← Chapters

နတ်အစေခံကျွန်များ ထပ်မံဝယ်ယူခြင်း

Vol. 56 Ch. 783

နတ်အစေခံကျွန်များ ထပ်မံဝယ်ယူခြင်း

Vol. 56 Ch. 783

"အရှင်က ကြယ်အဆီအနှစ်တွေ မလိုချင်ဘူး"

လန်ယွဲ့အာပြောသော ပမာဏက မက်လောက်စရာဖြစ်သောကြောင့် ယဲ့ချန်က စိတ်ထဲတွင် တုန်လှုပ်နေသော်လည်း အပြင်ပန်း၌ အလွန်တည်ငြိမ်နေကာ ခဏတာစဥ်းစား၍ တောင်းဆိုလိုက်၏။

"ဒါဆိုရင် အရှင်က ဘာများလိုချင်တာလဲ"

"အစွမ်းထက်တဲ့ နတ်အစေခံတွေ"

စွမ်းအားရှင်တစ်ယောက်က ကြယ်သခင်များစွာကို ဆင့်ခေါ်အမိန့်ပေးနိုင်သောကြောင့် နတ်အစေခံများ လိုချင်သည်ဟု ကြားလိုက်ရသောအခါ လန်ယွဲ့အာက စိတ်ရှုပ်သွားခဲ့သည်။ နတ်ဆိုးတိုက်လှေတွင် တပ်ဆင်ထားသော မရဏအလင်းမျှော်စင်များကလည်း နတ်အစေခံများကို ချက်ချင်းသတ်ပစ်နိုင်အောင် အစွမ်းထက်သောကြောင့် ဤတောင်းဆိုချက်က သံသယဝင်စရာဖြစ်သည်။ သို့သော် သူမက မည်မျှစိတ်ရှုပ်နေပါစေ၊ စွမ်းအားရှင်တစ်ယောက်၏ လျှို့ဝှက်ချက်များကို မေးခွန်းထုတ်ရန် မသင့်တော်ပေ။

"ပိုင်နက်သားရဲအမြုတေတစ်ခုက အဆင့်ရှစ်နဲ့အထက် နတ်အစေခံတစ်ရာကျော်ကို ဝယ်ယူနိုင်တယ်။ ငါ့ဆိုင်လေးက သေးငယ်တော့ ဒီပမာဏကို မထောက်ပံ့ပေးနိုင်တဲ့အတွက် ကြယ်သခင်သုံးယောက်ကို ဆက်သွယ်ပေးမယ်။ သူတို့က အရှင်စိတ်ကျေနပ်အောင် လုပ်ပေးလိမ့်မယ်"

သူမက ဖြေလိုက်သည်။

"ဒါဆိုရင် ဆိုင်ရှင်လန်ပဲ သူတို့ကို ဆက်သွယ်လိုက်ပါ။ အရှင်က ဘယ်သူ့ကိုမှ တွေ့ချင်စိတ်မရှိဘူးလို့ ပြောလိုက်တယ်။ ဒီစီးပွားရေးအောင်မြင်မယ်ဆိုရင် နောက်အမြုတေတွေရောင်းဖို့ ရှိသေးတယ်"

"နားလည်ပါပြီ"

ယဲ့ချန်၏စကားကြောင့် လန်ယွဲ့အာက ရိုရိုသေသေ ခေါင်းညိတ်လိုက်သည်။ သူမက သူ့ကို အခန်းတွင်း၌ စောင့်ဆိုင်းစေခဲ့ပြီး ကြယ်သခင်သုံးယောက်ကို ဆက်သွယ်လိုက်သောအခါ သူတို့က အလွန်ဝမ်းသာနေကြသည်။ သူတို့က ပိုက်ဆံများစွာရမည့် စီးပွားရေးတစ်ခု လက်ခံနိုင်ရုံသာမက စွမ်းအားရှင်တစ်ယောက်အပါးသို့ ချဥ်းကပ်နိုင်မည့် အခွင့်အရေးကိုလည်း ရရှိလိုက်သည်။ အကယ်၍ သူတို့က တစ်ဖက်လူစိတ်ကျေနပ်အောင် စွမ်းဆောင်ပေးနိုင်လျှင် အနာဂတ်၌ ပြဿနာကြုံရလျှင် ထိုလူ၏ကာကွယ်ပေးမှုဖြင့် ဘေးအန္တရာယ်ကင်းနိုင်သည်။ သူတို့က အလင်းရောင်အောက်တွင် အာဏာစက်ပြင်းသည်ဟု ထင်ရသော်လည်း မှောင်ခိုစျေး၏အကျိုးအမြတ်များကို မျက်စောင်းထိုးနေသူများကြောင့် အန္တရာယ်များနေသည်။ အကယ်၍ သူတို့သာ တစ်ကွက်မှားသွားလျှင် အလုံးစုံလက်လွှတ်ရနိုင်သောကြောင့် စွမ်းအားရှင်တစ်​ယောက်၏ခြေထောက်ကို ဖက်ထားရန် လိုအပ်နေချိန်၌ နတ်ဆိုးတိုက်လှေ၏ပိုင်ရှင်က အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။ သူတို့က ထိုလူရောင်းချမည့် ပိုင်နက်သားရဲအမြုတေကို ဝယ်ယူပြီး ပြန်လည်ရောင်းချလျှင်လည်း အကျိုးအမြတ်များစွာရနိုင်သောကြောင့် အရှုံးမရှိပေ။ ထို့နောက် လန်ယွဲ့အာသည် အမြုတေနှစ်ခုနှင့် အစွမ်းထက် နတ်အစေခံသုံးရာကျော် လဲလှယ်နိုင်မည့် သတင်းကို ယူဆောင်ကာ ပြန်လည်ရောက်ရှိလာသည်။

"ဆိူင်ရှင်လန် ငါတို့ နောက်တစ်ခါ ဆုံကြဦးမှာပါ။ နောက်တစ်ခါကျရင်လည်း ဒီလိုမျိုးစီးပွားရေး ကောင်းကောင်းလုပ်နိုင်ဖို့ မျှော်လင့်တယ်"

ဤအရေအတွက်က စစ်တပ်တစ်ခု ဖွဲ့စည်းနိုင်သောကြောင့် ယဲ့ချန်က ကျေနပ်စွာ ပြုံးလိုက်၏။ ဤရိတ်သိမ်းမှုကြောင့် သူ၏အတွေး၌ ထာဝရကြယ်သင်္ချိုင်းအတွင်းမှ များစွာသော ပိုင်နက်သားရဲအလောင်းများက သွားရေကျစရာဖြစ်လာခဲ့သည်။

"သာယာတဲ့ ခရီးလေးဖြစ်ပါစေရှင်။ အရှင့်ကို နှုတ်ဆက်ကြောင်းလည်း ပြောပေးပါဦး"

လန့်ယွဲ့အာက ဖော်ရွေခင်မင်စွာ ပြုံးလိုက်သောကြောင့် မျက်နှာလေးက အလွန်လှပနေသည်။

"​ပြောလိုက်ပါ့မယ်"

ယဲ့ချန်က ကျွန်သုံးရာကျော်ကိုခေါ်ဆောင်၍ နတ်ဆိုးတိုက်လှေထံ ပြန်သွားခဲ့ပြီးနောက် မရဏကြယ်နက်မှ လှစ်ခနဲ ထွက်ခွာသွားခဲ့သည်။ ထိုအခိုက်တွင် လန်ယွဲ့အာဖြစ်စေ၊ ကြယ်သခင်သုံးယောက်ဖြစ်စေ၊ အခြားကျင့်ကြံသူများဖြစ်စေ လှေကို မော့ကြည့်ရင်း ကိုယ်စီအတွေးနက်နေကြသည်။

"ဒီစွမ်းအားရှင်က မရဏကြယ်နက်ကို ဘယ်အချိန် ပြန်လာမှာလဲ"

မရဏကြယ်နက်သို့ စွမ်းအားရှင်တစ်ယောက်ရောက်ခဲ့သော သတင်းက အလျင်အမြန်ထွက်ပေါ်လာပြီး လူတိုင်းက ထိုလူ၏သတင်းအချက်အလက်များကို ခန့်မှန်းလိုက်ကြသော်လည်း ဦးနှောက်များကွဲထွက်မတတ် စဥ်းစားသည့်တိုင်အောင် အမှန်တကယ် တည်ရှိခြင်းမဟုတ်ကြောင်း သိနိုင်မည်မဟုတ်ပေ။ ထို့အပြင် ယဲ့ချန်က နောက်တစ်ကြိမ် လာရောက်လျှင်လည်း နတ်ဆိုးတိုက်လှေကို ယူဆောင်မလာဘဲ သိုသိုသိပ်သိပ်သာ လာရောက်ပေလိမ့်မည်။

ကောင်းကင်မူလကြယ်တွင် နဂါးဘုရင်၊ ထန်းယွမ်နှင့် ဘုရင်ချင်တို့ ထွက်ခွာသွားပြီးနောက် ဘုရင်ဝူ၊ ဘုရင်စန်းနှင့် ဘုရင်ဖန်းတို့ကလည်း စကြဝဠာအတွင်း စွန့်စားထွက်ခွာလိုနေကြသည်။ ယဲ့ချန်က နတ်အစေခံသုံးရာကျော် ဝယ်ယူလာသောကြောင့် သူတို့ရှိနေခြင်းက အရေးမပါသောကြောင့် စွမ်းအားကိုရှာဖွေရန် အချိန်တန်ပြီဟု ခံစားရသောကြောင့်ဖြစ်သည်။ ထို့အပြင် ကျူးကျော်လာသူများထံမှ ယာဥ်များစွာလည်း ကျန်ရစ်ခဲ့သောကြောင့် အခြေအနေက ထွက်ခွာရန် အဆင်ပြေနေသည်။ သေခြင်းရှင်ခြင်းတိုက်ပွဲများကို အတူတကွကျော်ဖြတ်ခဲ့သူများဖြစ်သောကြောင့် ယဲ့ချန်က ဝမ်းနည်းနေသော်လည်း ခွင့်ပြုပေးခဲ့ပြီး နောက်လိုက်ငါးယောက်စီ ထည့်ပေးလိုက်သည်။ ထို့နောက် ယာဥ်များက တစ်စင်းပြီးတစ်စင်း မြင့်တက်လာ၍ ဘုရင်ဝူ၊ ဘုရင်ဖန်းနှင့် ဘုရင်စန်းတို့က စကြဝဠာအတွင်း ခြေဆန့်ခရီးထွက်သွားကြသည်။

ယဲ့ချန်က တိုက်ပွဲကြောင့် အပျက်အစီးပုံကြီးဖြစ်နေသော တျန်းယွမ်မြို့ကို နောက်လိုက်များအား ပြန်လည်ပြုပြင်စေပြီး အစွမ်းထက်ဓားအစီအရင်တစ်ခုကိုလည်း ခင်းကျင်းလိုက်သည်။ ယနေ့တွင် မှောင်ခိုစျေးနှင့် မရဏကြယ်မှ ယဲ့ချန်ယူဆောင်လာသော အင်အားများကြောင့် ကောင်းကင်မူလကြယ်က အစွမ်းထက်ကြယ်တစ်လုံး ဖြစ်လာခဲ့သည်။ နဂါးဘုရင် ထွက်ခွာသွားပြီးနောက် သူက စစ်ဧကရာဇ်နန်းတော်သခင်ဖြစ်လာကာ အသစ်ဝယ်ယူလာသူများကို ဝိညာဥ်ကောင်များ ပေါင်းစပ်လိုက်သဖြင့် သစ္စာရှိနောက်လိုက်များ ဖြစ်လာကြသည်။ သူက နန်းတော်၏ရင်ပြင်အတွင်း တင်ပျဥ်ခွေထိုင်ရင်း ကျင့်ကြံနေသည်။ ကိုယ်ပွားနှစ်ခု ပြန်လည်ပေါင်းစည်းပြီးနောက် သူက စကြဝဠာအကြောင်း ပို၍နားလည်လာကာ နတ်ဆိုးလမ်းစဥ်နှင့် အမှန်တရားလမ်းစဥ်အကြောင်း နက်နက်ရှိုင်းရှိုင်း သဘောပေါက်လာသည်။ ထို့ကြောင့် သူက ဤလမ်းစဥ်တစ်ခုချင်းစီကို သေချာစွာလေ့လာလိုက်ပြီး ပိုမိုနားလည်လာသောအခါ ကျင့်ကြံဆင့်ကလည်း တိုးတက်လာခဲ့သည်။

လမ်းမှန်က တာအိုတစ်ခုဖြစ်ပြီး နတ်ဆိုးကလည်း တာအိုတစ်ခုဖြစ်နေသောကြောင့် အမြင်ကျဥ်းသော လူသားများက စကြဝဠာကြီးနှင့်ယှဥ်လျှင် သေးငယ်လွန်းနေသည်။ လူတစ်ယောက်က မည်မျှအစွမ်းထက်ပါစေ၊ စကြဝဠာ၏ပြောင်းလဲမှုကို မခုခံနိုင်သည့်အပြင် တာအိုတစ်ခုကို နားလည်ထားလျှင်ပင် အချိန်၏တိုက်စားမှုကို မခုခံနိုင်ပေ။ တစ်နေ့တွင် လူသားများက ခဏတာတောက်ပသော မီးပွားလေးများပမာ ပျောက်ကွယ်သွားရမည်ဖြစ်သည်။ သေးငယ်လှသော မီးပွင့်လေးတစ်ခုက စကြဝဠာ၏ မဟာတာအိုအလုံးစုံကို သိမြင်နိုင်ရန် အလွန်တရာခက်ခဲလွန်းသည်။ ယဲ့ချန်၏အတွေးများက ဆက်တိုက်ပြောင်းလဲနေပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသောအခါ ဝိညာဥ်အသိစိတ်က ရုတ်တရက်ပြန့်ထွက်သွား၍ နန်းတော်အတွင်းရှိ ကျင့်ကြံသူတိုင်းနှင့် ပေါင်းစပ်သွားခဲ့သည်။

ဝိညာဥ်အသိစိတ်များက အချင်းချင်းပူးပေါင်းသွားကာ နတ်အစေခံသုံးရာကျော်နှင့် စစ်ဧကရာဇ်သောင်းချီက သန့်စင်သော လရောင်နှင့် ထွန်းလင်းသော နေရောင်ပမာ တောက်ပလင်းလက်လာကြသည်။ နတ်အစေခံများ၏စွမ်းအင်က ယဲ့ချန်၏ဝိညာဥ်အသိစိတ်တွင် စုဝေးလာသောကြောင့် ပိုမိုအစွမ်းထက်လာကြောင်း ခံစားလိုက်ရသည်။ ပိုင်နက်သားရဲအမြုတေဖြင့် ၎င်းတို့ကို ဝယ်ယူရသော အကြောင်းအရင်းတစ်ခုမှာ ဤသို့ကျင့်ကြံလိုသောကြောင့်ဖြစ်သည်။ စစ်ဧကရာဇ်သောင်းချီက သူ့အတွက် များစွာအထောက်အကူမပေးနိုင်သောကြောင့် သန်မာသော နတ်အစေခံများ၏အကူအညီကို လိုအပ်သည်။ မြစ်ပေါင်းများစွာ စုစည်းလိုက်သောအခါ လှိုင်းလေပြင်းထန်သော ပင်လယ်ကြီး ဖြစ်ပေါ်လာသကဲ့သို့ သူ၏ကျင့်ကြံဆင့်အတားအဆီးက ချိုးဖျက်ခံလိုက်ရပြီး အရှိန်အဝါတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားကာ နတ်အစေခံအဆင့်ရှစ်သို့ ရောက်ရှိသွားခဲ့သည်။

အဆင့်တက်ပြီးနောက် ယဲ့ချန်၏စွမ်းအားများက နောက်လိုက်များထံ ပြန်လည်ရောက်ရှိသွားသောကြောင့် နတ်အစေခံဖြစ်လာရန် ခြေတစ်လှမ်းသာ လိုအပ်သော အဆင့်တစ်ဆယ် စစ်ဧကရာဇ်များအနက် အချို့၏အရှိန်အဝါက မြင့်တက်လာကာ ချက်ချင်းအဆင့်တက်သွားကြသည်။ ထိုစစ်ဧကရာဇ်များအပြင် ယဲ့မျိုးနွယ်ဝင်များ၏ ကျင့်ကြံဆင့်ကလည်း တိုးတက်လာသည်။ နတ်အစေခံ အဆင့်တစ်ဆယ်သို့ရောက်လျှင် ကျောက်စိမ်းနန်းတော်အတွင်းမှ ရတနာပမာဏတစ်ခုကို ရယူနိုင်မည်ဖြစ်သောကြောင့် ယဲ့ချန်က ရူးရူးမူးမူး ကျင့်ကြံနေသည်။ သူ၏ပစ်မှတ်က ရင်ယွမ်ကြယ်ဖြစ်ပြီး ကောင်းကင်မူလကြယ်အပေါ် ယွမ်တလုပ်ခဲ့သမျှကို သူက လုံးဝခွင့်မလွှတ်ပေ။ ယွမ်တ၏ကောက်ကျစ်မှုကြောင့် သေဆုံးသွားရသူများအကြောင်း တွေးမိသောအခါ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်လာ၏။ ယွမ်တက ကောင်းကင်မူလကြယ်ကို ဖျက်ဆီးလိုလျှင် သူက ထပ်တူခံစားရအောင် လက်စားချေရပေလိမ့်မည်။

ယဲ့ချန်သည် ယဲ့အိမ်တော်သို့ သွားရောက်ပြီး မိသားစုကို တွေ့ဆုံသည်မှလွဲလျှင် အချိန်အများစုတွင် ဆေးပင်များသုံးစွဲ၍ အဆင့်တက်ရန် ကြိုးပမ်းနေခဲ့သည်။ ယဲ့မျိုးနွယ်ဝင်များက အဆင့်တက်နေသကဲ့သို့ တန်းအာကလည်း ကောင်းကင်မှ မနာလိုဖြစ်ရလောက်အောင် ကျင့်ကြံနှုန်း မြန်ဆန်နေသည်။ ကြယ်သခင်တစ်ယောက်၏ကျင့်ကြံမှုက အခြားလူများနှင့် ကွဲပြားပြီး ကြယ်သခင်အဖြစ် ရွေးချယ်ခံရပြီးလျှင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက တစ်ရာသို့ ရောက်ရှိလာသည်။ ကြယ်တစ်ခုလုံးမှ သက်ရှိများ၏ ကျင့်ကြံရေးစွမ်းအားများက ကြယ်သခင်ထံ ရောက်ရှိလာကာ ပိုမိုအစွမ်းထက်လာစေသည်။ တန်းအာက မကျင့်ကြံဘဲ အိပ်နေလျှင်ပင် သာမန်ပါရမီရှင်များထက် ပို၍မြန်ဆန်စွာ တိုးတက်နေပေလိမ့်မည်။ ထို့အပြင် ယဲ့ချန်ခေါ်ဆောင်လာသော နတ်အစေခံများကြောင့်လည်း သူ၏ကျင့်ကြံခြင်းက အကျိုးရှိခဲ့သည်။ ကြယ်တစ်ခုတွင် အစွမ်းထက်ကျင့်ကြံသူ ပိုများလေလေ ကြယ်သခင်၏ကျင့်ကြံနှုန်းက ပို၍မြန်လေလေ ဖြစ်သောကြောင့်ပင်။

"ဖေဖေ ဖက် ဖက်"

တန်းအာက သွားပေါက်လာပြီဖြစ်သောကြောင့် ယဲ့ချန်ထံ လက်ကလေးနှစ်ဖက်ဆန့်တန်း၍ တောင်းဆိုလိုက်သည်။ ချစ်စဖွယ်သားဖြစ်သူကြောင့် သူက ကြင်နာစွာ ပြုံးလိုက်ပြီး ချက်ချင်းပွေ့ချီလိုက်သည်။ ထန်တိုက်လင်က သိမ်မွေ့စွာပြုံးနေပြီး ကျန်ဇနီးသုံးယောက်ကလည်း တန်းအာကို ချစ်ခင်မြတ်နိုးစွာ ဂရုစိုက်ပေးနေကြသည်။ သူတို့ရှိနေသော လွင်ပြင်၌ ပန်းများ ပွင့်လန်းနေပြီး ဖြတ်သွားဖြတ်လာကျင့်ကြံသူများကလည်း တန်းအာကို ပြုံးပြသွားကြသည်။

"အစ်ကိုကြီး ကျုပ် တောင်းဆိုစရာတစ်ခု ရှိတယ်"

ထိုအချိန်၌ ယဲ့မုန်က ယဲ့ချန်ထံ ဦးတည်လာခဲ့ပြီး ခဏတာတုံ့ဆိုင်းနေသော်လည်း ခေါင်းကုတ်၍ ပြောလိုက်သည်။

"ဘာများလဲ"

ယဲ့ချန်က တစ်ချက်ပြုံး၍ ပြောခွင့်ပြုလိုက်သည်။ လက်ရှိတွင် ယဲ့မုန်က ယခင်ထက် ပို၍ရင့်ကျက်လာပုံပေါ်လေသည်။

All Chapters