ခေါင်းဆောင်သည် သဘာဝကျကျ လှောင်ပြောင်လေတော့သည်။

"ဟူရှောက်.... ရွဲ့စောင်းပြောမ​နေနဲ့... မင်းမှာ အရည်အချင်းရှိရင် မင်းဘာလို့ မလာတာလဲ?"

ပါးဟုဂိတ် ခေါင်းဆောင် ချောင်ချီက အော်လိုက်သည်။ ဟူရှောက်ကလည်း ပြန်လည် အော်ဟစ်လေ၏။

"ငါက မင်းလောက် မတုံးဘူး... မင်း မိုက်မိုက်မဲမဲ လျှောက်လုပ်နေတာတွေကို ငါသိတယ်.. ရတနာကို သိခွင့်ရတဲ့သူတွေပဲ အဲဒါဘာလဲ သိလိမ့်မယ် မင်းရတနာကို လိုချင်ရင်တော့ သေချာပေါက် အရည်အချင်းတော့ လိုတယ်လေ"

ဟူရှောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်​တဲ့အခါ သူ့အနောက်မှ လူတစ်ယောက်က ဆေးရည်ပုလင်းကို ပေးလာသည်။

ဟူရှောက်သည် ပုလင်းထဲက အရည်တွေကို တစ်ကျိတ်တည်း မျိုချလိုက်၏။ ဆေးရည်တွေကို မြိုချလိုက်တာနဲ့ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားတာကို တွေ့လိုက်ရသည်။ ရုတ်တရက် နားမလည်နိုင်သော စွမ်းအင်တစ်မျိုးက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

"ဝိညာဥ်ရေစင်?" ချောင်ချီက ခေါင်းညိတ်၍

"ကောင်းပြီ ကောင်းပြီ... ကျားဂိုဏ်းရဲ့ခေါင်းဆောင် မင်းက တကယ် ပြင်ဆင်ထားတာပဲ!"

လုရွှမ်သည်လည်း ဟူရှောက် ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါကို ခံစားလိုက်ရသည်။ ၎င်းစွမ်းအင်သည် အမှန်တကယ်တွင် ကောင်းကင်နှင့်မြေကြီး၏ အရိပ်အာဝါသကို လုံးလုံးလျားလျား ပေါင်းစပ်ထားရာ ထက်မြက်ပြီး သဘာဝနှင့် လိုက်လျောညီထွေရှိနေသည်။

အရင်က ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံးရဲ့ အပြောင်းအလဲတွေကို သူ စောင့်ကြည့်နေခဲ့ဖူးသည်။ ဝိညာဥ်စွမ်းအင် အငွေ့အသက်တွေက အရမ်းသဘာဝကျပေမယ့် ကောင်းကင်နဲ့မြေကြီးနဲ့ လိုက်လျောညီထွေ ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုးတော့ မရှိခဲ့ဘူး။

"ဝိညာဉ်ရေစင်က ငါတို့ဒီနယ်မြေမှာ အထူးသီးသန့် ဆေးရည်တစ်မျိုးပဲ... အဲဒါကို နဂါးဦးခေါင်း အုတ်ဂူတစ်ခုအောက်မှာ စုဆောင်းထားရတာ... အနှစ်သုံးဆယ်မှ တစ်ကြိမ်ပဲ စုဆောင်းနိုင်တယ် တစ်ကြိမ်မှာလည်း သုံးစက်ပဲရှိတယ်... အဲဒါက ကောင်းကင်နဲ့မြေကြီးရဲ့ သဘောသဘာဝကို လုံး၀ ပေါင်းစပ်နိုင်တယ်... ကျင့်ကြံမှု လမ်းကြောင်းကို နက်နက်နဲနဲ နားလည်သဘော ပေါက်ထားရင် အများကြီး ကူညီပေးနိုင်တယ်... တကယ်လို့ နင်က သူတော်စင်တစ်ပိုင်းကို အဆင့်တိုးချင်တယ် ဆိုရင် ဝိညာဥ်ရေစင် ရှိနေလို့ကတော့ အောင်မြင်နိုင်ချေက 100% နီးပါး ရှိတယ်လို့ ကြားဖူးတယ်"

ထျန်းရှားက မနာလိုစိတ်အပြည့်နဲ့ ပြောလာ၏။

သူမ၏ လက်ရှိအဆင့်သည် သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ် ပြီးပြည့်စုံသောကာလ ဖြစ်သောကြောင့် ဝိညာဉ်ရေစင်ကို သဘာဝအတိုင်း တောင့်တပါသည်။

ဟူရှောက် ငြိမ်သက်သွားပြီးနောက် ကျောက်တုံးကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလေသည်။

"သူအောင်မြင်မှာလား"

လုရွှမ်သည် မထိန်းနိုင်ဘဲ စိတ်ထဲမှ လှောင်ပြောင်လိုက်မိသည်။ နတ်တောင်တန်း ကျောက်ပြားကို သာမန်ရတနာလို့ ထင်နေတဲ့ အဲဒီလူတွေက တော်တော်လေးကို တုံးကြပေသည်။ ဝိညာဉ်ရေစင် တစ်ပုလင်းနဲ့ လှည့်စားခံရအောင် နတ်တောင်တန်းက ငတုံး မဟုတ်ပေ။

ဝိညာဥ်ရေစင်သည် ယနေ့ခေတ်တွင် အတော်လေးကို မှော်ဆန်နေပုံရသော်လည်း ၎င်း၏အဆင့်သည် နတ်တောင်တန်း အတွက် အလွန်အမင်း အသုံးမဝင်ပေ။

သေချာတာကတော့ ဟူရှောက်ဟာ ကျောက်တုံး​ပြားရှေ့မှာ အန္တရာယ်ကို ကာကွယ်တဲ့ အနေနဲ့ သုံးပေအထိ လှမ်းပြီးနောက် ရှေ့ကို ဆက်လျှောက်ချင်နေပေမယ့် သူ့ခန္ဓာကိုယ်ကို မမြင်နိုင်တဲ့ လေထုနံရံက ပိတ်ဆို့ထားပုံပေါ်၏။ သူဘယ်လောက်ပဲ ကြိုးစား အားထုတ်နေပါစေ အရှေ့ကို မရွေ့နိုင်တော့ပေ။

"ဟားဟားဟား!"

ဒီတစ်ခါတော့ ​ပါးဟုဂိတ်ခေါင်းဆောင် ချောင်ချီရဲ့ ရယ်သံကြီးက အစားထိုးလိုက်ပါသည်။ ရယ်သံက အရမ်းကြမ်းတမ်းသလဲ ဆိုတာ စကားလုံးနဲ့ ဖော်မပြနိုင်လောက်အောင်ပါပဲ။

ဟူရှောက် မျက်နှာသည်လည်း မည်းမှောင်နေပါပြီ။ သူ ဒီလောက် ကောင်းကောင်း တွက်ချက်ပြီး ဝိညာဥ်ရေစင် တစ်ပုလင်းတောင် စျေးကြီးပေးဝယ်ထားတာ။ ဒါပေမဲ့ ရလဒ်က ဒီလိုထွက်ပေါ်လာခဲ့သည်။

သူ ဒေါသတကြီး ပြန်ထွက်သွားလာစဥ် ညီလေးတစ်ယောက်က ရှေ့ကို လှမ်းပြီး သူ့ကို ချော့မော့လေ၏။

"ဂိုဏ်းခေါင်းဆောင် ဝိညာဥ်ရေစင်က ဒီနယ်မြေမှာ အထူးခြားဆုံးအရာ ဖြစ်နေပါပြီ... အဲဒါကတောင် အလုပ်မဖြစ်ဘူး ဆိုတော့ ဒီကျောက်ပြားက ပိုလို့တောင် ထူးထူးခြားခြား ဖြစ်နေတယ်ဆိုတာ သိသာပါတယ်.... ကျွန်တော်တို့ ဒီနေရာကို သိမ်းပိုက်ထားသရွေ့ ဒီကျောက်ပြားကို ရအောင်ယူဖို့ နည်းလမ်း ရှိလာမှာပါ"

ဟူရှောက်၏ မျက်နှာသည် ညိုမှိုင်းလာပြီး။

"မင်းမှန်တယ်...ဒီနေရာကို သိမ်းပိုက်​ပြီးရင် ကျောက်ပြားကလည်း ငါတို့ပိုင်ပြီ"

"ခဏနေဦး... ကျားဂိုဏ်းခေါင်းဆောင်က အရမ်းကြီး စိုးနေတာပဲ...အားလုံးအရင် စမ်းကြည့်သင့်တယ် မဟုတ်ဘူးလား"

ရုတ်တရက် အသံတစ်သံက ကြားဖြတ် ဝင်ပြောလာခဲ့လေသည်။

All Chapters