နှုတ်ဆက်ခွဲခွာခြင်း
Vol. 56 Ch. 781
ထန်းယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် အကျိုးအမြတ်များကို စုစည်းလိုက်ပြီး သွေးပြည်ထောင်၏ငွေကြေးများနှင့် ထာဝရပြည်ထောင်၏ ကြယ်ရတနာများ၊ တာအိုလက်နက်များကို ရရှိခဲ့သည်။
"ထန်းယွမ် အဖေက ကောင်းကင်မူလကြယ်ကနေ ထွက်သွားတော့မယ်။ မင်း ဒီနေရာကို ကာကွယ်ပေးနိုင်မလား"
နဂါးဘုရင်က ထန်းယွမ်ကိုမေးလိုက်ရင်း ရင်ဘတ်ထဲတွင် သိမ်းဆည်းထားသော မူလပုလဲကို ပွတ်သပ်နေခဲ့သည်။ သူက ဤနေရာကို မခွဲခွာချင်သော်လည်း ဆုံးဖြတ်ပြီးဖြစ်သည်။
"အဖေ သွားတော့မယ်ဆိုတာကို ကျုပ် သိပါတယ်။ ကျုပ်လည်း အတူလိုက်ခဲ့ဖို့အတွက် ရှင်းဟွမ်ကို ခွင့်တောင်းပြီးပါပြီ"
ထန်းယွမ်က တစ်ချက်ပြုံး၍ ဖြေလိုက်သည်။
"မင်းလည်း လိုက်လာမှာလား"
နဂါးဘုရင်က အံ့သြသွားသည်။ စကြဝဠာက အန္တရာယ်များလွန်းသောကြောင့် သူက တစ်ကိုယ်တော်သွားလိုပြီး မည်သည့်နေရာကို ဦးတည်ရမည်မှန်း မသိသော်လည်း သားဖြစ်သူက အတူတကွလိုက်ပါချင်နေသည်။
"ဒါပေါ့ အဖေရ"
ထန်းယွမ်၏ နွေးထွေးသော အပြုံးကြောင့် သူက ရင်ထဲ၌ ထိခိုက်သွားရ၏။
"ခင်ဗျားတို့ဘယ်ရောက်ရောက် ကောင်းကင်မူလကြယ်ကို ပြန်လာဖို့ သတိရကြဦး"
ယဲ့ချန်က ဝိညာဥ်ချင်းဆက်သွယ်၍ သူတို့ကို နှုတ်ဆက်လိုက်သည်။
"ကြယ်ကို မင်းလက်ထဲမှာ စိတ်ချလက်ချထားခဲ့မယ်"
"စိတ်ချပါဗျာ"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။
"အနာဂတ်မှာ ဘာတွေဖြစ်ဖြစ် ငါတို့ညီအစ်ကိုက တစ်နေ့ ပြန်ဆုံရမှာပါ"
ထန်းယွမ်က ထုံးစံအတိုင်း ဖော်ရွေစွာပြုံးပြနေပြီး စကားသံက တည်ကြည်လေးနက်နေသည်။
"ဂရုစိုက်ပါ"
ယခုအချိန်မှစ၍ ခွဲခွာရမည်ဖြစ်ကာ မည်သည့်အချိန်မှ ပြန်တွေ့နိုင်မည်မှန်း မသိရသောကြောင့် ယဲ့ချန်ပင် ဝမ်းနည်းနေခဲ့သည်။ ထို့နောက် သူတို့က ယာဥ်တစ်စီးကိုရွေးချယ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ကျင့်ကြံသူအားလုံးက လက်များဝှေ့ယမ်း၍ နှုတ်ဆက်နေကြ၏။
"နှုတ်ဆက်ပါတယ် ချစ်ရတဲ့ အမိမြေရေ"
သူတို့က မခွဲခွာလိုသော်လည်း ယာဥ်ပေါ်သို့တက်သွားပြီး မွေးဖွားရာကြယ်ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်သည်။ မည်သည့်နေရာသို့ ရောက်သည်ဖြစ်ပါစေ၊ ဤကြယ်က သူတို့၏အိမ် အမြဲတမ်း ဖြစ်နေပေလိမ့်မည်။ ထို့နောက် ယာဥ်က လေပေါ်သို့ မြင့်တက်လာကာ စကြဝဠာအတွင်း လှစ်ခနဲ ထွက်ခွာသွားခဲ့သည်။ ဘုရင်ချင်သည်လည်း မူလပုလဲတစ်လုံးကို သယ်ဆောင်၍ ကြယ်ကို လေးနက်စွာဝေ့ကြည့်လိုက်ပြီး ယာဥ်တစ်စီးရွေးချယ်ကာ တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်သွားခဲ့သည်။ သူ ပြန်ရောက်လာသော အချိန်၌ ကြယ်က ပြောင်းလဲကောင်းပြောင်းလဲနေပေလိမ့်မည်။
"ကောင်းကင်မူလကြယ်ကို ကာကွယ်ပေးပါ"
သူက ယဲ့ချန်ကို ဝိညာဥ်ချင်းဆက်သွယ်၍ တောင်းဆိုလိုက်၏။ သူ၏ကိုယ်တွင်းရှိ နတ်ဆိုးချီများက ပို၍သိပ်သည်းလာပြီး အသိစိတ်ပျောက်သွားနိုင်ချေရှိမရှိကိုလည်း မသိရပေ။ သူ၏အသိစိတ်ရှိနေသရွေ့ အမိမြေကို မေ့သွားရန် မဖြစ်နိုင်ချေ။
"မစိုးရိမ်ပါနဲ့ ဘုရင်ချင်။ ကျုပ်က သေချာပေါက် ဂရုစိုက်ပေးပါမယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ"
နဂါးဘုရင်ဖြစ်စေ၊ ဘုရင်ချင်ဖြစ်စေ၊ ထန်းယွမ်ဖြစ်စေ လေးစားထိုက်သူများဖြစ်သောကြောင့် ယဲ့ချန်က ရိုသေစွာ ပြောလိုက်၏။ ထို့နောက် ဘုရင်ချင်၏ယာဥ်က ကောင်းကင်သို့ပျံတက်သွားကာ အာကာသခရီးသွားစွမ်းရည်ကို အသက်သွင်းလိုက်သောကြောင့် ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ထက်တွင် ပျံ့လွင့်နေသော ရှင်းဟွမ်က ထွက်ခွာသွားသည့် ယာဥ်နှစ်စီးကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။ လက်ရှိတွင် သူက ထိုကာကွယ်သူသုံးယောက်၏ကံကြမ္မာကို မမြင်နိုင်တော့ပေ။ ထွက်ခွာသွားသူများကြောင့် လူတိုင်း ဝမ်းနည်းနေကြပြီး ကောင်းကင်မူလကြယ်၏ ထောက်တိုင်အချို့ မရှိတော့ပေ။ လက်ရှိတွင် ကြယ်ကိုကာကွယ်ရန်အတွက် ကျောက်ရုပ်ကြီးများ၊ နတ်ဆိုးတိုက်လှေနှင့် မရဏအလင်းမျှော်စင်များ ရှိသော်လည်း ရင်ဘတ်ထဲတွင် ဗလာဖြစ်နေကြသည်။
ကောင်းကင်မူလကြယ်၏ လုံခြုံရေးအတွက် စကြဝဠာအတွင်း စူးစမ်းရမည်ကို သဘောပေါက်သော ယဲ့ချန်က ကောင်းကင်ကို စိုက်ကြည့်နေသည်။ ဤကြယ်ပေါ်တွင် လေးစားထိုက်သော သူရဲကောင်းများစွာမွေးဖွားခဲ့ပြီး သူ၏မိသားစုနှင့် ယဲ့မျိုးနွယ်အကြောင်း တွေးနေခဲ့သည်။
"ဒီနေ့ကစလို့ ကောင်းကင်မူလကြယ်က ဘယ်သူ့ကိုမှ မသနားဘူး။ စကြဝဠာထဲက သားရဲတွေ၊ နတ်ဆိုးတွေနဲ့ ကျင့်ကြံသူတွေက ငါ့နာမည်ကိုကြားရင် တုန်ခါသွားစေရမယ်။ ငါ့အာဏာကို စကြဝဠာထဲကိုဖြန့်ကျက်ပြီး တစ်နေ့ကျရင် စကြဝဠာရဲ့သခင် ဖြစ်လာစေရမယ်"
ကောင်းကင်ကို အချိန်ကြာမြင့်စွာ ငေးကြည့်နေသော ယဲ့ချန်က ကြုံးဝါးလိုက်ခြင်းဖြစ်သည်။ ထန်တိုက်လင်နှင့် တန်းအာက အစောင့်အရှောက်များနှင့် ပြန်လည်ရောက်ရှိလာသည်။ ရေလိပ်ပြာနှင့် ဆော့ကစားနေသည့် တန်းအာကို သူ၏ဇနီးလေးယောက်က ထိန်းကျောင်းစောင့်ရှောက်ပေးနေကြသည်။ အရာရာတိုင်းက လှပနေပြီး ဤအလှတရား မပျက်ပြယ်သွားစေရန် သူက ကာကွယ်ရပေလိမ့်မည်။ ထာဝရကြယ်သင်္ချိုင်းမှရလာသော ပိုင်နက်သားရဲအမြုတေများကို ရောင်းချလျှင် ပိုက်ဆံများစွာရမည့်အပြင် မရဏကြယ်မှ သူ၏ပိုင်ဆိုင်မှုများကိုလည်း လျှို့ဝှက်လမ်းကြောင်းမှတဆင့် သယ်ယူလိုက်သည်။ သူက နတ်အစေခံကျွန်များ ထပ်မံဝယ်ယူ၍ ကောင်းကင်မူလကြယ်၏ စစ်အင်အားကို မြှင့်တင်ရန် စဥ်းစားထားသည်။ မရဏအလင်းမျှော်စင်များ၏ ကာကွယ်မှုဖြင့်ဆိုလျှင် ယွမ်တပင် ကျူးကျော်လာရန် နှစ်ခါပြန် စဥ်းစားရပေလိမ့်မည်။ မျှော်စင်တစ်ခုက သူ့ကို မသတ်နိုင်သော်လည်း ဒဏ်ရာရစေနိုင်ပြီး ဆယ်ခုအထက်ဆိုပါက ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိရှိမည် မဟုတ်ချေ။
"ယွမ်တ"
ထိုရန်သူအကြောင်း စဥ်းစားမိသောအခါ ယဲ့ချန်၏မျက်လုံးများ အေးစက်တင်းမာလာခဲ့သည်။ ဤတိုက်ပွဲဖြစ်ပေါ်လာရသော အကြောင်းအရင်းမှာ ကျောက်စိမ်းနန်းတော်အကြောင်း ယွမ်တက သတင်းလွှင့်လိုက်သောကြောင့်ဖြစ်သည်။ ကောင်းကင်မူလကြယ်ပင် ဖျက်ဆီးခံရလုနီးပါး ဖြစ်ခဲ့သောကြောင့် သွေးကြွေးကို ပြန်လည်တုံ့ပြန်ရပေလိမ့်မည်။ ကောင်းကင်မူလကြယ်အတွက် စီစဥ်စရာရှိသည်များ စီစဥ်ပြီးလျှင် သူက ရင်ယွမ်ကြယ်သို့ သွားရောက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ထပ်ဆယ်ရက်အတွင်း မရဏကြယ်မှ စစ်ဧကရာဇ်သောင်းချီ ရောက်ရှိလာပြီး ဘီလီယံရာချီသော ဆည်းဆာရွှေများ၊ မရေမတွက်နိုင်သော ကြယ်သလင်းကျောက်များ၊ ကြယ်အမြုတေများနှင့် ကြယ်အဆီအနှစ်များကို သယ်ဆောင်လာကြ၏။ မရဏကြယ်မှ စီးပွားရေးကို သူက မိုရန်နှင့် ကျိရန်ရွယ်လက်သို့ လွှဲပြောင်းတာဝန်ပေးလိုက်ပြီး မုကုန်း၏ကာကွယ်ပေးမှုဖြင့် ကောင်းကင်နတ်ဆိုးများကို မှုစရာမလိုပေ။ လက်ရှိတွင် ကောင်းကင်မူလကြယ်က အလွန်တရာကြွယ်ဝချမ်းသာနေပြီဟု ဆိုနိုင်သည်။
မရဏကြယ်နက်က ကြယ်သေတစ်ခုဖြစ်ပြီး မျက်နှာပြင်က ကျက်တီးမြေဖြစ်ကာ လေအေးများ တသုန်သုန် တိုက်ခတ်နေသည်။ သို့သော် ဤနေရာ၌ ကြယ်အဖွဲ့အစည်းအတွင်း ကျော်ကြားသော မှောင်ခိုစျေးတစ်ခုရှိနေကာ ကြယ်သခင်သုံးယောက် အုပ်ချုပ်သည်။ ဤကြယ်ပေါ်တွင် ယာဥ်များစွာရပ်နားထားပြီး ပို၍အဖိုးတန်သော ကောင်းကင်တိုက်လှေများလည်း ရှိသည်။ ၎င်းတို့က သာမန်ကောင်းကင်လှေများထက် ပို၍ကြီးမားပြီး အလွန်အစွမ်းထက်ကာ ကလေးနှင့် လူကြီး ယှဥ်သကဲ့သို့ဖြစ်သည်။ ချမ်းသာသော ကြယ်များသာ ထိုယာဥ်မျိုးကို ဝယ်ယူနိုင်သဖြင့် ပိုင်ရှင်များမှာ မှောင်ခိုစျေးတွင် အလေးပေးဆက်ဆံခံရသည်။ နတ်အစေခံအချို့က ကောင်းကင်တိုက်လှေတစ်စီးပေါ်မှ ဆင်းလာကြပြီး ပတ်ဝန်းကျင်မှ ယာဥ်ငယ်များကို အထင်သေးစွာဖြင့် ဝေ့ကြည့်လိုက်ပြီး လက်နှစ်ဖက်နောက်ပစ်ကာ မောက်မာနေကြသည်။ ကောင်းကင်တိုက်လှေကို သာမန်လူများ မပိုင်ဆိုင်နိုင်သောကြောင့် သူတို့က မောက်မာနိုင်စွမ်းရှိပြီး မှောင်ခိုစျေးတွင် အဆင့်အတန်းမြင့်ကြသည်။
ထိုအချိန်၌ ကောင်းကင်က မည်းနက်သွား၍ လေပြင်းများတိုက်ခတ်လာကာ ကျောက်များ၊ သဲများ လွင့်ပျံကုန်ပြီး ထိုနတ်အစေခံများ လွင့်ထွက်သွားကြသည်။
"ဘယ်သူက ဒီလောက်ရိုင်းစိုင်းမောက်မာနေတာလဲ"
သူတို့က ဒေါသတကြီး ကျိန်ဆဲလိုက်သော်လည်း ခေါင်းမောကြည့်လိုက်သောအခါ မြင်လိုက်ရသောအရာကြောင့် ပါးစပ်များ ပိတ်သွားကာ စကားတစ်ခွန်းပင် ထပ်မထွက်လာရဲချေ။ လေပြင်းများက ကောင်းကင်ကို ဖုံးကွယ်နိုင်လောက်အောင် ကြီးမားသော လှေကြီးတစ်စင်းဆင်းသက်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူတို့သာမက ပတ်ဝန်းကျင်ရှိ ယာဥ်များပင် လေပြင်းများကြောင့် လွင့်ထွက်သွားကာ သူတို့၏ကောင်းကင်တိုက်လှေပင် တုန်ခါ၍ ဘေးရောက်သွားခဲ့သည်။ ကြောက်စိတ်ကြောင့် သူတို့က မျက်နှာပျက်သွားပြီး အလျင်အမြန်ဘေးကပ်ပေးလိုက်ကာ မောက်မာမှုအစား ရိုကျိုးမှုများ အစားထိုးဝင်ရောက်လာသည်။ ကျယ်လောင်သော မြည်သံတစ်ခု ထွက်ပေါ်လာသောကြောင့် ဆင်းသက်လာသော လှေကြီးကို လူတိုင်းသတိထားမိသွားကာ စိုက်ကြည့်လာကြသည်။ ၎င်းက မီတာသုံးထောင်နီးပါး ရှည်လျားကာ မီတာငါးထောင်ကျော်မြင့်၍ အနက်ရောင် တဖိတ်ဖိတ်တောက်နေသည်။ ကုန်းပတ်တွင် မျှော်စင်ဆယ်ခုက ကောင်းကင်သို့ ထိုးဖောက်မယောင် တည်ရှိနေကာ ကြောက်မက်အရှိန်အဝါကို ထုတ်ဖော်နေသဖြင့် လူတိုင်း တုန်ယင်သွားသည်။
"ဒါ...ဒါကြီးက နတ်ဆိုးတိုက်လှေမလား"
တစ်စုံတစ်ယောက်က ၎င်းအကြောင်း မှတ်မိသွားသောကြောင့် အလန့်တကြားအော်ဟစ်လိုက်သည်။
"ဘုရားရေ ဒဏ္ဍာရီလာစစ်လှေကြီးပါလား"
"သွေးပြည်ထောင်ရဲ့ အံ့မခန်းလက်ရာ"
"ဒီမျှော်စင်တွေကို ကြည့်စမ်း၊ မရဏအလင်းမျှော်စင်တွေ မဟုတ်ဘူးလား။ အားလုံးက အဆင့်နှစ်တွေချည်းပဲ"
"ဘာကြယ်သခင်တစ်ယောက်ကိုတောင် သတ်နိုင်တဲ့ လက်နက်တွေ တပ်ဆင်ထားတာလား"
မရဏကြယ်နက်တွင် ရုတ်ရုတ်သဲသဲဖြစ်နေပြီး ကြယ်သခင်သုံးယောက်အပါအဝင် လူတိုင်းက နတ်ဆိုးတိုက်လှေကို အာရုံစိုက်နေကြသည်။
"အထူးပုဂ္ဂိုလ်တစ်ယောက်များ ရောက်လာတာလား"
ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်း ဤယာဥ်မျိုးကို ဝယ်ယူရန် တတ်နိုင်သူအရေအတွက်က လက်ချိုးရေနိုင်သည်။ မည်သည့်ပုဂ္ဂိုလ်ရောက်ရှိလာမှန်း မသိသောကြောင့် သူတို့က တီးတိုးဆွေးနွေးရင်း ဂရုတစိုက်စောင့်ဆိုင်းနေကြသည်။ နတ်ဆိုးတိုက်လှေ၏ဖွဲ့စည်းပုံက ထူးခြားပြီး အတွင်းပိုင်းကို ကြယ်သခင်များပင် မမြင်နိုင်ပေ။ သူတို့က ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးရန်လည်း တွန့်ဆုတ်နေကြသည်။ မည်သူထွက်လာမည်မှန်း မပြောနိုင်သော လှေ၏ထွက်ပေါက်ကို လူတိုင်းက အသက်မရှူဘဲ စောင့်ကြည့်နေကြသည်။
ထို့နောက် လှေပေါ်မှ ဧရာမအလင်းကြီးတစ်ခု ကျဆင်းလာကာ လူတစ်ယောက် တည်နေရာရွှေ့ပြောင်းလာသည်။ ထိုလူက အသက်နှစ်ဆယ်အရွယ်သာဖြစ်ပြီး ပြတ်သားတည်ကြည်၍ ယုံကြည်မှုရှိသော မျက်နှာထားကို ပိုင်ဆိုင်ထားကာ အလွန်သာမန်ဆန်သော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ယဲ့ချန်က အလင်းတန်းအတွင်းမှ တည်တည်ငြိမ်ငြိမ်ထွက်လာပြီး မရဏကြယ်နက်၏ ကြယ်သခင်သုံးယောက်က သူ့ကို အာရုံစိုက်နေကြောင်း သိသော်လည်း မျက်နှာက ပြောင်းလဲခြင်းမရှိဘဲ အေးဆေးတည်ငြိမ်နေခဲ့လေသည်။