နန်းကုန်းဇီ၏ သရုပ်မှန်
Vol. 56 Ch. 784
"ကျုပ် ကောင်းကင်မူလကြယ်ကနေ ထွက်သွားချင်တယ်"
ယဲ့မုန်က ခေါင်းငုံ့၍ ခပ်ရို့ရို့ပြောလိုက်သည်။
"ဘာကြောင့်လဲ။ ဒီနေရာက မကောင်းလို့လား။ ဦးလေးနှစ် ကွယ်လွန်သွားတဲ့အတွက် မင်း စိတ်ထိခိုက်နေတာ နားလည်ပါတယ်။ ဒါပေမယ့် မင်းရဲ့မိသားစုဖြစ်တဲ့ ယဲ့မျိုးနွယ်ဝင်တွေ ရှိနေပါတယ်။ ဘာကြောင့် ထွက်သွားမှာလဲ"
ယဲ့ချန်က သူ့ကိုနှစ်သိမ့်ရန် ကြိုးပမ်းလိုက်သည်။
"ဒီကြယ်က မကောင်းလို့ မဟုတ်ပါဘူး။ ကျုပ်ရဲ့ လက်ကျန်ဘဝတလျှောက်လုံး အသုံးမကျတဲ့သူမဖြစ်ချင်လို့ အပြင်မှာ စွန့်စားသွားလာချင်တယ်။ မျိုးနွယ်အတွက် အကျိုးဆောင်ပေးပြီး အစ်ကိုကြီးရဲ့တာဝန်တွေကို ခွဲယူပေးချင်တယ်။ ကျုပ်တို့က အစ်ကိုကြီးရဲ့ကာကွယ်မှုအောက်မှာ ထာဝရမနေနိုင်သလို အစ်ကိုကြီးကလည်း အမြဲတမ်းကာကွယ်ပေးဖို့ မဖြစ်နိုင်ဘူး။ ပိုပြီးအရေးကြီးတာက အဖေ့အတွက် လက်စားချေပေးချင်လို့ ပိုပြီးအစွမ်းထက်လာချင်တယ်"
သူ၏မျက်လုံးများက ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ထင်ဟပ်နေသည်။ ကွေ့ကြွယ် သေဆုံးသွားပြီဖြစ်သော်လည်း သူက ကောင်းကင်နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို လက်စားချေချင်နေသည်။ အခြားနတ်အစေခံများထံမှ စကြဝဠာအတွင်း ရန်သူများစွာရှိနေပြီး ကောင်းကင်မူလကြယ်ကို အချိန်မရွေး လာရောက်တိုက်ခိုက်နိုင်ကြောင်း သိလိုက်ရသောကြောင့် သူက တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ယဲ့မုန့်တစ်ယောက်တည်းမဟုတ်ဘဲ ကျန်မျိုးနွယ်ဝင်များလည်း စကြဝဠာအတွင်း စွန့်စားချင်နေကြောင်း နားလည်လိုက်သဖြင့် ယဲ့ချန်က တိတ်ဆိတ်နေသည်။ စကြဝဠာက အန္တရာယ်များလွန်းသောကြောင့် စစ်ဧကရာဇ်ကျင့်ကြံဆင့်ဖြင့် စွန့်စားရန်က စောလွန်းနေသည်။ သို့သော် ကောင်းကင်မူလကြယ်တွင် ယဲ့မျိုးနွယ်ဝင်များက လှောင်အိမ်အတွင်း ချုပ်နှောင်ခံထားရသော ငှက်များပမာ ခံစားနေရသည်။
"ယဲ့မုန် မင်းက ဦးလေးနှစ်ရဲ့ တစ်ဦးတည်းသော မျိုးဆက်နော်"
"ကျုပ် နားလည်ပါတယ်။ ဒါပေမယ့် အစ်ကိုကြီးလည်း အတူတူပါပဲ။ အစ်ကိုကြီးလည်း အမြဲတမ်း ကိုယ်ပွားထုတ်သုံးလို့ မဖြစ်ဘူး မဟုတ်လား။ အန္တရာယ်ဆိုတာက နေရာတိုင်းမှာ ရှိနေပါတယ်ဗျာ"
ယဲ့မုန်က စောဒကတက်လိုက်၏။
""ကောင်းပြီ။ မင်းအတွက် အဆင့်တစ်ဆယ် နတ်အစေခံနှစ်ယောက်ကို သက်တော်စောင့်အဖြစ် ထည့်ပေးလိုက်မယ်။ သူတို့စကားကို နားထောင်ပြီး အန္တရာယ်ကို သေချာရှောင်ရှားပါ။ တစ်ခုခုဆိုရင် အမြန်ဆုံး ပြန်လာရမယ်။ နားလည်လား"
"နားလည်ပါတယ်။ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
စကြဝဠာအတွင်း မည်သို့ရှိမည်ကို သိချင်နေသော ယဲ့မုန်က ကောင်းကင် ကိုမော့ကြည့်၍ စိတ်လှုပ်ရှားနေသည်။
"အစ်ကိုကြီး ညီမလည်း အပြင်ထွက်ချင်တယ်။ အဖေကလည်း သဘောတူတယ်"
ယဲ့ရွှမ်ကလည်း တောင်းဆိုလာပြန်သည်။
"ဒါဆိုရင် မင်းအတွက်လည်း နတ်အစေခံနှစ်ယောက် ထည့်ပေးလိုက်မယ်"
ဆုံးဖြတ်ထားပြီးလျှင် တားမြစ်နေခြင်းက ဆိုးကျိုးများကိုသာ ဖြစ်ပေါ်လာစေနိုင်သောကြောင့် ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ သဘောတူလိုက်ရသည်။ ယဲ့မျိုးနွယ်ဝင်များစွာက သူ၏တာဝန်ကို ခွဲဝေလိုကြသဖြင့် ခွန်အားကိုရှာဖွေရန် စကြဝဠာအတွင်း ခရီးထွက်ချင်နေကြသည်။ သူက မတားမြစ်ခဲ့သော်လည်း လုံခြုံရေးအတွက် နတ်အစေခံများ ထည့်ပေးလိုက်ကာ သူ၏မျိုးနွယ်ဝင်များကို အကာအကွယ်ပေးရန် အထပ်ထပ်မှာကြားလိုက်ပြီး အန္တရာယ်များလွန်းသည့် နေရာများကို ဝင်ခွင့်မပြုလိုက်ပေ။ ထိုနတ်အစေခံများက စကြဝဠာအတွင်း ကျင်လည်ဖူးသူများ ဖြစ်သောကြောင့် အတွေ့အကြုံပြည့်ဝပြီး ဝိညာဥ်ကောင်များကြောင့် သူတို့၏သစ္စာတရားကို မေးခွန်းထုတ်စရာမလိုချေ။ ကောင်းကင်မူလကြယ်မှ ယာဥ်များ တစ်စင်းပြီးတစ်စင်း မြင့်တက်လာကာ စကြဝဠာအတွင်း ပျောက်ကွယ်သွားပြီး ယဲ့ချန်ဝယ်ယူလာသော နတ်အစေခံသုံးရာကျော်အနက် တစ်ရာကျော်သာ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် သူက မရဏကြယ်နက်သို့ ထပ်မံခရီးထွက်ပြီး နောက်ထပ်ကျင့်ကြံသူများ ဝယ်ယူရန် စီစဥ်ထားသည်။
"ကြည့်ရတာ ကောင်းကင်မူလကြယ်က လုံလုံလောက်လောက် မချမ်းသာသေးဘူး"
သူက လေးလေးနက်နက် စဥ်းစားနေသည်။ ယွမ်တကို ဖြေရှင်းပြီးလျှင် ပိုင်နက်သားရဲအမြုတေများကို ယူရန်အတွက် ထာဝရကြယ်သင်္ချိုင်းသို့ ခရီးထွက်ရန် စဥ်းစားထားသည်။ လိုအပ်သော အမိန့်များ ညွှန်ကြားပြီးနောက် သူက စစ်ဧကရာဇ်နန်းတော်အတွင်း ဆက်လက်ကျင့်ကြံနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ တိုးတက်မှုက မြန်ဆန်နေပြီး ငါးရက်အကြာ၌ သူက နတ်အစေခံအဆင့်ရှစ်၏ ထိပ်ဆုံးသို့ ရောက်ရှိလာသည်။ ခွန်အားအရာတွင် အဆင့်တစ်မျိုးနွယ်၏ ရုပ်ခန္ဓာကို ပိုင်ဆိုင်သော ထန်းယွမ်မှလွဲလျှင် သာမန်နတ်အစေခံများမှာ သူ့ကို မယှဥ်နိုင်တော့ပေ။ သူက မျက်လုံးမှိတ်၍ တင်ပျဥ်ခွေထိုင်ရင်း ကျင့်ကြံနေစဥ် ရှင်းဟွမ်၏အသံက ကြည်လင်အေးမြသော ဂီတသံပမာ ထွက်ပေါ်လာခဲ့သည်။ သူ၏ကောင်းကင်ချီများ လှုပ်ရှားလာသဖြင့် သူမက ကျင့်ကြံခြင်းကို အထူးနည်းလမ်းတစ်မျိုးနှင့် ကူညီပေးနေကြောင်း နားလည်လိုက်သည်။
"အရှင် ကျုပ် နားမလည်တာတွေ ရှိနေတယ်"
သူက မျက်လုံးများ ရုတ်တရက်ဖွင့်၍ မေးလိုက်ခြင်းဖြစ်သည်။
"ဘာတွေများလဲ"
ရှင်းဟွမ်၏ပုံရိပ်က သူ့ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့သည်။
"ကျုပ်က ဘယ်သူလဲ"
သူ၏မျက်နှာထားက အလွန်အမင်း လေးနက်နေသည်။ သူက ဤကမ္ဘာတွင် သာမန်ကျင့်ကြံသူများအနက် တစ်ယောက်ဖြစ်ပြီး ဤအခြေအနေအထိ မြင့်တက်လာခြင်းမှာ ဓားပျံကြောင့်ဖြစ်သည်ဟု မှတ်ယူခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် အရာရာက သူထင်ထားသကဲ့သို့ မရိုးရှင်းကြောင်း သိလာရပြီး ဓားပျံက အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်သကဲ့သို့ ၎င်းနှင့်ဆက်စပ်နေသော ကောင်းကင်ကြယ်တာရာတံဆိပ်နှစ်ခု၊ ခြင်္သေ့ကြီး၊ ပင်မတံဆိပ်အတွင်းမှ အမည်မသိသားရဲ၊ ကျောက်စိမ်းနန်းတော် စသည့်အရာများက သူ့ကို အတွေးနက်စေခဲ့သည်။ အရာအားလုံး၏ နောက်ကွယ်တွင် ကံကြမ္မာကို ကြိုးဆွဲနေသော လက်တစ်စုံရှိနေပုံရကာ အချိန်ကြာလာလေလေ ပို၍ထူးဆန်းလာလေလေဖြစ်သည်။ အညိုရောင်ဝတ်အဘိုးအိုသည် ကြယ်သခင်များပင် မယှဥ်နိုင်သော တည်ရှိမှုဖြစ်ကာ ကျောက်စိမ်းနန်းတော်နှင့် ဓားပျံ၏ပိုင်ရှင် ဖြစ်နိုင်သည်။ ဓားပျံ၏အစွမ်းကြောင့်သာမဟုတ်လျှင် နှစ်အနည်းငယ်အတွင်း သူက နတ်အစေခံအဆင့်သို့ ရောက်လာရန် အကြောင်းမရှိပေ။ သို့သော် သူက အားနည်းမှုကို ခံစားနေရပြီး ဓားပျံပိုင်ရှင်နှင့်ယှဥ်လျှင် ပုရွက်ဆိတ်တစ်ကောင်ပမာ သေးငယ်ကြောင်း ကိုယ့်ကိုကိုယ်ထင်နေခဲ့သည်။
"ငါ မသိဘူး။ ဓားပျံနဲ့ ကျောက်စိမ်းနန်းတော်ရဲ့ လျှို့ဝှက်ချက်တွေကို မင်းဘာသာရှာဖွေရမယ်။ ဒါပေမယ့် ဘာဖြစ်ဖြစ် မင်းစိတ်ရဲ့အလိုအတိုင်း လုပ်ဖို့ သတိပေးလိုက်မယ်"
ရှင်းဟွမ်က သက်ပြင်းချ၍ ခေါင်းယမ်းလိုက်သည်။
"စိတ်ရဲ့အလိုအတိုင်း လုပ်ရမှာလား။ ငါ့ကို အခြားလူတွေရဲ့အတွေးတွေ စိုးမိုးပြီး ပြောင်းလဲသွားမှာကို စိုးရိမ်နေတာလား။ သူမက တစ်ခုခုသိထားပေမယ့် ဆက်မပြောချင်တာလား၊ ဒါမှမဟုတ် ပြောခွင့်မရှိတာလား"
ယဲ့ချန်၏စိတ်ထဲတွင် သံသယများ ပြည့်နှက်လာသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက ကြယ်သခင်အဆင့်ကို ရောက်ပြီဆိုရင် ငါ့တာဝန် ပြီးဆုံးပြီ"
ထိုအချိန်၌ ရှင်းဟွမ်က စကြဝဠာကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။
"တာဝန် ဟုတ်လား။ သူမရဲ့တာဝန်က ငါ့ကို ကာကွယ်ဖို့လား။ သူမက နှုတ်ဆက်စကားပြောနေတယ်လို့ ဘာကြောင့် ငါ ခံစားလိုက်ရတာလဲ"
ယဲ့ချန်က ပို၍စိတ်ရှုပ်ထွေးသွားခဲ့သည်။
"မလိုအပ်ရင် နတ်ကိုယ်ပွားကျင့်စဥ်ကို လုံးဝမသုံးပါနဲ့။ နောက်ထပ်အသိစိတ်တစ်ခု ဖြစ်ပေါ်လာရင် မင်း ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"
သူမက လေးလေးနက်နက် သတိပေးလာပြီး ယဲ့ချန်၏အခြေအနေကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ နတ်ဆိုးကိုယ်ပွားနှင့် မူလယဲ့ချန်၏အတွေးများက အချင်းချင်းဆန့်ကျင်နေသောကြောင့် ကျင့်ကြံဆင့်ကို တိုးတက်လာစေသော်လည်း ကျင့်စဥ်ဖောက်ပြန်သွားရန်လည်း အခွင့်အလမ်းများသည်။
"သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် မြေအောက်ခံတပ်ကရော ဘယ်လိုအရာလဲ"
ယဲ့ချန်သည်လည်း တစ်ခုခုမှားယွင်းနေကြောင်း နားလည်လိုက်သဖြင့် ခေါင်းညိတ်လိုက်သည်။ ဤအချက်ကြောင့် သူက နောက်ထပ်ကိုယ်ပွားတစ်ခုကို ခွဲထုတ်ခြင်း မပြုတော့ပေ။ ရှင်းဟွမ်ကိုယ်တိုင် ထုတ်ပြောလာသည့်အတွက် အဓိပ္ပါယ်တစ်ခုခု ရှိနိုင်သည်။
"သြော် ဒါက ထောင်ချောက်လေ"
ရှင်းဟွမ်က တစ်ချက်ပြုံးလိုက်သဖြင့် ယဲ့ချန်လည်း သဘောပေါက်သွားခဲ့သည်။ သူမက အမှန်တကယ်ဉာဏ်များပြီး ထောင်ချောက်တစ်ခုကို နှစ်ပေါင်းများစွာစီစဥ်ထားခဲ့ပြီး ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများပင် မသိခဲ့ပေ။ ၎င်းက ကျောက်စိမ်းနန်းတော်ကို မျက်စိကျနေသော ကျူးကျော်လာသူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ သူမ၏သက်တမ်းက အလွန်ရှည်သောကြောင့် အသိအမြင်များပြီး တိုက်ခိုက်ရေးစွမ်းအားတွင် မထူးချွန်သော်လည်း သာမန်ကြယ်သခင်များ ယှဥ်နိုင်သူမျိုး မဟုတ်ချေ။
"နောက်ထပ်မေးခွန်းတွေ ရှိသေးလား"
မေးခွန်းများစွာ ရှိနေဟန်ဖြင့် ချီတုံချတုံဖြစ်နေသော ယဲ့ချန်ကို ရှင်းဟွမ်က စကားလမ်းကြောင်းပေးလိုက်သည်။
"နောက်ထပ်တစ်ခု မေးချင်ပါတယ်"
"ဘာများလဲ"
"နန်းကုန်းဇီရဲ့နောက်ခံက ဘာလဲ"
ယဲ့ချန်က သူ၏စိတ်ထဲတွင် အမြဲတမ်းသိချင်နေသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"နန်းကုန်းဇီလား။ သူ့အကြောင်းကိုလည်း ငါ မသိဘူး"
သူမက ခဏတာစဥ်းစား၍ ခေါင်းယမ်းပြလိုက်သောကြောင့် ကြယ်တစ်ခုလုံးရှိ အရာရာကို ရှင်းဟွမ်က သိနိုင်သည်ဟု နားလည်ထားသော ယဲ့ချန်က စိတ်ရှုပ်သွားသည်။
"ကောင်းကင်မူလကြယ်ပေါ်မှာ ကျောက်စိမ်းနန်းတော်နဲ့ မရဏနန်းတော်ကိုတော့ ငါ လုံးဝမမြင်နိုင်ဘူး။ ဒါပေမယ့် နန်းကုန်းဇီရဲ့ သရုပ်မှန်နဲ့ ပတ်သက်လို့ ခန့်မှန်းထားတာ သုံးခု ရှိတယ်"
သူမက ဆက်ပြောလိုက်သည်။
"ဘာတွေလဲဗျ"
ယဲ့ချန်က စပ်စုလိုက်သည်။
"နံပတ်တစ်အချက် သူက ကြယ်သခင်တျန်းယွမ် ဖိနှိပ်တာခံရတဲ့ တိုက်တန်မျိုးနွယ် ခေါင်းဆောင်ဖြစ်နိုင်တယ်။ သူ့အလောင်းကို မရဏနန်းတော်အောက်မှာ ချုပ်နှောင်ထားတယ်လို့ သတင်းတွေထွက်နေပေမယ့် အခြေအမြစ်မရှိဘူး။ ဒီနန်းတော်ကို တိုက်တန်ခေါင်းဆောင်က သူအသက်ရှင်နေစဥ်မှာ တည်ဆောက်ခဲ့ပြီး မင်းရဲ့ကိုယ်ပွား ပြန်ရောက်မလာခင်အထိ တည်နေရာပြောင်းလမ်းကြောင်းတစ်ခု ရှိတာကို ငါတောင် မသိခဲ့ဘူး"
"တိုက်တန်မျိုးနွယ်ခေါင်းဆောင်လား"
ယဲ့ချန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထွင်ထျန်းက နန်းကုန်းဇီထံမှ ကြောက်မက်ဖွယ်နတ်ဆိုးချီကို အာရုံခံမိသောကြောင့် ဤခန့်မှန်းချက်က ဖြစ်နိုင်သည်။ သို့သော် သူက ကောင်းကင်နတ်ဆိုးများ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေသောကြောင့် ဘုရင်ချင်ကဲ့သို့ နတ်ဆိုးချီကို ပြန်လည်အနိုင်ရထားခြင်း ဖြစ်နိုင်သည်။
"နံပတ်နှစ်အချက်၊ ရှင်းရွှမ်ရဲ့သေဆုံးမှုက နည်းနည်းထူးဆန်းနေတယ်။ ကောင်းကင်မူလကြယ်ကနေ သူ ထွက်သွားချိန်မှာ ကောင်းကင်ကြယ်သခင်အဆင့်ကို ရောက်နေပြီး ဝိညာဥ်အသွင်နဲ့ ပြန်ရောက်လာချိန်မှာတောင် ထိပ်တန်းကြယ်သခင်အဆင့်ထက် ပိုသန်မာလာတာကို ငါ ခံစားမိတယ်။ သူ့ဝိညာဥ်က ကျောက်စိမ်းနန်းတော်ထဲမှာ သေသွားပြီလို့ ငါ တွေးမိခဲ့ပေမယ့် နည်းလမ်းတစ်ခုခုနဲ့ အသက်ပြန်ရှင်လာတာလည်း ဖြစ်နိုင်တယ်"
"နန်းကုန်းဇီက အရှင်ရှင်းရွှမ် ဖြစ်နိုင်ပါ့မလား"
သူမ၏စကားကြောင့် ရှင်းရွှမ်သေပြီဟု အမြဲတမ်းမှတ်ယူထားခဲ့သော ယဲ့ချန်က မင်သက်သွားလေသည်။