← Chapters

ညှာတာမှုမရှိ သတ်ဖြတ်ခြင်း

Vol. 56 Ch. 774

ညှာတာမှုမရှိ သတ်ဖြတ်ခြင်း

Vol. 56 Ch. 774

"ဘုန်း"

ဖိအားများ နောက်တစ်ကြိမ် တိုးတက်လာချိန်တွင် နောက်ထပ်အရှိန်အဝါတစ်ခုက ကောင်းကင်သို့ မြင့်တက်လာခဲ့သည်။ ဤတစ်ကြိမ် အဆင့်တက်သွားသူမှာ ယဲ့ချန်ဖြစ်ပြီး နတ်အစေခံအဆင့်ငါးမှ ခြောက်သို့ ရောက်ရှိသွားကာ တစ်ကိုယ်လုံး ရွှေရောင်တောက်ပနေသည်။ အချိန်လေဟာနယ်ရုန်းများက ခန္ဓာကိုယ်ထက်တွင် စီးဆင်းနေပြီး တောင်ကြီး၏အောက်ခြေကို ဖြည်းဖြည်းချင်း တိုက်စားနေသည်။

"ဘာကြောင့် နောက်တစ်ယောက် အဆင့်တက်သွားတာလဲ"

ရှရီက ရင်ထိတ်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ကြီးမားလှသော ဖိအားအောက်တွင် တစ်ဖက်လူက အဆင့်တက်သွားသည့်အပြင် တောင်ကြီး၏အောက်ခြေကိုလည်း တိုက်ခိုက်ဖျက်ဆီးနေရာ ပျက်စီးမတတ်ဖြစ်လာခဲ့သည်။ ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် အခြေအနေမကောင်းနိုင်သဖြင့် သူ၏အမူအရာက ကြမ်းကြုတ်သွားကာ အ​​သေသတ်ရန် ဆုံးဖြတ်လိုက်သည်။ သူက အော်ဟစ်ကြုံးဝါး၍ ခွန်တောင်စည်းကို ထပ်မံဖိချလိုက်ပြီး အသက်သွေးများ အန်ထုတ်ကာ ပေါင်းစပ်ပေးလိုက်သည်။ ယဲ့ချန်တို့ လွတ်မြောက်လာလျှင် အသတ်ခံရနိုင်သောကြောင့် သူက သတ်ဖြတ်ရန်အတွက် အစွမ်းကုန် ထုတ်သုံးနေရသည်။ ကောင်းကင်ချီများမှ ဖြစ်ပေါ်လာသော တောင်ကြီးက ရှရီ၏လုပ်ရပ်ကြောင့် တုန်ခါသွားကာ ကျယ်လောင်စွာမြည်ဟီး၍ ကျဆင်းလာသောကြောင့် ပတ်ဝန်းကျင်လေထုမှာ ပွတ်တိုက်အားကြောင့် မီးလောင်သွားခဲ့သည်။

"ဘုန်း"

အရာရာကို ဖိနှိပ်ဖျက်ဆီးနိုင်သော ဖိအားကြီးတစ်ရပ်က ယဲ့ချန်တို့ကို အမှုန့်ချေရန်အတွက် ကျဆင်းလာခဲ့သည်။ နဂါးဘုရင်၊ ထန်းယွမ်နှင့် ဘုရင်ချင်တို့၏မျက်နှာများက နာကျင်နေပုံရပြီး ပြင်းထန်လွန်းသော ဖိအားကြောင့် အရိုးများမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ထို့ကြောင့် သူတို့က အချိန်မရွေး ပေါက်ကွဲသေဆုံးသွားနိုင်ချေရှိနေသော်လည်း ခြင်္သေ့ကြီးထံမှ ဟိန်းဟောက်သံက ဝေါင်းခနဲ ထွက်ပေါ်လာကာ လည်ဆံမွေးများက လေထဲတွင် တလူလူလွင့်ပျံနေ၍ ခရမ်းရောင်မီးတောက်များထုတ်ဖော်ပြီး တောင်ကြီး၏အောက်ခြေကို ဧရာမအပေါက်ကြီး ဖြစ်သွားစေသောကြောင့် ဖိအားက အနည်းငယ် လျော့ကျသွားသည်။ သို့သော် မီတာထောင်ချီမြင့်သော တောင်ကြီး ဆက်လက်နိမ့်ကျလာသောအခါ ထိုလျော့ကျသော ပမာဏက မပြောပလောက်ချေ။ ပြင်းထန်သော ဖိအားအောက်တွင် အစွမ်းကုန်တွန်းလှန်နေသော သူ၏အရိုးအဆစ်များထံမှ တကျွတ်ကျွတ်မြည်သံများ ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ပိုင်ဆိုင်ထားသော ခြင်္သေ့ကြီးက အံ့ဖွယ်ဖြစ်ရပ်တစ်ခုအလား နတ်အစေခံအဆင့်ရှစ်သို့ ထပ်မံတက်ရောက်သွားခဲ့သည်။ ထိုအချိန်တွင် ဖိအားကြောင့် နာကျင်မှုကို တောင့်ခံနေရသော ယဲ့ချန်၏ရုပ်ခွန်အားကလည်း တစ်စတစ်စမြင့်တက်လာကာ အရှိန်အဝါတစ်ခုက ဘက်ပေါင်းစုံသို့ ပြန့်ထွက်သွားကာ နတ်အစေခံအဆင့်ခုနစ်သို့ ကျော်ဖြတ်နိုင်ခဲ့သည်။ သူတို့နှစ်ဦး၏ရုပ်ခန္ဓာများက သာမန်ကျင့်ကြံသူများ၏ရုပ်ခန္ဓာများနှင့် လားလားမျှမတူချေ။

"ဒီကောင်တွေ အဆင့်ထပ်တက်သွားပြန်ပြီ"

ခွန်တောင်စည်းကို ကောင်းကင်ချီဖြင့် ထောက်ပံ့ပေးနေသော ရန်သူများမှာ မင်သက်သွားကြသည်။ နတ်အစေခံအဆင့်တွင် အဆင့်ငယ်တစ်ခုတက်ရန်အတွက် သူတို့က နှစ်ပေါင်းဆယ်ချီရာချီ ကျင့်ကြံရသော်လည်း လူတစ်ယောက်နှင့် ခြင်္သေ့တစ်ကောင်က ကြောက်မက်ဖွယ်ဖိအားအောက်တွင် ဆက်တိုက်အဆင့်တက်ပြနေခဲ့သည်။

"ဒီကောင်တွေကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး"

ရန်သူများ၏စိတ်ထဲတွင် မနာလိုဝန်တိုစိတ်များ ကြီးကြီးမားမား ထွက်ပေါ်လာသည်။

"နောက်ထပ်ပိုပြီး ဖိအားများလိုက်စမ်းပါ"

လူမဆန်သော နာကျင်မှုကို ခံစားနေရသော်လည်း ယဲ့ချန်၏ရုပ်ခန္ဓာက ပိုမိုပြင်းထန်သော ဖိအားကို တောင့်တနေသည်။ ကြောက်မက်ဖွယ်နာကျင်မှုအောက်တွင် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာက ပိုမိုသန်မာလာခဲ့သည်။ နာကျင်မှုကြောင့် သေခြင်းတရားနှင့် ပို၍နီးကပ်လာလေလေ ၎င်းက ဆင့်ကဲတိုးတက်လေလေဖြစ်ပြီး ၎င်း၏ အနန္တိမစွမ်းရည်ဖြစ်သည်။ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးသ​ည်လည်း ဖိအားကိုရင်ဆိုင်ရန် လည်ပတ်နေပြီး ယဲ့ချန်၏မျက်လုံးများက ရှရီကို သတ်ဖြတ်လိုစိတ်ဖြင့် အေးစက်စက် စိုက်ကြည့်နေသည်။ ထိုအကြည့်ကြောင့် သူက ကြောက်လန့်သွားပြီး ခွန်တောင်စည်းကို ထပ်မံဖိချလိုက်သည်။ သို့သော် သူမသိသည်မှာ ၎င်း၏ဖိအားက ယဲ့ချန်ကို သတ်ပစ်ရမည့်အစား ပို၍အစွမ်းထက်လာစေရန် ကူညီပေးနေခြင်းဖြစ်သည်။ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာအတွက် ပိုမိုအဆင့်မြင့်လာစေရန် ဤသို့သန့်စင်ဖိအားပေးခြင်းမျိုး လိုအပ်နေသည်။ ယဲ့ချန်နှင့် ခြင်္သေ့ကြီးတွင် နတ်ခန္ဓာကို အပြည့်အဝပိုင်ဆိုင်ထားပြီး နဂါးဘုရင်နှင့် ဘုရင်ချင်က နတ်သစ်သီးကို သန့်စင်စုပ်ယူထားကြသည်။ အလွန်အစွမ်းထက်သူတစ်ဦးကသာ အထူးနည်းလမ်းတစ်မျိုး အသုံးမပြုလျှင် ၎င်းကိုဖျက်ဆီးရန် အလွန်ခက်ခဲပြီး ဖိအားပေးခြင်းက ပိုမိုအစွမ်းထက်လာစေရန် ကူညီပေးသည်နှင့် မခြားပေ။ ရှရီ၏ခွန်တောင်စည်းက ထိုလေးယောက်ကိုပင် မသတ်နိုင်သောအခါ အဆင့်တစ်မျိုးနွယ်၏ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာအောက် မနိမ့်သော ထန်းယွမ်ကိုသတ်နိုင်ရန် ပို၍ဝေးကွာနေသည်။

စိတ်ကူးမရနိုင်လောက်အောင် ပြင်းထန်သော နှိပ်စက်မှုကို ခံနေရသည့် ယဲ့ချန်က ကြယ်ကိုးလုံးကို အပြင်းအထန်လည်ပတ်ကာ မျက်ဝန်းများအေးစက်စွာဖြင့် တောင်ကြီးကို လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဤလက်သီးချက်တွင် ကြယ်ကိုးလုံးသရုပ်များ ထင်ဟပ်နေကာ လေဟာနယ်ကိုပင် ထိုးဖောက်သွားပုံရသည်။ နားကွဲမတတ်ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ကောင်းကင်မူလကြယ်တစ်ခွင် မြည်ဟီးသွားစေသည်။ တောင်ကြီးက ပြင်းထန်စွာတုန်ခါသွားကာ အောက်ခြေမှ ထိပ်ဆုံးအထိ ဧရာမအက်ကြောင်းကြီး ကွဲထွက်သွားသည်။

"ဘာ"

လက်သီးတစ်ချက်တည်းဖြင့် နတ်အစေခံခြောက်ရာကျော် စုပေါင်းဖန်တီးထားသော တောင်ကြီးကို အက်ကြောင်းထင်သွားစေသဖြင့် ရန်သူများက မျက်လုံးပြူးကုန်သည်။

"ဖျက်ဆီးစမ်း"

ယဲ့ချန်၏ဦးဆောင်မှုအောက်တွင် ကျန်လေးယောက်ကလည်း တောင်ကြီးကို အသန်မာဆုံးတိုက်ကွက်များနှင့် တိုက်ခိုက်လိုက်ကြသည်။ ခြင်္သေ့ကြီး၏ ခရမ်းရောင်မီးတောက်များက ၎င်းထံ တိုးဝင်သွားသကဲ့သို့ နဂါးဘုရင်၊ ထန်းယွမ်နှင့် ဘုရင်ချင်၏လက်သီးချက်များလည်း ထွက်ပေါ်လာသောအခါ တစ်ခုလုံး အက်ရာထင်သွားသည်။ ဤငါးယောက်က ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေသဖြင့် သူတို့ကိုသတ်ရန် ဦးဆောင်မိခဲ့ခြင်းအပေါ် ရှရီက နောင်တရလျက်ရှိသည်။ ကျန်ရန်သူများမှာလည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကာ ခွန်တောင်စည်းကို ကောင်းကင်ချီများဖြင့် ဆက်တိုက်ထောက်ပံ့ပေး၍ ဤလူစု မလွတ်မြောက်စေရန် ကြိုးစားနေကြသည်။

"ဘန်း ဘန်း ဘန်း"

ယဲ့ချန်က လေပေါ်သို့ ခုန်တက်၍ လက်သီးသုံးချက် ဆက်တိုက်ပစ်သွင်းလိုက်သောအခါ တစ်ချက်ချင်းစီ၌ တောင်ကြီးတွင် ဧရာမအပေါက်ကြီးတစ်ခုစီ ဖြစ်ပေါ်လာစေသည်။ အက်ကြောင်းများထင်နေသော တောင်ကြီးက ဘန်းခနဲ ပေါက်ကွဲပြိုကျသွားသောအခါ ကျင့်ကြံသူငါးယောက်က ကျားရဲများပမာ တဟုန်ထိုး ပြေးထွက်လာကြသည်။ တန်ပြန်အားကြောင့် ရှရီက လွင့်ထွက်သွားကာ သွေးများအန်ချ၍ အပြင်းအထန်ဒဏ်ရာရသွားသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။ ကျင့်ကြံသူငါးယောက်၏ ထက်ရှသော အကြည့်များက ရန်သူများထံ ကျရောက်လာသည်။ သူတို့က ဒဏ်ရာမရရုံသာမက ပို၍သန်မာလာကြသောကြောင့် ရန်သူများမှာ အံ့သြမှုနှင့် ကြောက်စိတ်ကို တပြိုင်နက်ခံစားလိုက်ရသည်။ ခွန်တောင်စည်းက ကောင်းကင်မူလကြယ်၏ ကာကွယ်သူငါးယောက်ကို မသတ်နိုင်ဟု သူတို့က အိပ်မက်ပင် မမက်ဖူးချေ။

"ကောင်းကင်မူလကြယ်ကို ကျူးကျော်လာသူတိုင်း အသတ်ခံရမယ်"

နဂါးဘုရင်၏အမိန့်သံက အာဏာစက်ပြင်းစွာ ထွက်ပေါ်လာသောအခါ ကျန်လေးယောက်က ရန်သူများထံ တဟုန်ထိုး ပြေးဝင်သွားကြသည်။ ယခင်ကပင် အဆင့်တစ်ဆယ်နတ်အစေခံများက သူတို့ကိုအနိုင်မယူနိုင်ဘဲ လက်ရှိတွင် ပို၍အစွမ်းထက်လာကြပြီး ပြိုင်ဘက်ကင်းသန်မာသော ရုပ်ခန္ဓာများကို ပိုင်ဆိုင်လာသောကြောင့် အတားအဆီးမရှိ လွတ်လွတ်လပ်လပ် သတ်ဖြတ်နိုင်စွမ်းရှိလာသည်။ နာကျင်စွာအော်သံများနှင့်အတူ ရန်သူများက တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကြကာ လက်သီးချက်များအောက်တွင် ခေါင်းနှင့်ကိုယ် အဆက်အသွယ်ပြတ်သွားသူများလည်း မနည်းပေ။ သူတို့၏ရုပ်ခန္ဓာသက်သက်ကပင် အဆင့်တစ်ဆယ်တာအိုလက်နက်များကို ဖျက်ဆီးနိုင်နေသောအခါ ရန်သူများမှာ ကူကယ်ရာမဲ့ခြင်းကို ပထမဆုံးအကြိမ် ခံစားမိသွားကြသည်။ တိုက်ကွက်များက ထိုငါးယောက်ကို ခြစ်ရာပင်မထင်စေခဲ့သောအခါ တစ်ဖက်သတ်သတ်ပွဲကြီး ဖြစ်ပေါ်လာ၏။

"ဘန်း"

ယဲ့ချန်သည် ရှရီ၏လက်မောင်းကို လက်သီးဖြင့် ထိုးကျလိုက်သောအခါ ညာလက်အရိုးက ငေါထွက်လာကာ လက်တစ်ခုလုံး တွဲလောင်းကျ၍ သုံးစားမရတော့ပေ။ နာကျင်မှုကြောင့် သူက ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံးချွေးပြန်လာသည့်အပြင် ယဲ့ချန်ကိုကြည့်နေသော အကြည့်များတွင် ကြောက်စိတ်တို့ ထင်ဟပ်နေသည်။ တစ်ဖက်လူက အဆင့်ခုနစ်သာဖြစ်သော်လည်း ကောင်းကင်ကိုဆန့်ကျင်နိုင်သော ပါရမီရှင်တစ်ယောက်ဖြစ်နေကာ အဆင့်တစ်ဆယ်သို့ရောက်လာလျှင် အဆင့်နိမ့်ကြယ်သခင်များကိုပင် တိုက်ခိုက်နိုင်စွမ်းရှိလာနိုင်သည်။ ကျောက်စိမ်းသစ်တောကြယ်မှ ကျင့်ကြံသူများက ရှရီကို ကယ်တင်ရန်အတွက် ယဲ့ချန်ကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။ သို့သော် သူ၏ကန်ချက်တစ်ချက်တွင် အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်၏ ရင်ဘတ်က ချိုင့်ဝင်သွားကာ နံရိုးများ အပိုင်းပိုင်းအစစကွဲကြေ၍ အော်ပင်မအော်နိုင်ဘဲ လဲကျသေဆုံးသွားခဲ့သည်။ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ၏ လက်သီးချက်နှင့် ကန်ချက်များတွင် ကြောက်မက်ဖွယ်အင်အားများပါဝင်နေပြီး ပိုမိုတိုက်ခိုက်သတ်ဖြတ်လေလေ သူက ရူးသွပ်ကြမ်းတမ်းလာလေလေဖြစ်သည်။ ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူငါးယောက်လက်ချက်ဖြင့် ရန်သူများက ရက်ရက်စက်စက်အသတ်ခံနေရပြီး ကောင်းကင်ပင် သွေးရောင်ပြောင်းနေသဖြင့် ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။

"ငါက ကြယ်သခင်ရှန်ရုန်ရဲ့ သားပဲ။ မင်းတို့က ငါ့နောက်လိုက်တွေကို သတ်ရဲတယ်ပေါ့။ ငါ့အဖေရောက်လာရင် ကောင်းကင်မူလကြယ်ကို ဖျက်ဆီးလိမ့်မယ်"

လူငယ်တစ်ယောက်က နောက်ခံအားကိုးဖြင့် ယဲ့ချန်တို့ကို ခြိမ်းခြောက်ရန် ကြိုးစားလာသည်။

"ကောင်းကင်မူလကြယ်ကို ဖျက်ဆီးမယ် ဟုတ်လား။ ငါ မင်းကို အရင်သတ်မယ်။ မင်းအဖေရောက်လာရင်တောင် သူလည်း သေရမယ်"

နဂါးဘုရင်က အေးစက်စက်ရေရွတ်ကာ ဓားချက်တစ်ချက်ယမ်းလိုက်သောအခါ ထိုလူငယ်က နှစ်ပိုင်းပြတ်ထွက်သွားကာ သွေးမိုးများ ရွာကျလာသည်။ ကောင်းကင်မူလကြယ်၏ ကာကွယ်သူများက ကြယ်သခင်တစ်ယောက်၏သားကိုပင် သတ်ဖြတ်ရဲနေသောကြောင့် ကျူးကျော်လာသူများက တုန်လှုပ်သွားကြသည်။ နဂါးဘုရင်၏မျက်လုံးများ အေးစက်နေကာ ရန်သူများ၏အသက်ကို ဓားရှည်ဖြင့် ဆက်တိုက်ရိတ်သိမ်းနေပြီး ရွှယ်ယွမ်၏နောက်ဆုံးအပြုံးကို ပြန်လည်မြင်ယောင်ရင်း နာကျင်နေခဲ့သည်။ ကျူးကျော်လာသူများကို သူက အလွန်မုန်းတီးနေသောကြောင့် လုံးဝညှာတာမနေဘဲ အားလုံးကို သတ်ချင်နေခဲ့သည်။

"ငါက တောင်ပံကြယ်သခင်ရဲ့ ညီမငယ်ပဲ။ ကြယ်သခင်တွေစုပေါင်းပြီး နင်တို့ကို လာသတ်မှာ မကြောက်ဘူးလား"

ကျောထက်တွင် တောင်ပံများပိုင်ဆိုင်ထားသည့် မိန်းမတစ်ယောက်က ခေါင်းမော့ရင်ကော့၍ မောက်မာစွာ ခြိမ်းခြောက်လာပြန်သည်။ သို့သော် ဘုရင်ချင်က အေးစက်စွာပြုံးလိုက်ပြီး နတ်ဆိုးချီများကို မြှားတစ်စင်းသဖွယ်စုစည်းကာ သူမ၏လည်ပင်းကို ထိုးဖောက်သွားစေသည်။ ထိုမိန်းမက မယုံနိုင်ဟန်ဖြင့် ဘုရင်ချင်ကို မျက်လုံးအပြူးသားကြည့်ရင်း လဲကျသေဆုံးသွားသည်။

"ရယ်စရာကောင်းလိုက်တာ။ ကောင်းကင်မူလကြယ်ကို အနိုင်ကျင့်တုန်းကကျင့်ခဲ့ပြီး အခုမှ နစ်နာသူတွေ လုပ်ပြနေကြတယ်။ မင်းတို့က ဒီအခြေအနေအထိ လွန်လာမှတော့ ငါတို့က ဘာကြောက်ရမှာလဲ"

နဂါးဘုရင်က ပြတ်ပြတ်သားသားအော်ဟစ် ကြုံးဝါးလိုက်လေသည်။

All Chapters