← Chapters

နဂါးဘုရင်၏ တောင်းဆိုချက်

Vol. 56 Ch. 779

နဂါးဘုရင်၏ တောင်းဆိုချက်

Vol. 56 Ch. 779

ယွမ်ဟာအသတ်ခံရပြီးနောက် ကျန်ကြယ်သခင်ခုနစ်ယောက်က တောင်ကြားများ၊ ချောက်နက်များနှင့် ပင်လယ်အတွင်း ပုန်းအောင်းလိုက်ကြပြီး ထွက်မလာရဲတော့ပေ။ နတ်ဆိုးတိုက်လှေက အစွမ်းထက်လွန်းသောကြောင့် ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများ ကျေနပ်ဝမ်းမြောက်နေကြသည်။ သူတို့ဘဝတွင် မြင်ဖူးသမျှ၌ ၎င်းက အစွမ်းအထက်ဆုံးဖြစ်ကာ ကောင်းကင်မူလကြယ်အတွက် လောလောဆယ် ကြောက်စရာမရှိတော့ပေ။ ယဲ့ချန်ယူဆောင်လာသော အံ့ဖွယ်ရာများကြောင့် နောက်ဆုံးတွင် ကြယ်က အန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်သည်။ နင်အာ၊ ယဲ့လော့နှင့် ပိုလင်းတို့က အချင်းချင်းဖက်ထားလိုက်ကြပြီး ကပ်ဘေးမှ လွတ်မြောက်ပြီးနောက် အလွန်ပျော်ရွှင်နေကြကာ သူတို့၏ဆက်ဆံရေးက ညီအစ်မအရင်းများသဖွယ် တိုးတက်လာကြ၏။ ထိုအချိန်၌ လှေကိုထိန်းချုပ်နေသော ယဲ့ချန်က အခြားလူများကဲ့သို့ စိတ်အေးမနေခဲ့ဘဲ မျက်နှာထားက လေးနက်တင်းမာနေသည်။ ကျူးကျော်လာသူတစ်ယောက် လွတ်မြောက်သွားလျှင်ပင် ကောင်းကင်မူလကြယ်အတွက် အလွန်အန္တရာယ်များနိုင်ချေရှိသည်။ ထို့ကြောင့် သူက ကြယ်သခင်များကို ရှာဖွေရန်အတွက် ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။

ထိုအချိန်၌ ကောင်းကင်မူလကြယ်၏ တစ်နေရာတွင် ကြယ်သခင်တစ်ယောက်က ခိုးကြောင်ခိုးဝှက်ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ထိုလူက ယဲ့ချန်ကိုသတ်ရန် ကြံစည်ခဲ့သော ရောင်လီ ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ကောင်းကင်မူလကြယ်တွင် အမိုက်အမှောင်ကြီးကျရောက်လာကာ တိမ်မည်းများက ကောင်းကင်တစ်ခွင် ပြည့်နှက်နေသည်။ ဤအရာက ရှင်းဟွမ်ပိုင်နက်ဖြစ်ကာ မြင့်မြတ်ခမ်းနားသော အရှိန်အဝါကို ထုတ်ဖော်နေပြီး တိမ်မည်းများကြားတွင် လျှပ်စီးနှင့် မိုးကြိုးများ တဝုန်းဝုန်းထွက်ပေါ်လာ၍ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ လေထုက အေးခဲသွားပုံရပြီး ယွမ်တ ရောက်ရှိလာချိန်တွင် ပြုလုပ်လိုက်သကဲ့သို့ ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်က သူမ၏ပိုင်နက်ကို အသက်သွင်းလိုက်ခြင်းဖြစ်သည်။

​ရှင်းဟွမ်ပိုင်နက်၏ ဖိအားကြောင့် ကျူးကျော်လာသူများက ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ အဆင့်မြင့်ကြယ်သခင်များပင် ဤပိုင်နက်အတွင်းမှ မလွတ်မြောက်နိုင်သောကြောင့် သွေးရူးသွေးတန်းထွက်​ပြေးသွားသော ရောင်လီမှာ မီတာတစ်သောင်းအမြင့်သို့ ရောက်သောအခါ လျှပ်စီးမိုးကြိုးများကို ရင်ဆိုင်လိုက်ရသည်။ ၎င်းတို့က ကြိုးအသွင်ပြောင်း၍ သူ့ကို ရစ်ပတ်ကာ ကြယ်ပေါ်မှ ထွက်မပြေးနိုင်စေရန် ချုပ်နှောင်လိုက်ကြ၏။ ရောင်လီက မည်မျှရုန်းကန်ပါစေ၊ ရှင်းဟွမ်ပိုင်နက်အတွင်းမှ မလွတ်မြောက်နိုင်သောကြောင့် မပျံသန်းနိုင်တော့ပေ။ ထို့နောက် သူ့ထံသို့ အနက်ရောင်အလင်းတစ်ခုက လျင်မြန်စွာချဥ်းကပ်လာနေပြီး နတ်ဆိုးတိုက်လှေကြီးဖြစ်နေသောကြောင့် သူက နောင်တရသွားခဲ့သည်။ ပုရွက်ဆိတ်တစ်ကောင်ဟု သူ သဘောထားခဲ့သော ယဲ့ချန်က မျက်တောင်တစ်ခတ်အတွင်း ကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်အဖြစ် ​ပြောင်းလဲသွားခဲ့၏။ နတ်ဆိုးတိုက်လှေရှေ့မှောက်တွင် သူက ကူကယ်ရာမဲ့နေပြီး အစွမ်းကုန်ထုတ်သုံးလျှင်ပင် ပုရွက်ဆိတ်တစ်ကောင်ပမာ အားနည်းနေခဲ့သည်။ ထို့အပြင် အဆင့်နှစ် မရဏအလင်းမျှော်စင်ဆယ်ခုကလည်း သူ့ကို အလွယ်တကူ ချေမွပစ်နိုင်နေသည်။ ဆိုးဆိုးရွားရွား သေဆုံးသွားရသော ယွမ်ဟာအကြောင်း တွေးမိလိုက်သောအခါ သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားကာ နှလုံးခုန်သံများ တဒုန်းဒုန်း ထွက်ပေါ်လာသည်။

"ငါ့ကိုသွားခွင့်ပေးရင် ငါပိုင်သမျှ ရတနာတွေကို ပေးပါမယ်"

ရောင်လီက နောက်ဆုံးအကြိမ်အဖြစ် ကောက်ရိုးလေးတစ်မျှင်ကိုဆွဲရန် ကြိုးပမ်းလိုက်ခြင်းဖြစ်သည်။ မရဏအလင်းမျှော်စင်တစ်ခုက သူ့ကို ချိန်ရွယ်ထားပြီး အနက်ရောင်အလင်းတစ်ခုက ကျုံ့ဝင်သွား၍ အချိန်မရွေးပစ်ခတ်ရန် အသင့်ဖြစ်နေခဲ့သည်။ သူက ခန္ဓာကိုယ်တစ်ခုလုံး မီးတိုက်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး ကြောက်စိတ်ကြောင့် တုန်ယင်သွားကာ ကြယ်သခင်တစ်ယောက်၏မာနမျိုး ပျောက်ကွယ်နေပြီဖြစ်သည်။

"ရောင်လီ မင်း အခုမှ နောင်တရတာ နောက်ကျသွားပြီ မထင်ဘူးလား"

ယဲ့ချန်က နှာခေါင်းရှူံ့လိုက်သည်။ ရောင်လီက ယုံကြည်ရသူမဟုတ်သောကြောင့် ကောင်းကင်မူလကြယ်မှ လွတ်​မြောက်သွားလျှင် ကတိတည်မည်မဟုတ်ပေ။

"ယဲ့ချန် မင်းက ကောင်းကင်ကိုဆန့်ကျင်နေရင် ကောင်းကင်မူလကြယ်အတွက် ကပ်ဘေးရောက်လာလိမ့်မယ်။ မြန်မြန်ရပ်လိုက်စမ်း။ ဒါဆိုရင် အချိန်မီသေးတယ်"

ရောင်လီ၏မျက်နှာထားက အလွန်ဆိုးရွားစွာ ပျက်ယွင်းသွားခဲ့၏။

"သေကာနီးလူတစ်ယောက်က ကောင်းကင်မူလကြယ်ကို ခြိမ်းခြောက်ရဲသလား။ ငါသာ မင်းကို မသတ်ရင် တကယ့်ကပ်ဘေးဖြစ်လာလိမ့်မယ်"

ယဲ့ချန်၏စကားအဆုံးတွင် မရဏအလင်းမျှော်စင်က ရောင်လီထံ ပစ်ခတ်ရန် စတင်အသက်ဝင်လာသည်။

"ငါက ကွမ်ကြယ်ဘိုးဘေး လီယွမ်ရဲ့ တပည့်ပဲ။ မင်း ငါ့ကို သတ်လို့မရဘူး"

ရောင်လီက အလန့်တကြား အော်ဟစ်လိုက်သည်။

"မင်းဆရာက ဘယ်သူသူဖြစ်ဖြစ် အရေးမပါဘူး။ သူရောက်လာရင်တောင် ငါကိုယ်တိုင် သတ်ပစ်မယ်"

ယဲ့ချန်က အချက်ပြလိုက်သောအခါ နတ်ဆိုးလှေထက်မှ အနက်ရောင်အလင်းလုံးက လှစ်ခနဲပြေးထွက်လာကာ အလန့်တကြား လှည့်ထွက်လိုက်သော ရောင်လီထံ ဝင်ရောက်လာခဲ့သည်။ ၎င်းက မြန်လွန်းသောကြောင့် သူမတုံ့ပြန်နိုင်ခင်မှာပင် မီးတောက်များဝါးမျိုခံလိုက်ရပြီး ထွက်ပေါ်လာသော အပူချိန်ကြောင့် အသံကုန်အော်ဟစ်ရင်း ကောင်းကင်မှ ဦးစောက်ကျွမ်းပြန် ပြုတ်ကျသွားခဲ့ရသည်။ ထိမှန်ခံရပြီးနောက် သူက ချက်ချင်းမသေသွားသောကြောင့် ဝိညာဥ်ရော လူပါ နာနာကျင်ကျင် ခံစားလိုက်ရသည်။

"တစ်နေ့ကျရင် မင်းတို့အသတ်ခံရမှာ သေချာတယ်"

သူက နတ်ဆိုးတိုက်လှေထံ အော်ဟစ်၍ ကျိန်ဆဲလိုက်၏။

"ဒီနေ့ မင်း အရင်သေရမယ်"

ယဲ့ချန်၏မျက်နှာတွင် နတ်ဆိုးချီများ ထွက်ပေါ်လာသဖြင့် မည်းနက်တင်းမာနေသည်။

"ဘုန်း ဘုန်း ဘုန်း"

နောက်ထပ်ပစ်ချက်များက ရောင်လီ၏ရုပ်ခန္ဓာကို ဆက်တိုက်ထိမှန်သွားကာ ပြာကျသွားအောင် လောင်ကျွမ်းပစ်လိုက်ပြီး ဝိညာဥ်ကို ဖျက်ဆီးလိုက်သည်။ နောက်ထပ်ကြယ်သခင်တစ်ယောက်က ယဲ့ချန်လက်ချက်ဖြင့် သေဆုံးသွားရပြန်သည်။

"နောက်တစ်ယောက်"

ယဲ့ချန်က အေးစက်စက်ရေရွတ်၍ ကြယ်သခင်များကို သတ်ဖြတ်ရန် လိုက်လံရှာဖွေနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက နတ်အစေခံများကိုလည်း အလွတ်မပေးခဲ့သောကြောင့် နောက်ဆုံးတွင် ကျူးကျော်သူများမှာ ယာဥ်များထံ ထွက်ပြေးရန် မဆိုထားနှင့်၊ အသတ်မခံရအောင် ပုန်းအောင်းနေကြရသည်။ သူတို့ကစုဝေးနေလျှင် ပစ်မှတ်ကြီးဖြစ်နေသောကြောင့် ကောင်းကင်မူလကြယ်၏ ချောင်ကြိုချောင်ကြားများသို့ ပြေးလွှားနေကြသည်။ ကောင်းကင်လှေများနှင့် ယာဥ်များထံ မချဥ်းကပ်နိုင်လျှင် သူတို့က ကောင်းကင်မူလကြယ်မှ မထွက်ခွာနိုင်သောကြောင့် ယဲ့ချန်က စိတ်အေးလက်အေးဖြင့် ကြယ်သခင်များကို လိုက်လံရှာဖွေနေသည်။ နတ်အစေခံများကို နောက်မှရှင်းလင်းလျှင်လည်း နောက်မကျပေ။

အရှေ့ပိုင်းတိုက်ကြီး၏ တောင်ကြားတစ်ခုအတွင်း ကြယ်သခင်တစ်ယောက်က သာမန်လူပမာရုပ်ဖျက်၍ ပုန်းအောင်းနေခဲ့ပြီး ကြောက်စိတ်ကြောင့် တုန်ရီနေသည်။ သူက ယဲ့ချန်ကို တိုက်ခိုက်သူများတွင် မပါဝင်ခဲ့သော်လည်း ကောင်းကင်မူလကြယ်ကို ဂုတ်သွေးစုပ်လိုခဲ့သောကြောင့် အသတ်ခံရနိုင်ချေရှိသည်။ ပင်လယ်အောက်ရှိ ခံတပ်အတွင်း ဝင်ရောက်ခဲ့သည့်အပြင် ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများကို သူက ခိုးကြောင်ခိုးဝှက် သတ်ဖြတ်ခဲ့ဖူးသည်။ ထိုအခိုက်တွင် ဘုန်းခနဲမြည်သံနှင့်အတူ အလင်းတန်းတစ်ခုက တောင်နံရံကိုဖောက်ထွင်း၍ သူ၏ရင်ဘတ်ကို ထိမှန်သွားကာ တစ်ကိုယ်လုံး အရည်ပျော်ကျလာသည်။ ယဲ့ချန်က ရှာတွေ့သွားခြင်းကို သူက မယုံနိုင်သဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။ တစ်ဖက်လူ၏ခွန်အားဖြင့် သူ၏တည်နေရာကို ရှာတွေ့ရန် မဖြစ်နိုင်ချေ။

"ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်"

ထို့နောက် သူက ရုတ်တရက်အဖြေရလိုက်သဖြင့် စကားလုံးအနည်းငယ်ကို ခဲရာခဲဆစ်ရေရွတ်ကာ အသက်ပျောက်သွားလေသည်။ နောက်ထပ်အလင်းလုံးများ ဆက်တိုက်ကျရောက်လာကာ သူ၏ရုပ်အလောင်းကို မြေအောက်မီတာထောင်ချီအနက်ထိ မြေမြုပ်ပစ်လိုက်သည်။

"အနာဂတ်မှာ ကောင်းကင်မူလကြယ်ကို မင်းတို့တွေ ခြေထပ်မချရဲအောင် အကုန်သတ်ပစ်မယ်။ ကောင်းကင်မူလကြယ်ကို ဘယ်သူမှ မတိုက်ခိုက်စေရဘူး"

ယဲ့ချန်၏ကြုံးဝါးသံက ကြယ်တစ်ခုလုံးသို့ ပဲ့တင်ထပ်ထွက်ပေါ်လာသောကြောင့် နေရာအသီးသီး၌ ပုန်းအောင်းနေသော ကြယ်သခင်များ ကြောက်သေးပါကုန်သည်။ သူတို့က ဤနေရာသို့ လာရောက်ခဲ့မိသည့်အတွက် သေမင်းကို ရင်ဆိုင်ရခြင်းအပေါ် နောင်တရသွားကြသည်။ ပင်လယ်အောက်ခြေတွင် ပုန်းအောင်းနေသော ကြယ်သခင်တစ်ယောက်က အချိန်မီမရှောင်တိမ်းနိုင်ခဲ့သဖြင့် မရဏအလင်းမျှော်စင်၏ အလင်းတန်းများအောက်တွင် အသားကင်နံ့ ထွက်လာသည်အထိ မီးရှို့ခံလိုက်ရသည်။ ထို့နောက် နောက်ထပ်ကျဆင်းလာသော အလင်းတန်းများအောက်တွင် ထိုလူက ပေါက်ကွဲသွားကာ သူ၏ရှင်းဟွမ်ရောက်လာလျှင်ပင် မမှတ်မိနိုင်အောင် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားရသည်။

"ငါးယောက်မြောက်"

"ခြောက်ယောက်မြောက်"

"ခုနစ်ယောက်မြောက်"

အဆင့်နိမ့်ကြယ်သခင်များ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံလိုက်ရပြီး ကြယ်သခင်ကျောက်စိမ်းတစ်ယောက်သာ ကျန်ရစ်နေခဲ့သည်။ သူမ၏ပုန်းအောင်းရာကို ယဲ့ချန်က မသိသောကြောင့် ဝိညာဥ်အသိစိတ်ဖြင့် ရှာဖွေနေသည်။ တစ်ချိန်တည်းမှာပင် ကြယ်တစ်ခွင်သွားလာနေသော နတ်ဆိုးတိုက်လှေကြီးက နတ်အစေခံများကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံသုတ်သင်နေကာ ငရဲခံရသော ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။ ကျူးကျော်လာသူများမှာ အရိုးပင်မကျန်အောင် ဖောက်ခွဲခံလိုက်ရပြီး မြုပ်စရာအလောင်းပင် မကျန်ရစ်ချေ။

"ဒီကောင်မက ဘယ်ရောက်နေတာလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ အခြားကြယ်သခင်များကို သတ်ဖြတ်ရာ၌ ရှင်းဟွမ်က လမ်းညွှန်ပေးခဲ့သော်လည်း ကျောက်စိမ်း၏တည်နေရာကို မပြောခဲ့ပေ။ နတ်ဆိုးလှေက ကောင်းကင်တွင် ခုတ်မောင်းနေပြီး သူ၏ဝိညာဥ်အသိစိတ်က တောင်တန်းများ၊ လွင်ပြင်များ၊ တောအုပ်များနှင့် ပင်လယ်ပါမကျန် လိုက်လံရှာဖွေနေသည်။ ကုန်းပတ်ပေါ်တွင် သူက တင်ပျဥ်ခွေထိုင်၍ လှေကို ထိန်းချုပ်နေစဥ် ပုံရိပ်တစ်ခုက မနီးမဝေး၌ ထွက်ပေါ်လာခဲ့သည်။

"အရှင်"

ပုံရိပ်က ကောင်းကင်မူလကြယ်၏ရှင်းဟွမ် ဖြစ်နေသောကြောင့် ကျင့်ကြံသူအားလုံးက အရိုအသေပေးလိုက်ကြသည်။ နဂါးဘုရင်နှင့် ဘုရင်ချင်က သူမကိုမြင်သောအခါ တိုက်ပွဲကျသွားသော ရွှယ်ယွမ်နှင့် ဘုရင်ဝမ်ကို သတိရလိုက်သဖြင့် မျက်နှာများ ညှိုးငယ်နေကြသည်။

"မင်းတို့အားလုံး နာကျင်ခံစားခဲ့ရပြီ"

သူမက ညာလက်ကို ဖြန့်လိုက်သောအခါ လက်ဝါးအတွင်း အဖြူရောင်ပုလဲနှစ်လုံး ထွက်ပေါ်လာခဲ့သည်။

"ဒီကျောက်စိမ်းပုလဲတွေကို မူလပုလဲလို့ခေါ်ပြီး ရွှယ်ယွမ်နဲ့ ဘုရင်ဝမ်ရဲ့ အသက်အမှတ်အသားကို ထိန်းသိမ်းထားတယ်။ ကံဆိုးတာက သူတို့ရဲ့ဝိညာဥ်တွေ ပျက်စီးသွားတာဖြစ်တယ်။ ဒီအမှတ်အသားနှစ်ခုပါ ပျက်စီးသွားရင် သူတို့ကို ကယ်တင်ဖို့ မဖြစ်နိုင်ဘူး။ ငါက ရုပ်ခန္ဓာအသစ် ဖန်တီးလိုက်ရင်တောင် အသုံးမဝင်ဘူး"

ရွှယ်ယွမ်က နတ်မြေခွေးမျိုးနွယ်၏ သွေးစတေးခြင်းကို အသုံးပြုခဲ့ပြီး ဘုရင်ဝမ်က ကိုယ့်ကိုကိုယ်ဖောက်ခွဲရန် လျှို့ဝှက်ကျင့်စဥ်တစ်ခု အသုံးပြုခဲ့သည်။ သူတို့၏ဝိညာဥ်အပိုင်းအစများ ကျန်ရစ်နေခဲ့လျှင် ရှင်းဟွမ်က ကယ်တင်နိုင်မည်ဖြစ်သော်လည်း သေးငယ်သော အသက်အမှတ်အသားတစ်ခုစီသာ ကျန်ရစ်ခဲ့သောကြောင့် သူမလည်း တတ်နိုင်သည့်အရာ မရှိပေ။

"သူတို့ကိုကယ်ဖို့ နည်းလမ်း လုံးဝမရှိဘူးလား"

နဂါးဘုရင်က မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် မူလပုလဲများကိုကြည့်နေရင်း မေးလိုက်ခြင်းဖြစ်သည်။

"စကြဝဠာမှာ အံ့ဖွယ်ရာတွေ ပြည့်နှက်နေတယ်။ အစွမ်းထက်ကျင့်ကြံသူတစ်​ယောက်ကိုရှာပြီး အကူအညီတောင်းနိုင်ရင် အခွင့်အရေးရှိတယ်။ စကြဝဠာထဲမှာ မင်းတို့ထင်ထားတာထက် ပိုပြီးအစွမ်းထက်သူတွေ များစွာရှိကြတယ်"

ရှင်းဟွမ်က ကောင်းကင်ကို မော့ကြည့်၍ ​ဖြေလိုက်သည်။ ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများ တိတ်ဆိတ်သွားစဥ် နဂါးဘုရင်က ရုတ်တရက် ဒူးထောက်ချလိုက်သည်။

"အရှင် ကျုပ်မှာ တောင်းဆိုစရာတစ်ခုရှိပါတယ်"

"ပြောပါ"

ရှင်းဟွမ်က တစ်ခုခုကို နားလည်သွားဟန်ဖြင့် သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည်။

"ကျုပ်က အရှင့်နောက်လိုက်အဖြစ်နဲ့ ကောင်းကင်မူလကြယ်ကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တယ်။ ကြယ်ကိုကာကွယ်ဖို့အတွက် ကျုပ်ဇနီးနဲ့ သမီး သေခဲ့ရပြီး သားကလည်း သေလုမျောပါးဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျုပ် လုံးဝစောဒကမတက်ခဲ့ဘူး။ ကြယ်ပေါ်က သက်ရှိဘီလီယံနဲ့ အမိ​မြေကို ကာကွယ်ဖို့အတွက် ကျုပ် နောက်မတွန့်ခဲ့ဘူး။ ကျုပ်ရဲ့ဘဝကို ကောင်းကင်မူလကြယ်အတွက် ပေးအပ်ထားခဲ့ပေမယ့် အခုတော့ ကျုပ် တစ်ကိုယ်ကောင်းဆန်ပါရစေ"

နဂါးဘုရင်က ခဏတာတိတ်ဆိတ်သွားသော်လည်း စကားပြောရာတွင် အလွန်အမင်း တည်ငြိမ်နေခဲ့လေသည်။

All Chapters