အမြတ်ထွက်ခြင်း
Vol. 56 Ch. 780
နဂါးဘုရင်သည် ရှင်းဟွမ်၏လက်ထဲမှ မူလပုလဲကို ကြည့်နေရင်း ရွှယ်ယွမ် ထွက်ခွာသွားသောအခါတွင်မှ သူမ မရှိလျှင် မဖြစ်ကြောင်း နားလည်သွားခဲ့သည်။ သို့သော် သူမ၏ရုပ်သွင်နှင့် စကားသံများက ထာဝရပျောက်ကွယ်လုနီးပါးဖြစ်နေကာ သူမ၏သေဆုံးမှုက နှလုံးသားတစ်ခုလုံးကို နာကျင်စေခဲ့သည်။ မူလပုလဲမှ ထိန်းသိမ်းထားသော အသက်အမှတ်အသားကြောင့် အသက်ပြန်ရှင်လာရန် အခွင့်အရေးရှိသည်ဟု သိလိုက်ရသောအခါ ရင်ထဲတွင် မျှော်လင့်ချက်များ ထွက်ပေါ်လာ၏။ ထိုအချိန်တွင် သူ့ဘဝတလျှောက် ကာကွယ်ခဲ့သော ကောင်းကင်မူလကြယ်မှထွက်ခွာ၍ ကျယ်ပြောလှသောစကြဝဠာအတွင်း နည်းလမ်းရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ နတ်ဆိုးတိုက်လှေနှင့် မရဏအလင်းမျှော်စင်များကြောင့် ကြယ်၏လုံခြုံရေးကို သူက စိတ်ချလက်ချထားခဲ့နိုင်ပြီဖြစ်သည်။ အခွင့်အရေးကနည်းပါးပြီး မည်သည့်အချိန်မှ နည်းလမ်းရှာတွေ့နိုင်မည်ဟု မသိရသော်လည်း သူ၏လက်ကျန်ဘဝတစ်ခုလုံး သူမကို အသက်သွင်းရန် ကြိုးစားရာ၌ အသုံးပြုမည်ဟု ဆုံးဖြတ်ထားသည်။
နဂါးဘုရင်သည် အဖြူရောင်ဝတ်ရုံနှင့် လှပသော ရွှယ်ယွမ်၏အပြုံးကြောင့် မေတ္တာသက်ဝင်ခဲ့သော်လည်း အချစ်ကိုဝန်ခံရန် တွန့်ဆုတ်နေခဲ့သည်။
"ကျုပ် တောင်းပန်ပါတယ် ရွှယ်အာ။ ကျုပ်ကိုယ်ကျုပ် နားမလည်ခဲ့ဘူး"
သူ၏ပါးပြင်ပေါ်သို့ မျက်ရည်ပူများ ကျဆင်းလာသည်။
"ဘယ်သွားရမလဲဆိုတာကို မင်း သိလို့လား"
ရှင်းဟွမ်က မေးလိုက်ခြင်းဖြစ်သည်။
"ကျုပ် မသိဘူး"
သူက ခေါင်းယမ်း၍ဖြေလိုက်သည်။ အဆုံးမရှိသော စကြဝဠာအတွင်း အဖြေရှာတွေ့နိုင်မည်ဟု မသေချာသည့်အပြင် မည်သည့်အချိန်မှ ပြန်လာနိုင်မည်ကလည်း မရေရာပေ။ ရှင်းဟွမ်က သူ့ကို သားအရင်းတစ်ယောက်ပမာ ကြင်နာစွာကြည့်ရင်း ရွှယ်ယွမ်၏အသက်အမှတ်အသားကို ထိန်းသိမ်းထားသော မူလပုလဲကို လက်လွှဲပေးလိုက်သည်။ သူက တုန်ရီနေသော လက်အစုံဖြင့် ၎င်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိလိုက်သည်။
"သွားပါ။ နောက်ထပ်ဘယ်တော့မှ ပြန်တွေ့ရမလဲ မသိနိုင်ပေမယ့် စိတ်အလိုအတိုင်း လုပ်လိုက်ပါ"
ရှင်းဟွမ်၏မျက်နှာက ခံစားချက်ကင်းမဲ့နေသော်လည်း လေသံတွင် ဝမ်းနည်းမှုများ စွက်နေသည်။ နဂါးဘုရင်က သူမကို အရိုအသေပေး၍ မူလပုလဲကို ထိန်းသိမ်းလိုက်၏။
"ကျုပ်က ကောင်းကင်နတ်ဆိုးအဖြစ်ကို ပြောင်းလဲသွားပြီး အရှက်ရစရာဖြစ်ခဲ့တယ်။ ကျုပ်ဆက်နေမယ်ဆိုရင် ကောင်းကင်မူလကြယ်အတွက် ပြဿနာဖြစ်လိမ့်မယ်။ ကျုပ်ကို ညီလေးဝမ်ရဲ့ အသက်အမှတ်အသား ပေးလိုက်ပါ။ ကျုပ်က သိပ်အသုံးမကျပေမယ့် သူ့ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန်ကြိုးစားမယ်"
ထိုအချိန်၌ ဘုရင်ချင်က တောင်းဆိုလာခြင်းဖြစ်သည်။
"မင်းက ဘာဖြစ်ဖြစ် ငါ့ရင်သွေးတစ်ယောက်ပါပဲ။ ဒီအချက်ကြောင့် ကောင်းကင်မူလကြယ်ကနေ ထွက်သွားစရာ မလိုပါဘူး"
သူမက တည်ငြိမ်စွာ ပြောလိုက်၏။ သူမက အလွန်ရှည်လျားသော သက်တမ်းအတွင်း အရာများစွာ ကြုံခဲ့ရသောကြောင့် တည်ငြိမ်သူဖြစ်သော်လည်း ကောင်းကင်မူလကြယ်၏ ကာကွယ်သူများကို ထွက်မသွားစေလိုခဲ့ပေ။
"ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ အရှင်"
ဘုရင်ချင်က အံကြိတ်၍ ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူ၏ကိုယ်တွင်းမှ နတ်ဆိုးချီများ ထွက်ပေါ်နေသော်လည်း အသိစိတ်က ကြည်လင်နေဆဲပင်ဖြစ်သည်။
"ကောင်းပါပြီ။ စကြဝဠာထဲမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ မင်းပြန်လာချင်တယ်ဆိုရင် ကောင်းကင်မူလကြယ်က အမြဲတမ်း ကြိုဆိုနေပါမယ်"
ဤအရာက ဖိအားပေး၍ မသင့်တော်ကြောင်း နားလည်သဖြင့် ရှင်းဟွမ်က ခွင့်ပြုပေးလိုက်သည်။ ဘုရင်ချင်က လေးကန်စွာဖြင့် ခေါင်းညိတ်၍ မူလဲပုလဲနောက်တစ်လုံးကို လက်ခံကာ ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ကောင်းကင်မူလကြယ်မှ နဂါးဘုရင်နှင့် ဘုရင်ချင် ထွက်ခွာသွားတော့မည်ဟု သိလိုက်ရသဖြင့် ယဲ့ချန်က ဝမ်းနည်းနေခဲ့သည်။ ဤအရာက ကံကြမ္မာအလိုအရဖြစ်နိုင်သောကြောင့် ကျန်ကျင့်ကြံသူများလည်း ဝမ်းနည်းမှုကြောင့် တိတ်ဆိတ်သွားခဲ့သည်။ ဤတိုက်ပွဲတွင် သူတို့က အနိုင်ရခဲ့သော်လည်း ကာကွယ်သူအချို့က ထာဝရ နှုတ်ဆက်သွားတော့မည်ဖြစ်သည်။
"အရှင် ကြယ်သခင်ကျောက်စိမ်း ပျောက်ကွယ်နေတယ်။ ဒီမိန်းမရဲ့ တည်နေရာကို ကျုပ် ရှာမတွေ့တဲ့အတွက် ကျေးဇူးပြုပြီး ပြောပြပေးပါ"
ယဲ့ချန်က လက်ရှိ၌ အရေးကြီးဆုံးကိစ္စကို ရှင်းဟွမ်ထံ မေးမြန်းလိုက်သည်။
"အတိတ်တုန်းက ကောင်းကင်မူလကြယ် အန္တရာယ်ကျရောက်နေတုန်းမှာ ကျောက်စိမ်းကြယ်သခင်ဟောင်းက အသက်စွန့်ကူညီပေးဖူးတယ်။ လက်ရှိကြယ်သခင်က ငါတို့ရဲ့ရင်းနှီးမှုကို မေ့လျော့နေပေမယ့် သူမ သေသွားရင် ကျောက်စိမ်းကြယ်တစ်ခုလုံး ဒုက္ခရောက်သွားနိုင်တယ်။ ခွင့်လွှတ်ပေးလိုက်ပါ"
ရှင်းဟွမ်က အဝေးသို့မျှော်ကြည့်၍ အတိတ်ကို သတိရဟန်ဖြင့် ရေရွတ်လိုက်သည်။
"ဒါပေမယ့် သူမကို လွှတ်လိုက်ရင် ကျေးဇူးမသိတတ်တဲ့အပြင် ကျုပ်တို့အတွက် အန္တရာယ်ဖြစ်လာနိုင်တယ်"
ကောင်းကင်မူလကြယ်၏ရှင်းဟွမ်က သစ္စာရှိသူတစ်ယောက်ဖြစ်သောကြောင့် ကာကွယ်သူများက ကြယ်ကို အသက်စွန့်ကာကွယ်ပေးနေခြင်းဖြစ်သည်။
"ဒါဆိုရင် လွှတ်ပေးလိုက်ပါမယ်။ အဆင့်နိမ့်ကြယ်သခင်တစ်ယောက်က ကျုပ်တို့ကို မခြိမ်းခြောက်နိုင်ပါဘူး"
ယဲ့ချန်က ခဏတာစဥ်းစား၍ ရှင်းဟွမ်၏စကားကို သဘောတူလိုက်သည်။ သူ၏စကားကြောင့် ကျန်ကျင့်ကြံသူများကလည်း သဘောတူလိုက်ကြ၏။ ကောင်းကင်မူလကြယ်တွင် မရဏအလင်းမျှော်စင်နှင့် နတ်ဆိုးတိုက်လှေများ ရှိနေပြီဖြစ်သောကြောင့် အဆင့်နိမ့်ကြယ်သခင်များကို ကြောက်စရာမလိုတော့ပေ။
"အစ်ကိုကြီး လှေဝမ်းထဲက ဧရာမအရုပ်ကြီးတွေက ဘာတွေလဲ။ သူတို့ကျောပေါ်မှာ ထမ်းထားတာက မရဏအလင်းမျှော်စင်တွေမလား"
နင်အာက စပ်စုလိုက်ခြင်းဖြစ်သည်။ မီတာငါးဆယ်ကျော်မြင့်သော ကျောက်ရုပ်ကြီးများက ရှေးဟောင်းသားရဲကြီးများသဖွယ် တန်းစီရပ်နေကြသည်။
"သူတို့ကို ကျောက်ရုပ်သေးလို့ ခေါ်တယ်။ ဒီကောင်ကြီးတွေ စောင့်ရှောက်နေမယ်ဆိုရင် နတ်ဆိုးတိုက်လှေမရှိရင်တောင် ကောင်းကင်မူလကြယ်က အန္တရာယ်ကင်းတယ်"
ယဲ့ချန်က ရှင်းပြလိုက်ရင်း အတွေးတစ်ချက်ဖြင့် လှေဝမ်းကို ဖွင့်ပေးလိုက်သောအခါ ကျောက်ရုပ်ကြီးများက မြေပြင်သို့ ခုန်ဆင်းသွားကြသည်။ ၎င်းတို့ကျဆင်းသွားသည့်နေရာတွင် အပေါက်ကြီးများဖြစ်သွားကာ မီတာထောင်ချီအမြင့်မှ ခုန်ချသွားသော်လည်း ထိခိုက်မှုမရှိခဲ့ပေ။ သူတို့က ဖြည်းဖြည်းချင်းမတ်တပ်ရပ်၍ အရပ်မျက်နှာပေါင်းစုံသို့ အလွန်လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ ၎င်းတို့က ကောင်းကင်မူလကြယ်၌ အစောင့်ချထားခြင်းဖြင့် အနာဂတ်တွင် ရန်သူများကျူးကျော်လာပါက အဆင့်နိမ့်ကြယ်သခင်များဆိုလျှင် အသတ်ခံရပေလိမ့်မည်။ ၎င်းတို့က အလယ်အဆင့်နှင့် အဆင့်မြင့် ကြယ်သခင်အချို့ကိုပါ ရင်ဆိုင်နိုင်စွမ်းရှိသည်။ သူက ၎င်းတို့ကို အမိန့်ပေးနိုင်စွမ်းအား ဇနီးသည်များနှင့် ငယ်သားများထံ လွှဲပြောင်းပေးလိုက်သည်။
မြောက်ပိုင်းတိုက်ကြီးရှိ ထူထပ်သော သစ်တောကြီးအတွင်း ပိုးဂါဝန်ကိုဝတ်ဆင်ထားသော မိန်းမတစ်ယောက် ပုန်းအောင်းနေခဲ့သည်။ သူမက ကြယ်သခင်ကျောက်စိမ်းဖြစ်ပြီး အသွင်အပြင်အရ လှပသူတစ်ယောက်ဖြစ်သော်လည်း လက်ရှိ၌ ဆံပင်များရှုပ်ပွနေကာ မျက်နှာတွင် သွေးရောင်ပျောက်နေခဲ့သည်။ သူမက ဆိုးရွားလှသော အခြေအနေသို့ ရောက်ရှိနေကာ ယခင်ကမောက်မာမှုမျိုး ပျောက်ကွယ်နေသည်။ ကောင်းကင်မူလကြယ်သို့ ကြယ်သခင်ရှစ်ယောက် ရောက်လာခဲ့သော်လည်း သူမတစ်ယောက်တည်းသာ ကျန်ရစ်၍ မရဏအလင်းမျှော်စင်လက်ချက်ဖြင့် မပြန်လမ်းမြန်းကုန်သူများအကြောင်း တွေးမိလိုက်သောအခါ တစ်ကိုယ်လုံး တုန်ရီနေသည်။ ကောင်းစွာပုန်းအောင်းနေသော ကြယ်သခင်များရှိသော်လည်း အသတ်ခံလိုက်ရသည်ချည်းဖြစ်၏။ ကောင်းကင်မူလကြယ်ရှိ အရာရာက ရှင်းဟွမ်၏မျက်လုံးအောက်မှ မလွတ်မြောက်နိုင်ကြောင်း သိထားသဖြင့် သူမက စီရင်ခြင်းခံရမည်ကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။
ကျောက်စိမ်းကြယ်သခင်က ကောင်းကင်မူလကြယ်ထံ မလာခင် သူမ၏ရှင်းဟွမ်က ကောင်းကင်မူလကြယ်နှင့် ကျောက်စိမ်းကြယ်သည် မိတ်ဆွေများဖြစ်ခဲ့ပြီး အဆက်အသွယ်ပြတ်သွားကြောင်း ပြောပြခဲ့သည်။ လွန်ခဲ့သော နှစ်သောင်းချီမှကိစ္စကို သူမက မေ့လျော့ရန်ဆုံးဖြတ်ခဲ့ပြီး ၎င်းကို အရေးစိုက်ခြင်းက ရယ်စရာကောင်းသည်ဟု ယူဆခဲ့သည်။ ထို့ကြောင့် ရောင်လီက ကောင်းကင်မူလကြယ်၏ကျင့်ကြံသူများကိုသတ်ရန် ကြိုးပမ်းချိန်၌ သူမက မတားမြစ်ခဲ့ပေ။ သူမအတွက် ကောင်းကင်မူလကြယ်၏အရေးကိစ္စက အဖက်လုပ်ရန် မတန်ချေ။ သို့သော် တစ်ဖက်လူက ကြောက်မက်ဖွယ်နတ်ဆိုးတိုက်လှေကို ပိုင်ဆိုင်ထားပြီး အခြေအနေက ချက်ချင်းပြောင်းပြန်ဖြစ်သွားကာ မရဏအလင်းမျှော်စင်က ကျူးကျော်လာသူတိုင်းကို ချမ်းသာမပေးခဲ့ပေ။ လက်ရှိတွင် သူမတစ်ယောက်တည်းသာ ကျန်ရစ်ပြီး အသက်ရှင်လျက် လွတ်မြောက်ရန်လည်း မဖြစ်နိုင်ပေ။
ကြယ်သခင်ကျောက်စိမ်းက သေခြင်းကို မကြောက်သော်လည်း တစ်ချက်ကလေးပင် ပြန်လည်မတိုက်ခိုက်ဘဲ သေရမည်ကို မကျေနပ်ပေ။ တစ်ဖက်က အစွမ်းထက်ပြိုင်ဘက်တစ်ယောက်မဟုတ်ဘဲ သူမကို ချက်ချင်းပြာချပစ်နိုင်သော အနက်ရောင်အလင်းတန်းတစ်ခုကို အသုံးပြုလိုက်ရုံသာဖြစ်သည်။ ဤသို့သေဆုံးရမည်ကို သူမက မလိုလားပေ။ ထိုအချိန်၌ ဆူညံသံများ ရုတ်တရက်ထွက်ပေါ်လာသဖြင့် ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ သူမ၏မျက်လုံးများ မှိန်ကျသွားခဲ့သည်။ ကျောထက်တွင် မရဏအလင်းမျှော်စင်များ သယ်ပိုးထားသည့် ကျောက်ရုပ်ကြီးသုံးခုက သူမကို ဖိုခနောက်ဆိုင် ချီတက်လာနေသောကြောင့်ဖြစ်သည်။ ၎င်းတို့က အဝေးတွင် လဲလျောင်းလိုက်ကြပြီး သူမ၏လွတ်လမ်းကို ပိတ်ဆို့ထားကာ စိုက်ကြည့်နေစဥ် ကောင်းကင်၌ နတ်ဆိုးတိုက်လှေ ထွက်ပေါ်လာခဲ့သည်။
မည်မျှခုခံနေပါစေ အကျိုးမရှိကြောင်း နားလည်ထားသဖြင့် ကျောက်စိမ်းက ထွက်ပြေးမနေတော့ပေ။ မရဏအလင်းမျှော်စင်၏ ပစ်ချက်တစ်ခုကပင် သူမကို ပေါက်ကွဲသေဆုံးစေနိုင်သည်ဖြစ်ရာ မျက်လုံးများမှိတ်၍ သေခြင်းတရားကို စောင့်ဆိုင်းနေလိုက်သည်။
"ထွက်သွားစမ်း"
ယဲ့ချန်၏ အေးစက်စက်စကားသံက ထွက်ပေါ်လာသောကြောင့် သူမက မယုံနိုင်ဟန်ဖြင့် မျက်လုံးများပွင့်၍ နတ်ဆိုးတိုက်လှေကို မော့ကြည့်လိုက်မိသည်။
"နင်က ငါ့ကို လွှတ်ပေးမလို့လား"
သူမက တုန်ရီနေသောအသံဖြင့် ပြန်မေးလိုက်သည်။
"ဒီတစ်ခေါက် မင်းကို အသက်ချမ်းသာပေးလိုက်မယ်။ နောက်တစ်ကြိမ် ကောင်းကင်မူလကြယ်ကို ကျူးကျော်မလာနဲ့။ ငါတို့အကြောင်း သတင်းဖြန့်မယ်ဆိုရင် ကျောက်စိမ်းကြယ်ကို နတ်ဆိုးတိုက်လှေ ရောက်လာမယ်ဆိုတာ မမေ့နဲ့"
ယဲ့ချန်က နှာခေါင်းရှုံ့၍ အေးစက်စက် သတိပေးလိုက်၏။
"ဘာကြောင့် ငါ့ကို လွှတ်ပေးရတာလဲ"
ကျောက်စိမ်းက နားမလည်ဟန်ဖြင့် အတွေးများနေစဥ် ကောင်းကင်၌ ရှင်းဟွမ်ကို မြင်လိုက်ရသောကြောင့် အရာရာကို နားလည်သွားခဲ့သည်။ သူမက ကြယ်နှစ်ခုကြားမှ ရင်းနှီးမှုကို မေ့ထားသော်လည်း တစ်ဖက်လူက ထောက်ထားညှာတာခဲ့သည်။ ထို့ကြောင့် သူမက မျက်နှာပင်မပြရဲလောက်အောင် ရှက်ရွံ့သွားကာ နောင်တမျက်ရည်များ စီးထွက်လာခဲ့သည်။ သူမက နှုတ်ခမ်းကို သွေးထွက်အောင်ကိုက်၍ ရှင်းဟွမ်ကို တစ်ချက်ကြည့်ကာ ကောင်းကင်လှေတစ်စီးနှင့်အတူ ထွက်ခွာသွားခဲ့သည်။ ၎င်းက အလင်းတန်းတစ်ခုအသွင်ဖြင့် စကြဝဠာအတွင်း လှစ်ခနဲ ပျံထွက်သွားသည်။ ကောင်းကင်မူလကြယ်၏ရှင်းဟွမ်က ကြယ်သခင်ကျောက်စိမ်း၏ နောင်တတရားကို မြင်လိုက်သောအခါ တစ်ချက်ပြုံးလိုက်မိသည်။
ဤသို့ဖြင့် ပြင်းထန်ကြမ်းတမ်း၍ အလွန်တရာရက်စက်သော တိုက်ပွဲကြီးက ပြီးဆုံးသွားကာ ကြယ်တစ်ခုလုံး အပျက်အစီးများ ပြည့်နှက်နေသည်။ ကြယ်သခင်များနှင့် ကျူးကျော်လာသူများ၏ အလောင်းများကို ပြာချပစ်လိုက်ကာ သူတို့၏ပိုင်ဆိုင်မှုများက ကောင်းကင်မူလကြယ်အပိုင် ဖြစ်လာခဲ့သည်။ ဤတိုက်ပွဲမှ များစွာအမြတ်ရခဲ့ပြီး အဖိုးတန်ရတနာများအပြင် ကျူးကျော်သူများကျန်ရစ်သော ယာဥ်အရေအတွက်က သုံးရာကျော်လေသည်။