ကြယ်သခင်များ ထွက်ပြေးခြင်း
Vol. 56 Ch. 778
ယဲ့ချန်၏မျက်လုံးတွင် အေးစက်စက်လင်းလက်သွားကာ သူ၏အတွေးတစ်ချက်တွင် လှေ၏ကုန်းပတ်၌ အပေါက်ကြီးဆယ်ခု ထွက်ပေါ်လာ၍ မျှော်စင်ကြီးများ တဖြည်းဖြည်း မြင့်တက်လာသည်။ ၎င်းတို့က လှေပေါ်တွင် ဆန်းကျယ်သော သားရဲကောင်ကြီးများပမာ ထွက်ပေါ်လာကာ မီးတောက်များကဲ့သို့ အနီရောင်တောက်ပနေသည်။ ၎င်းတို့၏ကိုယ်ထည်၌ ရှုပ်ထွေးသော ရုန်းများ စီရင်ထားကာ ထိပ်ဖျားများက ကောင်းကင်သို့ထိုးဖောက်မယောင် ချွန်ထက်နေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏အောက်ခြေသို့ လောင်စာအဖြစ် ကြယ်ရတနာများ ဝင်ရောက်သွားကာ လောင်ကျွမ်းစပြုလာသည်။ လောင်စာစွမ်းအင်က ၎င်းတို့အတွင်း ဝင်ရောက်လာပြီး ရှုပ်ထွေးသော လုပ်ငန်းစဥ်တစ်ခုကို ဖြတ်သန်း၍ ထိပ်ဖျားတွင် စုစည်းလာကြသည်။ နတ်ဆိုးလှေထံမှ ကြောက်မက်ဖွယ်အင်အားများ ပြန့်ထွက်လာကာ မျှော်စင်များ အသက်ဝင်လာပြီဖြစ်သောကြောင့် ထိပ်ဖျားများတွင် ကျောက်တုံးကြီးများအရွယ် အနက်ရောင်အလင်းလုံးများ ဖြစ်တည်လာကြသည်။ ၎င်းတို့အတွင်း၌ အရာရာကိုဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအင်များကို ဖိနှိပ်သိပ်သည်းထားသည်။ နတ်ဆိုးလှေပေါ်တွင် ထွက်ပေါ်လာသော မရဏအလင်းမျှော်စင်များက ကြယ်သခင်များ၏အာရုံကို ဆွဲဆောင်သွားသည်။
"အဆင့်နှစ် မရဏအလင်းမျှော်စင်တွေ။ ဘုရားရေ ဒါတွေက ဘယ်ကဘယ်လို ရောက်လာတာကြတာလဲ။ ကြယ်အဖွဲ့အစည်းတစ်ခုလုံးမှာတောင် ဒီလက်နက်တွေက နည်းနည်းပဲရှိတာမလား။ သွေးပြည်ထောင်က ဒီမျှော်စင်တွေ အပြင်ကိုပေါက်ကြားမသွားအောင် တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတယ် မဟုတ်ဘူးလား"
မောက်မာနေသော ရောင်လီ၏မျက်နှာက တမဟုတ်ချင်း ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။ သူ၏အတွေး မှားမည်စိုးရိမ်သောကြောင့် နှစ်ခါပြန်ကြည့်လိုက်သော်လည်း အမှန်တကယ် မရဏအလင်းမျှော်စင်များ ဖြစ်နေခဲ့သည်။ ၎င်းတို့ မည်မျှအစွမ်းထက်ကြောင်း သိထားသော အဆင့်နိမ့်ကြယ်သခင်များက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။ နတ်အစေခံများမှာ ၎င်းတို့အကြောင်း မသိသဖြင့် စိတ်ရှုပ်သွားကြသော်လည်း မရဏအလင်းမျှော်စင်အကြောင်း ကြားဖူးနားဝရှိထားသဖြင့် ဆက်စပ်မိသွားကြသည်။ ကျောက်စိမ်းသစ်တောကြယ်သခင်ထံမှ မရဏအလင်းမျှော်စင်အကြောင်း သိထားသော ရှရီက နတ်ဆိုးတိုက်လှေမှ မျှော်စင်များကို မြင်သောအခါ ကြောက်စိတ်များ ရင်ဘတ်တစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။
"ပြေးရမယ်"
ဤအတွေးတစ်ခုတည်းသာ သူ့စိတ်ကို ကြီးစိုးနေသဖြင့် စကြဝဠာအတွင်း ထွက်ပြေးရန် သူ၏ယာဥ်ထံ ခြေကုန်သုတ်ထွက်ပြေးလိုက်သည်။ သူ၏နောက်လိုက်များက အကြောင်းအရင်းကို မသိသော်လည်း လိုက်ပါသွားကြသည်။ သွေးရူးသွေးတန်းထွက်ပြေးနေသော ရှရီကို ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ချက်ချင်းထောက်လှမ်းသိရှိခဲ့သည်။
"ထွက်ပြေးဖို့ ဘယ်လွယ်မလဲ"
သူ၏အတွေးတစ်ချက်၌ မရဏအလင်းမျှော်စင်တစ်ခုက တုန်ခါသွားပြီး ထိပ်ဖျားတွင် ဖြစ်တည်နေသော အလင်းလုံးက ဘောလုံးတစ်ခုအရွယ်အစားအထိ ကျုံ့ဝင်သွားကာ ရွှစ်ခနဲမြည်၍ လျှပ်စီးပမာ ပြေးထွက်လာခဲ့သည်။ ၎င်း၏အရှိန်က မြန်ဆန်လွန်းစွာဖြင့် ထွက်ပြေးနေသော ပစ်မှတ်ထံ ဝင်ရောက်လာကာ ခဏအတွင်း ကမ္ဘာတုန်လောက်အောင် ပေါက်ကွဲသွားခဲ့သည်။ ၎င်း၏အစွမ်းအောက်တွင် ရှရီဖြစ်စေ သူ၏နောက်လိုက်များဖြစ်စေ အပိုင်းပိုင်းအစစကြေမွ၍ အလောင်းမကျန်အောင် သေဆုံးကုန်သည်။ နေရာတိုင်း သွေးချင်းချင်းနီနေပြီး ကျန်ရစ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများက မြေပြင်သို့ ပြုတ်ကျလာသကဲ့သို့ ဝိညာဥ်များလည်း အပြီးတိုင် သုတ်သင်ခံခဲ့ရသည်။ ထို့နောက် အနက်ရောင်အလင်းပေါက်ကွဲရာမှ တန်ပြန်အားလှိုင်းတစ်ခု ပြန့်ထွက်လာကာ ကြောက်မက်ဖွယ်အပူချိန်ကြောင့် လေထုက မီးတောက်သွား၍ အကြွင်းအကျန်များ ပြာကျသွားခဲ့သည်။ မရဏအလင်းမျှော်စင်က အစွမ်းထက်လွန်းပြီး နတ်အစေခံများ လုံးဝမခုခံနိုင်သောကြောင့် ထိုနေရာ၌ အခြားကျူးကျော်လာသူများ ရှိနေလျှင် သေကြေမှုက ပို၍များပြားနိုင်သည်။
ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများပင် အစွမ်းကို မျက်မြင်တွေ့လိုက်ရသောကြောင့် ပစ်မှတ်ထားခြင်းမခံရသည့်တိုင်အောင် ထိတ်လန့်သွားကြသည်။ နောက်ဆုံးတွင် စကြဝဠာအတွင်း ကြောက်မက်ဖွယ်ရတနာများ တည်ရှိကြောင်း သူတို့က သဘောပေါက်သွားကြ၏။ တစ်ချက်တည်းဖြင့် နတ်အစေခံများစွာ သေဆုံးသွားကာ အဆင့်တစ်ဆယ်များပင် မလွတ်မြောက်နိုင်ခဲ့ပေ။ နတ်ဆိုးတိုက်လှေထက်တွင် နောက်ထပ်အနက်ရောင်အလင်းတစ်ခု ထပ်မံစုစည်းလာသည့်အပြင် မျှော်စင်ဆယ်ခုလုံးက သေမင်းနတ်ဘုရားများပမာ ကျူးကျော်လာသူများကို ချိန်ရွယ်လာခဲ့သည်။
"မြန်မြန်ပြေးကြ"
"အသက်ချမ်းသာပေးပါ"
သူတို့က လုံးဝကြောက်လန့်သွားပြီး အော်ဟစ်တောင်းပန်ရင်း ထွက်ပြေးနေကြသည်။ ကျင့်ကြံသူချင်းရင်ဆိုင်ရလျှင် သူတို့က ကြောက်နေမည်မဟုတ်သော်လည်း လက်ရှိရင်ဆိုင်နေရသည့် အရာက သူတို့တွေးနိုင်သည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေရာ လိပ်ပြာလွင့်ကုန်သည်။ သူတို့က ကောင်းကင်မူလကြယ်တွင် ရပ်နားထားသော ယာဥ်များထံ ထွက်ပြေး၍ ဤနေရာမှ လွတ်မြောက်လိုနေကြသည်။ သူတို့၏စိတ်ထဲတွင် ထွက်ပြေးရန်ဟူသော အတွေးတစ်ခုသာ ကြီးစိုးနေသည်။ ပိုင်နက်သားရဲတစ်ကောင်မရှိလျှင် အဆင့်နှစ်မရဏအလင်းမျှော်စင်များ တပ်ဆင်ထားသော နတ်ဆိုးတိုက်လှေကို တားမြစ်နိုင်သည့်အရာ များစွာမရှိပေ။ အဆင့်နိမ့်ကြယ်သခင်များပင် သွေးရူးသွေးတန်းဖြစ်နေပြီး အလွန်ကြောက်လန့်နေကာ ထွက်ပြေးနေကြသည်။
ကောင်းကင်မူလကြယ်မှ ထွက်မပြေးနိုင်လျှင် ယဲ့ချန်က သူ၏စကားအတိုင်း အားလုံးကို သတ်ဖြတ်ပစ်နိုင်သည်။ သူတို့က ယဲ့ချန်ကို လှောင်ပြောင်စရာတစ်ခုပမာ သဘောထားခဲ့သော်လည်း သူ၏စကားများကို သံသယမဝင်ရဲတော့ပေ။
"ကောင်းကင်မူလကြယ်ကို စော်ကားသူမှန်သမျှ သေရမယ်"
နတ်ဆိုးတိုက်လှေထံမှ ယဲ့ချန်၏စကားသံ ထွက်ပေါ်လာသောအခါ နတ်အစေခံများရော ကြယ်သခင်များပါ ကြောက်လန့်တုန်လှုပ်နေကြသည်။ သူ၏စကားအဆုံးတွင် မရဏအလင်းမျှော်စင်များ၏ ထိပ်ဖျားရှိ အလင်းများက ကျုံ့ဝင်သွားကာ တဘန်းဘန်းမြည်သံများဖြင့် ပြေးထွက်လာသည်။ အနက်ရောင်အလင်းလုံးများက ကောင်းကင်ကိုဖြတ်သန်း၍ အသက်စွန့်ထွက်ပြေးနေသော ရန်သူများထံ ကျရောက်နေသည်။ ၎င်းတို့ ပေါက်ကွဲသွားသည့် နေရာတိုင်း၌ ရန်သူများက အသံတစ်ချက်ပင်မထွက်နိုင်ဘဲ သေဆုံးကုန်သောအခါ မရဏအလင်းဟူသော အမည်နာမနှင့် လိုက်ဖက်လွန်းနေသည်။ ၎င်းတို့၏ဖျက်ဆီးနိုင်စွမ်းက ကြီးမားလှပြီး ပထမဆုံးအကြိမ်မှာပင် ရန်သူများစွာ အသက်ပျောက်သွားပြီး ရှင်ကျန်ရစ်သူများမှာလည်း ခွေးပြေးဝက်ပြေး ထွက်ပြေးနေရသည်။
နတ်အစေခံအချို့က ယာဥ်များပေါ်သို့ ရောက်ရှိသွားပြီး ထွက်ခွာရန် ကြိုးစားလိုက်သော်လည်း အနက်ရောင်အလင်းများ ကျရောက်လာသဖြင့် ယာဥ်ရော လူပါ အပိုင်းပိုင်းအစစဖြစ်သွားကာ အားလုံး သေဆုံးသွားကြ၏။ ယာဥ်အတွင်းဝင်ရန် ကြိုးစားနေသူများမှာလည်း စက်ကွင်းမိသွား၍ ငရဲရောက်သွားကြသည်။ ဤကား တစ်ဖက်သတ်သုတ်သင်ခြင်းဖြစ်ကာ တိုက်ပွဲအတွင်း ဝင်ပါသူဖြစ်စေ၊ ဘေးထွက်နေသူများဖြစ်စေ အသတ်ခံနေရသည်။
"ကောက်ကျစ်မောက်မာတဲ့ ခွေးကောင်တွေ။ ကောင်းကင်က မင်းတို့ကိုအပြစ်ပေးမှာ မကြောက်ဘူးလား။ တာအိုကို ဒီအတိုင်း စော်ကားလိုက်တာလား"
ရောင်လီသည် ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း မရဏအလင်းမျှော်စင်တစ်ခုက သူ့ကို ချိန်ရွယ်လာသောကြောင့် ခိုးကြောင်ခိုးဝှက်ထွက်ပြေးကာ ပင်လယ်ရေအောက်သို့ ပုန်းအောင်းရန် ငုပ်လျှိုးသွားခဲ့သည်။
"ကောင်းကင်အပြစ်ပေးမယ် ဟုတ်လား ဟားဟား။ မင်း ငါတို့ကို သတ်ချင်နေတုန်းက ကောင်းကင်ကို ထည့်တွက်ခဲ့လို့လား ရောင်လီရေ။ ဒါက မင်းအတွက် ကောင်းကင်အပြစ်ဒဏ်ပဲ"
ယဲ့ချန်၏လှောင်ရယ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဤလောကကြီးတွင် သန်မာသူများသာ စကားအပိုများပြောခွင့်ရှိပြီး အားနည်းသူများက စောဒကတက်ခွင့် မရှိချေ။
"မင်းတို့သတ်လိုက်တဲ့ နတ်အစေခံတွေက ကြယ်တွေအများကြီးက လာတာပဲ။ ကြယ်သခင်တွေအများကြီး ဝိုင်းတိုက်ခံရမှာ မကြောက်ဘူးလား"
ရောင်လီက အော်ဟစ်နေသော်လည်း ဟန်ကိုယ့်ဖို့နေခြင်းသာဖြစ်၍ မရဏအလင်းမျှော်စင်၏ ခြိမ်းခြောက်မှုကို သေမတတ် ကြောက်လန့်နေခဲ့သည်။
"ဘာဖြစ်ဖြစ် မင်းတို့က ငါ့ကို သတ်ချင်တယ်မလား။ ငါက ဘာကြောက်နေရမှာလဲ။ အများဆုံးမှ အတူတူသေကြတာပေါ့။ မင်းတို့က ကောင်းကင်မူလကြယ်ကို တိုက်ခိုက်ချင်ရင် သေဖို့ကို ပြင်ဆင်ထားကြ။ ငါ ယဲ့ချန် စောင့်ကြိုနေမယ်"
ယဲ့ချန်က အေးစက်စက် တုံ့ပြန်လိုက်၏။
"ငါက ဖြစ်ပျက်ခဲ့သမျှမှာ ဝင်မပါခဲ့ဘူး။ ဒီကိစ္စက ငါနဲ့ဘာမှမဆိုင်တဲ့အတွက် ညီလေးယဲ့ချန်က ညှာတာပေးပြီး ငါ့ကို သွားခွင့်ပေးပါ"
ထိုအခိုက်၌ ယွမ်ဟာက အသနားခံဟန်ဖြင့် ရယ်မောကာ ဝင်ပြောလာခဲ့သည်။
"ငါသိတာ တစ်ခုပဲရှိတယ်။ ကျူးကျော်လာတဲ့သူက ကျူးကျော်လာတာပဲ။ မင်းက ဘယ်လောက်ရိုးသားပါတယ်ပြောပြော၊ အခွင့်အရေးရရင် ခွေးလိုဝင်ကိုက်မှာ သေချာတယ်။ မင်းကိုလည်း သတ်မယ်"
ယဲ့ချန်က သူ၏စကားကို လျစ်လျူရှုထားပြီး မရဏအလင်းမျှော်စင်များကို ထိန်းချုပ်ကာ ကျူးကျော်သူများကို တစ်သုတ်ပြီးတစ်သုတ် ရှင်းလင်းနေသည်။
"မင်းမှာ နတ်ဆိုးတိုက်လှေလေး တစ်စီးရှိတာနဲ့ ထင်တိုင်းကြဲနိုင်မယ် ထင်နေတာလား။ အနှေးနဲ့အမြန် အစွမ်းထက်သူတွေရောက်လာရင် မင်းလည်း သေရလိမ့်မယ်"
ယွမ်ဟာက မျက်နှာပျက်သွားပြီး ခြိမ်းခြောက်ရန် ကြိုးစားလာသည်။
"ဒီနတ်ဆိုးတိုက်လှေလေးက ကြယ်အဖွဲ့အစည်းတစ်ခုလုံးမှာ ထင်တိုင်းမကြဲနိုင်ပေမယ့် မင်းကိုသတ်ဖို့ လုံလောက်တယ်လေ"
ယဲ့ချန်က နှာခေါင်းရှုံ့လိုက်၏။ မရဏအလင်းမျှော်စင်များက ကျူးကျော်လာသူများကို သတ်ဖြတ်နေစဥ် နဂါးဘုရင်တို့က အလွန်ဝမ်းသာနေကြသည်။ သူတို့ခံစားခဲ့ရသမျှကို တေးမှတ်ထားပြီး ခွန်အားသာ အရာရာဖြစ်သော ဤလောကကြီး၌ လက်စားချေခြင်းကို ကျေနပ်နေကြသည်။ နတ်ဆိုးတိုက်လှေကြောင့်သာမဟုတ်လျှင် သူတို့ကို ထိုကြယ်သခင်များက စိတ်ကြိုက်နှိပ်စက် သတ်ဖြတ်ပေလိမ့်မည်။ ထိုအချိန်၌ ပုံရိပ်တစ်ခုက လျင်မြန်စွာပျံသန်း၍ ကောင်းကင်မူလကြယ်မှ ထွက်ပြေးရန် ရုတ်တရက် ကြိုးစားလာသည်။ ၎င်းက အဖိုးတန်ပိုးထည်များ ဝတ်ဆင်ထားပြီး ခရမ်းရောင်ရွှေ သရဖူတစ်ခုကို ဆောင်းထားသည့် ယွမ်ဟာကြယ်သခင်ဖြစ်သည်။ သို့သော် သူ့ထံသို့ အနက်ရောင်အလင်းတစ်ခု ရောက်ရှိလာကာ ရုပ်ခန္ဓာကို ဘန်းခနဲ ထိမှန်သွားလေသည်။
ယွမ်ဟာက တစ်ကိုယ်လုံး မီးတိုက်ခံလိုက်ရသဖြင့် နာကျင်စွာအော်ဟစ်ရင်း မြေပြင်သို့ ကြယ်ကြွေတစ်လုံးပမာ ထိုးကျလာသည်။ ဘုန်းခနဲမြည်သံနှင့်အတူ ဖုန်မှုန့်များ တထောင်းထောင်းထွက်ပေါ်လာကာ သူက အနောက်ပိုင်းတိုက်ကြီးရှိ တောင်ကုန်းတစ်ခုထံ ပြုတ်ကျလာသည်။ တစ်ကိုယ်လုံး မီးများတောက်လောင်နေသောကြောင့် နာကျင်စွာအော်ဟစ်၍ ငြှိမ်းသတ်နေသော်လည်း အသုံးမဝင်ခဲ့ပေ။ သူ၏အော်သံက ဖြည်းဖြည်းချင်း တိမ်ဝင်သွားကာ အဆင့်နိမ့်ကြယ်သခင်တစ်ယောက်က ဤအတိုင်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံလိုက်သည်။ ထွက်ပြေးနေသူများမှာ ယွမ်ဟာ၏ အော်သံနက်ကြီးများကြောင့် ပို၍ကြောက်လန့်သွားသည်။ နတ်အစေခံများက ကြယ်သခင်တစ်ယောက်အောက် နိမ့်ကျသောကြောင့် အသက်မရှင်နိုင်ချေ။
"ဘုန်း ဘုန်း ဘုန်း"
ကောင်းကင်ထက်တွင် အနက်ရောင်အလင်းများ ပြည့်နှက်နေ၍ အလင်းလုံးများ တစ်ခုပြီးတစ်ခု ကျရောက်ပေါက်ကွဲနေကာ ထိမှန်သူတိုင်း အသက်မရှင်နိုင်ခဲ့ပေ။ ပေါက်ကွဲမှု၏ အဖျားခတ်ခံလိုက်ရသူများပင် တစ်ကိုယ်လုံး မည်းနက်နေအောင် မီးကင်ခံလိုက်ရသောကြောင့် နတ်ဆိုးတိုက်လှေ၏ စွမ်းအားက အံ့မခန်းဖြစ်လေသည်။