ကစားပွဲကို ဘယ်လိုနိုင်အောင် ကစားသင့်သလဲ
Vol. 70 Ch. 922
မန့်လန်အဆောင်တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ချွဲကျင်းရွယ်နှင့် ကျန်ရှိသူများအားလုံး နားလည်မနိုင်တော့ဘဲ ဇဝေဇဝါ ဖြစ်နေသော အမူအရာများဖြင့် နှုတ်ဆက်သွားကြသည်။
ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာက သူတို့ကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ချင်မူ၏ စကားက သူတို့ကို ပို၍ စိတ်နှလုံးလှုပ်ခတ်စေခဲ့သည်။
ချင်မူ မမှားပေ။ ကောင်းကင်နတ်ဘုံသည် ပြုပြင်ပြောင်းလဲမှုကို အတားအဆီးအဖြစ် မြင်ရသည့် အကြောင်းရင်းမှာ သူတို့၏အချုပ်အခြာအာဏာကို အောက်ဘုံမှ ထိပါးလာမည်စိုး၍ ဖြစ်သည်။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာအား အချိန်နှစ်တစ်သောင်းပေးလျှင်ပင် ကောင်းကင်နတ်ဘုံ၏ ပြိုင်ဘက် ဖြစ်နိုင်ဦးမည်မဟုတ်ပေ။
ကောင်းကင်နတ်ဘုံက ပြုပြင်ပြောင်းလဲမှုများအပေါ် ခါးခါးသီးသီး ဖြစ်နေရခြင်းသည် ကောင်းကင်နတ်ဘုံရှိ အာဏာရှင်များအတွက် အကျိုးအမြတ်မရခြင်းကြောင့်လည်း ပါ၏။ သူတို့အနေဖြင့် ပြုပြင်ပြောင်းလဲမှုကို ထောက်ခံသည်ဖြစ်စေ၊ လျစ်လျူရှုထားသည်ဖြစ်စေ၊ သူတို့အာဏာ၏ အုတ်မြစ်မှာတော့ လှုပ်ခါလာမည်သာ ဖြစ်သည်။
ပြုပြင်ပြောင်းလဲမှုကို လက်ခံလိုက်လျှင် အတိုက်အခံပါတီများမှ အခွင့်အကောင်းယူကာ သူတို့ကို ဖယ်ရှားရှင်းလင်းပစ်လိမ့်မည်။
ထို့အပြင် လူပြန်မဝင်စားလျှင်တောင်မှ ပြုပြင်ပြောင်းလဲမှုနှင့် ကိုက်ညီအောင် ကျင့်စဉ်များကို ပြုပြင်ပြီး ပြန်လည်တွေးခေါ်ရဦးမည်ဖြစ်၏။ အစမှ ပြန်စရသည်နှင့် မခြားပေ။
ပြုပြင်ပြောင်းလဲရန် လိုအပ်သော စွမ်းအင်သည် ကြီးမားလွန်းသလို၊ အချိန်သည်လည်း ရှည်ကြာလှ၏။ ထိုအတောအတွင်း လူငယ်မျိုးဆက်သစ်များ သူတို့ကို ကျော်တက်သွားလျှင် မည်သို့လုပ်မည်နည်း။ သူတို့အစားထိုးခံလိုက်ရလျှင် မည်သို့လုပ်မည်နည်း။
မည်သူက သူတို့၏အာဏာ ၊ သူတို့၏အင်အား၊ သူတို့၏ရာထူးကို ‘ရော့.. အင့်’ ဟု လိုလိုလားလား မေးချင်စိတ်ရှိမည်နည်း။
ပြုပြင်ပြောင်းလဲမှုကို လျစ်လျူရှုထားလျှင် နတ်ဘုရားအသစ်များက နတ်ဘုရားအိုကြီးများနေရာသို့ ဝင်လာလိမ့်မည်။ နတ်ဘုရားအသစ်များသည် သူတို့လို နတ်ဘုရားအိုကြီးများထက် သန်မာအားကောင်းနေလိမ့်မည်။ နောက်ဆုံး၌ ရှေးဟောင်းနတ်ဘုရားခေတ်အား သူတို့ကို တွန်းလှန်ခဲ့သလို နတ်ဘုရားအသစ်တို့ကလည်း သူတို့ကို ဖယ်ရှားပစ်ကြမည်။
သို့ဖြစ်၍ ပြုပြင်ပြောင်းလဲမှုကို ရင်ဆိုင်နိုင်မည့် အရိုးရှင်းဆုံးနည်းလမ်းသည် ပြုပြင်ပြောင်းလဲသူများကို သူပုန်၊ ပြုပြင်ပြောင်းလဲမှုသည် ပုန်ကန်မှုသာ သတ်မှတ်လိုက်ခြင်း ဖြစ်၏။
ထိုအခါ သူတို့၏အာဏာ သက်ဆိုးရှည်ပြီး ဘုံပျောက်တော့မည်မဟုတ်ပေ။ မျိုးဆက်သစ်များသည်လည်း သူတို့နေရာသို့ ဝင်လာနိုင်တော့မည်မဟုတ်။
ချွဲကျင်းရွှယ်နှင့် ကျန်ရှိသူများမှာ နားလည်သော်လည်း တွေဝေနေကြသေးသည်။
ကောင်းကင်နတ်မြစ်ကောင်းကင်ရတနကို ကျင့်ကြံသင့်သလား၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို လက်ခံသင့်သလား။
လက်မခံလျှင် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာက ကောင်းကင်တံတားကောင်းကင်ရတနာထက် များစွာသာလွန်သည့်အတွက် နောင်တစ်ချိန် စစ်ဖြစ်လာခဲ့ပါက သူတို့ သေရမည်။ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ ဖွင့်လှစ်ထားသော လူတစ်ယောက်နှင့် တွေ့လျှင် သူတို့ သေချာပေါက် သတ်ဖြတ်ခံရလိမ့်မည်။
သို့သော် ပြုပြင်ပြောင်းလဲမှုကို လက်ခံလျှင် သူတို့၏ဂိုဏ်းများက သူတို့ကို ခွင့်ပြုမည်မဟုတ်ပေ။ ဂိုဏ်းအကြီးအကဲများသည် ချက်ချင်း ဘက်ပြောင်းသွားပြီး သူတို့ာအး သုတ်သင်ပစ်ကြလိမ့်မည်။
ချီကျုံရီက အဆောင်ပြန်ဝင်လာပြီးနောက် တိတ်ဆိတ်စွာ ထိုင်လိုက်သည်။
သူ့ဆီမှ သွေးညှီနံ တထောင်းထောင်း ထွက်နေသည်။
မန့်လန်အဆောင်ထဲရှိ လူများ တုန်လှုပ်သွားကြ၏။ ချီကျုံရီသည် ထွက်ခွာသွားသူများကို လိုက်ပို့မည်ပြောခဲ့သော်လည်း ယခုတွင် သူ့ခန္ဓာကိုယ်မှ သွေးညှီနံ တထေင်းထောင်း ထနေလေသည်။ ထွက်သွားသူအားလုံး သေဆုံးသွားကြပြီဖြစ်လောက်သည်.
ချင်မူက သိချင်နေပုံပေါက်သဖြင့် ချီကျုံရီက ရှင်းပြသည်။ “သူတို့ကို ရှင်းပြီပြီ... ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်မူကို သတ်ချင်တဲ့ ရည်ရွယ်ချက် ရှိလို့ သူတို့ကို ဒီနေရာဆီ လွှတ်လိုက်တာပါ... ဒါကြောင့် သူတို့က ဘယ်လိုနေနေ ကောင်းကင်နတ်အရှင်မူရဲ့ လက်ချက်နဲ့ သေရမှာပဲ မဟုတ်လား”
ချင်မူ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “ဘာလို့ သတ်လိုက်တာလဲ... လွှတ်ပေးလိုက်လို့ မရဘူးလား”
ချီကျုံရီက မဲ့ရွဲ့စွာ ပြန်ဖြေသည်။ “လွှတ်ပေးရမယ်ဟုတ်လား... ဂိုဏ်းသခင်ချင်၊ မင်း သူတို့ ကောင်းကင်နတ်ဘုံကို အနှောင့်အယှက်ပေးမှာ မျှော်လင့်နေတာလား.. မင်းတော့ အထင်သေးတာ များသွားပြီ.... သူတို့ကို ထွက်သွားခွင့်ပေးလိုက်ရင် နဂါးသွဲ့ရေကန်ကို ရောက်လာတဲ့သူတိုင်း ဘယ်သူမှ မသိလိုက်ဘဲ သေရလိမ့်မယ်... ဘယ်သူမှ အသက်ရှင်မှာမဟုတ်ဘူး... ငါအပါအဝင်ပဲ”
ချွဲကျင်းရွှယ်နှင့် ကျန်ရှိသူများမှာ ကြောက်လွန်း၍ အသည်းထဲအေးသွားကြသည်။
ချင်မူက စိုးရိမ်စွာ မေးသည်။ “သပ်သပ်ရပ်ရပ် ရှင်းခဲ့လား”
“ဝိညာဉ်တောင် မကျန်ဘူး”
ချီကျုံရီသည် ဂုဏ်ယူနေဟန်ဖြင့် ပြော၏။ “ငါ့အစွမ်းအစတွေကို သံသယဝင်စရာမလိုပါဘူး ဂိုဏ်းသခင်ချင်၊ ငါက ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်လှစ်ခဲ့ကတည်းက တရှိန်ထိုး တိုးတက်လာခဲ့တာလေ.... သူတို့ရဲ့ကောင်းကင်ရတနာတွေက ခေတ်နောက်ကျနေပြီ... အရင်တုန်းကတော့ သူတို့နဲ့ ငါ မယှဉ်နိုင်လောက်ပေမဘ့် အခုတော့ သူတို့ ငါ့ဆီက သိုင်းကွက်တစ်ကွက်တောင် ခံနိုင်မှာမဟုတ်ဘူး”
သူ့အနောက်တွင် ကောင်းကင်နတ်မြစ်၌ ရပ်နေသော ခေါင်းကိုးလုံးဇာမဏီမီးငှက်အသွင် ဖွဲ့တည်လာသည်။ သူ၏မူလဝိညာဉ်သည် မာနကြီးပြီး မောက်မာသောအသွင် ရှိ၏။ “သူတို့ကို ကောင်းကင်နတ်အရှင်မူ သတ်ခဲ့တာ... သူတို့က ကောင်းကင်နတ်အရှင်မူကိ စိန်ခေါ်ခဲ့ပေမယ့် ကောင်းကင်နတ်အရှင်မူ ဘယ်လောက်ကြမ်းလဲ မသိကြလို့ မူလဝိညာဉ်တွေ ပျက်စီးခဲ့ကြရတာပဲ... ကောင်းကင်နတ်အရှင်မူ ၊ ဒီကိစ္စကို တာဝန်ယူရလည်း ပြဿနာမရှိဘူးမလား”
ချင်မူက ပြုံးလိုက်သည်။ “မရှိဘူး... ငါ တာဝန်ယူနိုင်တယ်”
ချီကျုံရီသည် အန္တရာယ်ပေးတော့မည့် မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူက အားလုံးကို နှစ်သိမ့်ပေးနေသည်။ “အားလုံးပဲ စိတ်သက်သက်သာသာထားပါ.... သူတို့ကို ငါ သတ်ပစ်လိုက်တာပဲ... မင်းတို့တွေ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ ကျင့်ကြံရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး”
လူငယ်တစ်ယောက်က ခပ်တိုးတိုး ရေရွတ်သည်။ “ငါတို့ထဲက တစ်ယောက်ယောက် ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို မကျင့်ကြံရင် ဘာဖြစ်မှာလဲ”
ချီကျုံရီက စကားပြောနေသည်ကို ရပ်လိုက်ပြီး ခေါင်းကိုးလုံးဇာမဏီငှက်သည် တောင်ပံခတ်လျက် မီးတောက်များ ဖြာထွက်သွားစေ၏။
ထိုလူငယ်မှာ ကူကယ်ရာမဲ့စွာ တောင်းပန်လေသည်။ “ငါတို့ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်ထားတဲ့ကိစ္စကို ငါတို့ဂိုဏ်းတူအစ်ကိုအစ်မတွေ၊ ငါတို့ဆရာတွေဆီက ဖုံးကွယ်ထားလို့မရဘူး... ငါ့ဆရာကလည်း ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်မင်းပဲ”
ယွင်ကျန်းလီက ဝင်ပြောသည်။ “မင်းတို့ ကမ္ဘာဦးဘုံဆီ သွားလို့ရတယ်”
သူ့စကားကြောင့် အားလုံး မှင်သက်သွားကြပြီး ဇဝေဇဝါ ဖြစ်သွားကြသည်။
ယွင်ကျန်းလီက ဆက်ပြော၏။ “ကမ္ဘာဦးဘုံဆီ သွားတာက အသက်ရှင်နိုင်မယ့် နည်းလမ်းပဲ... ဒီကလူတွေအနေနဲ့ ဂိုဏ်းတွေရဲ့ မျက်စိဒေါက်ထောက် ကြည့်နေမှာကိုလည်း ခံရတော့မှာ မဟုတ်ဘူး... ဒါ့အပြင် အောက်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှု ရှိတယ်... အဲဒီပြုပြင်ပြောင်းလဲမှုတွေကို သင်ယူရင်း အမြတ်ထွက်အောင်လည်း လုပ်နိုင်မယ်...
“ကောင်းကင်နတ်အရှင်မူရဲ့ အစွမ်းအစတွေကို မြင်တွေ့ရတော့ ငါလည်း အောက်ဘုံဆီ ဆင်းချင်မိတယ်... ကောင်းကင်နတ်ဘုံမှာ နေ,နေတာက ရေတွင်းထဲကနေ ကောင်းကင်ကို မော့ကြည့်နေသလို၊ လူတစ်ယောက်ကို အမြင်တွေကျဉ်းလာစေတယ်... အသိအမြင်တွေ နည်းလာစေတယ်... တကယ့်ဘဝကြီးက ဘာမှန်း မသိရတော့ဘူး... ငါတို့မျိုးဆက် ကောင်းကင်နတ်သိုင်းပညာရှင်တွေကလည်း လမ်းရှာသူတွေ မဟုတ်လား... ကောင်းကင်နတ်ဘုံက အာဏာရှင်နတ်ဘုရားတွေ နေရာပေးရမှာ ကြောက်နေတဲ့နေရာ၊ တိုးတက်လာမှာ စိုးရိမ်နေတဲ့နေရာ ဖြစ်နေမှတော့ ငါ ကောင်းကင်နတ်ဘုံမှာ မနေချင်တော့ဘူး... ဒါကြောင့် အောက်ဆင်းမယ်”
ချွဲကျင်းရွှယ်က ထရပ်ပြီး ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ယွင်ကျန်းလီနဲ့ ခေါင်းကိုးလုံး အရိုင်းအစိုင်းကောင်၊ ကမ္ဘာဦးဘုံမှာ ပြန်ဆုံကြမယ်”
ရုတ်တရက် သူမသည် ရပ်၍ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော အဝါရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်ဘက် လှည့်ကာ ပြုံးပြလိုက်၏၏။ “မင်းသားယွီ၊ နင်က တော်ဝင်မိသားစုက ဆိုတော့ ပြုပြင်ပြောင်းလဲမှုကို ထောက်ခံမှာမဟုတ်ဘူးမလား... နင် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ကျင့်ကြံမှာမဟုတ်ဘူးမလား”
အဝါရောင်ဝတ်ရုံနှင့် လူငယ်၏ အမူအရာ လျင်မြန်စွာ ပြောင်းလဲသွားပြီး သူက သတိအနေအထားဖြင့် ထရပ်ကာ ပြန်ချေပသည်။ “ဘာတွေပြောနေတာလဲ အစ်မတော်ကျင်းရွှယ်... ငါက သိုင်းအဆင့် ဘယ်လောက်မြင့်မြင့် ဧကရာဇ်ဖြစ်လာမှာ မဟုတ်ဘူးလေ... ကောင်းကင်နတ်ဧကရာဇ်က အသက်လည်းမကြီး၊ သေလည်း မသေဘူးမဟုတ်လား... ငါ ပုန်ကန်မှာပေါ့... ပြုပြင်ပြောင်းလဲမှုကို ထောက်ခံမှာပေါ့”
“အပြောကောင်းတယ်.... ဒါပေမဲ့ ငါတော့ နင့်ကို မယုံဘူး”
ချွဲကျင်းရွှယ်က ရယ်လိုက်ပြီး ကျန်ရှိသူများကို ပြောသည်။ “ဒီက ငါတို့အားလုံးက ထူးချွန်လူငယ်စာရင်းနဲ့ ကောင်းကင်ပါရမီရှင်စာရင်းပေါ်က လူတွေချည်းပဲ... ငါတို့တွေ စိတ်အေးအေးထားနိုင်ဖို့ လက်သွေးစွန်းဖို့ လိုလိမ့်မယ်... မဟုတ်ရင် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ငါတို့ကျင့်ကြံထားတဲ့သတင်း ပျံ့သွားတာနဲ့ ငါတို့တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး”
မန့်လန်အဆောင်ထဲရှိ လူငယ်များ ထ,လာကြသည်။
အဝါရောင်ဝတ်ရုံနှင့် လူငယ်သည် အခြေအနေမဟန်တော့မှန်း မြင်သည်နှင့် ချက်ချင်း လေပေါ် ခုန်တက်၍ မန့်လန်အဆောင်၏ အမိုးကို ဖောက်ထွက်ကာ ထွက်ပြေးရန် ကြိုးစားသည်။
သူ့ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် မန့်လန်အဆောင်ထဲရှိ လူတိုင်းလည်း လှုပ်ရှားလိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် တရိပ်ရိပ် ဖြတ်ပြေးသွားကြပြီး မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများက အဝါရောင်ဝတ်ရုံနှင့်လူငယ်ကို ချေမှုန်းလိုက်တော့သည်။
သူ၏မူလဝိညာဉ်ပင် လွတ်မသွားဘဲ သုတ်သင်ခံလိုက်ရ၏။
အတန်ကြာသော် ပြန်လည်ငြိမ်သက်သွားပြီးနောက် အားလုံး ပြန်ဆင်းသက်လာကြသည်။
ချင်မူ၊ ချီကျုံရီနှင့် ယွင်ကျန်းလီက တိတ်ဆိတ်စွာ စောင့်ကြည့်နေကာ စကားတစ်ခွန်းမပြောကြပေ။
ချွဲကျင်းရွှယ်က လက်နှစ်ဖက်ကို သန့်ရှင်းပြီးနောက် ချင်မူ၏ မျက်ဝန်းများဆီသို့ လေးလေးနက်နက် စိုက်ကြည့်ကာ ပြောသည်။ “မင်းသားယွီက ကောင်းကင်နတ်အရှင်မူကို စိန်ခေါ်ခဲ့ပြီး မန့်လန်အဆောင်မှာ သေသွားခဲ့တာပဲ”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “ငါ သူ့ကို သတ်ခဲ့တယ်”
“ကောင်းကင်နတ်အရှင်ရဲ့ ကောင်းချီးအတွက် ကျေးဇူးအများကြီးတင်ပါတယ်”
ချွဲကျင်းရွှယ်က ချင်မူ့ကို အရိုအသေပေးပြီးနောက် ပြန်ထကာ ထွက်သွား၏။
ကျန်ရှိသူများလည်း လိုက်ပါသွားကြသည်။
အဆောင်ထဲတွင် ချင်မူ၊ ချီကျုံရီနှင့် ယွင်ကျန်းလီသာ ကျန်တော့ပြီး အပြင်၌ ယန်အာနှင့် နဂါးချီလင် စောင့်ကြပ်ပေးနေကြသည်။
ချင်မူက သက်ပြင်းချရင်း တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ “ငါ ကောင်းကင်နတ်ဘုံကို လာတုန်းက လူသတ်ပြီး အာဏာပြဖို့ ကြံစည်ထားတာ... ကောင်းကင်နတ်ဘုံကို ဗြောင်းဆန်အောင် မွှေမယ်ပေါ့လေ... အခုများတော့ တစ်ယောက်မှတောင် မသတ်လိုက်ရဘူး... တရားခံလုပ်နေရတယ်”
ယွင်ကျန်းလီ ချောင်းဆိုးလိုက်သည့်အခါ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ အနက်ရောင်ချီသည် ပိုမိုသိပ်သည်းလာ၏။ “ဒါက ကောင်းကင်နတ်အရှင်မူရဲ့ အာဏာ သက်ရောက်တဲ့နေရာပဲ မဟုတ်လား... ကောင်းကင်နတ်အရှင်မူက တခဏလေးအတွင်း ထူးချွန်လူငယ်စာရင်းနဲ့ ကောင်းကင်ပါရမီရှင်လူငယ်စာရင်းက ပါရမီရှင်အယောက်နှစ်ဆယ်ကို ဖယ်ရှားခဲ့လိုက်ပြီ... သူတို့အားလုံးက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်မင်းတွေ၊ ကောင်းကင်နတ်အရှင်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေ လက်သပ်မွှေးထားတဲ့ တပည့်တွေပဲ... အခုအားလုံး ပုန်ကန်ဖို့ ဖိအားပေးရသလို၊ သွေးဆောင်စည်းရုံးတာလည်း ခံလိုက်ရပြီ... ကျွန်တော် သိပ်သိချင်မိတယ်... ကောင်းကင်နတ်အရှင် ကမ္ဘာဦးဘုံမှာ ဘာတွေလုပ်ခဲ့တာလဲ”
ချင်မူ စိတ်အားတရှိန်းရှိန်း တက်ကြွလာပြီး သူ့အနားကပ်ကာာ မေးလိုက်သည်။ “နောင်တော်ယွင်၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ကြားဖူးလား... နောင်တော်ယွင်လည်း မြင်ပါတယ်... နောင်တော်ချီ ကျွန်တော့်ကို ဂိုဏ်းသခင်ချင်လို့ပဲ အမြဲခေါ်တာက ကျွန်တော်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်မလို့ပဲ.... ဘယ်လိုလဲ စိတ်ဝင်စားလား”
ယွင်ကျန်းလီက တဟားဟား ရယ်လိုက်ပြီးနောက် ချောင်းတဟွတ်ဟွတ် ဆိုးသည်။
ချင်မူမှာ စိုးရိမ်သွား၍ တတိယမျက်လုံးဖွင့်ကာ စစ်ဆေးကြည့်လိုက်၏။ “ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်လိုက်တော့ နောင်တော်ယွင်ရဲ့ စွမ်းအားက အတော်လေး မြင့်တက်သွားတယ်... အဲဒါကြောင့် သေနိုင်ခြေ များလာတာပဲ”
ယွင်ကျန်းလီက ပြန်ပြုံးပြသည်။ “ကျွန်တော်က မကြာခင် သေတော့မှာဆိုပေမယ့် ကောင်းကင်နတ်အရှင်ကမှ ကျွန်တော့်ထက် ပိုစောမှာပါ... အခု လူသတ်မှုတွေကိုလည်း ခေါင်းခံထားရတော့ အထက်ကနတ်ဘုရားတွေ ကောင်းကင်နတ်အရှင်ဆီ ရောက်လာလိမ့်မယ်”
ချင်မူက အေးအေးလူလူ ပြန်ဖြေ၏။ “ကောင်းကင်နတ်ဘုံမှာ ကျွန်တော့်ကို သေစေချင်နေတဲ့လူတွေ တစ်ပုံကြီးဆိုပေမယ့် မသေစေချင်တဲ့လူတွေလည်း အများကြီးပဲ... ဘာကြောင့်ဆို ကျွန်တော်က ပြုပြင်ပြောင်းလဲမှုရဲ့ သူရဲကောင်းသုံးယောက်ထဲ တစ်ယောက်၊ ကောင်းကင်နတ်အရှင်မူ ဖြစ်နေလို့ မဟုတ်ဘူး... ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင် ဖြစ်နေလို့ပဲ.. ကျွန်တော့်ကို အသက်ရှင်စေချင်တဲ့လူတွေက ကာကွယ်ပေးလိမ့်မယ်... ကျွန်တော် ရောက်လာတာကြောင့် ကောင်းကင်နတ်ဘုံဟာ နှစ်ခြမ်းကွဲရလိမ့်မယ်... သူတို့ကြားက ရန်ငြိုးတွေ ပိုမိုလေးနက်လာပြီး သိသာလာလိမ့်မယ်”
ယွင်ကျန်းလီမှာ ကျောရိုးတစ်လျှောက် စိမ့်အေးသွားကာ သက်ပြင်းချမိသည်။ “ကောင်းကင်နတ်အရှင်က အသက်ကိုတောင် စွန့်စားပြီး ကောင်းကင်နတ်ဘုံဆီ ဘာလို့ လာခဲ့တာလဲ ကျွန်တော် နားလည်ပါပြီ... ကမ္ဘာဦးဘုံမှ ဆက်နေရင် ကောင်းကင်နတ်ဘုံထဲက အတွေးရေးပဋိပက္ခတွေကို ဖိနှိပ်ထားလို့ ရတယ်.. ဒါပေမဲ့ ကောင်းကင်နတ်အရှင် ကောင်းကင်နတ်ဘုံကို ရောက်လာတော့ သူတို့အချင်းချင်း မတည့်တော့ဘဲ အတိုက်အခံတွေ ဖြစ်လာမယ်... အဲဒီနောက် ကောင်းကင်နတ်ဘုံအနေနဲ့ အောက်ဘုံအပေါ် အာရုံမစိုက်နိုင်တော့ဘဲ သူတို့အတွင်းရေးသူတို့ အာရုံစိုက်ကြရမယ်.. ကောင်းကင်နတ်အရှင်မူ၊ ခင်ဗျားရဲ့ အကြံအစည်တွေက အမြဲတမ်း အဲဒီလောက် နက်နဲတာပဲလား”
ချင်မူက ပြုံး၍ ပြောသည်။ “အောက်ဘုံမှာ အသက်ကြီးပြီး အတွေ့အကြုံများတဲ့သူတွေ ရှိတယ်... ကျွန်တော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကပ်ဘေးကို ကူညီဟန့်တားအောင် အဲဒီလူတွေရဲ့ ကစားတာ ခံခဲ့ရတာ... ကျွန်တော့်အကြံအစည်တွေဆိုတာ သူတို့ခြေဖျားတောင် မမှီသေးဘူး”
တံခါးအပြင်မှ နဂါးချီလင်၏အသံ ထွက်ပေါ်လာသည်။ “ဂိုဏ်းသခင်၊ မိန်းကလေးယွင်ချွီးရှို့ ရောက်လာပါတယ်”
နှစ်ယောက်သား အလျင်အမြန် စကားလမ်းကြောင်း ပြောင်းလိုက်ကြသည်။ ချင်မူက ယွင်ကျန်းလီဆီသို့ ပြော၏။ “ကျွန်တော့်လူတွေကို ခင်ဗျားတို့နှစ်ယောက်အတွက် အခန်းစီစဉ်ခိုင်းလိုက်မယ်... နှစ်ယောက်လုံး ဒီမှာ ခဏတဖြုတ်လောက် နေသွားပေါ့”
ယွင်ချွီးရှို့ မန့်လန်အဆောင်သို့ ရောက်လာခြင်းက သူမ၏ တက်တက်ကြွကြွ နေတတ်သော အမူအကျင့်ကို ပြသနေသည်။ သူမသည် ချင်မူနှင့် ချီကျုံရီအနားတွင်သာ နေရင်း အလုပ်များနေသည်။ ချီကျုံရီက သူမကို အနားတွင်သာ ထားချင်သည့်အခါ ယွင်ချွီးရှို့သည် သဘောမကျပေ။
ယွင်ကျန်းလီ၏ အခြေအနေမှာ သိပ်သည်းလာသည့် ကျင့်စဉ်စွမ်းအင်ကြောင့် ပိုမိုဆိုးဝါးလာသည်။ ချင်မူမှာ ယွင်ကျန်းလီ၏ သွေးကျိန်စာကို ကုသပေးရန် အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာကိုလည်း အလျင်အမြန် ကျင့်ကြံရင်း အသိစိတ်အလျဉ် အားကောာင်းလာအောင် လုပ်နေရသည်။
သူ၏အသိစိတ်အလျဉ်သည် အားကောင်းသထက် အားကောင်းလာပြီး အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာကို သူ မွမ်းမံပြုပြင်ပြီးနောက် သူ၏ကျင့်ကြံနှုန်းသည် မျှော်လင့်ထားသည်ထက် ကျော်တက်သွား၏။
‘သိပ်မကြာခင် ငါ ယွင်ကျန်းလီရဲ့ သွေးကျိန်စာကို ချိုးဖျက်နိုင်တော့မယ်’
ရုတ်တရက် ကောင်းကင်က မှောင်မည်းလာသဖြင့် ချင်မူ ကျင့်ကြံနေသည်ကို ရပ်၍ မန့်လန်အဆောင်ထဲမှ အလျင်အမြန် ထွက်ကြည့်လိုက်သည်။ မန့်လန်အဆောင်သည် ကောင်းကင်နတ်ဧကရာဇ်၏ နေအိမ်ဖြစ်သည့်အတွက် အမြဲတစေ တောက်ပနေသင့်၏။ ဤနေရာတွင် ကောင်းကင် မည်းမှောင်သွားရန် မဖြစ်နိုင်ပေ။
သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်ထဲရှိ ကြယ်တာရာကောင်းကင်များ မည်းမှောင်လာပြီး ပျောက်ကွယ်သွားကြ၏။ ကောင်းကင်၏အရောင်မှာ ညနေစောင်းကောင်းကင်သဖွယ် ဖြစ်လာတော့သည်။
မန့်လန်အဆောင်၏ နန်းတွင်းသူများလည်း ပြေးထွက်လာကြကာ မီးအိမ်များ ရှာဖွေရင်း ချိတ်ဆွဲနေကြသည်။
ယွင်ကျန်းလီ၊ ယွင်ချွီးရှိုနှင့် ချီကျုံရီတို့လည်း အပြင်သို့ ထွက်၍ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ထဲရှိ နေသည် ဖြည်းဖြည်းချင်း မှိန်ကျသွားပြီး လလည်း အရောင်မထွက်တော့ပေ။ လရောင် မရှိတော့သည့်အခါ ကြယ်တာရာများလည်း ကောင်းကင်ထက်မှ ပျောက်ကွယ်သွား၏။ ည၏အရောင်ကား ဖုံးလွှမ်းလာတော့သည်။
“ကောင်းကင်နတ်ဘုံတစ်ဘုံလုံး ဖြစ်သွားတာလား”
နန်းတွင်းသူတစ်ယောက်က အော်သည်။ “ဒါမှမဟုတ် နဂါးသွဲ့ရေကန်အထက်က ကောင်းကင်ပဲ ဖြစ်တာလား”
ကျန်နန်းတွင်းသူများမှာ မီးအိမ်များ ချိတ်ဆွဲရင်း အလုပ်များနေသောကြောင့် မဖြေအားပေ။
မန့်လန်အဆောင်ထဲတွင် အလင်းရောင်များ တောက်ပလာပြီး အမှောင်ထုထဲ၌ ထွန်းလင်းလာ၏။
ယွင်ကျန်းလီ အခြေအနေကို သဘောပေါက်သည့်အခါ မန့်လန်အဆောင်ထဲသို့ ပြေးဝင်သွားရင်း အော်ဟစ်ပြောသည်။ “မကောင်းတော့ဘူး.. မီးအိမ်တွေကို မချိတ်ကြနဲ့… မြန်မြန်ငြှိမ်းကြ”
ချင်မူက သူ့ကို လှမ်းဆွဲကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့ နောင်တော်ယန်… ဘယ်ဘက်က ပိုအင်အားကြီးလဲ ကြည့်ကြတာပေါ့”
ယွင်ကျန်းလီ၏ နဖူးမှ ချွေးပေါက်များ ကျလာသည်။ ယွင်ချွီးရှို့သည် ပတ်ဝန်းကျင်ကို ကြည့်ရှုကာ ပြော၏။ “နဂါးသွဲ့ရေကန်ထဲမှာ ဘာကြီးလဲမသိဘူး ချဉ်းကပ်လာနေတယ်… ကောင်းကင်နတ်မြစ်ကနေ ကျောက်စိမ်းပင်လယ်ထဲကို တစ်ခုခု ဝင်လာတယ်”
အမှောင်ထဲရှိ ကျောက်စိမ်းပင်လယ်ပြင်ထက်မှ လှိုင်းလုံးများ ထကြွလာပြီး ကောင်းကင်သို့ မြောက်တက်သွားကြသည်။ လှိုင်းလုံးကြီးသည် ကောင်းကင်နှင့်မြေပြင်ကို ချိတ်ဆက်ထားသော တံတိုင်းကြီးပမာ မြင့်မားလှပြီး ကြောက်မက်ဖွယ်ရာအမြန်နှုန်းဖြင့် မန့်လန်အဆောင်ဆီ ချဉ်းကပ်လာနေ၏။
ဂျလိန်း
မရေမတွက်နိုင်သော လျှပ်စီးတန်းများ ၊ မိုးကြိုးများ ကောင်းကင်ထဲတွင် ဝင်းလက်ပြီး ထစ်ချုန်းအော်မြည်နေသည်။ တိမ်မည်းတိမ်တိုက်များသည် နဂါးသွဲ့ရေကန်တစ်ကန်စလုံးအား အုပ်မိုးထားပြီး ၎င်းတို့အတွင်း၌ မီးပွားများ ပွင့်ထွက်လာ၏။ မီးပွားများက တောက်ပသထက် တောက်ပလာသဖြင့် တိမ်တိုက်များကား လောင်ကျွမ်းတော့မည့်အလား ထွန်းလင်းလာတော့သည်။
မကြာမီ တိမ်တိုက်များမှ မုတ်ဆိတ်မွှေးအလိမ်အကောက်များဖြင့် ခက်ထန်ကြမ်းကြုတ်သည့် ကောင်းကင်နတ်မင်းတစ်ပါး၏ မျက်နှာတစ်ခု ဖွဲ့တည်လာသည်။ အလင်းတန်းများက သူ၏မုတ်ဆိတ်မွှေးအဖြစ် ဖွဲ့တည်နေပြီး အရပ်လေးမျက်နှာသို့ ကားထွက်နေ၏။ နဂါးများ ကွေးကောက်စါာ ကနေသည့်အလား ထင်ရသည်။ ပြောပြမတတ်လောက်အောင် ကြောက်စရာကောင်းပေသည်။
မုတ်ဆိတ်မွှေးအလိမ်အကောက်များဖြင့် မိုးကြိုးကောင်းကင်နတ်မင်းက အောက်ရှိ နဂါးသွဲ့ရေကန်၏အပေါ်က လှိုင်းလုံးကြီးများကို ငုံ့ကြည့်ပြီး ပါးစပ်ကြီးကို ဟလိုက်သည့်အခါ လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသည့်အလား ကျယ်လောင်လှသော အသံကျယ်ကြီး ထွက်လာ၏။
ဧရာမအရာဝတ္ထုကြီးတစ်ခု ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး နဂါးတွန်သံများက မြေပြင်အား လှုပ်ခတ်သွားစေသည်။ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလှသည့် အစိမ်းရောင်နှင့် အနက်ရောင်စပ်နေသော ကျွန်းကြီးတစ်ကျွန်းသည် ပင်လယ်သမုဒ္ဒရာ၏ အောက်ခြေမှ မြောက်တက်လာ၏။
ချင်မူက သူ့အရှေ့ရှိ ကြောက်စရာမြင်ကွင်းကြီးကို ကြည့်ပြီး မျက်လုံးများ တောက်ပလာ၏။ “ဒီကစားပွဲကို ဘယ်လိုနိုင်အောင် ကစားသင့်လဲ… ဒီနေ့ညမှာပဲ ကောင်းကင်နတ်ဘုံနှစ်ခြမ်း ကွဲတော့မယ်ထင်တယ်”
ယွင်ချွီးရှို့က သူ့စကားကို ကြားလိုက်ရ၍ နားမလည်ဟန်ဖြင့် သူ့ဆီသို့ လှည့်ကြည့်သည်။
ချင်မူ သူမကို ပြုံးပြလိုက်သည့်အခါ ယွင်ချွီးရှို့ကလည် ချိုသာစွာ ပြန်ပြုံးပြလေသည်။