ပြန်လည်ထွက်ပြေးလာသော သစ္စာဖောက်များ
Vol. 56 Ch. 785
"နန်းကုန်းဇီရဲ့ရုပ်သွင်က ရှင်းရွှမ်နဲ့ ဆင်တူလွန်းနေပေမယ့် ပြဿနာတစ်ခုရှိတယ်။ သူ့ခွန်အားနဲ့ဆိုရင် ရုပ်ရည်ကို ကြိုက်သလိုပြောင်းလဲနိုင်တဲ့အတွက် ရုပ်ဖျက်ထားတာလည်း ဖြစ်နိုင်တယ်။ ဒါက ငါ့ခန့်မှန်းချက်သက်သက်ပါပဲ။ ကျောက်စိမ်းနန်းတော်ထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ မသိဘူး"
ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်က သုံးသပ်ပြလိုက်သည်။
"တတိယခန့်မှန်းချက်ရော"
"တိုက်တန်ခေါင်းဆောင်ဖြစ်ဖြစ်၊ ရှင်းရွှမ်ဖြစ်ဖြစ် နှစ်ယောက်လုံးက အကြီးအကဲကျိုးလီနဲ့ ပတ်သက်နေကြတယ်။ ဒါကြောင့် သူက ကောင်းကင်မူလကြယ်က မဖြစ်နိုင်ဘူး။ ဒါကလည်း ခန့်မှန်းချက်ပါပဲ။ ငါက တိုက်တန်ခေါင်းဆောင်ကိုရော ရှင်းရွှမ်ကိုရော ရင်းနှီးပေမယ့် နန်းကုန်းဇီမှာ သူတို့ရဲ့အရှိန်အဝါကို မရဘူး"
ရှင်းဟွမ်၏အဖြေကြောင့် အညိုရောင်ဝတ်အဘိုးအို၏ နာမည်ကို ယဲ့ချန်က သိလိုက်ရသည်။ နန်းကုန်းဇီက အခြားနေရာမှ လာသူဆိုလျှင် ရှင်းရွှမ်အဖြစ် ရုပ်ဖျက်ထားခြင်းက ထူးဆန်းနေသည်။ သူက ရှင်းဟွမ်ထံမှ အဖြေရမည်ဟု ထင်ထားသော်လည်း အခြေအနေက ပို၍ရှုပ်ထွေးလာခဲ့သည်။
"လောလောဆယ် နန်းကုန်းဇီ ဘယ်ရောက်နေတာလဲ"
ကျောက်စိမ်းနန်းတော်နှင့် ပတ်သက်နေသမျှကို အဖြေရှာရန် မလွယ်သောကြောင့် သူက သက်ပြင်းချလိုက်မိသည်။
"ငါသိရသလောက်ဆိုရင် မင်းကိုကယ်ပြီးတဲ့နောက်မှာ နန်းကုန်းဇီက လင်းဖန်ကို မောင်းထုတ်ခဲ့တယ်။ နှစ်ယောက်လုံးက မရဏနန်းတော်ထဲကို ဝင်ရောက်သွားကြပြီး လုံးဝပြန်မလာခဲ့ဘူး"
"သူတို့လည်း မရဏနန်းတော်ထဲကို ဝင်သွားကြတာလား"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏နတ်ဆိုးကိုယ်ပွားက မရဏကြယ်တွင် လင်းဖန်ကို ကောင်းကင်နတ်ဆိုးများနှင့်အတူ တွေ့ခဲ့ရသည်။ နန်းကုန်းဇီကို လင်းဖန်က အကွက်ချလိုက်သဖြင့် ကံဆိုးသွားခြင်းကလည်း မဖြစ်နိုင်ပေ။ သူက လင်းဖန်ကိုမောင်းထုတ်ရန် ယုံကြည်ချက်ရှိသောကြောင့် အလွယ်တကူ ရှုံးနိမ့်မည့် လူစားမျိုး မဟုတ်ပေ။ မရဏကြယ်တွင် နတ်ဆိုးကိုယ်ပွားက အချိန်ကြာမြင့်စွာနေခဲ့ပြီး ရွှမ်ယုလက်အောက်တွင် ကောင်းကင်နတ်ဆိုးများစွာရှိကြောင်း သိခဲ့ရသည်။ ထိုနတ်ဆိုး၏အာဏာက ပေါ့သေးသေးမဟုတ်သော်လည်း သူ၏အခြေအနေက စိုးရိမ်စရာမလိုပေ။ သူမသိသည့် တစ်ခုတည်းသောအရာက ရွှမ်ယု၏နောက်ကွယ်ရှိ ရွှမ်ကုန်းအကြောင်း ဖြစ်သည်။ ကောင်းကင်မူလကြယ်သို့ ယွမ်တပြောသည့်အတိုင်း ရန်သူများရောက်လာလျှင်ပင် မရဏအလင်းမျှော်စင်များကြောင့် သေဆုံးရပေလိမ့်မည်။
ကျိယွမ်ကြယ်နှင့် မရဏကြယ်ကြားတွင် လျှို့ဝှက်လမ်းကြောင်းတစ်ခုရှိသောကြောင့် ပြည်ထောင်နှစ်ခုအကြား ကုန်သွယ်နိုင်လျှင် ယဲ့ချန်အတွက် အမြတ်ထွက်ပေလိမ့်မည်။ သူ့လူများကို မှောင်ခိုစျေးတွင် ထာဝရပြည်ထောင်၏ကုန်များကို ဝယ်ယူ၍ သွေးပြည်ထောင်၌ ပြန်လည်ရောင်းချရန်ခိုင်းစေနိုင်သည်။ ထို့အပြင် သွေးပြည်ထောင်မှ ရှားပါးကုန်စည်များကိုလည်း ဤနေရာသို့ ပြန်ရောင်းချခြင်းဖြင့် အကျိုးအမြတ်များစွာ ရပေလိမ့်မည်။ ထို့ကြောင့် သူက နောက်လိုက်များကို အမိန့်ပေး၍ အစီအစဥ်များ ချမှတ်လိုက်သည်။ မရဏကြယ်သို့သွားနိုင်သူများမှာ နတ်ဆိုးကျင့်ကြံသူများသာဖြစ်သောကြောင့် သူက သွေးပြည်ထောင်မှ ဝယ်ယူလာသည့် စစ်ဧကရာဇ်များအနက် နတ်အစေခံများကို ရွေးချယ်လိုက်သည်။ ထို့နောက် သူက ဆက်လက်ကျင့်ကြံခဲ့ပြီး ရှင်းဟွမ်၏အကူအညီနှင့် နောက်လိုက်နတ်အစေခံများ၏ ဝိညာဥ်အသိစိတ်များကြောင့် ကျင့်ကြံနှုန်းက အလွန်မြန်ဆန်လာသည်။ သူက နတ်အစေခံအဆင့်တစ်ဆယ်သို့ရောက်ရန် အချိန်သိပ်မလိုဟု ခန့်မှန်းရသည်။
တစ်ရက်တွင် ကောင်းကင်မူလကြယ်သို့ ကောင်းကင်လှေတစ်စီး ရုတ်တရက်ရောက်ရှိလာသောအခါ ကြယ်တစ်ခွင်လှည့်ပတ်သွားလာနေသော ကျောက်ရုပ်ကြီးများ၏ ကျောပေါ်ရှိ မရဏအလင်းမျှော်စင်များက ပြိုင်တူချိန်ရွယ်လိုက်သည်။ ၎င်းအတွင်းမှ ပုံရိပ်နှစ်ခု ဆင်းသက်လာကာ သစ္စာဖောက် နတ်အစေခံနှစ်ယောက် ဖြစ်နေခဲ့သည်။ သူတို့က ကောင်းကင်မူလကြယ်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ရာချီသော နတ်အစေခံအရှိန်အဝါများကို အာရုံခံမိသောကြောင့် တုန်လှုပ်သွားကြသည်။ ရင်ယွမ်ကြယ်တွင် သူတို့၏အခြေအနေက မလွယ်ကူခဲ့ပေ။ ယွမ်တလက်အောက်တွင် နတ်အစေခံများရှိသောကြောင့် သူတို့က တန်ဖိုးထားခြင်းမခံရပေ။ ထို့အပြင် သစ္စာဖောက်များကို မည်သူမှမယုံကြည်နိုင်သောကြောင့် ယွမ်တက အမြဲကြောင့်ကြနေသဖြင့် ကျင့်ကြံရေးအရင်းအမြစ်များစွာ မထောက်ပံ့ခဲ့ပေ။
ယွမ်တ၏ဆက်ဆံမှုကြောင့် သူတို့က ကောင်းကင်မူလကြယ်မှ နေ့ရက်များကို သတိရလာကြသည်။ ကြယ်သခင်တစ်ယောက်မရှိသော်လည်း သူတို့က လေးစားခံကာကွယ်သူများ ဖြစ်ခဲ့ကြသည်။ သို့သော် ရင်ယွမ်ကြယ်တွင် သူတို့က အိမ်မွေးတိရိစ္ဆာန်များပမာ ဆက်ဆံခံနေရပြီး တစ်ခါတရံ ပို၍ပင်အခြေအနေဆိုးသည်။ ယွမ်ချင်းယုနှင့် နောက်လိုက်ဆယ်ယောက်ကျော် ပျောက်ဆုံးနေခြင်းကလည်း ယွမ်တကို ဒေါသထွက်စေခဲ့ပြီး သူတို့အပေါ် မယုံသင်္ကါဖြစ်နေခဲ့သည်။ နောက်ပိုင်းတွင် ကောင်းကင်မူလကြယ်သို့ ကြယ်သခင်ရှစ်ယောက်နှင့် နတ်အစေခံငါးထောင်ကျော် ကျူးကျော်လာကြောင်း သိရသောအခါ သူတို့က စိုးရိမ်သွားကြသည်။ သူတို့က နဂါးဘုရင်ကို သူတို့၏ရွေးချယ်မှုမှန်ကန်ကြောင်း ပြသလိုခဲ့ပြီး အိမ်ကို ခေါင်းမော့ရင်ကော့၍ မောက်မာစွာ ပြန်လိုသူများ ဖြစ်သည်။
သို့သော် တိုက်ပွဲအတွင်း ရွှယ်ယွမ်နှင့် ဘုရင်ဝမ်တို့ သေဆုံးသွားသော်လည်း အဆင့်နိမ့်ကြယ်သခင်တစ်ယောက်သာ လွတ်မြောက်ခဲ့ပြီး ကျန်ကျူးကျော်သူများအားလုံး အသတ်ခံရကြောင်း သတင်းထွက်လာ၏။ ကောင်းကင်မူလကြယ်က ဤမျှအစွမ်းထက်နေလျှင် နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးငါးရာကို ဂရုစိုက်နေရန် မလိုအပ်ပေ။ လွတ်မြောက်လာသော ကြယ်သခင်ကျောက်စိမ်းက ကျူးကျော်သူအားလုံး သေဆုံးသွားကြောင်း ပြောခဲ့သော်လည်း အသေးစိတ်အခြေအနေကို တစ်ခွန်းမှ မဟခဲ့ချေ။ ဤကိစ္စကြောင့် ဘုရင်ရီနှင့် ဘုရင်ဟွမ်ကို ယွမ်တက ချုပ်နှောင်ဖမ်းဆီး၍ ကြယ်၏ဝှက်ဖဲများကို ဆက်တိုက်မေးမြန်းခဲ့သည်။ သို့သော် သူတို့က အမှန်ကို မသိသည်ဖြစ်ရာ ဖမ်းဆီးခံရပြီးနောက် ကောင်းစားခဲ့သော နေ့ရက်များကို ပြန်လည်သတိရနေကြသည်။
နောက်ဆုံးတွင် ယွမ်တသည် ယွမ်ချင်းယုနှင့် နောက်လိုက်များ၏အလောင်းကို ထာဝရကြယ်သင်္ချိုင်းအတွင်း ရှာတွေ့ခဲ့ပြီး တရားခံကိုရှာဖွေရန်အတွက် နောက်လိုက်များစွာ စေလွှတ်ခဲ့သည်။ ရင်ယွမ်ကြယ်၏ အင်အားစုတစ်ဝက်ကျော်က တရားခံကို လိုက်လံရှာဖွေနေစဥ် သူကိုယ်တိုင်လည်း ပျောက်ကွယ်တတ်သဖြင့် ဘုရင်ရီနှင့် ဘုရင်ဟွမ်က အလစ်တွင် ကောင်းကင်လှေတစ်စီးခိုးယူ၍ ပြန်လာခဲ့ကြသည်။ ကောင်းကင်မူလကြယ်သို့ ရောက်သောအခါ အရာရာက ပြောင်းလဲနေပြီး နတ်အစေခံသုံးရာကျော်နှင့် စစ်ဧကရာဇ်သောင်းချီရှိနေခဲ့သည့်အပြင် မရဏအလင်းမျှော်စင်များကလည်း သူတို့ကို အချိန်မရွေးသတ်နိုင်သည်ဟု ခံစားနေရသည်။
"သစ္စာဖောက်တွေက ကောင်းကင်မူလကြယ်ကို ဘာလာလုပ်တာလဲ"
ယဲ့ချန်က သူတို့ရောက်လာခြင်းကို သတိထားမိသဖြင့် စစ်ဧကရာဇ်နန်းတော်အတွင်း တင်ပျဥ်ခွေထိုင်နေရာမှ နှာခေါင်းရှုံ့၍ အေးစက်စက်မေးလိုက်သည်။
"ယဲ့ချန် နဂါးဘုရင်တို့ကို မင်း ဘာလုပ်လိုက်တာလဲ"
ဘုရင်ဟွမ်က စစ်ဧကရာဇ်နန်းတော်ကို စိုက်ကြည့်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သော်လည်း နဂါးဘုရင်တို့ကို မမြင်သောကြောင့် သူ၏အမြင်တွင် ယဲ့ချန်က သူတို့ကိုလုပ်ကြံ၍ ကောင်းကင်မူလကြယ်ကို အုပ်စိုးနေခြင်းဖြစ်သည်။
"မင်းတို့က ဒီနေရာကို စောက်ရှက်မရှိ ပြန်လာရဲတယ်ပေါ့"
ယဲ့ချန်ပြန်မဖြေခင်မှာပင် ဒေါသတကြီးအော်သံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အရပ်ရှည်ရှည်နှင့် သန်မာတောင့်တင်းသော ကျင့်ကြံသူတစ်ယောက်က လေပေါ်သို့ ပျံတက်လာကာ သစ္စာဖောက်နှစ်ယောက်ကို မျက်နှာချင်းဆိုင်၍ ရပ်လိုက်သည်။ ထိုလူက ဝိညာဥ်ဘုရင်ဖြစ်ပြီး ကောင်းကင်မူလကြယ်၏ ကာကွယ်သူဆယ်ယောက်တွင် ကြယ်ပေါ်၌ နောက်ဆုံးကျန်ရစ်သူလည်း ဖြစ်သည်။
"ဝိညာဥ်ဘုရင် မင်း အချိန်ကိုက်ရောက်လာတာပဲ။ ဘာကြောင့် မင်းတစ်ယောက်တည်း ရှိနေရတာလဲ။ နဂါးဘုရင် ဘယ်မှာလဲ။ သူတို့ကို ယဲ့ချန် လုပ်ကြံလိုက်တာလား"
ဘုရင်ရီက မေးလိုက်ခြင်းဖြစ်သည်။
"သစ္စာဖောက်တွေကများ ယဲ့ချန်ကို သံသယဝင်ချင်နေသေးတယ်။ မင်းတို့ကိုးကွယ်နေတဲ့ ယွမ်တသာ ကျောက်စိမ်းနန်းတော်အကြောင်း သတင်းမဖြန့်ရင် ငါတို့ဆီကို ကျူးကျော်သူတွေအများကြီး ရောက်လာမှာမဟုတ်ဘူး။ ရွှယ်ယွမ်နဲ့ ဘုရင်ဝမ်လည်း သေရမှာ မဟုတ်ဘူး"
ဝိညာဥ်ဘုရင်က မီးတောက်နေသော မျက်လုံးအစုံဖြင့် သူတို့ကို စိုက်ကြည့်ရင်း အော်ငေါက်လိုက်သည်။
"ဒီအကြောင်းကို မပြောစမ်းပါနဲ့ဦး။ ရွှယ်ယွမ်နဲ့ ဘုရင်ဝမ်က သေသွားတယ်ဆိုရင် ကျန်တဲ့နတ်အစေခံတွေ ဘယ်မှာလဲ"
ဘုရင်ဟွမ်က မျက်နှာပျက်သွားသော်လည်း ယဲ့ချန်ကို အပြစ်တင်ချင်နေခဲ့သည်။
"ဘုရင်ဝမ်နဲ့ ရွှယ်ယွမ်ကို အသက်ပြန်သွင်းဖို့အတွက် နဂါးဘုရင်နဲ့ ဘုရင်ချင်က စကြဝဠာထဲကို ထွက်ခွာသွားပြီ။ ဘုရင်ဖန်းတို့ကလည်း ပိုပြီးအစွမ်းထက်လာဖို့အတွက် စကြဝဠာထဲကို စွန့်စားရေးခရီး ထွက်သွားတယ်"
"ဒါဆိုရင် ကောင်းကင်မူလကြယ်မှာ ကာကွယ်သူက မင်းတစ်ယောက်တည်း ရှိတာလား။ ယဲ့ချန်မှာ မကောင်းတဲ့အကြံတွေရှိတယ်လို့ ငါ ပြောခဲ့တယ်။ နဂါးဘုရင်က သူ့ကိုထောက်ပံ့ဖို့အတွက် ကျင့်ကြံရေးအရင်းအမြစ်တွေ အားလုံးပေးခဲ့ပေမယ့် အခုတော့ ကောင်းကင်မူလကြယ်ကို သူက ထိန်းချုပ်လိုက်ပြီ။ ဝိညာဥ်ဘုရင် မင်းက သူ့ကို ကူညီနေတာလား"
ဘုရင်ဟွမ်က စစ်ဧကရာဇ်နန်းတော်ကို စိုက်ကြည့်ပြီး ကဲ့ရဲ့လိုက်ခြင်းဖြစ်သည်။
"ခွေးသစ္စာဖောက်တွေကများ သူခိုးလူဟစ်ချင်နေသေးတယ်"
ထိုစကားကြောင့် ဝိညာဥ်ဘုရင်က ဒေါသမထိန်းနိုင်တော့ပေ။ ယဲ့ချန်ကြောင့်သာမဟုတ်လျှင် ကောင်းကင်မူလကြယ်ပျက်စီးသွားသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် သူက အလွန်ကျေးဇူးတင်မိသည်။ ကြယ်ကိုထွက်ခွာ စွန့်ပစ်သွားသော သစ္စာဖောက်များက ယဲ့ချန်ကို အပုပ်ချနေခြင်းအပေါ် သူက သည်းမခံနိုင်တော့ပေ။
"ဘုရင်ဟွမ် ဘုရင်ရီ မင်းတို့ဘာထင်ထင် ငါ ဂရုမစိုက်ဘူး။ တစ်ခုလောက် မေးချင်ပါတယ်။ မင်းတို့က ရင်ယွမ်ကြယ်ကို ပူးပေါင်းလိုက်ပြီမလား။ ဘာကြောင့်ပြန်လာတာလဲ။ ယွမ်တကြောင့် ကောင်းကင်မူလကြယ် ပျက်စီးကာနီးဖြစ်ခဲ့ရတယ်။ မင်းတို့က သူခိုးကို အဖေတော်ပြီးမှ ဘာဖြစ်လို့လဲ။ ရင်ယွမ်ကြယ်က မင်းတို့ကို မောင်းထုတ်လိုက်တာလား"
ယဲ့ချန်က ဟက်ဟက်ပက်ပက်လှောင်ရယ်၍ မေးခွန်းထုတ်လိုက်၏။ သူ၏စကားက တစ်ဖက်လူ၏အရှိုက်ကို ထိသွားသောကြောင့် နှစ်ယောက်လုံး မျက်နှာများ မည်းနက်ကုန်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က ကောင်းကင်မူလကြယ်၏ သစ္စာဖောက်များ ဖြစ်ကြသည်။ ရင်ယွမ်ကြယ်မှ ထွက်လာပြီးနောက် ကောင်းကင်မူလကြယ်က ရာနှုန်းပြည့်ပြောင်းလဲသွားကာ သူတို့ကို ကာကွယ်သူများအဖြစ် မည်သူမှ မသတ်မှတ်သောကြောင့် အိမ်ခြေရာမဲ့များ ဖြစ်လာကြသည်။ သူတို့က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသဖြင့် တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာ၏။
"ယဲ့ချန် မင်း မှတ်ထားစမ်း။ ငါတို့က ကောင်းကင်မူလကြယ်ကို မင်းလက်ထဲက ပြန်ယူပြမယ်"
သစ္စာဖောက်များက အော်ဟစ်ကြုံးဝါးလိုက်ကြသည်။
"ဟား ဟား မင်းတို့မှာ ဘာအစွမ်းအစရှိလဲ။ ကောင်းကင်မူလကြယ်ကနေ အရင်ဆုံး ထွက်ပြေးပြစမ်းပါဦး"
ယဲ့ချန်၏စကားအဆုံးတွင် နတ်အစေခံရာချီက ချက်ချင်းထွက်ပေါ်လာကာ သူတို့ကို ဝိုင်းရံပိတ်ဆို့လိုက်ကြ၏။ အားလုံးက အဆင့်ရှစ်နှင့်အထက်ဖြစ်သောကြောင့် အစွမ်းထက်အရှိန်အဝါများ ထုတ်ဖော်ထားကြသည်။ မရဏအလင်းမျှော်စင်များကလည်း သူတို့နောက်ရှိ ကောင်းကင်လှေကို ချိန်ရွယ်ထားသောကြောင့် ထွက်ပြေးရန် ကြိုးစားသည်နှင့်တပြိုင်နက် ချက်ချင်းပစ်ခတ်ခံရပေလိမ့်မည်။
"ဒီနတ်အစေခံတွေကို ယဲ့ချန် ဘယ်ကနေ ရှာထားတာလဲ။ သူတို့ကရော ဘာကြောင့် ယဲ့ချန်အမိန့်ကို နားထောင်နေကြတာလဲ"
တစ်ဖက်လူ၏အင်အားက ထင်ထားသည်ထက် သာလွန်နေသောကြောင့် ဘုရင်ရီနှင့် ဘုရင်ဟွမ်က ကြောက်လန့်သွား၍ တစ်ကိုယ်လုံး တုန်ရီနေကြသည်။ သူတို့က ယဲ့ချန်၏နောက်လိုက်များကို မယှဥ်နိုင်သောကြောင့်ဖြစ်သည်။ ကောင်းကင်မူလကြယ်က ယခင်ကနှင့် လုံးဝမတူညီတော့ပေ။