ငါလာမယ်
Vol. 80 Ch. 4.716
နတ်မီးလုံးက နယ်ပယ်အဆင့်ကို ကိုယ်စားပြုခြင်း မဟုတ်ပေ။ တချို့သော သူများသည် ၎င်းတို့၏ တစ်သက်တာတွင် နတ်မီးငါးလုံးကို မထွန်းညှိနိုင်ဘဲ မျှော်စင်နယ်ပယ်ကို ဖြတ်သွားသလို တချို့သခင်များပင်လျှင် နတ်မီးငါးလုံးသာ ထွန်းညှိနိုင်ခဲ့သည်။
ဒါပေမဲ့ နတ်မီးလုံးတွေ များများထွန်းလေ အရည်အချင်းတွေ မြင့်မားလာလေ ဖြစ်ကာ ခွန်အားတွေလည်း ပိုအားကောင်းလာမယ် ဆိုတာ ထင်ရှားပါသည်။
ထျန်းရှား၏ အမူအရာသည် ထပ်တူထပ်မျှ လေးနက်နေကာ တိုးတိုးလေး ဟစ်အော်လိုက်ပြီး မျက်ခုံးမွှေးကြားမှ နတ်မီးတစ်လုံးကို ထွန်းတောက်လိုက်သည်။
ဆိုရိုးစကားအရ လူနှင့် နှိုင်းယှဥ်လျှင် သေရမည်။ ဥစ္စာနှိုင်းယှဥ်လျှင် စွန့်ပစ်ခံရလိမ့်မည်။
ထျန်းရှား၏ မျက်ခုံးကြားမှ နတ်မီးလုံး ထွက်လာသည်နှင့် တပြိုင်နက် သူ့ပတ်ဝန်းကျင်မှ လူများ အံ့သြ မောဟိုက်သွားကြသည်။ နတ်မီးလုံးရဲ့ တောက်ပမှုနှင့် ပတ်သက်လာလျှင် ထျန်းရှား၏ မျက်ခုံးကြားရှိ နတ်မျှော်စင်မီးလုံးသည် တခြားသူများထက် ပို၍ အစွမ်းထက်သည်။
ဓားဖြတ်တောင်ထွတ်က သခင်များနှင့် နှိုင်းယှဉ်လျှင်ပင် ၎င်းသည် အနည်းငယ် ပိုကြီးပြီး တောက်ပလျက် ရှိသည်။ ထိုလူရဲ ပုခုံးပေါ်ရှိ နတ်မီးလုံးနှစ်လုံးသည် အရွယ်အစား အနည်းငယ် သေးငယ်လွန်းသည်ဟုတော့ ပြော၍မရပေ။
လုရွှမ်နဲ့ ထျန်းရှားက မသိသေးပေမယ့် နတ်မီးနယ်ပယ်ရဲ့ သခင်တွေကတော့ ကောင်းကောင်းသိပါ၏။ နတ်မီးနယ်ပယ်၌ ကျယ်ပြန့်စွာ ထွန်းတောက်နိုင်မှုသည် နတ်မီးရဲ့ ပြီးပြည့်စုံမှုပဲ ဖြစ်သည်။
ဒဏ္ဍာရီအရ နတ်မီးတစ်ခုစီ၏ ကန့်သတ်ချက်သည် သုံးလက်မနှင့် သုံးမှတ်သာ ရှိသော်လည်း လူအနည်းငယ်သာ ယင်းအဆင့်ကို ရောက်ရှိနိုင်သည်။ ယေဘူယျအားဖြင့် နတ်မီးနယ်ပယ်ရှိ ကျင့်ကြံသူများသည် နတ်မီးလုံးကို အရွယ်အစား သုံးလက်မအထိ မွေးမြူနိုင်လျှင် ဒုတိယနတ်မီးကို စတင်ထွန်းညှိနိုင်ကြသည်။
ဓားတစ်သောင်းဂိုဏ်းက ကျန့်မော်ရဲ့ မျက်ခုံးကြားရှိ နတ်မီးလုံးသည် သုံးလက်မ အသွင်အပြင်ရှိပြီး ဓားတစ်သောင်းဂိုဏ်း၏ အနှစ်တစ်သောင်း အတွင်း နံပါတ်တစ် ပါရမီရှင်အဖြစ် ချီးမြှောက်ခံရသည်။
ဤတစ်ကြိမ်တွင် သူသည် လှောင်အိမ်သခင်နှင့် ပင်လယ်သားရဲကို တိုက်ခိုက်ရာတွင် ထူးချွန်ခဲ့ပြီး နတ်မီးလုံး အရွယ်အစားနှင့် သူ၏စွမ်းရည်ကြားက ဆက်စပ်မှုကိုလည်း သက်သေပြခဲ့သည်။
ဒါပေမဲ့ အခုအချိန်မှာတော့ ထျန်းရှားရဲ့ နတ်မီးလုံးဟာ သုံးလက်မကျော်သွားပြီ။ ၎င်းက သုံးလက်မထက် အနည်းငယ် ကျော်နေကြောင်း ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါပြီ။
ထျန်းရှားသည် နတ်မီးအဆင့်ကို ဒီလို အောင်မြင်ခဲ့ကြောင်း လူတိုင်းသိပါက ၎င်းတို့သည် ပို၍ပင် ထိတ်လန့်သွားမည် ဖြစ်သည်။
“သွား!”
ထျန်းရှား ကြိမ်းမောင်းပြီး ဓားဖြတ်တောင်ထွတ်က သခင်ဆီသို့ နတ်မီအလင်းရောင်များ ပစ်လွှတ်လိုက်သည်။ နှစ်ယောက်စလုံးဆီက တူညီတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာကာ ထိမှန်ပေါက်ကွဲသွာလေသည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းနှစ်စင်း အတူတူ တိုက်မိသွားသည်။
ပူပြင်းပြီး ကြောက်စရာကောင်းတဲ့ လေလှိုင်းတွေနဲ့အတူ အလင်းရောင်တွေက နေရာအနှံ့ ပြန့်ကျဲသွားသည်။ လူတိုင်းသည် အကျိုးသက်ရောက်မှုကို ခံစားလိုက်ရစဥ် ဘယ်သူမှ မထိန်းထားနိုင်ဘဲ တစ်ယောက်ပြီး တစ်ယောက် လျင်မြန်စွာ ဆုတ်ခွာသွားကြရသည်။
လေလှိုင်းတွေက ကျောက်ဆောင်တွေကိုပါ ရိုက်ခတ်နေတာ တွေ့လိုက်ရ၏။ ကျောက်တုံးတွေ ပြိုကျကာ ကျောက်ဆောင်တွေပါ ကွဲအက်သွားသလို ဖုန်တွေ မီးခိုးငွေ့တွေလည်း လွင့်စင်သွားကုန်သည်။
လူတွေလည်း သူတို့ အင်္ကျီလက်တွေကို ဝှေ့ယမ်းပြီး ဖုန်မှုန့်တွေကို ကမန်းကတမ်း ဖယ်ရှားလိုက်ရလေသည်။ ယခုဆို သူတို့နှစ်ဦးကြားတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး မြေကြီးထဲသို့ ဆယ်ပေကျော်အထိ နစ်မြုပ်သွားခဲ့ပြီ။
တွင်းထဲမှာ အနီရောင်တောက်တောက် အရည်တွေ စီးဆင်းသွားကာ ကျောက်စရစ်ခဲတွေက မီးတောင်ချော်ရည်တွေလို အရည်ပျော်သွားသည်။
ထျန်းရှားသည် ဓားဖြတ်တောင်ထွတ်က လူလတ်ပိုင်းအရွယ် အမျိုးသားကို စိုက်ကြည့်ရင်း ရုတ်တရက် ပါးစပ်ထဲမှ သွေးများ ထွက်ကျလာခဲ့သည်။
သူမသည် နတ်မီးအလင်းကို ရရှိထားတာ မကြာသေးချေ။ သူမ၏ ဥာဏ်ရည်နှင့် နတ်မီးအပေါ် ထိန်းချုပ်မှုကား တစ်ဖက်က လူလတ်ပိုင်းနှင့် နှိုင်းယှဉ်နိုင်သည်။ သို့သော်လည်း တစ်ဖက်လူက နတ်မီးသုံးလုံး ဖြစ်တာကြောင့် ထျန်းရှားထက် များစွာပို၍ အစွမ်းထက်နေသည်။
ယခုတိုက်ပွဲတွင် သူမသည် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
“ဟာဟားဟား ကလေးမလေး မင်းက အရမ်းတော်တာပဲ... ဒါပေမဲ့ မင်းအရမ်း စိတ်လှုပ်ရှားလွန်းနေလို့ သနားစရာ ကောင်းလိုက်တာ။ အခု မင်းရဲ့ကံကြမ္မာကို လက်ခံရတော့မယ်”
လူလတ်ပိုင်းအရွယ်က အော်ပြောပြီး ရုတ်တရက် ခုန်တက်သွားကာ သူ့လက်ဖဝါးတွေနဲ့ ထျန်းရှားကို ဖမ်းဆုပ်ဖို့ ပြင်လိုက်သည်။
ထျန်းရှား ထပ်ပြီး အလျင်စလို မထနိုင်တော့ပေ။ ထိုအခါ လုရွှမ်က အချိန်ကိုက် သူမခါးကို လက်တစ်ဖက်နဲ့ ဖမ်းဆုပ်လျက် အကာအကွယ် ပေးလိုက်သည်။ ထျန်းရှားသည် သူမခါးရှိ အပူရှိန်ကို ရုတ်တရက် ခံစားလိုက်ရပြီး ခွန်အားအများစုမှာ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
“ငါလာမယ်!”
သူတို့သည် နူးညံ့သိမ်မွေ့ပြီး စိတ်ရင်းမှန်ဖြင့် လေးလေးနက်နက် ဂရုစိုက်ကြသည်။ အကြောင်းတစ်ခုခုကြောင့် ထျန်းရှားသည် သူမနှလုံးသားထဲတွင် ပျော်ရွှင်မှုများစွာကို ရုတ်ချည်း ခံစားလိုက်ရသည်။
လုရွှမ်သည် ထျန်းရှား၏ ဓားရှည်ကိုယူကာ သူ့နောက်ကျောဘက်သို့ လွှဲခုတ်ထစ်လိုက်သည်။ ဓားစွမ်းအင်က ကောင်းကင်ကို ဖြတ်ပျံသွား၏။ ၎င်းက ယွမ်ယန်ဓားကိုးစင်း၏ စတုတ္ထမြောက်ဓားချက် ဖြစ်ပေသည်။
ချွန်ထက်သော ဓားစွမ်းအင်သည် ကောင်းကင်သို့ ပျံတက်သွားကာ ပျက်ပြယ်လုနီးပါး ဖြတ်သွားကာ ဓားဖြတ်တောင်ထွတ်က လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများဆီကို ချက်ချင်း ရောက်ရှိသွားခဲ့သည်။
လူသတ်ရန် ရည်ရွယ်ချက် နီးကပ်လာသည်နှင့်အမျှ တစ်ဖက်လူက လန့်ဖြတ်သွားတော့သည်။ ကောင်းကင်ဘုံသခင် နယ်ပယ်ရှိ အငယ်တန်းတစ်ဦးထံမှ ဓားစွမ်းအင်သည် အလွန်အမင်း ကြီးမားကာ အစွမ်းထက်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
တိုက်ခိုက်မှုသည် မြန်ဆန်လွန်းသဖြင့် ပြန်တိုက်ခိုက်ဖို့ ရွေးချယ်ချိန် မရလိုက်ပေ။ သို့သော် ခုခံရန် သူ့ဓားကို ဆွဲထုတ်လိုက်သည့် အခိုက်တွင် ဤဓားစွမ်းအင်သည် ဘယ်လောက်တောင် အားကောင်းနေကြောင်း သူသဘောပေါက်ခဲ့ပြီ။ အမှန်တကယ်တော့ လူသတ်ဓားသွားလို အရိပ်အယောင်များပင် ရှိနေလေသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။
သူသည် မတွေးနေဘဲ လက်ထဲတွင် အာဏာရှင်ဓားကို ဖယ်ထုတ်လိုက်ပြီး မျက်ခုံးမွှေး အလယ်မှ နတ်မီးလုံးကို တစ်ဖန် ထွန်းတောက်လိုက်တော့မှ ဓားစွမ်းအင်သည် ရုတ်တရက် ပျက်ပြယ်သွားရသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့် လေလှိုင်းများ ပေါက်ကွဲသွားသဖြင့် သူ မကူညီနိုင်ဘဲ နောက်ပြန် ဆုတ်သွားခဲ့ရသည်။ ဒဏ်ရာမရှိသော်လည်း အလွန်ရှက်ရွံ့ သွားသလိုတော့ ခံစားလိုက်ရတာ သေချာပေ၏။ နတ်မီးနယ်ပယ် သခင်ဖြစ်သော သူသည် နတ်မီးသုံးလုံးကို ထွန်းညှိထားပြီးသား ဖြစ်သော်လည်း ကောင်းကင်ဘုံသခင် ပထမအဆင့်ရှိ အငယ်တန်းဆီက အရိုက်ခံလိုက်ရသည်။
“ကောင်လေး မင်းသေလမ်းကို ရှာမိပြီကွ!”
လူလတ်ပိုင်းအရွယ်က အော်ဟစ်လေ၏။
လုရွှမ် နောက်ထပ် ဓားစွမ်းအင် နှစ်ခုကို ထုတ်ပစ်လိုက်သည်။ လူလတ်ပိုင်း အမျိုးသား သည် စောင့်ကြပ်နေပြီးသား ဖြစ်တာကြောင့် နတ်မီးဖြင့် ဓားစွမ်းအင်ကို ဖျက်ဆီးပစ်လိုက် သည်။ လုရွှမ်ဘက်ကလည်း အနည်းငယ်မျှ ပေါ့လျော့၍ မနေရဲချေ။
သူ့အတွက် နည်းနည်းတော့ မယုံနိုင်စရာ ဖြစ်ခဲ့ပေမယ့် ဒါကတကယ် သူ နတ်မီးနယ်ပယ်ကို အနိုင်ယူနေရကြောင်း သိလိုက်သည်။
“ကောင်လေး မင်းဘယ်သူလဲ?”
လုရွှမ်သည် ဆေးလုံးတစ်လုံးကို ထုတ်၍ ထျန်းရှား၏ ပါးစပ်ထဲသို့ ဖိထည့်လိုက်ပြီး နောက်မှ ပြုံးပြုံးကြီး ကြည့်ကာ ပြောလေ၏။
“အရင်ကတော့ ငါ့နာမည်ကို ဘယ်သူမှ ဂရုမစိုက်ဘဲ အခုတော့ ဂရုစိုက်လာပြီပေါ့... မင်းနာမည်ကို ပြောပြလေ နာမည်ကြားပြီးရင် ငါ့ဓားချက်ကို သိမ်းသင့်မသိမ်းသင့် စဥ်းစားပေးမယ်”
“ဟား ဟား ဟား!”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရယ်မောကာ လုရွှမ်အား ဓားဖျားဖြင့် ချိန်ထားလိုက်သည်။
“လူငယ်တွေက မာနကြီးနေချက်ပဲ!”
“မင်းကိုယ်မင်းလည်း အသက်ကြီးနေပြီလို့ မထင်လိုက်ပါနဲ့.... ငါအရင်က မင်းကိုမျက်နှာသာ ပေးခဲ့တယ်.... အခု မင်းက မလိုချင်ဘူး ဆိုမှတော့ မင်းမျက်နှာကို ခွာရတော့မှာပေါ့”
လုရွှမ်၏ နှလုံးသားသည် ဒေါသများဖြင့် ပြည့်နှက်နေပြီ။ ဒီလူကြောင့် ထျန်းရှားလည်း ဒဏ်ရာရသွားသည်။
လှောင်အိမ်ထဲမှာ၊ လျှို့ဝှက်နယ်မြေထဲမှာ ထျန်းရှားက အများကြီး စတေးခဲ့ရသည်။ ဤတစ်ကြိမ်တွင် သူ့နောက်လိုက်လာခဲ့တာ သူ့အတွက် ကျေနပ်စရာတစ်ခု ဖြစ်ခဲ့သော်လည်း ယခုတော့ ထျန်းရှားသည် ဤလူယုတ်မာကြောင့် ဒဏ်ရာရသွားခဲ့ပြီ။
“ကောင်လေး မင်း သေမင်းကို ရှာနေတာပဲကွ!... ဓားစွမ်းအင် နှစ်ချက်လေးနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေလား? သေပေတော့!”
လူလတ်ပိုင်းအရွယ် ဒေါသတွေကြောင့် သူ့မျက်နှာက နီရဲလာပြီး ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ထို့နောက် လုရွှမ်နဲ့ ထျန်းရှားဆီသို့ ဓားစွမ်းအင်ဖြင့် လွှဲခုတ်လိုက်သည်။
“သတိထား!”
လုရွှမ် ဓားကို ထျန်းရှားဆီ ပြန်ပစ်ပေးလိုက်သည်။ သူ့လက်ကို လှန်လိုက်သည်နှင့် ကျောက်စိမ်းပြား အတွင်းက ထူထဲသော ဓားတစ်ချောင်း ပေါ်ထွက်လာသည်။ အရည်အသွေးအရဆိုလျှင် ၎င်းသည် ပေကျီဓားနှင့် သဘာဝအတိုင်း မယှဉ်နိုင်သော်လည်း သာမန်ဓား မဟုတ်တာတော့ သေချာပါသည်။
လုရွှမ်၏ ထူထဲသော ဝိညာဥ်စွမ်းအင်များကြောင့် ဓားသည် တောက်လောင်သော လေလှိုင်းများပါ ထွက်လာတော့သည်။ ထူထဲသော ဓားပေါ်တွင် တောက်နေသော မီးနီရောင်မှာ သဘာဝအတိုင်း ပတ်၀န်းကျင်ကို စိတ်ဝိညာဉ်မီးတောက်ပဲ ဖြစ်ပေသည်။
မီးတောက်ဓားသိုင်းကို လှောင်အိမ် ကျောက်နံရံကနေ သင်ယူခဲ့သည်။ နောက်ပိုင်း အတွေ့အကြုံများမှ တစ်ဆင့် လုရွှမ်သည် မီးတောက်ဓားသိုင်း၏ မူလကို ခြေရာခံလိုက်သောအခါ ၎င်းကို ကောင်းကင်စာအုပ် ရှစ်အုပ်ထဲတွင် မှတ်တမ်းတင်ထားကြောင်း သိလိုက်ရလေ၏။
ကောင်းကင်စာအုပ်များမှာ ကောင်းကင်၊ မြေကြီး၊ လူသား၊ နတ်ဘုရား၊ အခင်းအကျင်း၊ လက်နက်၊ အဂ္ဂိရတ်၊ ဝိညာဉ် ဟူ၍ သတ်မှတ်ထားပေသည်။
စုစုပေါင်း လှုပ်ရှားမှု နှစ်ဆယ့်ခုနစ်ခု ရှိပြီး အဆင့်သုံးဆင့် ခွဲထားသည်။ ကောင်းကင်ဘုံသခင် နယ်ပယ်များ ထိန်းချုပ်ထားနိုင်သည့် လှုပ်ရှားမှုက ကိုးခုသာ ရှိသော်လည်း ရန်သူကို ဖျက်ဆီးရန် ကြီးမားသော စွမ်းအားကို ရရှိထားပါက မိမိထက် အဆင့်မြင့်သူများကိုပင် ဖျက်စီးပစ်နိုင်၏။