ကောင်းကင်နတ်ဘုံ၏ ပြုပြင်ပြောင်းလဲမှု
Vol. 70 Ch. 921
မန့်လန်အဆောင်၏ အရှေ့တွင် ထူးချွန်လူငယ်စာရင်းနှင့် ကောင်းကင်ပါရမီရှင်လူငယ်စာရင်းပေါ်ရှိ လူငယ်သိုင်းပညာရှင်များမှာ ပြူးကျယ်နေသော မျက်လုံးများဖြင့် အရှေ့ရှိ မြင်ကွင်းကို အံ့ဩမှင်သက်စွာ ငေးကြည့်နေကြသည်။ ချင်မူက သွေးစက်လက်ကျနေသော သူ၏ဓားကို ယွင်ကျန်းလီ၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်သည်။
သိုင်းကွက်တစ်ကွက်တည်းဖြင့် အဆုံးသတ်သွားချေပြီ။
ချင်မူက သိုင်းကွက်တစ်ကွက်တည်းကိုသာ သုံး၍ ပြိုင်ဘက်ကင်းသော ယွင်ကျန်းလီကို အနိုင်ယူသွားခဲ့၏။၊
သူက သိုင်းကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့ရုံသာမက ကောင်းကင်တံတားကိုပါ ချိုးဖျက်ခဲ့ကာ ကောင်းကင်တံတားအဆင့်မှ သေခြင်းရှင်ခြင်းအဆင့်သို့ ကျဆင်းသွားစေခဲ့သည်။
သို့သော် ဤသည်မှာ ကြောက်မက်ဖွယ်ရာအကောင်းဆုံး အဖြစ်အပျက် မဟုတ်သေးပေ။ ကြောက်စရာအကောင်းဆုံးကား ယွင်ကျန်းလီ၏ ကောင်းကင်တံတား ကောင်းကင်ရတနာ ပျက်စီးသွားသော ပုံစံပင် ဖြစ်၏။
တစ်နည်းအားဖြင့် ယွင်ကျန်းလီသည် သူ့ဘဝတစ်ခုလုံးတွင် ကောင်းကင်တံတားအဆင့်သို့ ဘယ်သောအခါမှ ပြန်လည်ကျင့်ကြံနိုင်တော့မည်မဟုတ်ပေ။ နတ်ဘုရားဖြစ်လာရန် အခွင့်အရေးမရှိတော့သော သေခြင်းရှင်ခြင်းအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်ဘဝ၌သာ ရပ်တန့်သွားလိမ့်မည်။
သို့သော် ယွင်ကျန်းလီအတွက်တော့ မဆိုးလှပေ။ ယွင်မိသားစု၏ တစ်ဦးတည်းသောသားသည် ကောင်းကင်တံတားအဆင့်ကို ကျော်လွှားနိုင်သည်နှင့် သေဆုံးရမည့် ကံကြမ္မာ ပါလာသည်မဟုတ်ပါလော။
ယခုတွင် ချင်မူက သူ၏ကောင်းကင်တံတားကို ချိုးဖျက်ခဲ့ပြီဖြစ်ချေရာ သူ့အနေဖြင့် ကြာကြာအသက်ရှင်နိုင်ပေတော့မည်။
သို့သော် အခြားသူများအတွက်မူ ကြောက်စရာကောင်းလွန်းသည်။
လူအုပ်ကြီးမှာ ကြောက်လန့်တုန်ရီနေကြ၏။ သူတို့သာ ယွင်ကျန်းလီ၏ သိုင်းကွက်ကို ရင်ဆိုင်ရလျှင် အနိုင်ရနိုင်ခြေမှာ သုညနှင့် နီးကပ်ပေသည်။ သို့သော် သူတို့အားလုံး ကြောက်သည်မှာ ချင်မူ၏ဓားသွားကို မရှောင်နိုင်မည့်အခြေအနေပင် ဖြစ်၏။ ထိုဓားချက်ကို မရှောင်နိုင်လျှင် သူတို့အားလုံး ယွင်ကျန်းလီနည်းတူ ဖြစ်သွားလိမ့်မည်။
ချင်မူ၏ ဓားသွား သူတို့ကိုယ်ထဲ စိုက်ဝင်လာသည့် မြင်ကွင်းက အားလုံး၏စိတ်ထဲတွင် တံဆိပ်နှိပ်ခံလိုက်ရသကဲ့သို့ စွဲကျန်သွားသည်။ သူတို့မှာ ထိုမြင်ကွင်းအား ခေါင်းထဲမှ မထုတ်နိုင် ဖြစ်နေတော့သည်။
ထိုမြင်ကွင်းကို မြင်ယောင်မိလိုက်တိုင်း ဓားသွားကို သူတို့မရှောင်နိုင်ပေ။ ဓားသွားသည် သူတို့၏ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်လာကာ သူတို့၏ ကောင်းကင်တံတားကောင်းကင်ရတနာများအား ပိုင်းဖြတ်သွား၏။ ကောင်းကင်တံတား ကောင်းကင်ရတနာသာ မဟုတ်၊ အခြားကောင်းကင်ရတနာများလည်း ပါဝင်သည်။ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်းကောင်းကင်ရတနာများ… အားလုံး ပိုင်းဖြတ်ခံရလေသည်။
ယင်းက ချင်မူ၏ အားအပြည့် ထိုးနှက်ချက်ပင် ဖြစ်သည်။
ရုတ်တရက် ငှက်ခေါင်းနှင့် အမျိုးသမီးက တခစ်ခစ် ရယ်၍ ပြောသည်။ “သွားစရာလေး ရှိတာ အခုမှပဲ သတိရလို့ အရင်သွားလိုက်ဦးမယ်နော်… နောက်ကျမှ ကောင်းကင်နတ်အရှင်ကို လာနှုတ်ဆက်ပါတယ်… နှုတ်ဆက်ပါတယ်… သွားပြီနော်”
သူမနောက်ရှိ တောင်ပံများ ပြန့်ကားလာပြီး ကျန်ရှိသူများလည်း အလျှိုလျှိုထွက်သွားနေကြသည်။
ချင်မူက ယွင်ကျန်းလီကို လက်မောင်းမှ တွဲကူလာရင်း ခပ်ရှင်းရှင်းအသံဖြင့် ပြောလေသည်။”အားလုံး ဒီကို ရောက်နေပြီပဲ ခဏလောက် နေသွားကြပါဦးလား… ကျွန်တော် ကောင်းကင်နတ်အရှင်မူက ဧည့်သည်တွေကို မချေမငံ ဆက်ဆံပါတယ်လို့ ကောလဟာလတွေ ထွက်လာရင် ဘယ်လိုလုပ်မလဲ”
ပျံသန်း၍ ထွက်ပြေးရန် ပြင်နေသော ငှက်ခေါင်းနှင့် အမျိုးသမီးမှာ တစ်ကိုယ်လုံး တောင့်တင်းသွားကြောင်း တွေ့လိုက်ရ၍ မလှုပ်ရဲတော့ပေ။
ကျန်ရှိသူများလည်း အတူတူပင်။ သူတို့အားလုံး၏ နဖူးမှ ချွေးပေါက်များ ကျလာတော့သည်။
ချင်မူက သွားစွယ်များ တန်းနေအောင် ပြုံးရင်း သူတို့ကို နှစ်သိမ့်နေသည်။ “စိတ်မလှုပ်ရှားပါနဲ့… အောက်ဘုံသားတွေက မင်းတို့ကို ကိုက်မစားပါဘူး”
ငှက်ခေါင်းနှင့်အမျိုးသမီးသည် ခပ်တိုးတိုး မေး၏။ “အောက်ဘုံသားတွေက နတ်ဘုရားတစ်ပိုင်းတွေကို စားလား”
ချင်မူက မဖြေဘဲ ယွင်ကျန်းလီကို မန့်လန်အဆောင်၏အရှေ့ရှိ ကျွန်းပေါ်တွင် ချပေးပြီးနောက် မည်သို့မျှ မတတ်နိုင်သည့်အလား သက်ပြင်းချသည်။ “နောင်တော်ယွင်၊ ကျွန်တော်က အစတုန်းက အာဏာပြဖို့ ကောင်းကင်နတ်ဘုံက မျက်ကန်းလူငယ်တစ်စုကို သတ်မလို့ တွေးနေတာ… အခု နောင်တော်ယွင်ကြောင့် ကျွန်တော့်အားအကုန် ထုတ်သုံးခဲ့ရသော အာဏာ ဘယ်လိုလုပ်ပြနိုင်တော့မလဲဗျာ”
လူအုပ်ကြီးမှာ ကျောရိုးထဲ စိမ့်အေးသွားပြီး သူ့ကို ကြည့်ရင်း အပြင်းအထန် ကြောက်ရွံ့တုန်လှုပ်နေကြတော့သည်။
ချင်မူက ရိုးသားဖြူစင်စွာ ပြုံး၍ ပတ်ဝန်းကျင်ကို ကြည့်ကာ တောင်းပန်သည်။ “မင်းတို့တတွေကို သတ်မယ်ပြောနေတာမဟုတ်ပါဘူး... မစိုးရိမ်ကြပါနဲ့... ဒါနဲ့ မင်းတို့တွေ ဘာရည်ရွယ်ချက်နဲ့ ဒီရောက်လာကြတာလဲ”
သူသည် လူအုပ်ကြီးကို စိတ်လှုပ်ရှားစွာ ကြည့်နေ၍ အားလုံး တိတ်ဆိတ်သွားပြီး ခေါင်းခါပြကြသည်။
ချင်မူမှာ အလွန်စိတ်ပျက်သွား၏။
ယွင်ကျန်းလီ၏ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်များကြောင့် အားနည်းသထက် အားနည်းလာသည်။ ချင်မူ၏ဓားချက်က သူ၏ကောင်းကင်တံတားကို ချိုးဖျက်ခဲ့သော်လည်း သူ့အမူအရာက တစ်ချက်မပြောင်းသွားပေ။ ဒဏ်ရာရခဲ့သူမှာ သူမဟုတ်သည့်အလား ကောင်းကင်တံတား ကောင်းကင်ရတနာ၏ ကျိုးပျက်သွားမှုကြောင့် စိတ်ဓာတ်ကျနေဟန်မရှိချေ။ သူက ရယ်မော၍ပင် ပြောလာသည်။ “ဘာလို့ အငယ်တွေကို အာဏာပြနေမှာလဲ”
ချင်မူလည်း ရယ်လိုက်သည်။ “နောင်တော်ယွင် မှန်ပါတယ်... ကျွန်တော့် သိုင်းအဆင့်က မြင့်သင့်သလောက် မမြင့်သေးလို့ရယ်ပါ... နတ်ဘုရားတစ်ပါးသာ လာတိုက်ခိုက်ရင် ကျွန်တော် ဘယ်တောင့်ခံနိုင်ပါ့မလဲ”
ယွင်ကျန်းလီက ချောင်းတဟွတ်ဟွဝ် ဆိုးရင်း ကျန်ရှိသူများကို သတိပေးသည်။ “သူ့ကို မယုံနဲ့.. သူက နတ်ဘုရားတွေကို သတ်ပြီး အာဏာပြချင်နေတာ... မင်းတို့အစ်ကို၊ အမတွေကို ခေါ်လိုက်ရင် သူ့လက်ချက်နဲ့ အများစု သေသွားလိမ့်မယ်”
လူအုပ်ကြီးမှာ သူတို့ကို စိုက်ကြည့်ရင်း စကားတစ်ခွန်းမျှ မပြောနိုင်ကြပေ။
ချင်မူ ယွင်ကျန်းလီကို တွဲ၍ သူတို့ဘေးမှ ဖြတ်သွားသည့်အခါ ချီကျုံရီကလည်း တိတ်တိတ်ကလေး ဗျစ်တီးဗျစ်တောက် ပြောရင်း ယွင်ကျန်းလီကို လာတွဲပေးသည်။ “ဂိုဏ်းသခင်ချင်၊ မင်း သူ့ကို ထိုးနှက်လိုက်တာ မရက်စက်လွန်းဘူးလား... နောင်တော်ယွင်ရဲ့ ကောင်းကင်တံတားက နှစ်ခြမ်းတောင် ကွဲထွက်သွားရပြီ ... သူ့အဘွားတွေ မင်းကို အလွှတ်ပေးတော့မှာ မဟုတ်ဘူး... ယွင်မိသားစုရဲ့ မုဆိုးမတွေက သွားရန်မစသင့်တဲ့ အဆိုးဆုံးလူတွေမှန်း ကောင်းကင်နတ်ဘုံက လူတိုင်းသိတယ်... အခု မင်းက သူတို့ရဲ့ အဖိုးတန်မြေးလေးကို သွားထိလိုက်ပြီ... မင်း မသေရင်တောင် အရှင်လတ်လတ် အရေခွံစုတ်ခံရလိမ့်မယ်”
ယွင်ကျန်းလီက ခါးသက်သက် နောက်သည်။ “ငါ့ဘွားဘွားတွေက အဲဒီလောက် လက်ပေါက်ကပ်လို့လားဟ”
ချုံကျုံရီက စိတ်ပေါက်ပေါက်ဖြင့် ပြန်ပြောတော့သည်။ “မင်း မသိလည်း ကြိုက်တဲ့သူ မေးကြည့်... မင်းတို့ယွင်မိသားစုက ဘွားတော်ကြီးတွေ သူတို့မြေးမြစ်တီတွတ်တွေကို ဘယ်လောက် ဖူးဖူးမှုတ်ထားတဲ့အကြောင်း ကောင်းကင်နတ်ဘုံမှာ မသိတဲ့သူ မရှိဘူး... ဂိုဏ်းသခင်ချင်ရေ၊ မင်းကတော့ ပျားအုံကိုမှ တုတ်နဲ့သွားထိုးတာပဲ”
ချင်မူက ပြန်ဖြေသည်။ “နောင်တော်ယွင်ရဲ့ ကောင်းကင်တံတားကို ပိုင်းဖြတ်လိုက်တာက တမင်တကာ လုပ်လိုက်တာပါ... အဲဒါမှ သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်တဲ့ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို စမ်းကြည့်နိုင်မှာ.. မင်းတို့လည်း လိုက်လာခဲ့ကြ”
သူက ကျန်ရှိသူများကို လိုက်လာရန် အချက်ပြလိုက်၏။ “အရင်တုန်းက ငါ ဒီမှာ နတ်ဘုရားဖြစ်နိုင်မယ့်နည်းလမ်း ဖြန့်ဝေပေးခဲ့ဖူးတယ်... နှစ်တစ်သန်းတော့ ကြာပါပြီ... ဒီနေ့ ငါ မင်းတို့ကို အသိအမြင်တွေ ထပ်ပို့ချပေးမယ်”
ထူးချွန်လူငယ်စာရင်းနှင့် ကောင်းကင်ပါရမီရှင်လူငယ်စာရင်းပေါ်ရှိ လူငယ်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မလိုက်ချင်လိုက်ချင်ဖြင့် မန့်လန်အဆောင်သို့ လိုက်လာကြ၏။
ချင်မူက ယွင်ကျန်းလီ၏ ဒဏ်ရာများကို စစ်ဆေးပြီးနောက် ရှင်းပြသည်။ “ကောင်းကင်နတ်အရှင်ယွင် ကောင်းကင်တံတားကောင်းကင်ရတနာကို ဖွင့်လှစ်ခဲ့တဲ့ အကြောင်းရင်းက ကောင်းကင်နတ်အရှင်ရုံ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖွင့်ပြီးတဲ့နောက်ပိုင်း ဆက်လျှောက်စရာ လမ်းမရှိတော့လို့ပဲ...
“ကောင်းကင်နတ်အရှင်ယွင်က တံတားတစ်စင်း တည်ဆောက်ရင်း လမ်းဖွင့်ပေးချင်တာကြောင့် ကောင်းကင်တံတားကောင်းကင်ရတနာကို ဖန်တီးခဲ့တယ်... ကောင်းကင်နတ်အရှင်ယွီကလည်း ကောင်းကင်နတ်အရှင်ယွင်ရဲ့ အတွေးကို မှီငြမ်းပြီး ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ဖွင့်လှစ်ပေးခဲ့တယ်... အဲဒီကနေ နတ်ဘုရားဖြစ်နိုင်တဲ့လမ်း ထွက်ပေါ်လာတာပဲ... ကောင်းကင်တံတား ကောင်းကင်ရတနာရဲ့ အခန်းကဏ္ဍက အင်မတန် အရေးပါတယ်... အဲဒါမရှိရင် ကောင်းကင်နန်းဆောင်အဆင့်ဆိုတာ ရှိလာမှာမဟုတ်ဘူး... ကောင်းကင်နတ်အရှင်ယွင်က အင်မတန် မွန်မြတ်တဲ့ ကောင်းမှုတစ်ခု ဆောက်တည်ပေးခဲ့တာပဲ”
ယွင်ကျန်းလီက မေးသည်။ “ကောင်းကင်နတ်အရှင်ပြောတဲ့ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကရော ဘယ်လိုမျိုးလဲ”
ချင်မူ ရှင်းပြလိုက်သည်။ “ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာဆိုတာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တစ်ခုပါ... ကောင်းကင်တံတား ကောင်းကင်ရတနာကို အမွေဆက်ခံကြရပေမယ့် အဲဒီတစ်ခုတည်းပဲ တရားသေလက်ကိုင်ထားလို့ မဖြစ်ဘူး... ကောင်းကင်နတ်မြစ်က ကမ္ဘာလောကတွေကို ဆက်သွယ်ပေးတယ်၊ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာကို ဖြတ်စီးပြီး ကောင်းကင်နန်းဆောင်နဲ့ ဆက်သွယ်နေတယ်... ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ဖွင့်လှစ်ဖို့ ကောင်းကင်တံတားကို ဖျက်စီးလိုက်ရင် ကောင်းကင်နတ်မြစ်ဟာ ကောင်းကင်နန်းဆောင်ကို ကျန်ကောင်းကင်ရတနာ ခုနစ်မျိုးလုံးနဲ့ ဆက်သွယ်ပေးပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးနိုင်တယ်”
ယွင်ကျန်းလီ၏ မျက်လုံးများ တမုဟုတ်ချင်း အရောင်တောက်သွားသည်။
မန့်လန်အဆောင်အတွင်းရှိ လူအုပ်ကြီးမှာ ချင်မူ့စကား၏ အဓိကအချက်ကို တွေးမိသည့်အခါ တုန်လှုပ်သွားကြ၏။
ကောင်းကင်ရတနာခုနစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်လျှင် ချီစွမ်းအင်များ ထောင်တက်လာလိမ့်မည်။ သာမန်အတိုင်း သိုင်းကျင့်ထားသူများထက် များစွာသန်မာအားကောင်းလာလိမ့်မည်။
ထို့အပြင် ကောင်းကင်ရတနာများက တစ်သားတည်း ဖြစ်နေသည့်အတွက် ကျင့်စဉ်၏ လှည့်ပတ်မှုက မူလကောင်းကင်ရတနာခုနစ်ခုလုံး လှည့်ပတ်နေရမှုထက် မြန်လာမည်။ အဘယ်ကြောင့်ဆိုသော် သမားရိုးကျကျင့်စဉ်များအတွက် ချီစွမ်းအင်သည် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာမှအစပြု၍ ကျင့်စဉ်လှည့်ပတ်ရာလမ်းကြောင်းများအတိုင်း ဓာတ်ကြီးငါးပါးကောင်းကင်ရတနာဆီသို့ စီးဆင်းသွားခြင်းကြောင့် ဖြစ်၏။ ထို့နောက် ၎င်းက ဓာတ်ကြီးငါးပါးကောင်းကင်ရတနာမှ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာဆီသို့ ဖြတ်သန်းသွားပြီးနောက် ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်းနှင့် ကောင်းကင်တံတား ကောင်းကင်ရတနာများအထိ ရောက်ရှိသွားသည်။
ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို အခြားကောင်းကင်ရတနာများနှင့်အတူ ပေါင်းစည်းလိုက်ခြင်းဖြင့် ချီစွမ်းအင်မှာ ဧရာမကောင်းကင်ရတနာတစ်ခုအထဲတွင်သာ လှည့်ပတ်ရမည်ဖြစ်၍ မလိုအပ်သောအဆင့်များကို ဖယ်ရှားနိုင်ကာ ပိုမိုရိုးရှင်းလာလိမ့်မည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ရတနာခုနစ်ခုကို သုံး၍ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ရခြင်းထက်လည်း ပိုမြန်လာမည်။ ဤသို့ဖြင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်၏ သိုင်းစွမ်းအားက ကြောက်ခမန်းလိလိအဆင့်တစ်ဆင့်သို့ မြင့်တက်သွားလိမ့်မည်။
မန့်လန်အဆောင်ထဲရှိ လူငယ်များသည် ထူးခြားကောင်းမွန်သော မွေးရာပါအရည်အချင်းများ၊ အသိအမြင်များဖြင့် ထူးချွန်လူငယ်စာရင်းဝင်၊ ကောင်းကင်ပါရမီရှင်စာရင်းဝင် လူငယ်များ မဟုတ်ပါ၏လော။ သူတို့အနေဖြင့် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာအတွင်း၌ တိမ်မြုပ်နေသော ဧရာမအလားအလာကြီးကို သတိမထားမိဘဲ မနေပေ။
ချင်မူက ဆက်ပြောသည်။ “ကောင်းကင်နန်းဆောင်အဆင့်အထိ ကျင့်ကြံပြီး နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ရင် ကောင်းကင်နတ်သိုင်းပညာရှင်တွေ ကျင့်ကြံထားတဲ့ ကောင်းကင်ရတနာခုနစ်ခုဟာ သိပ်အရေးမပါတော့ဘူး... သူတို့က ကောင်းကင်နန်းဆောင်အဆင့်အတွက် အပိုတွေ ဖြစ်လာလိမ့်မယ်... ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာမှာတော့ ကောင်းကင်နန်းဆောင်ရဲ့ စွမ်းအားက ကောင်းကင်ရတနာရဲ့ စွမ်းအားနဲ့ ပေါင်းစည်းနိုင်တဲ့အတွက် ဆထက်တိုးလာမယ်.... အသုံးပြုသူရဲ့ မှော်စွမ်းအင်လည်း သမားရိုးကျ ကျင့်ကြံတာထက် အများကြီး သိပ်သည်းလာလိမ့်မယ်.. ဒါ့ကြောင့် နတ်ဘုရားဖြစ်တဲ့အထိ အရာရောက်တုန်းပဲ”
ငှက်ခေါင်းနှင့်မိန်းကလေးက ကြားဖြတ်ဝင်ပြောသည်။ “ကောင်းကင်နတ်အရှင်၊ ရှင်က ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဒီလောက်အထိ ချီးကျူးနေတယ်ဆိုရင် ကောင်းကင်နတ်ဘုံက ကောင်းကင်တံတားကောင်းကင်ရတနာကို ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာနဲ့ အစားထိုးဖို့ ဘာလို့မလုပ်တာလဲ”
ချင်မူက မည်သူမှန်း သိချင်နေသော အမူအရာဖြင့် သူမဆီသို့ လှမ်းကြည့်၏။
မိန်းကလေးက ဆက်ပြောသည်။ “ကျွန်မက ထိုက်လောင်ရဲ့ တပည့်၊ ထူးချွန်လူငယ်စာရင်းဝင် ချွဲကျင်းရွှယ်ပါ...”
“ထိုက်လောင်ဟုတ်လား”
ချင်မူမှာ ဤနတ်ဘုရားကို မကြားဖူးသဖြင့် ရယ်လိုက်သည်။ “ကောင်းကင်နန်းဆောင်အဆင့်အထိ ကျင့်ကြံထားပြီးတဲ့ ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားတွေက ကောင်းကင်ရတနာတွေကို ဂရုစိုက်နေမယ်ထင်လား... ကောင်းကင်ရတနာဆိုတာ အောင်မြင်ဖို့အတွက် အနင်းခံကျောက်တုံးပဲလေ... သူတို့ ဂရုစိုက်တာက ကောင်းကင်နတ်ဘုံအဆင့်ပဲ.... ကောင်းကင်နတ်ဘုံအဆင့်လို့ ကြားလိုက်တာနဲ့ သူတို့အတွေးအားလုံး အဲဒီအပေါ် ရောက်သွားလိမ့်မယ်... မင်းလို ကောင်းကင်နတ်သိုင်းပညာရှင်တွေ မင်းတို့ရဲ့ဆရာတွေကို ပြန်မေးခွန်းထုတ်ရဲသလား... သူတို့အမွေဆက်ခံခဲ့ရတဲ့ ကောင်းကင်ရတနာကျင့်စဉ်ကို မေးကြည့်ဖူးလား... သံသယတွေကို ထုတ်မေးနိုင်ရင်တော့ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်လှစ်နိုင်မယ့် အခွင့်အရေးရှိလာလိမ့်မယ်”
လူငယ်များမှာ မှင်သက်သွားကြပြီးနောက် သူတို့ကျင့်ကြံရသော လုပ်ငန်းစဉ်အား ပြန်တွေးကြည့်နေကြသည်။
ကောင်းကင်နတ်ဘုံ၏ အထူးချွန်ဆုံး ပါရမီရှင်လူငယ်များအနေဖြင့် သူတို့သည် ကောင်းကင်တံတား ကောင်းကင်ရတနာကို ချိုးဖျက်ရန် မတွေးဖူးကြပေ။ သူတို့၏အကြီးမားဆုံး တီထွင်မှုများက ကိုယ်ပိုင်ကောင်းကင်နတ်သိုင်းများသာ ဖြစ်သည်။
သူတို့အတွက် သိုင်းအဆင့်တစ်ဆင့်တိုင်းက မေးခွန်းမထုတ်သင့်သော ပုံသေအဆင့်တစ်ဆင့် ဖြစ်နေခဲ့သည်။
ချင်မူက ဆက်ပြောသည်။ “အောက်ဘုံမှာတော့ မတူဘူး... အဲဒီအောက်မှာ အတော်များများရဲ့ ကောင်းကင်တံတား ကောင်းကင်ရတနာတွေက ပျက်စီးနေတယ်... ဒါကြောင့် လူတွေဟာ ကောင်းကင်တံတား ကောင်းကင်ရတနာကို ဘယ်လိုပြုပြင်နိုင်မလဲ လေ့လာကြတယ်၊ စူးစမ်းကြတယ်... ဖောက်ထွက်ချင်ကြတယ်... အဲဒီလိုနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှု စတင်ခဲ့တာပဲ... သူတို့က ဘိုးဘေးတွေရဲ့ နည်းလမ်းအတိုင်း ရှေးဟောင်းနတ်ဘုရားတွေကို မကိုးကွယ်ဘူး... ကောင်းကင်နတ်အရှင်တွေ၊ ကောင်းကင်နတ်ဘုံတွေကို မကိုးကွယ်ဘူး... အဲဒီလို စိတ်ကြောင့် သူတို့တတွေ ပြုပြင်ပြောင်းလဲနိုင်ပြီး ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖော်ဆောင်နိုင်ခဲ့ကြတာပဲ”
လူငယ်များသည် ‘ပြုပြင်ပြောင်းလဲမှု’ ဆိုသည့်အသံကို ကြားလျှင် ကျောရိုးတစ်လျှောက် စိမ့်အေးသွားကြ၏။
ရုတ်တရက် လူငယ်တစ်ယောက်က ထပြီး အက်ကွဲနေသောအသံတစ်သံဖြင့် ပြောသည်။ “ငါ ထပ်နားမထောင်သင့်တော့ဘူး... အခုလို ကြောက်နေမိတဲ့အတွက် ခွင့်လွှတ်ပါ ကောင်းကင်နတ်အရှင်... ပြန်လိုက်ပါဦးမယ်”
ချင်မူ စိုးရိမ်စိတ်ဖြင့် မေးလိုက်မိသည်။ “ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ဘယ်လိုဖွင့်ရမလဲ မသိချင်ဘူးလား”
“သိချင်တယ်”
ထိုလူ၏ ရယ်သံမှာ ငိုသံပေါက်နေသည်။ “ဒါပေမဲ့ ငါ နားမထောင်ရဲဘူး... မင်းရဲ့ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာအကြောင်း နားထောင်လိုက်ရင် အသေဆိုးနဲ့ သေရမှာ ငါ ကြောက်တယ်” သူက ချာခနဲ လှည့်၍ ကပျာကယာ ထွက်သွားလေသည်။
လူတချို့လည်း ထထွက်သွားကြသည်။
ကျန်ရှိသူများမှာလည်း ထွက်သွားချင်ကြသော်လည်း ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာမှာ စိတ်ဝင်စားဖွယ်ကောင်းလွန်း၍ တွေဝေနေကြသည်။
ချီကျုံရီက မျက်ဝန်းများ လင်းလက်လာပြီး ထရပ်ကာ ပြောသည်။ “ငါ သူတို့ကို လိုက်ပို့လိုက်မယ်”
ချင်မူက ပြုံး၍ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်လှစ်နည်းအား ဆက်လက်ရှင်းပြ၏။ “ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာမှာ ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအို ကိန်းဝပ်နေတယ်... ဒါပေမဲ့ လူသားခန္ဓာဟာ အလွန်ဆုံး ကောင်းကင်ရတနာခုနစ်ခုပဲ လက်ခံနိုင်တယ်... ဒါက ကောင်းကင်တံတားကို ဖယ်ရှားဖို့ ဖြစ်လာစေတာပဲ... ငါ ကျင့်စဉ်တစ်ချို့နဲ့ ကောင်းကင်နတ်မြစ်ရဲ့ စွမ်းအားကို နားလည်အောင် ကြိုးစားခဲ့ပြီးပြီ.... ကောင်းကင်တံတားကို ဖျက်စီးပြီးရင် မင်းတို့အနေနဲ့ ကောင်းကင်နတ်မြစ်ရဲ့ဘေး သွားပြီး ကောင်းကင်နတ်မြစ်ရဲ့ စွမ်းအားကို နားလည်အောင် လုပ်လို့ရတယ်”
ချင်မူက ကောင်းကင်နတ်မြစ်အား နားလည်နိုင်မည့် နည်းလမ်းတချို့ ရှင်းပေးလိုက်သည့်အခါ မန့်လန်အဆောင်ထဲရှိ လူငယ်များ၏ စိတ်ထဲတွင် သံသယများစွာ ထွက်ပေါ်လာသည်။ သူတို့သည် ကောင်းကင်နတ်မြစ်ကို နားလည်နိုင်မည့်ကျင့်စဉ်အား အလွတ်မှတ်ထားကြသော်လည်း မစမ်းကြည့်ရဲကြပေ။
ယွင်ကျန်းလီက တဟားဟား ရယ်မော၍ ပြောသည်။ “ကောင်းပြီ... ဒါဖြင့် ငါ့လို သေတော့မယ့် လူတစ်ယောက်အနေနဲ့ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ဖွင့်ကြည့်ရသေးတာပေါ့”
ချွဲကျင်းရွှယ်မှာ မယုံနိုင်ဖြစ်သွားပြီး အသံကို နှိမ့်ကာ ပြောလေသည်။ “မင်းသားယွင်၊ ဘိုးဘေးကြီးကောင်းကင်နတ်အရှင်ယွင် ဖွင့်ခဲ့တဲ့ ကောင်းကင်တံတား ကောင်းကင်ရတနာကို စွန့်လွှတ်ချင်တာ သေချာလား... ကောင်းကင်နတ်အရှင်ယွင်အပေါ် သစ္စာဖောက်ရာ မကျဘူးလား”
ယွင်ကျန်းလီသည် ခေါင်းယမ်းလိုက်၏။ “သူက အဲဒီလောက် အမြင်မကျဉ်းပါဘူး... ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကိုသာ သူ မြင်ရင် သေချာပေါက် ဝမ်းသာပျော်ရွှင်သွားပြီး သူ့ရဲ့ ကောင်းကင်တံတား ကောင်းကင်ရတနာကိုလည်း လိုလိုလားလား ဖယ်ရှားပစ်လိမ့်မယ်”
ချွဲကျင်းရွှယ်က ခပ်တိုးတိုး ပြော၏။ “ဒါက ပြုပြင်ပြောင်းလဲမှုတစ်ခုနော်... သေချာစဉ်းစားဦး.. တော်ကြာ ပုန်ကန်မှုမြောက်နေမယ်”
ယွင်ကျန်းလီက ရယ်လိုက်သည်။ “သေတော့မယ့် လူတစ်ယောက်က ဘာကြောက်စရာ ရှိပါ့မလဲ”
ကောင်းကင်နတ်မြစ်၏ မြစ်လက်တက်များက နဂါးသွဲ့ရေကန်အထဲသို့လည်း စီးဝင်ရောက်နေ၍ ဤနေရာတွင် ကောင်းကင်နတ်မြစ်၏ စွမ်းအား အတော်လေး သိပ်သိပ်သည်းသည် ရှိ၏။ ယွင်ကျန်းလီက ချင်မူ ဖြန့်ဝေပေးခဲ့သော ကျင့်စဉ်ကို ရုတ်ခြည်း အသုံးချသည်။
ယွင်ကျန်းလီသည် လူသားဧကရာဇ်များထက်ပင် ပါရမီထက်သန်သူ ဖြစ်သည့်အလျောက် ကောင်းကင်နတ်မြစ်၏ စွမ်းအားကို အလျင်အမြန် ဖမ်းဆုပ်ကာ ဆွဲယူနိုင်လိုက်၏။
အားလုံး မြင်လိုက်ရသည်မှာ ယွင်ကျန်းလီ၏ ပတ်ပတ်လည်၌ ကောင်းကင်နတ်မြစ်တစ်စင်း တဖြည်းဖြည်း ဖွဲ့တည်လာရင်း ရှည်ထွက်လာသည်ကိုပင်။ ယွင်ကျန်းလီက စွမ်းအားကို စုစည်း၍ အဆင့်တက်နိုင်သည့် အခွင့်အရေးအား စောင့်နေသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ အားလုံး သူ့ကို ရင်တမမဖြင့် ကြည့်နေကြ၏။
ယွင်ကျန်းလီ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်လှစ်နိုင်လျှင် ချင်မူ ဖြန့်ဝေပေးခဲ့သော လမ်းက စစ်မှန်သည်ဟု ဆိုလိုလိမ့်မည်။
မကြာမီ ယွင်ကျန်းလီကို လှည့်ပတ်နေသော ကောင်းကင်နတ်မြစ်သည် သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်လာ၏။ ထို့နောက် နားကွဲလုမတတ် အသံအကျယ်ကြီး ထွက်ပေါ်လာသည်။ ကြိမ်နှုန်းတစ်ခု ပျံ့နှံ့လာသကဲ့သို့ ယွင်ကျန်းလီ၏ခန္ဓာကိုယ်မှာ တုန်ခါသွားသည်။
၎င်းက တာအိုအသံတစ်သံ ဖြစ်ပြီး စည်းချက်သည် ကောင်းကင်နတ်မြစ်၏ လှိုင်းအပြောင်းအလဲများနှင့် ဆင်၏။ တာအိုအသံက ကမ္ဘာလောကများတစ်လျှောက် ဖြတ်သန်းလာရင်း ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နန်းဆောင်မှ လူ့ဘုံဆီသို့ ပျံ့လွင့်လာပြီးနောက် အဆုံးသတ်မြို့ပျက်နှင့် ယိုတုထံ ဦးတည်သွားတော့သည်။
ထိုကဲ့သို့ သာယာနာပျော်ဖွယ် စည်းချက်က မည်သူ့ကိုမဆို ယစ်မူးမိန်းမောလာစေသည်။
ယွင်ကျန်းလီမှာ သူ၏ကောင်းကင်ရတနာကို အသေအချာ ကြည့်လိုက်သည့်အချိန်တွင် အံ့အားသင့် ကျေနပ်သွားသည်။ ကောင်းကင်နတ်မြစ်ဆီမှ ရေက မကြာခင် ကောင်းကင်နန်းဆောင်ဆီမှ စီးကျလာပြီး သူ၏ကောင်းကင်ရတနာများကို ဖြတ်သန်းကာ ယိုတုအတွင်း စီးဝင်၍ သံသရာစက်ဝန်းတစ်ခုအသွင် ဖွဲ့တည်နေသည်။
“ငါတို့လည်း ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ကျင့်ကြံရမှာလား” ချွဲကျင်းရွှယ်က ခပ်တိုးတိုး ရေရွတ်နေသည်။
ကျန်ရှိသူများမှာ စမ်းကြည့်ချင်လွန်း၍ စိတ်လှုပ်ရှားနေကြသော်လည်း ပူပန်စိတ်များကြောင့် မလုပ်ရဲကြပေ။
ချင်မူက လေးနက်သောအဓိပ္ပါယ်ဖြင့် ပြောသည်။ “ဒီနေရာမှာ ရှိတဲ့ လူအားလုံး ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်ချင်လည်း ရတယ်... မဖွင့်ချင်လည်း ရတယ်... ဒါပေမဲ့ တစ်နေ့ကျ ကောင်းကင်နတ်ဘုံ အောက်ဘုံဆီ စစ်ကြေညာတဲ့အခါ မင်းတို့တွေ အောက်ဘုံသားတွေရဲ့ လက်ချက်နဲ့ သေကြရလိမ့်မယ်... မင်းတို့အနေနဲ့ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွဲ့တည်ကြရင်လည်း မင်တို့အသက်ကို ယူမယ့်လူတွေက မင်းတို့ရဲ့ဆရာနဲ့ တခြားနတ်ဘုရားတွေ ဖြစ်လာလိမ့်မယ်”
ချွဲကျင်းရွှယ်မှာ ကြက်သီးတဖြန်းဖြန်း ထသွားပြီးနောက် ရယ်လိုက်၏။ “ကျွန်မတို့ကို မခြောက်ပါနဲ့ ကောင်းကင်နတ်အရှင်... ကျွန်မတို့ဆရာတွေလည်း ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ပြန်ဖွင့်လို့ ရတာပဲလေ”
“သူတို့က ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်မယ်တဲ့လား”
ချင်မူက အားရပါးရ အော်ရယ်လိုက်သည်။ “သူတို့ရဲ့ကျင့်စဉ်တွေကို ဝိညာဉ်သန္ဓေသားအဆင့်က စပြီး ပြောင်းလဲရလိမ့်မယ်... မအောင်မြင်ရင် လူပြန်ဝင်စားဖို့ လိုတယ်.. သူတို့ရဲ့ လက်ရှိအဆင့်အတန်းတွေနဲ့ ဘဝတွေကို လက်လွှတ်လိုက်ရမှာဆိုတော့ စဉ်းစားကြည့်ပေါ့... ကောင်းကင်နတ်ဘုံကလူတွေ အောက်ဘုံကို သုတ်သင်ချင်နေတဲ့ အကြောင်းရင်းက လုံးဝမပြောင်းလဲချင်လို့ပဲ”