မရဏအလင်းမျှော်စင်၏ အစွမ်း
Vol. 56 Ch. 777
နတ်ဆိုးကိုယ်ပွားသည် မရဏကြယ်သို့ ရောက်ရှိခဲ့ပြီး ပြန်လမ်းတစ်ခု ရှာတွေ့နိုင်ခဲ့သော်လည်း ကျန်ကိုယ်ပွားတစ်ယောက်က နတ်ဆိုးများ ပြည့်နှက်နေသော ကြယ်တစ်ခု၌ အသတ်ခံလိုက်ရသည်။ ကျိယွမ်ကြယ်နှင့် မရဏကြယ်ကြားတွင် လျှို့ဝှက်လမ်းကြောင်းတစ်ခုရှိနေပြီး နတ်ဆိုးကိုယ်ပွားက မရဏကြယ်ရှိ အင်အားစုကို အစီအစဥ်များချမှတ် ထိန်းချုပ်ခဲ့ပြီး တျန်းယွမ်မြို့သို့ ချက်ချင်းပြန်လာခဲ့သည်။ ယဲ့ချန်သည် သူ့ကိုသတ်ရန် ရှေ့တက်လာသော ရှရီကို စိုက်ကြည့်နေရင်း ဆန်းကျယ်စွာ ပြုံးလိုက်သည်။ နတ်ဆိုးကိုယ်ပွားက ကောင်းကင်နတ်ဆိုးသဘာဝမရှိဘဲ သီးသန့်နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်နေကာ ယဲ့ချန်နှင့် ဆက်သွယ်လာခဲ့သည်။ ဘီလူးက ကောင်းကင်နတ်ဆိုးကို ဝါးမျိုခြင်းဖြင့် ရရှိလာသော နတ်ဆိုးချီက ယဲ့ချန်၏နတ်ဆိုးစွမ်းအင်ကို ကောင်းကင်နတ်ဆိုးများထက် ပို၍သန်မာစေခဲ့သည်။
"နတ်ဆိုးက ဘာလဲ။ လောကရဲ့ အမှန်တရားလမ်းစဥ်ကရော ဘာလဲ။ ရှရီလိုကောင်မျိုးက တာအိုကိုကာကွယ်မယ်လို့ အော်ဟစ်နေပေမယ့် ကောင်းကင်နတ်ဆိုးတွေထက်တောင် ပိုဆိုးနေတယ်။ ဘုရင်ချင်က ကောင်းကင်နတ်ဆိုးဖြစ်သွားတာတောင်မှ ကောင်းကင်မူလကြယ်ကို အသက်စွန့်ကာကွယ်ပေးနေတယ်။ ဒီနေ့ကစပြီး နတ်ဆိုးတာအိုကို ငါကိုယ်တိုင် ပြန်လည်တည်ဆောက်မယ်"
ယဲ့ချန်က ရှရီကို ထက်ရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေလိုက်သည်။
"ဒီနေ့ကစလို့ ငါ ယဲ့ချန်က ကောင်းကင်မူလကြယ်ကို ကျူးကျော်လာသူတိုင်းကို သတ်ပစ်မယ်လို့ ကြေညာတယ်။ ကောင်းကင်မူလကြယ်ကို အနိုင်ကျင့်သူမှန်သမျှ အသတ်ခံရမယ်။ ငါ့လူတွေကို သတ်ရင်လည်း မင်းတို့ ပြေးမလွတ်စေရဘူး"
သူ၏စကားသံက ကျယ်လောင်စွာဖြင့် ကြည်ကြည်လင်လင် ထွက်ပေါ်လာကာ ကောင်းကင်၌ မိုးချုန်းသံပမာ မြည်ဟီးသွားခဲ့သည်။
"ဟား ဟား လှောင်အိမ်ထဲ ရောက်နေတဲ့ကောင်က လေကြီးနေပါလား"
ကျူးကျော်လာသူများက ဟားတိုက်လှောင်ရယ်နေကြပြီး ယဲ့ချန်၏စကားက လှန့်လုံးတစ်ခုဖြစ်သည်ဟု သတ်မှတ်လိုက်ကြသည်။
"ဒီကောင်က ရူးသွားတာလား"
"မောက်မာလှချည်လား"
"ကိုယ့်အခြေအနေကိုယ် ပြန်ကြည့်ဦး။ အကြောက်လွန်ပြီး စိတ်လွတ်သွားပြီလား"
"ပုရွက်ဆိတ်တွေက မောက်မာနေပါလား။ မင်းက ငါတို့အားလုံးကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်ဦးမယ်"
ရောင်လီက စိန်ခေါ်လိုက်ပြီး ယွမ်ဟာနှင့် ကျောက်စိမ်းက နှာခေါင်းရှုံ့လိုက်ကြသည်။ သူတို့က ယဲ့ချန်၏စကားကို အလေးမထားသည်မှာ အဆင့်ခုနစ်နတ်အစေခံတစ်ယောက်က သူတို့ကိုထိခိုက်အောင် မလုပ်နိုင်ဟု သတ်မှတ်ထားသောကြောင့်ဖြစ်သည်။ နဂါးဘုရင်၊ ထန်းယွမ်၊ ဘုရင်ချင်နှင့် ခြင်္သေ့ကြီးသည်လည်း ယဲ့ချန်၏စကားကို သဘောမပေါက်သောကြောင့် ဇဝေဇဝါဖြစ်သွားကြသည်။ ကောင်းကင်မူလကြယ်သို့ ကျူးကျော်လာသူများကို သူတို့က သတ်ချင်သော်လည်း အစွမ်းက မလုံလောက်ပေ။ ကောင်းကင်မူလကြယ်၏ သက်ရှိအားလုံးသည် ထိုစကားကြောင့် မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် မော့ကြည့်လာကြသည်။ သူတို့က ယဲ့ချန်၏ဦးဆောင်မှုအောက်တွင် အသက်စွန့်၍ တိုက်ခိုက်တွန်းလှန်ရန်အတွက် ဆုံးဖြတ်ထားကြသည်။ ယဲ့ချန်၏မျက်လုံးများက မီးဝင်းဝင်စတောက်နေပြီး အနက်ရောင်ဆံပင်က လေထဲတွင် လွင့်ပျံနေကာ စိတ်ထဲတွင် သတ်ဖြတ်ချင်စိတ်များ တဟုန်းဟုန်း တောက်လောင်နေသည်။ ရှေးဟောင်းတျန်းယွမ်မြို့အထက်၌ အနက်ရောင်အလင်းတစ်ခုက သူ့ထံ ပျံသန်းလာပြီး နတ်ဆိုးကိုယ်ပွားဖြစ်ကာ လှစ်ခနဲ ပူးပေါင်းလိုက်သည်။ ယဲ့ချန်၏လုပ်ရပ်ကို နားမလည်သော ရှရီက အနည်းငယ်မင်သက်သွားပြီး လူတိုင်း၏အာရုံက ယဲ့ချန်ထံ ကျရောက်နေသည်။
"ငါက မင်းတို့ကို သွေးပြည်ထောင်ရဲ့ အံ့မခန်းပန်းပဲလက်ရာကို ပြပေးမယ်။ နတ်ဆိုးတိုက်လှေ ထွက်လာစမ်း"
သူ၏စကားအဆုံးတွင် လက်တွင် ဝတ်ဆင်ထားသော မိုးကြိုးလက်စွပ်အတွင်းမှ ဧရာမလှေကြီးတစ်စင်း ထွက်ပေါ်လာသည်။ ၎င်းက မီတာသုံးထောင်အထိမြင့်ပြီး မီတာငါးထောင်ကျော်ရှည်လျားကာ အနက်ရောင်သတ္တုဖြင့် ပြုလုပ်ထားပြီး ကာကွယ်ရေးရုန်းများ ရေးထွင်းထားသောကြောင့် ဖျက်ဆီးမရနိုင်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ ၎င်း၏ကုန်းပတ်များက တောက်ပလင်းလက်နေပြီး ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ပြင်းထန်စွာ ထွက်ပေါ်နေသောကြောင့် နတ်ဆိုးချီများ လွှမ်းခြုံနေသော ဧရာမခံတပ်ကြီးတစ်ခုနှင့် ဆင်တူနေသည်။ ၎င်း၏အသွင်အပြင်က ကျူးကျော်လာသူများကို ကြောက်လန့်သွားစေခဲ့ပြီး သူတို့က အထိတ်တလန့် နောက်ဆုတ်သွားကြသည်။ ၎င်း၏နတ်ဆိုးအရှိန်အဝါက ကြောက်စိတ်များကို သူတို့၏စိတ်အနက်ပိုင်းအထိ ရိုက်သွင်းပေးနိုင်ခဲ့သည်။ ဗဟုသုတကြွယ်ဝသော ကြယ်သခင်များမှာလည်း ၎င်းကို မြင်သောအခါ မျက်နှာထားများ ချက်ချင်းပြောင်းလဲသွားကြသည်။
"ဒါက သွေးပြည်ထောင်ရဲ့ နတ်ဆိုးတိုက်လှေလား။ ဘယ်လိုလုပ် ဒီနေရာကို ရောက်နေရတာလဲ"
"ဘုရားရေ နတ်ဆိုးလှေကြီး"
ထာဝရပြည်ထောင်အတွင်း ဤယာဥ်မျိုးထွက်ပေါ်လာသည်မှာ သဘာဝမကျသောကြောင့် သူတို့က ကြားဖူးရုံသာဖြစ်သည်။ ၎င်း၏တန်ဖိုးက ကြယ်ခြောက်ခု၏ကြွယ်ဝမှုများ ပေါင်းစည်းထားသည်နှင့် တူညီပြီး ဝယ်ယူရန်အတွက် မလွယ်ကူပေ။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်းရှိ အစွမ်းထက် ကြယ်သခင်အနည်းငယ်သာ ၎င်းကို ပိုင်ဆိုင်နိုင်စွမ်းရှိသောကြောင့် တစ်ယောက်ယောက် ရောက်လာခြင်း ဖြစ်နိုင်သည်။
"သူ့ကို မြန်မြန်သတ်စမ်း ။နတ်ဆိုးတိုက်လှေပေါ်ကို မရောက်စေနဲ့"
ရောင်လီက ပထမဆုံး သတိပြန်ဝင်လာကာ ချက်ချင်းအော်ဟစ်လိုက်သည့်အပြင် ယဲ့ချန်ထံ ဓားချက်တစ်ခု ထုတ်ဖော်လိုက်သည်။
"နောက်ကျသွားပြီ ခွေးကောင်"
ယဲ့ချန်က လှောင်ပြုံးပြုံးလိုက်စဥ် နတ်ဆိုးတိုက်လှေက တည်နေရာပြောင်အလင်းတန်းများက ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများထံ ကျရောက်လာသည်။ တစ်ခုပြီးတစ်ခု ကျဆင်းလာသော အလင်းတန်းများအောက်တွင် ယဲ့ချန်က နေရာမှ ပျောက်ကွယ်သွားပြီးနောက် နဂါးဘုရင်၊ ထန်းယွမ်၊ ဘုရင်ချင်စသူတို့အားလုံးလည်း ပျောက်ကွယ်သွားကာ နတ်ဆိုးတိုက်လှေပေါ်သို့ ရောက်ရှိသွားကြသည်။ ရောင်လီ၏ဓားချက်က အဖြူရောင်အလင်းတစ်ခုပမာ ကျဆင်းလာသော်လည်း ပစ်မှတ်တွင် လေထုမှလွဲပြီး ရှိမနေတော့ပေ။ အချိန်ခဏအတွင်း ကောင်းကင်မူလတိုက်ကြီး၏ ကာကွယ်ရေးအစီအရင်အတွင်း ပိတ်မိနေသော ကျူးကျော်လာသူများမှလွဲလျှင် သက်ရှိတိုင်းက လှေအတွင်း ရောက်ရှိသွားသောကြောင့် ရန်သူအားလုံးက ကြီးစွာထိတ်လန့်ပြီး ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။ ၎င်းက စကြဝဠာအတွင်း လွယ်ကူစွာသွားလာနိုင်သည့်အပြင် ကြယ်အဖွဲ့အစည်းကိုကျော်ဖြတ်ရန် လဝက်သာ အချိန်ယူရပေလိမ့်ပေမည်။ ကြယ်သခင်သုံးယောက်က စတင်တိုက်ခိုက်လိုက်သော်လည်း ၎င်းအပေါ်တွင် ခြစ်ရာတစ်ခုထင်ရန်ပင် မစွမ်းဆောင်နိုင်ခဲ့ချေ။ သွေးပြည်ထောင်၏ ပန်းပဲပညာက အမှန်တကယ်ထူးချွန်လွန်းပြီး သူတို့၏တိုက်ကွက်များက ကာကွယ်ရေးရုန်းများကို မချိုးဖျက်နိုင်ခဲ့ပေ။
"ဒီကောင်တွေ လွတ်သွားပြီ"
ယဲ့ချန်တွင် နတ်ဆိုးတိုက်လှေတစ်စင်း ပိုင်ဆိုင်ထားမည်ဟု မထင်ထားသောကြောင့် ရောင်လီ၏မျက်နှာက အလွန်ရုပ်ဆိုးနေသည်။ နတ်ဆိုးယာဥ်အတွင်း ရောက်ရှိသွားသူများကို တိုက်ခိုက်ရန် သူ၏အစွမ်းက မလုံလောက်ပေ။ ကောင်းကင်မူလကြယ်၏ကျင့်ကြံသူများက ပါရမီရှင်များဖြစ်ကာ စကြဝဠာအတွင်း လွတ်လပ်စွာသွားလာနိုင်သော နတ်ဆိုးတိုက်လှေဖြင့်ဆိုလျှင် အနာဂတ်၌ ခြိမ်းခြောက်မှုကြီး ဖြစ်လာနိုင်သည်။ ရှရီသည်လည်း မယုံနိုင်ဟန်ဖြင့် မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြစ်နေကာ ယဲ့ချန်က နတ်ဆိုးလှေကို မည်သို့ပိုင်ဆိုင်ထားကြောင်း စဥ်းစားမရဖြစ်နေခဲ့သည်။ ကြယ်သခင်များ၏ တိုက်ကွက်များပင် အရာမထင်ကြောင်း မြင်နေရသဖြင့် ယဲ့ချန်ကိုသတ်ရန် မဖြစ်နိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။ သို့သော် သူ၏အမြင်၌ ဤလူများက လိပ်တစ်ကောင်ကဲ့သို့ အခွံအတွင်း အမြဲတမ်းပုန်းအောင်းနေရန် မဖြစ်နိုင်ချေ။
"တစ်နေ့ကျရင် မင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်ပြမယ်"
သူက နတ်ဆိုးလှေကို လောဘတကြီးစိုက်ကြည့်နေရင်း စိတ်ထဲမှ ကြုံးဝါးလိုက်သကဲ့သို့ ကျန်ကျူးကျော်သူများကလည်း သားရေတမြားမြား ဖြစ်နေကြသည်။ နတ်ဆိုးတိုက်လှေဖြင့် ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများ ထွက်ပြေးသွားမည်ဟု ထင်ထားသောကြောင့် ချဥ်းကပ်လာသော အန္တရာယ်ကို သူတို့က မရိပ်စားမိပေ။ ကြယ်သခင်သုံးယောက်ပင် စိတ်အေးလက်အေး ဖြစ်နေကြသည်။
နဂါးဘုရင်တို့လူစုသည် နတ်ဆိုးတိုက်လှေပေါ်သို့ ရောက်သောအခါ မြင်မြင်သမျှကို မယုံနိုင်ဖြစ်နေပြီး ဒဏ်ရာများမှ နာကျင်မှုကြောင့်သာမဟုတ်လျှင် အိပ်မက်ဟု ထင်မြင်နေကြပေလိမ့်မည်။ ယာဥ်အတွင်းရှိ ကုန်းပတ်ပေါ်မှတဆင့် ရန်သူများ၏မျက်နှာထားများကို မြင်နေရပြီး သူတို့၏ အံ့သြမှုအတိုင်းအတာကလည်း ထူးမခြားနားဖြစ်သည်။ ယဲ့ချန်၏စိတ်က ၎င်းနှင့် အပြည့်အဝပေါင်းစပ်သွားပြီး လှေပေါ်ရှိ အရာရာတိုင်းကို အတွေးတစ်ချက်နှင့် ထိန်းချုပ်နိုင်သည်။
"ယဲ့ချန် ဒါက ဘယ်လိုယာဥ်အမျိုးအစားလဲ"
နဂါးဘုရင်က ဝမ်းသာနေရာမှ စပ်စုလိုက်ခြင်းဖြစ်သည်။ သူ့အပြင် ကျန်ကျင့်ကြံသူများကလည်း သိချင်စိတ်ပြင်းပျစွာဖြင့် အဖြေကို မျှော်လင့်နေကြသည်။
"ဒါကို ကျုပ်ရဲ့နတ်ဆိုးကိုယ်ပွားက သွေးပြည်ထောင်က ဝယ်ယူလာတာဖြစ်တယ်။ ဒီနတ်ဆိုးတိုက်လှေကို သွေးပြည်ထောင်ရဲ့ အစွမ်းထက်ပန်းပဲပညာနဲ့ သွန်းလုပ်ထားတာဖြစ်တယ်"
နတ်ဆိုးကိုယ်ပွားမှ သတင်းအချက်အလက်များအရ ဤလှေပေါ်တွင် အဆင့်နှစ် မရဏအလင်းမျှော်စင်များ တပ်ဆင်ထားကြောင်း ယဲ့ချန်က သိလိုက်ရသည်။ အဆင့်တစ်က နတ်အစေခံများကို အလွယ်တကူသတ်နိုင်ပြီး အဆင့်နှစ်က အဆင့်မြင့်ကြယ်သခင်များကိုသတ်ရန် ခက်ခဲသော်လည်း အဆင့်နိမ့်ကြယ်သခင်များကို သုတ်သင်ရန်အတွက် ပြဿနာမရှိပေ။ ကျူးကျော်လာသူများ၏ လောဘအကြည့်များကြောင့် သူက ဒေါသတကြီးဖြစ်သွားကာ ကောင်းကင်မူလကြယ်အတွက် အနာဂတ်အန္တရာယ်ကို ဖြေရှင်းရန် ထိုရန်သူအားလုံးကို သုတ်သင်မည်ဟု ဆုံးဖြတ်လိုက်သည်။
"မင်းတို့ကို မရဏအလင်းမျှော်စင်ရဲ့အစွမ်း ပြပေးမယ်"
ယဲ့ချန်က မုန်းတီးစွာဖြင့် အော်ဟစ်ကြုံးဝါးလိုက်လေသည်။