← Chapters

နတ်ဆိုးကိုယ်ပွား ပြန်ရောက်လာခြင်း

Vol. 56 Ch. 776

နတ်ဆိုးကိုယ်ပွား ပြန်ရောက်လာခြင်း

Vol. 56 Ch. 776

နောက်ဆုံးတွင် ကြယ်သခင်များ လှုပ်ရှားလာသောကြောင့် ရှရီက စိတ်အေးသွားကာ ကျေနပ်သွားသည်။ သူသိထားသမျှအရ ကောင်းကင်မူလကြယ်သို့ အဆင့်နိမ့်ကြယ်သခင်ရှစ်ယောက် ရောက်နေပြီး သုံးယောက်က ကိုယ်ထင်ပြလာသောအခါ အဆင့်ချင်း အလွန်ကွာခြားသော နတ်အစေခံငါးယောက်ကို ကြောက်စရာမလိုတော့ပေ။

"ကျေးဇူးတင်ပါတယ် ကြယ်သခင်ယွမ်ဟာ။ ကျောက်စိမ်းသစ်တောကြယ်ကို ပြန်ရောက်ရင် သေချာပေါက် ကျေးဇူးဆပ်ပါမယ်"

သူ့ကို ကာကွယ်ပေးထားသော ယွမ်ဟာထံ လက်သီးနှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။

"ကျောက်စိမ်းသစ်တောကြယ်သခင်က ငါ့မိတ်ဆွေဆိုတော့ မင်းကို ကယ်ရမှာပေါ့"

ယွမ်ဟာက ဤသို့​ပြောလိုက်သော်လည်း တစ်ဖက်လူမှ ရတနာများစွာပေးအပ်ခြင်းမရှိလျှင် လက်တစ်ဖက်လှုပ်ရန်ပင် ပျင်းရိနေပေလိမ့်မည်။ အသက်အန္တရာယ်မရှိတော့သောအခါ ရှရီသည် ယဲ့ချန်တို့လက်ချက်ကြောင့် မည်မျှကြောက်လန့်ခဲ့ရကြောင်း တွေးမိလိုက်သဖြင့် မကျေမနပ်ဖြစ်သွားပြီး လက်စားချေရန် ဆုံးဖြတ်လိုက်၏။

"ထောင်ချောက်မိနေတဲ့ သားရဲတစ်ကောင်က တိုက်ခိုက်နိုင်ရင်တောင် ဘယ်လောက်ကြာကြာခံနိုင်မှာလဲ။ ဒီနေ့ မင်းတို့က နတ်အစေခံတွေအများကြီးကို သတ်ခဲ့တဲ့အတွက် ကောင်းကင်မူလကြယ်က အနှေးနဲ့အမြန် ဖျက်ဆီးခံရလိမ့်မယ်။ မင်းတို့ငါးယောက် ကိုယ့်အပြစ်ကိုဝန်ခံပြီး သတ်သေမယ်ဆိုရင် ကောင်းကင်မူလကြယ်ရဲ့ အသက်တွေကို ချမ်းသာပေးဖို့ စဥ်းစားပေးမယ်"

သူက ခြိမ်းခြောက်နိုင်စွမ်း ကင်းမဲ့နေပြီဖြစ်သော ယဲ့ချန်တို့ငါးယောက်ကို အေးစက်စက်စိုက်ကြည့်ကာ အထက်စီးမှ အမိန့်ပေးလိုက်သည်။ ထိုစကားကြောင့် သူတို့အားလုံးက ဒေါသတကြီးဖြစ်သွားသည်။ ရှရီက ကောင်းကင်မူလကြယ်၏သက်ရှိတိုင်းကို သတ်ဖြတ်ချင်နေသည်ဖြစ်ရာ ကောင်းကင်နတ်ဆိုးများနှင့် ကွာခြားခြင်းမရှိပေ။

"ငါ့ကြယ်ပေါ်က အသက်တွေကို ခြိမ်းခြောက်ရအောင် မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ။ ဒါက မင်းတို့ပြောတဲ့ တာအိုကို ကာကွယ်မယ့် အမှန်တရားလမ်းစဥ်လား။ စောက်ရှက်မရှိတဲ့ ခွေးကောင်"

ယဲ့ချန်က ဆည်းဆာနတ်ဓားဖြင့် ရှရီကိုချိန်ရွယ်ကာ ကျိန်ဆဲလိုက်သည်။ ဆည်းဆာနတ်ဓားကို ကြောက်လန့်နေသော ရန်သူက နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ သူ့ကို ကြယ်သခင်များ ကာကွယ်ပေးထားကြောင်း သတိရသွားသောအခါတွင်မှ ဟန်ကိုယ့်ဖို့ဖြစ်သွားသော်လည်း မျက်နှာတစ်ခုလုံး မည်းနက်နေသည်။

"ကောင်းကင်မူလကြယ်မှာ ကြယ်သခင်မရှိဘူးဆိုပေမယ့် အနိုင်ကျင့်ရလွယ်ကူမယ်လို့ ထင်နေရင် မင်းတို့ သိပ်မှားသွားပြီ။ ငါတို့က အားနည်းပေမယ့် သေရမှာမကြောက်ဘူး။ ကြယ်သခင်တွေ ဝင်ပါမယ်ဆိုရင် မင်းတို့ကိုပါ ကောင်းကင်မူလကြယ်နဲ့အတူ မြေမြုပ်ပစ်မယ်"

ယဲ့ချန်က ရှရီကို သတိပေးဟန်ဖြင့် စိုက်ကြည့်ကာ ကြယ်သခင်များ၏တည်နေရာအား မသိသောကြောင့် ကောင်းကင်သို့ ဦးတည်အော်ဟစ်လိုက်သည်။

"ဟား ဟား နိမ့်ကျတဲ့ နတ်အစေခံလေးတစ်ယောက်က ကြယ်သခင်တွေကို ဘာလုပ်နိုင်မှာလဲ။ မင်း ဘယ်လောက်စွမ်းသလဲဆိုတာ ဒီကြယ်သခင်က စမ်းသပ်ကြည့်ချင်တယ်"

ရောင်လီ၏ ခပ်အက်အက်အသံက လှောင်သံရောစွက်၍ ထွက်ပေါ်လာသည်။ ကောင်းကင်ထက်မှ အလင်းတန်းတစ်ခုက ယဲ့ချန်တို့ငါးယောက်အပေါ် ကျဆင်းလာသည်။ သူက ချိတ်ပိတ်ကျင့်စဥ်တစ်ခုကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

"နတ်အစေခံနည်းနည်းလေးနဲ့ ကြယ်သခင်ကို ဆန့်ကျင်ချင်တယ်ပေါ့။ ဘယ်လောက်တောင် တုံးအလိုက်သလဲ။ ကြယ်သခင်တစ်ယောက်က လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့ မင်းတို့အားလုံးကို သတ်နိုင်တယ်"

ရှရီက ယဲ့ချန်တို့ငါးယောက်ကို စိုက်ကြည့်၍ စိတ်ထဲမှ ကဲ့ရဲ့လိုက်သည်။

"နှံကောင်က စစ်ရထားကို တားဆီးချင်တာလား။ မင်းတို့ခွန်အားနဲ့များ ကြယ်သခင်တစ်ယောက်ကို တိုက်ခိုက်ချင်နေတယ်။ မင်းတို့ကို သေတဲ့အထိ မနှိပ်စက်လိုက်ရတာ နှမြောစရာပဲ။ မင်းတို့သေသွားရင် ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေးတွေကို ငါ ဂရုစိုက်ပေးမယ်။ ဒီနေရာက ပျော်ပါးဖို့ကောင်းမှာ သေချာတယ်"

ရှရီက သူရဲဘောကြောင်သူပီပီ အထက်စီးသို့ရောက်နေသောအခါ ယဲ့ချန်တို့ကို မခံချင်အောင် ကောက်ကျစ်စွာဖြင့် လှောင်ရယ်နေခဲ့သည်။ သူ၏မျက်နှာထက်တွင် မောက်မာသော အမူအရာများ ပြည့်နှက်နေသော်လည်း သေလုမျောပါးဖြစ်သည်အထိ ဖိအားပေးခံရခြင်းကို ကြောက်လန့်နေခဲ့သည်။ သူ့ကို ဤအခြေအနေအထိ ဖိအားပေးနိုင်ခဲ့သော ယဲ့ချန်အပေါ် အကြောက်တရားက အမုန်းတရားအဖြစ်​ ပြောင်းလဲသွားသည်။ ယဲ့ချန်တို့ကို ရောင်လီက စည်းခတ်ချုပ်နှောင်လိုက်သောအခါ ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများက စိုးရိမ်တကြီးဖြင့် ပျံသန်းလာပြီး ကူညီချင်သော်လည်း အစွမ်းထက်ဖိအားတစ်ရပ်ကြောင့် တျန်းယွမ်မြို့တွင်း၌ ပိတ်မိသွားကြသည်။ ထိုအရှိန်အဝါကြောင့် နတ်ဆိုးအသွင်ပြောင်းနေသော ဘုရင်ချင်က နာကျင်မှုကြောင့် ရှုံ့မဲ့နေကာ ကျန်လေးယောက်ကို လှည့်ကြည့်လိုက်သောအခါ အခြေအနေမကောင်းကြောင်း နားလည်လိုက်သည်။ ကြယ်သခင်တစ်ယောက်၏အစွမ်းကို သူတို့ ရင်မဆိုင်နိုင်သည်ဖြစ်ရာ ဆက်လက်ဖြစ်ပွားနေလျှင် အားလုံး သေရပေလိမ့်မည်။

"ကြယ်သခင်တွေက ငါ့ကို သတ်ချင်တယ်ဆိုရင် ငါ့ကိုယ်ငါ သတ်သေမယ်။ ကောင်းကင်မူလကြယ်နဲ့ ဘာမှမဆိုင်ဘူး။ သူတို့ကို လွှတ်ပေးလိုက်"

ဘုရင်ချင်၏ မျက်ဝန်းအတွင်း အရှက်ခွဲခံရမှုကြောင့် နာကျင်နေသော်လည်း အခြားလူများ ရှင်သန်ရေးအတွက် အနစ်နာခံရန် ရွေးချယ်ကာ ဒူးထောက်တောင်းဆိုလိုက်သည်။

"အခုမှ တောင်းပန်လို့ကတော့ နောက်ကျသွားပြီ။ အခုနက မင်းတို့ခေါင်းမာနေတာ မဟုတ်ဘူးလား။ မင်းကိုယ်မင်း သတ်သေပြီး ကျန်တဲ့ပုရွက်ဆိတ်လေးတွေက ငါ့ကို ဆယ်ကြိမ်ကန်တော့ရင် အသက်ချမ်းသာပေးမယ်"

ရောင်လီက မောက်မာစွာဖြင့် အမိန့်ပေးလိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်တို့လက်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရထားသော်လည်း အသက်ရှင်နေဆဲဖြစ်သော ကျူးကျော်သူများက လှောင်ရယ်လိုက်ကြသည်။ သူတို့ကို ဆိုးဆိုးရွားရွား တိုက်ခိုက်အနိုင်ယူခဲ့သူများကို ကြယ်သခင်များက အနိုင်ကျင့်နေသည်အား မြင်သောအခါ ကျေနပ်ဝမ်းသာနေကြသည်။

"ဒူးထောက်စမ်း"

"ဒူးထောက်ရှိခိုးစမ်း"

"အခုနက မောက်မာနေတဲ့ခွေးကောင်တွေ ထပ်ပြီးမောက်မာစမ်း"

သူတို့က ယဲ့ချန်တို့ကို ရန်လိုသောမျက်လုံးများဖြင့် စိုက်ကြည့်ကာ အလွန်ကျေနပ်အားရဟန်ဖြင့် အော်ဟစ်နေကြသည်။ ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများမှာ ကျူးကျော်လာသူများ၏ လုပ်ရပ်ကြောင့် ဒေါသမီးဝင်းဝင်းတောက်နေသည်။ အကယ်၍ သူတို့သာ ဒူးထောက်လိုက်လျှင် ဤအရှက်ရမှုက စိတ်နှလုံးအတွင်း တစ်သက်တာ စွဲထင်သွားမည်ဖြစ်ကာ လက်ရှိအဆင့်မှ ထပ်တက်ရာတွင် အတားအဆီး ဖြစ်လာပေလိမ့်မည်။

"ဒူးမထောက်သေးဘူးလား"

ရောင်လီက ဒေါသတကြီးအော်ဟစ်၍ ပိုမိုပြင်းထန်သော အရှိန်အဝါကို ထုတ်ဖော်လိုက်သော်လည်း ယဲ့ချန်တို့ငါးယောက်က အံကြိတ်သည်းခံနေပြီး အရိုးကျိုးသံများ ထွက်ပေါ်လာသည်။

"ဒီကောင်တွေကို သတ်ကြ။ ကောင်းကင်နတ်ဆိုးနဲ့ ပူးပေါင်းတဲ့အတွက် သူတို့အားလုံး သေသင့်တယ်"

ကျူးကျော်လာသူများသည် အခွင့်အရေးရလျှင် ကာကွယ်သူငါးယောက်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်လိုနေကြသည်။ ဘုရင်ချင်က လည်ပင်းထက်တွင် ဓားတင်လိုက်ရင်း အသက်ကို ပြင်းပြင်းရှူကာ သူ၏ဘဝတလျှောက် ကာကွယ်ခဲ့သော အမိမြေကို နောက်ဆုံးတစ်ကြိမ် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက တိုက်ပွဲအတွင်း သေဆုံးသွားသော ရွှယ်ယွမ်ကို ပြန်လည်အမှတ်ရလိုက်ပြီး သူမ၏အပြုံးကို မြင်ယောင်လာသဖြင့် ဝမ်းနည်းနာကျင်နေခဲ့သည်။

"ရွှယ်ယွမ် ငါ မင်းနဲ့ မကြာခင် ပြန်တွေ့ရတော့မယ်။ နှုတ်ဆက်ပါတယ်"

သူက မျက်လုံးများမှိတ်၍ သတ်သေရန် ပြင်ဆင်လိုက်သည်။

"ဘုရင်ချင် မင်းက ငကြောက်လား။ ကိုယ့်ကိုကိုယ်သတ်သေမယ်ဆိုရင် မင်းကို ငါ့တစ်ဘဝလုံး အထင်သေးနေမှာကွ။ ငါတို့သေရင်တောင် ဘယ်ကောင့်ကိုမှ ဒူးမထောက်ဘူး။ မင်းကိုယ်မင်း သတ်သေလိုက်ရုံနဲ့ ဒီခွေးမသားတွေက ငါတို့ကိုအလွတ်ပေးမယ် ထင်နေလား။ ဒီနေ့ပြဿနာက တစ်ဖက်ဖက်သေမှ အေးလိမ့်မယ်"

နဂါးဘုရင်က ဒေါသတကြီးအော်ငေါက်၍ တားမြစ်လိုက်သည်။ သူ၏စကားကြောင့် ဘုရင်ချင်က ရင်ထိတ်သွားကာ မျက်လုံးများ ပြန်ပွင့်လာသည်။ သူက ဤအကြောင်းကို ခန့်မှန်းမိသော်လည်း ကြယ်သခင်များကိုယှဥ်နိုင်သော အစွမ်းအစ ကောင်းကင်မူလကြယ်၌ မရှိချေ။ သူ၏သေခြင်းတရားက အခြားလူများကို ကယ်တင်နိုင်ပါစေဟု ကံကောင်းရန် မျှော်လင့်ရုံသာတတ်နိုင်သည်။ ကြယ်သခင်များက ယခုအချိန်အထိ ကိုယ်ထင်မပြသေးဘဲ ကောက်ကျစ်သော တောခွေးများပမာ ချောင်းမြောင်းနေခဲ့သည်။ ပတ်ဝန်းကျင်၌ ရှရီနှင့် ကျူးကျော်လာသူများ၏ လှောင်ရယ်သံများသာ ထွက်ပေါ်နေသည်။

"အခေါင်းကို မမြင်ရသေးရင် မျက်ရည်ကျမယ် မထင်ဘူး။ ကြယ်သခင်တွေက မင်းတို့ ကိုယ့်အမှားကိုသိတဲ့အထိ စောင့်ပေးမယ် ထင်နေလား။ ဒီလူတွေက ခေါင်းမာနေတုန်းဆိုတော့ မြန်မြန်သုတ်သင်ပေးပါ ကြယ်သခင်တို့။ ခင်ဗျားတို့ လက်ညစ်ပတ်မခံချင်ရင် ကျုပ် လုပ်လိုက်ပါ့မယ်"

ရှရီက သွေးဆာရက်စက်စွာပြုံး၍ အော်ဟစ်တောင်းဆိုလိုက်သည်။

"ကောင်းပြီ"

ရောင်လီ၏အမြင်တွင် နတ်အစေခံများက ပုရွက်ဆိတ်များသာဖြစ်သောကြောင့် အချိန်ကုန်မခံလိုသောကြောင့် ခွင့်ပြုပေးလိုက်၏။ ရှရီ၏မျက်လုံးများတွင် လှောင်ပြောင်ရိပ်များ ထင်ဟပ်နေကာ ကောက်ကျစ်ယုတ်မာသူတစ်ဦး၏စရိုက် အပြည့်အဝ ထွက်ပေါ်လာသည်။ ရှရီ၏ပစ်မှတ်က ယဲ့ချန်ဖြစ်နေသောအခါ ယဲ့ချန်က ကျားနာတစ်ကောင်ပမာ ရန်သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။ သူ၏မျက်နှာထားကို မြင်သောအခါ ယွမ်ဟာ၏ ကာကွယ်မှုအောက်တွင် ရှိနေသည့် ရှရီက ရယ်မောရင်း ဓားတစ်လက်ဆွဲထုတ်ကာ ချဥ်းကပ်လာသည်။

"လက်ကို အရင်ဖြတ်ရမလား။ ခြေထောက်ကို အရင်ဖြတ်ရမလား ဟား ဟား။ မင်းကို မြန်မြန်သေခိုင်းလို့ မဖြစ်ဘူး"

သူက ယဲ့ချန်ကို လှောင်ပြောင်ရယ်မောနေခဲ့သည်။

"ခွေးကောင် မင်းအရိုးတွေကို တစ်ချောင်းချင်းချိုးပြီးခွေး ကျွေးပစ်မယ်"

ထန်းယွမ်က ကျိန်ဆဲလိုက်ခြင်းဖြစ်သည်။

"စိတ်မပူပါနဲ့။ သိပ်မကြာခင် မင်းအလှ​ည့် ရောက်လာမှာပါ"

ရှရီက ခြိမ်း​ခြောက်ရင်း ယဲ့ချန်အနား တိုးကပ်သွားသောအခါ ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူများကို အစိုးရိမ်ကြီးသွားစေသည်။ နင်အာက ရှိုက်ငိုနေပြီး ပိုလင်းနှင့် ယဲ့လော့က မျက်ရည်များ ဆက်တိုက်ကျဆင်းနေသည်။ ရှရီကို အေးစက်စက်စိုက်ကြည့်နေသော ယဲ့ချန်သည် သွေးပြည်ထောင်မှ ကိုယ်ပွားက ကျိယွမ်ကြယ်မှတဆင့် ကောင်းကင်မူလကြယ်သို့ ရောက်လာကြောင်း ရုတ်တရက် အာရုံခံမိလိုက်သဖြင့် မျက်နှာထားပြောင်းလဲသွား၏။ ကိုယ်ပွားအချင်းချင်း ဆက်သွယ်မိသွားသောအခါ သွေးပြည်ထောင်မှ အဖြစ်အပျက်များက သူ၏စိတ်အတွင်း ထွက်ပေါ်လာသည်။ မရဏကြယ်မှ နတ်ဆိုးယာဥ်များနှင့် ကြယ်သခင်များကိုပင် သတ်နိုင်သော မရဏအလင်းမျှော်စင်စသည့် ရတနာများအကြောင်းလည်း ပါဝင်သည်။

စကြဝဠာအတွင်းမှ သွေးပြည်ထောင်အကြောင်း သေချာသိလိုက်ရသောအခါ ယဲ့ချန်က အလွန်အံ့သြသွားခဲ့သည်။ သူ၏ကိုယ်ပွားက ထိုနေရာသို့ ရောက်ရှိခဲ့သည့်အပြင် နတ်ဆိုးကုန်သည်အဖွဲ့နှင့် စီးပွားရေးလုပ်ကိုင်ခဲ့ပြီး အလွန်ကြွယ်ဝချမ်းသာလာသည်။ သူ၏လက်အောက်တွင် စစ်ဧကရာဇ်သောင်းချီရှိပြီး ငါးထောင်ကျော်က နတ်အစေခံအဆင့် တက်လုနီးပါးဖြစ်သည်။ ကိုယ်ပွား၏ကျင့်ကြံဆင့်က စစ်ဧကရာဇ်အဆင့်တစ်ဆယ်သာ ဖြစ်သော်လည်း သူပိုင်ဆိုင်ထားသော နတ်ဆိုးလှေနှင့် အဆင့်နှစ် မရဏအလင်းမျှော်စင်များက အလွန်တရာအစွမ်းထက်လေသည်။

All Chapters