စွမ်းအားရှင်၏ နောက်လိုက်ဟန်ဆောင်ခြင်း
Vol. 56 Ch. 782
ယဲ့ချန်၏ ဝတ်စားဆင်ယင်ပုံက နောက်လိုက်တစ်ဦးနှင့် ဆင်တူနေပြီး နတ်ဆိုးတိုက်လှေပေါ်မှ တစ်ကိုယ်တော်ဆင်းလာသောအခါ စောင့်ကြည့်နေသူများက ဆွံ့အကုန်သည်။ သူတို့၏စိတ်ထဲမှ တွေးထင်ထားသော ထိပ်တန်းကျင့်ကြံသူ၏ပုံရိပ်က ပျောက်ကွယ်သွားကာ ဧရာမယာဥ်ကြီးပေါ်မှ လူတစ်ယောက်သာ ဆင်းလာမည်ဟု ထင်မထားပေ။ သို့သော် သူက လှေပိုင်ရှင်၏နောက်လိုက် ဖြစ်နိုင်သောကြောင့် မည်သူမှ အထင်မသေးရဲပေ။ စွမ်းအားရှင်တစ်ယောက်၏ နောက်လိုက်ဖြစ်လာရန်ကလည်း ရိုးရှင်းသော အလုပ် မဟုတ်ချေ။ လှေပိုင်ရှင်က လူကိုယ်တိုင်ထွက်လာပြီး သာမန်အရေးကိစ္စများကို ကိုင်တွယ်ချင်ပုံမရပေ။
တစ်ချိန်တည်းမှာပင် ကြယ်သခင်သုံးယောက်က ပြိုင်တူလှုပ်ရှားလာကြပြီး ယဲ့ချန်ကိုကြိုဆိုရန် လူများ စေလွှတ်လိုက်ကြသည်။ လှေပိုင်ရှင် မည်သူဖြစ်ကြောင်း မသိကြသော်လည်း စွမ်းအားရှင်တစ်ယောက်ကို ဖားယားနိုင်လျှင် အကျိုးရှိသည်။ ထိုသုံးယောက်က အဆင့်မြင့်ကြယ်သခင်များဖြစ်ပြီး သက်ဆိုင်ရာကြယ်ဒေသများတွင် အစွမ်းထက်သည်ဟု ဆိုနိုင်သော်လည်း ဤစွမ်းအားရှင်မျိုးနှင့်ယှဥ်လျှင် နိမ့်ကျသည်။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်း ထိပ်တန်းကြယ်သခင်များစွာရှိသော်လည်း အသန်မာဆုံးဟူသော ဘွဲ့ကို ၃၂ယောက်တည်းသာ ပိုင်ဆိုင်ခြင်းဖြစ်သည်။ အသန်မာဆုံး ကြယ်သခင်အသစ်တစ်ယောက် ထွက်ပေါ်လာလျှင် ယခင်တစ်ယောက်က ရှုံးနိမ့်သွားသောကြောင့်ဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်များအတွင်း စွမ်းအားရှင်များကြားတွင် အပြောင်းအလဲမရှိခဲ့ပေ။ ကြီးမားသော စစ်ပွဲတစ်ခု မဖြစ်ပွားလျှင် ကြယ်သခင်အသစ်တစ်ယောက် ထပ်မံထွက်ပေါ်လာရန် မဖြစ်နိုင်ချေ။ စွမ်းအားရှင်တစ်ယောက်ချင်းစီက အဆင့်အတန်းအလွန်မြင့်ပြီး နောက်ကွယ်၌ ကြီးမားလှသော အင်အားစုများ ရှိကြသည်။ ထိုသို့သော ကျင့်ကြံသူတစ်ယောက်ကို ရင်းနှီးရန်မှာ သာမန်ကြယ်သခင်များ၏အိပ်မက်ဖြစ်ပြီး မရဏကြယ်နက်သို့ စွမ်းအားရှင်တစ်ဦး ရောက်လာသောအခါ ကြယ်သခင်သုံးယောက်၏ စိတ်လှုပ်ရှားမှုကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
သို့သော် သူတို့၏အပြုအမူများကို ဆင်ခြင်နေရပြီး အကယ်၍ ထိုလူကို စိတ်ညစ်ညူးစေခဲ့လျှင် ဆုံးရှုံးမှုများသာ ကြုံရပေလိမ့်မည်။ မတော်တဆ ဒေါသထွက်စေခဲ့လျှင် သူတို့က တစ်ဖက်လူ၏တိုက်ကွက်တစ်ခုကိုပင် မခုခံနိုင်သောကြောင့် ဂရုတစိုက် အလေးထားနေရသည်။ ယဲ့ချန်ကမူ မှောင်ခိုစျေးအတွင်း ခပ်တည်တည်ဝင်ရောက်လာပြီး လမ်းပေါ်ရှိ ကျင့်ကြံသူများက စွမ်းအားရှင်၏နောက်လိုက်ကို ရန်မစလိုသောကြောင့် လမ်းဖယ်ပေးထားကြသည်။ သူက ချင်းယွမ်အပေါင်ဆိုင်သို့ ဦးတည်လိုက်ပြီး ဆိုင်ပေါက်ဝ၌ ဆိုင်ရှင်လန်က စောင့်နေခဲ့သည်။ နတ်ဆိုးတိုက်လှေပေါ်မှ ဆင်းလာသူကို မြင်သောအခါ သူမ၏မျက်လုံးများက မယုံနိုင်ဟန်ဖြင့် ပြူးကျယ်သွားခဲ့သည်။ ယခင်တစ်ခေါက်တွင် ကောင်းကင်ငွေချပ်ဝတ်တစ်ခုကြောင့် ယဲ့ချန်ကို တိရန်အပေါင်ဆိုင်က အမဲလိုက်ခဲ့သောအကြောင်းနှင့် လက်ရှိအခြေအနေက ကွဲပြားနေသည်။ အကယ်၍ သူကသာ စွမ်းအားရှင်၏နောက်လိုက်ဖြစ်ကြောင်း ထုတ်ဖော်ပြသလိုက်လျှင် ပြဿနာများ အလိုလိုရှင်းလင်းသွားမည် မဟုတ်ပါလော။ စွမ်းအားရှင်၏ နောက်လိုက်များက ကျားသားစားရန် ဝက်ယောင်ဆောင်ခြင်းကို စွဲလန်းနေပုံရသည်။
နတ်ဘုံမှ ကောင်းကင်ငွေချပ်ဝတ်အကြောင်း တွေးမိသောအခါ သူမက အတွေးနက်နေခဲ့သည်။ နတ်ဘုံက ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းရှိ ထိပ်တန်းကျင့်ကြံသူများပင် ထိတွေ့ခွင့်မရနိုင်သော နေရာမျိုးဖြစ်ကာ ထိုနေရာမှ ချပ်ဝတ်တစ်ခုကို တစ်ဖက်လူက ရောင်းချနေခဲ့သည်။ သို့သော် အရာရာက သူမ၏လက်ရှိအဆင့်ဖြင့် စွက်ဖက်နိုင်သော အရာမျိုးမဟုတ်သောကြောင့် နောက်ခံအင်အားကြီးမားသော်လည်း စွမ်းအားရှင်တစ်ယောက်ကို စော်ကား၍မဖြစ်ပေ။ ထို့အပြင် တစ်ဖက်လူက နတ်ဘုံနှင့်ပင် ဆက်နွယ်နေသောကြောင့် သူမကို ကိုယ်လုံးတီးချွတ်ရန် အမိန့်ပေးလာလျှင်ပင် စောဒကမတက်ဘဲ လိုက်နာရပေလိမ့်မည်။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်း ထိပ်တန်းအင်အားစုကြီးများတွင် စွမ်းအားရှင်များ ရှိနေသည်။
"ကျေးဇူးပြုပြီး ကြွပါ ဆရာ"
လန်ယွဲ့အာက ဆိုင်သို့ရောက်လာသော ယဲ့ချန်ကို ဖော်ရွေစွာ ကြိုဆိုလိုက်၏။ သူမက ယခင်တစ်ခေါက်တွင် သဘောကောင်းခဲ့သော်လည်း ယခုတစ်ခေါက်၌ ပိုမိုယဥ်ကျေးနေခဲ့သည်။ ယဲ့ချန်က ချင်းယွမ်အပေါင်ဆိုင်သို့ ဝင်ရောက်သွားကြောင်း မြင်သောအခါ မရဏကြယ်နက်၏ အင်အားစုအသီးသီးက ထိတ်လန့်သွားကြသည်။ ချင်းယွမ်အပေါင်ဆိုင်၏ ပိုင်ရှင်နောက်ကွယ်၌ အစွမ်းထက်အင်အားစုတစ်ခုရှိကြောင်း သူတို့က ခန့်မှန်းမိသော်လည်း ထိပ်တန်းကြယ်သခင်တစ်ယောက်နှင့် ပတ်သက်နေမည်ဟု မျှော်လင့်မထားပေ။ ကြယ်သခင်သုံးယောက်က ဤမြင်ကွင်းကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ဆိုင်ရှင်လန်ကို ရင်းရင်းနှီးနှီးဆက်ဆံရန် ဆုံးဖြတ်လိုက်ကြသည်။
ယဲ့ချန်ကို လန်ယွဲ့အာက ယခင်အခန်းထက် ပိုမိုလှပခမ်းနားသော လျှို့ဝှက်အခန်းတစ်ခုထံ ခေါ်ဆောင်သွားခဲ့သည်။ စားပွဲ၊ ကုလားထိုင်များကို ကောင်းမွန်စွာခင်းကျင်းထားပြီး စားသောက်ဖွယ်ရာမျိုးစုံ ခင်းကျင်းထားသည်။ သူမက ယဲ့ချန်ကိုထိုင်ရန် လက်ဟန်ခြေဟန်ဖြင့် အမူအရာပြလိုက်ပြီး ဖားယားခြင်းမဟုတ်သော်လည်း နွေဦးလေကဲ့သို့ နွေးထွေးဖော်ရွေမှုကို ခံစားလိုက်ရ၏။
"အရင်တစ်ခေါက်က ရိုင်းပျခဲ့မိရင် ခွင့်လွှတ်ပေးပါ"
လန်ယွဲ့အာက လက်ဖက်ရည်တစ်ခွက်ကို ယဲ့ချန်အတွက် တည်ခင်းလိုက်သည်။
"ဒီကိစ္စကို ကျုပ်က ဖုံးကွယ်ထားတာဆိုတော့ ဆိုင်ရှင်လန် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ရမှာပါ"
ယဲ့ချန်က ခေါင်းယမ်းပြလိုက်၏။
"အားနာလွန်းနေပါပြီ။ ဒီတစ်ခေါက် လာရင်းကိစ္စကို ပြောပါဦး"
"ဒီတစ်ကြိမ်လည်း ကျုပ်က ဆိုင်ရှင်လန်နဲ့ ပစ္စည်းကောင်းလေးတွေ အရောင်းအဝယ်လုပ်ချင်တာပါ"
ယဲ့ချန်က စကားအဆုံးတွင် လက်ဖက်ရည်တစ်ငုံသောက်လိုက်စဥ် လန်ယွဲ့အာက အတွေးနက်နေသည်။ တစ်ဖက်လူက ရတနာများရောင်းချချင်လျှင် ထိပ်တန်းမဟာမိတ်ရှိသော်လည်း မှောင်ခိုစျေးကို ရွေးချယ်သော အကြောင်းအရင်းကို နားမလည်ဖြစ်နေခဲ့သည်။ သို့သော်လည်း သူမက တစ်ဖက်လူထုတ်ပြလာမည့် ရတနာကို စိတ်ဝင်စားနေသောကြောင့် မေးခွန်းထုတ်မနေခဲ့ပေ။ စွမ်းအားရှင်တစ်ယောက် ပိုင်ဆိုင်ထားသော ရတနာများက သေချာပေါက် ရိုးရှင်းမည်မဟုတ်ပေ။
"ဘာဖြစ်ဖြစ် အကောင်းဆုံးဝန်ဆောင်မှု ပေးပါမယ်"
စွမ်းအားရှင်တစ်ယောက်၏ တောင်းဆိုချက်ကို ငြင်းပယ်ရန် မဖြစ်နိုင်သောကြောင့် သူမက ခေါင်းညိတ်ပြလိုက်သည်။ မရဏကြယ်နက်ဖြစ်စေ၊ ဤကြယ်အဖွဲ့အစည်းဖြစ်စေ သူမက ကျော်ကြားသူတစ်ယောက်ဖြစ်ပြီး အရေးပါသော်လည်း စွမ်းအားရှင်များနှင့်ယှဥ်လိုက်လျှင် နိမ့်ကျလွန်းနေသည်။ ထို့အပြင် နတ်ဆိုးတိုက်လှေကဲ့သို့ ရတနာမျိုးကို ပိုင်ဆိုင်ထားသူက စွမ်းအားရှင်များကြား၌ ထိပ်တန်းဆယ်ယောက်အတွင်း ဝင်ပေလိမ့်မည်။ ထာဝရပြည်ထောင်၌ ဤယာဥ်မျိုးရှားပါးပြီး အလွန်နည်းပါးသော အရေအတွက်တစ်ခုသာ ပိုင်ဆိုင်နိုင်စွမ်းရှိသည်။ ယဲ့ချန်သည် သူမ၏မျက်နှာထားကို တိတ်တဆိတ်အကဲခတ်ရင်း ထင်ထားသည့်အတိုင်း ဖြစ်လာသောကြောင့် ကျေနပ်နေသည်။ တစ်ဖက်လူက သူ၏နောက်တွင် ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်ရှိသည်ဟု အထင်မှားသွားခဲ့သည်။ ဤအချက်က လူတိုင်းကို ကြောက်လန့်တုန်လှုပ်စေနိုင်သောကြောင့် သူက အကောင်းဆုံး အသုံးချရပေလိမ့်မည်။ သူက ဆန်းကျယ်စွာပြုံး၍ တောင်ကုန်းတစ်ခုပမာဏရှိသော အမြုတေတစ်ခုကို သူမအား ပြသလိုက်သည်။
"ပိုင်နက်သားရဲအမြုတေ"
လန်ယွဲ့အာက အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကာ ထမအော်မိအောင် ထိန်းထားလိုက်ရသည်။ သူမ၏မျက်ဝန်းများက ဝိုင်းစက်နေပြီး တစ်ဖက်လူက ထိပ်တန်းမဟာမိတ်အစား မှောင်ခိုစျေးကို ရွေးချယ်သော အကြောင်းအရင်းကို ချက်ချင်းနားလည်လိုက်သည်။ ပိုင်နက်သားရဲများက အစွမ်းထက်မျိုးနွယ်တစ်ခုဖြစ်ကာ ကြယ်သခင်များထက်ပင် တိုက်ခိုက်ရေးစွမ်းအား ပိုများသည်။ ၎င်းက အဆင့်နှစ်မျိုးနွယ်တစ်ခုဖြစ်ကာ ရှင်းဟွမ်မျိုးနွယ်နှင့် မဟာမိတ်များဖြစ်ပြီး အရေအတွက်သိန်းချီက သူတို့အတွက် တိုက်ခိုက်ပေးလျက်ရှိသည်။ ၎င်းတို့ကို အမျိုးအစားခြောက်ခု ခွဲခြားထားကာ နတ်အဆင့်နှင့် ရွှေအဆင့်များက အခြားမျိုးနွယ်ခွဲများထက် ပို၍သန်မာပြီး အရွယ်မရောက်သေးလျှင်ပင် အစွမ်းထက်ကြသည်။ သို့သော် ပို၍အစွမ်းထက်လေလေ ပို၍ရှားပါးလေလေဖြစ်ပြီး ကျန်မျိုးနွယ်ခွဲလေးခုတွင် အရေအတွက်များစွာရှိသည့်အချိန်၌ ထိုမျိုးနွယ်ခွဲနှစ်ခုက အလွန်နည်းပါးသည်။
လူသားများကဲ့သို့ ပိုင်နက်သားရဲများက ရှင်းဟွမ်များ၏မဟာမိတ်ဖြစ်ပြီး နယ်မြေကိုယ်စီ ပိုင်ဆိုင်ထားသည်။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းအတွင်း သားရဲတစ်ထောင်ကြယ်ဒေသဟူသော နေရာတစ်ခုက ၎င်းတို့၏အသိုက်ဖြစ်ကာ အခွင့်မရှိလျှင် မည်သူမှမဝင်ရပေ။ ထိုနေရာ၌ အရေအတွက်မည်မျှရှိသည်ကို မည်သူမှမသိသော်လည်း သားရဲဘုရင်မသုံးကောင်နေထိုင်ကာ ပျားများကဲ့သို့ မျိုးပွားကြောင်း ကောလဟာလသတင်းများရှိသည်။ ပိုင်နက်သားရဲတစ်ကောင် အရွယ်ရောက်လာလျှင် ကြယ်သခင်များက သွားရောက်လည်ပတ်၍ ငွေများစွာနှင့် ကြယ်အဆီအနှစ်များအသုံးပြု၍ တိုက်ခိုက်ပေးရန်အတွက် ဆွဲဆောင်ရသည်။ ထိပ်တန်းမဟာမိတ်တွင် အရွယ်ရောက် ပိုင်နက်သားရဲသုံးကောင်ရှိပြီး အခြားအင်အားစုများတွင်လည်း ကိုယ်စီပိုင်ဆိုင်ထားတတ်သည်။
ပိုင်နက်သားရဲအမြုတေတွင် အလွန်အမင်းများသော စွမ်းအင်ပမာဏ ပါဝင်ပြီး သားရဲများအတွက် ကြယ်အဆီအနှစ်ထက် ပို၍အရေးပါသည်။ ၎င်းတို့က လူသားများနှင့် သဘောတူညီချက်တစ်ခု လုပ်ထားသောကြောင့် ပိုင်နက်သားရဲအမြုတေကိုတွေ့လျှင် ကိုယ်ကျိုးအတွက် အသုံးမပြုရဘဲ သားရဲတစ်ထောင်ကြယ်ဒေသသို့ ပို့ဆောင်ပေးရမည်ဖြစ်သည်။ သို့သော် အကျိုးအမြတ်မရှိလျှင် မည်သူမျှ အဖိုးတန်အမြုတေများကို ထိုနေရာသို့ပို့ဆောင်ပေးရန် မဖြစ်နိုင်ပေ။
၎င်းက အလွန်ရှားပါးပြီး အဖိုးတန်သော်လည်း ရုပ်ခန္ဓာက မာကျောလွန်းသည်။ ထိပ်တန်းကြယ်သခင်အချို့သာ ၎င်းကို ထုတ်ယူနိုင်စွမ်းရှိသည်။ အဆင့်အတန်းမြင့်သူများက သဘောတူညီချက်ကြောင့် အမြုတေကို သားရဲတစ်ထောင်ကြယ်ဒေသသို့ ပို့ပေးရမည်ဖြစ်သော်လည်း အပြန်အလှန်အကျိုးမရှိသော အရာကို မလုပ်လိုကြပေ။ ထို့ကြောင့် သူတို့က ထာဝရကြယ်သင်္ချိုင်းအတွင်းမှ ရရှိထားသော ပိုင်နက်သားရဲအမြုတေများကို လျှို့ဝှက်သိမ်းဆည်းထားတတ်သည်။
တစ်ဖက်လူက ငွေလိုအပ်နေသောကြောင့်သာ မဟုတ်လျှင် ပိုင်နက်သားရဲအမြုတေကို သီးသန့်ရောင်းချမည် မဟုတ်ကြောင်း လန့်ယွဲ့အာက ခန့်မှန်းလိုက်သည်။ ဤအကြောင်းကို သားရဲဘုရင်မသာ သိသွားလျှင် ထိုစွမ်းအားရှင်ထံ ပိုင်နက်သားရဲများပေးအပ်ရန် သေချာပေါက် ငြင်းပယ်ပေလိမ့်မည်။
"ဒီပိုင်နက်သားရဲအမြုတေက ကြယ်အဆီအနှစ်တန်သုံးရာကျော် တန်ကြေးရှိတယ်။ ဒါပေမယ့် ဒီပမာဏကို အချိန်တိုအတွင်း ထုတ်ပေးဖို့ မဖြစ်နိုင်ဘူး"
လန်ယွဲ့အာက အမြုတေကို လေးလေးနက်နက် စစ်ဆေးလိုက်ပြီး အလျင်အမြန်သုံးသပ်လိုက်၏။ ကြယ်အဆီအနှစ်က အလွန်ရှားပါးပြီး ကြယ်သလင်းကျောက်များစွာ ထွက်သော ကြယ်တစ်လုံးကို ဖောက်ခွဲလိုက်လျှင်ပင် တန်အနည်းငယ်သာ ရရှိနိုင်သည်။ ပိုင်နက်သားရဲအမြုတေဖြစ်စေ၊ ကြယ်အဆီအနှစ်များဖြစ်စေ စျေးကွက်အတွင်း၌ အလွန်တရာ ရှားပါးလေသည်။