ရင်ယွမ်ကြယ်မှ ကျင့်ကြံသူများ ရောက်လာခြင်း
Vol. 56 Ch. 786
ဘုရင်ရီနှင့် ဘုရင်ဟွမ်၏ စိတ်ထဲတွင် အတွေးများစွာ ထွက်ပေါ်လာသည်။ ယဲ့ချန်က နတ်အစေခံများစွာကို အမိန့်ပေးနိုင်သောကြောင့် နဂါးဘုရင်တို့ကို မောင်းထုတ်ရန် မလိုအပ်ပေ။ နဂါးဘုရင်ရှိနေလျှင်ပင် ယဲ့ချန်၏အင်အားကို မယှဥ်နိုင်ပေ။ သို့သော် သူ၏ကိုယ်ကျင့်တရားအရ ရွှယ်ယွမ်အတွက်မှလွဲလျှင် တိုက်ပွဲအတွင်း သေသွားသည့်တိုင်အောင် ကောင်းကင်မူလကြယ်ကို လက်လွှတ်မည်မဟုတ်ချေ။ သူတို့က ကောင်းကင်မူလကြယ်ကို ကောင်းကင်နတ်ဆိုးများ ခြိမ်းခြောက်နေသောကြောင့် ယွမ်တ၏အဆိုအရ သစ္စာဖောက်ရန် ရွေးချယ်ခဲ့သည်။ ကောင်းကင်မူလကြယ်က ဖျက်ဆီးခံရမည်ဟု ထင်ထားသော်လည်း ၎င်းက ကြယ်သခင်ခုနစ်ယောက်နှင့် နတ်အစေခံငါးထောင်ကျော်ကို သတ်နိုင်သည်အထိ အစွမ်းထက်လာခဲ့သည်။ ထို့အပြင် သူတို့က အဆင့်နှစ် မရဏအလင်းမျှော်စင်များ၏စွမ်းအားကို အာရုံခံမိသောကြောင့် နောင်တကိုယ်စီရနေပြီး ကောင်းကင်မူလကြယ်၌ ဆက်နေခဲ့လျှင် အခြေအနေက ပိုမိုလွယ်ကူပေလိမ့်မည်။
"သူတို့ကို သွားခွင့်ပေးလိုက်ပါ။ သူတို့က ကောင်းကင်မူလကြယ်ကို နှစ်ပေါင်းတစ်ထောင်ကျော်အောင် ကာကွယ်ပေးခဲ့ပြီး အသက်စွန့်ရလုနီးပါးဖြစ်ခဲ့တယ်။ အခုအချိန်ကစပြီး သူတို့က ကောင်းကင်မူလကြယ်ရဲ့ ကျင့်ကြံသူတွေ မဟုတ်တော့ဘူး"
ထိုအချိန်၌ ရှင်းဟွမ်က အဝေးကောင်းကင်တွင် ထွက်ပေါ်လာပြီး ဘုရင်နှစ်ယောက်ကို သနားသော်လည်း မောင်းထုတ်လိုက်သည်။ ကောင်းကင်မူလကြယ်၏ ကာကွယ်သူဆယ်ယောက်တွင် ဝိညာဥ်ဘုရင်တစ်ယောက်တည်းသာ ကျန်ရစ်ပြီး ထွက်သွားသူများနှင့် သေဆုံးသူများ ရှိလာခဲ့သည်။
"အရှင် ကျုပ်တို့က ကောင်းကင်မူလကြယ်ကို သစ္စာမဖောက်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကောင်းကင်မူလကြယ်အတွက် အချိန်မရွေး တိုက်ခိုက်ပေးပါမယ်"
သူတို့က ချက်ချင်းဒူးထောက်၍ တောင်းပန်လိုက်သည်။
"ကောင်းကင်မူလကြယ် ခက်ခဲနေတုန်းမှာ သစ္စာဖောက်ခဲ့တဲ့အတွက် မင်းတို့နဲ့ ငါနဲ့ ဘာမှမသက်ဆိုင်တော့ဘူး"
သူမ၏အသံက အေးစက်တင်းမာ၍ မြင့်မြတ်တည်ကြည်နေသည်။ ထိုစကားကို ကြားသောအခါ သူတို့က စိတ်ဓာတ်ကျသွားပြီး ကောင်းကင်မူလကြယ်က လက်မခံသကဲ့သို့ ရင်ယွမ်ကြယ်သို့ပြန်ရန်လည်း မဖြစ်နိုင်ပေ။ ရှင်းဟွမ်ကိုယ်တိုင် မောင်းထုတ်နေသောကြောင့် သူတို့က မျက်နှာပြောင်တိုက်၍ ဆက်နေရန် မသင့်တော်ပေ။ ပြန်လမ်းမရှိသော ရွေးချယ်မှုကြောင့် သူတို့က ကောင်းကင်မူလကြယ်ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်သည်။ သူတို့က ကြောက်စိတ်ကြောင့် သစ္စာဖောက်ခဲ့ပြီး ကောင်းကင်မူလကြယ် အန္တရာယ်ကြုံရလျှင် ကူညီပေးရန် ယွမ်တထံ တောင်းဆိုမည်ဟု ကြံစည်ထားကြသည်။ ဤသို့ဖြင့် သူတို့ကို ကြယ်တစ်ခုလုံးက ကျေးဇူးတင်မည်ဟု ထင်ထားသော်လည်း သူတို့က မှားယွင်းခဲ့ပြီး ယွမ်တက လုံးဝမကူညီသည့်အပြင် ချောက်တွန်းခဲ့သောကြောင့် အပြစ်သားများ ဖြစ်ခဲ့ရသည်။ အချိန်ကို နောက်ပြန်လှည့်ရန် မဖြစ်နိုင်သောကြောင့် သူတို့က ကောင်းကင်လှေပေါ်သို့ ခေါင်းငိုက်စိုက်နှင့် တက်သွားကြပြီး လှေက စကြဝဠာအတွင်း ထွက်ခွာသွားလေသည်။
"အရှင် ဝမ်းနည်းမနေပါနဲ့။ သူတို့ကို ကိုယ့်ကံကြမ္မာကိုယ် ရွေးချယ်ကြတာပဲ"
ရှင်းဟွမ်က သက်ပြင်းချနေသဖြင့် ယဲ့ချန်က နှစ်သိမ့်ပေးလိုက်ခြင်းဖြစ်သည်။ ထိုသစ္စာဖောက်နှစ်ယောက်အပေါ် သူက အကောင်းမမြင်နိုင်ဘဲ သူမကြောင့်သာ မဟုတ်လျှင် သတ်ဖြတ်ပြီးဖြစ်ပေလိမ့်မည်။ သူတို့က ကောက်ကျစ်စွာဖြင့် ရန်ငြှိုးထားပြီး အနာဂတ်၌ ကောင်းကင်မူလကြယ်ကို ကြံစည်နိုင်သည်။
"ကြည့်ရတာ ငါ အသက်ကြီးလာပြီထင်ပါရဲ့"
ရှင်းဟွမ်က တစ်ချက်ပြုံးလိုက်သည်။ ရှင်းဟွမ်များ၏သဘာဝအရ အသက်ကြီးလာလေလေ ပို၍ခံစားချက်မဲ့လေလေဖြစ်သော်လည်း သူမက ခံစားချက်များကို တန်ဖိုးထားနေသဖြင့် ထူးခြားမှုတစ်ခုဟု ယူဆနိုင်သည်။ သစ္စာဖောက်များ ထွက်သွားပြီးနောက် ယဲ့ချန်က တင်ပျဥ်ခွေထိုင်၍ ဆက်လက်ကျင့်ကြံနေပြီး အပြင်းအထန် ရင်ဆိုင်တိုက်ခိုက်နေသည့် အတွေးနှစ်ခုကို ထိန်းချုပ်နေရသည်။ သူက ကိုယ်ပွားကို အချိန်ကြာကြာ ခွဲထုတ်ထားပြီး ပြန်လည်ပေါင်းစည်းလျှင် ၎င်းကြုံခဲ့ရသမျှက အတွေးစိတ်ကို ပျက်ပြားစေ၍ မတည်မငြိမ်ဖြစ်စေကြောင်း နားလည်လိုက်၏။ ရှင်းဟွမ်က သူ့ကို နတ်ကိုယ်ပွားများအသုံးမပြုရန် သတိပေးခြင်းက မထူးဆန်းတော့ပေ။ အကယ်၍ သူသာ ကိုယ်ပွားများ ထပ်မံခွဲထုတ်နေလျှင် ကျင့်ကြံခြင်းကိုပင် ထိခိုက်စေနိုင်သည်။
ယဲ့ချန်သည် စိတ်ကို ကြည်လင်အောင် ထိန်းသိမ်း၍ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ အဆင့်လေးကို ကျင့်ကြံလိုက်ပြီး စကြဝဠာအတွင်းမှ အချိန်လေဟာနယ်တာအိုကို ဆင်ခြင်လိုက်သည်။ အဆင့်လေးတွင် ၎င်းကို ထိန်းချုပ်နိုင်ပြီး သူက ကြယ်သခင်အဆင့် မရောက်သေးသော်လည်း အကြမ်းဖျင်းနားလည်နေသဖြင့် ကျင့်ကြံဆင့်က အလျင်အမြန် တိုးတက်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ပတ်လည်၌ ခပ်ဖျော့ဖျော့လင်းလက်နေပြီး ပြိုင်ဘက်ကင်းကြီးမားသော ကြယ်ကိုးလုံး ထွက်ပေါ်လာကာ ဗဟိုပြု၍ လည်ပတ်နေသဖြင့် နတ်ဘုရားတစ်ပါးဆင်းသက်လာသည်နှင့် မခြားပေ။ စကြဝဠာမှ စွမ်းအင်များက ၎င်းတို့ထံ စီးဝင်လာပြီး သူ၏ခန္ဓာကိုယ်က ရွှေရောင်တောက်ပလာကာ ပုံရိပ်ယောင်အဖြစ်မှ အစစ်အမှန်ကြယ်များနှင့် ဆင်တူလာသောကြောင့် မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ဖြစ်သည်။
ယဲ့ချန်သည် သူ၏ဆဲလ်များကို အပ်များဖြင့် တပြိုင်နက်ထိုးဆွခံရသကဲ့သို့ နာကျင်မှုကို ရုတ်တရက်ခံစားလိုက်ရသဖြင့် လူမဆန်သောနာကျင်မှုကြောင့် ချွေးသီးချွေးပေါက်များ ဖြစ်တည်လာသည်။ အမျိုးအစားစုံလင်သော နာကျင်မှုပေါင်းသန်းချီက သူ၏စိတ်ကို တိုက်ခိုက်နေပြီး သတိလစ်မတတ် ဖြစ်စေခဲ့သည်။ ဆန်းကျယ်သော စွမ်းအားတစ်ရပ်က ဆဲလ်များကို ဖောက်ခွဲနေသကဲ့သို့ ထင်မှတ်ရပြီး တစ်ခုချင်းစီ၌ ကြယ်ကိုးလုံး ဖြစ်ပေါ်လာသည်။ ၎င်းတို့က သူ၏ကိုယ်အပြင်ဘက်ရှိ ကြယ်ကြီးများနှင့် ဆက်သွယ်ကာ လည်ပတ်နေသောအခါ စွမ်းအင်များကို စုပ်ယူလာခဲ့သည်။ ၎င်းတို့တစ်ကြိမ်လည်ပတ်တိုင်း စကြဝဠာ၏ အဆုံးမဲ့စွမ်းအင်များက သူ၏ဒန်တန်သို့ ဝင်ရောက်လာသည်။
"ဘုန်း"
ထိုအခိုက်တွင် ကြယ်ကိုးလုံးအနောက်တွင် ရွှေတံခါးကြီးတစ်ချပ် ထွက်ပေါ်လာကာ အတွင်းမှ ချိုသာကြည်လင်သော ဂီတသံများ ပျံ့လွင့်လာ၍ ပန်းပေါင်းစုံပွင့်လန်းနေသည့် မြင်ကွင်းတစ်ခုကို ယဲ့ချန်က အလွန်လှပစွာ မြင်လိုက်ရသည်။ သူက ခဏသာမြင်လိုက်ရပြီး ဒန်တန်က ဝုန်းခနဲတုန်ခါသွားကာ ကျင့်ကြံဆင့်က မြင့်တက်သွားသောကြောင့် ဆန်းကျယ်သော အရှိန်အဝါတစ်ခု ပြန့်ထွက်လာသည်။ အချိန်တိုအတွင်း သူက နတ်အစေခံအဆင့်ကိုးသို့ တက်ရောက်နိုင်ခဲ့သောကြောင့် ကျင့်ကြံနှုန်းက ပြိုင်ဘက်ကင်းမြန်ဆန်သည်ဟု ဆိုနိုင်သည်။
"သူက နတ်အစေခံအဆင့်ကိုးသာ ရှိသေးပေမယ့် နတ်ဘုံကိုတောင် မြင်နိုင်နေပြီ။ ကြည့်ရတာ မင်း ထင်ထားတာထက် ပိုပြီးမြန်နေတယ်မလား"
ရှင်းဟွမ်က အံ့သြမင်သက်သွားပြီးနောက် ကျောက်စိမ်းနန်းတော်ထံ တစ်ချက်ကြည့်ကာ ရေရွတ်လိုက်ခြင်းဖြစ်သည်။
"ယေဘူယျသဘောပြောရရင် ငါ့နတ်ပိုင်နက်အစွမ်းအရ သူ့အနာဂတ် နှစ်တစ်ရာကို တွက်ချက်နိုင်ရမှာ၊ ဒါပေမယ့် နတ်ဆိုးကိုယ်ပွား ပြန်ရောက်လာပြီးနောက်မှာ အရာရာပြောင်းလဲသွားပြီး ခန့်မှန်းမရတော့ဘူး။ ငါလည်း စောင့်ကြည့်နေရုံပဲ တတ်နိုင်မယ်ထင်ပါရဲ့"
ကျောက်စိမ်းနန်းတော်၏ ခုနစ်ထပ်တွင်ရှိနေသော အစောင့်အဘိုးအိုက မျက်လုံးများမှိတ်နေရာမှ ပွင့်လာပြီး ရှင်းဟွမ်၏အမေးကို ခပ်အက်အက်အသံဖြင့် ဖြေလိုက်သည်။ သူမက နောက်ထပ်စကားတစ်ခွန်းမှ မပြောတော့ဘဲ တစ်ချက်ပြုံး၍ လေထဲတွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ အချိန်ကြာလာသောအခါ ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်က ပို၍ကျယ်ပြန့်လာကြောင်း ခံစားနေရသည်။ ၎င်းက ဘီလူးအသွင်ပြောင်းနိုင်သော်လည်း ယခင်ကဲ့သို့ မည်းနက်နေခြင်းမဟုတ်ဘဲ ရွှေရောင်အလင်းလွှာတစ်ခု ခြုံထားပုံပေါ်သည်။
အချိန်တစ်ရက်အကြာတွင် ကောင်းကင်လှေတစ်စင်းက ကောင်းကင်မူလကြယ်သို့ ရောက်ရှိလာပြီး ကျင့်ကြံသူဆယ်ယောက်ကျော် ဆင်းလာသဖြင့် ယဲ့ချန်တို့က အာရုံစိုက်မိသွားကြသည်။ ငါးယောက်က နတ်အစေခံများဖြစ်ပြီး ကျန်ကျင့်ကြံသူများက စစ်ဧကရာဇ်များဖြစ်ကာ အသွင်အပြင်အရ ရင်ယွမ်ကြယ်မှဟု ကောက်ချက်ချနိုင်သည်။ ယွမ်တသည် ယွမ်ချင်းယုသေဆုံးမှုကို စုံစမ်းရန်အတွက် ထာဝရကြယ်သင်္ချိုင်းသို့ နောက်လိုက်များနှင့် ထွက်ခွာသွားကာ ရင်ယွမ်ကြယ်တစ်ခုလုံးတွင် နတ်အစေခံတစ်ဒါဇင်သာ ကျန်ရစ်၍ ယုရင်ကို ယာယီအုပ်ချုပ်ခွင့်ပေးထားသည်။
လွန်ခဲ့သောရက်များအတွင်း ချုပ်နှောင်ခံထားရသည့် ဘုရင်ရီနှင့် ဘုရင်ဟွမ်က ကောင်းကင်လှေတစ်စင်းကို ခိုးယူကာ ထွက်ပြေးသွားသဖြင့် ယုရင်က အလွန်ကြောက်လန့်သွားခဲ့သည်။ အကယ်၍ ယွမ်တသာ ပြန်ရောက်လာပြီး ဤအကြောင်းကိုသိလျှင် သူက သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပေလိမ့်မည်။ ထို့ကြောင့် သူက အာဏာကို အခြားနတ်အစေခံတစ်ယောက်ထံ လွှဲအပ်ကာ ဘုရင်ရီနှင့် ဘုရင်ဟွမ်ကို ဖမ်းဆီးရန် လိုက်ပါလာခဲ့သည်။ သူ၏ပထမဆုံးကောက်ချက်မှာ ဤသစ္စာဖောက်များက ကောင်းကင်မူလကြယ်သို့ ထွက်ပြေးမည်ဟူ၍ ဖြစ်သောကြောင့် ရောက်ရှိလာခြင်းဖြစ်သည်။ ကောင်းကင်မူလကြယ်သို့ ကျူးကျော်လာသူအားလုံး အသတ်ခံရသည့်သတင်းကို သိထားသော်လည်း သူတို့အတွက် ရယ်စရာကောလဟာလတစ်ခု ဖြစ်နေခဲ့သည်။
ယုရင်၏အမြင်တွင် နတ်အစေခံဆယ်ယောက်သာရှိသော ကောင်းကင်မူလကြယ်က အားနည်းလွန်းသဖြင့် အထင်သေးနေခဲ့သည်။ ကောလဟာလအတိုင်း အစွမ်းထက်လျှင် နတ်အစေခံများက ၎င်းကို သစ္စာဖောက်၍ ရင်ယွမ်ကြယ်ထံ ခိုလှုံလာမည်မဟုတ်ပေ။ သို့သော် သူက ကြယ်ပေါ်သို့ ရောက်သောအခါ နတ်အစေခံသုံးရာကျော်ကို အာရုံခံမိသဖြင့် တုန်လှုပ်သွားရသည်။ လက်ရှိအခြေအနေက အားနည်းလွန်းသော ကောင်းကင်မူလကြယ်နှင့် ကွဲပြားနေသဖြင့် နေရာမှားလာခြင်းလားဟု သံသယပင်ဝင်နေခဲ့သည်။
"ရင်ယွမ်ကြယ်ကကောင်တွေ ဒီကြယ်ပေါ်ကို ဘာလာလုပ်တာလဲ"
ယဲ့ချန်က လှောင်ပြုံးတစ်ချက်ပြုံး၍ အေးစက်စက်မေးလိုက်သည်။
"ငါ့ကို ကြယ်သခင်က လွှတ်လိုက်တာဖြစ်တယ်"
ယုရင်က မောက်မာစွာ ဖြေလိုက်သည်။ ကောင်းကင်မူလကြယ်တွင် နတ်အစေခံများစွာရှိသော်လည်း ကြယ်သခင်တစ်ယောက်မရှိသောကြောင့် ရင်ယွမ်ကြယ်ကို ရန်စရဲမည်မဟုတ်ဟု သူက ထင်နေခဲ့သည်။ သူ၏အမြင်၌ ယွမ်တသာ ဒေါသထွက်သွားလျှင် ဤကြယ်ကို သွေးနှင့် ဆေးပစ်နိုင်သည်။
"ယွမ်တက လွှတ်လိုက်တာ ဟုတ်လား"
ယဲ့ချန်၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ ထင်ဟပ်လာသည်။
"သစ္စာဖောက်နတ်အစေခံနှစ်ယောက်က ဒီနေရာကို ရောက်လာတယ်မလား"
ယုရင်က မောက်မာနေဆဲပင်ဖြစ်သည်။
"သူတို့လာတယ်ဆိုရင်ရော ဘာဖြစ်လဲ"
"ဒါဆိုရင် မြန်မြန်ထုတ်ပေးစမ်း။ သူတို့က ရင်ယွမ်ကြယ်ရဲ့ ကောင်းကင်လှေတစ်စီးကို ခိုးသွားတယ်။ ဒါကြောင့် မင်းက ဆယ်ဆပြန်လျော်ပေးရမယ်"
ကြယ်တစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြန့်ကျက်၍ နတ်အစေခံနှစ်ယောက်ကို ရှာဖွေလိုက်သောအခါ ယာဥ်များစွာကို မြင်လိုက်ရသဖြင့် ယုရင်က လောဘတက်သွားကာ အမိန့်ပေးလိုက်သည်။
"ဆယ်ဆ ဟုတ်လား။ တော်တော်လောဘကြီးတယ်ပေါ့။ မင်းတို့က အချိန်ကိုက် ရောက်လာတာပဲ။ ငါက ရင်ယွမ်ကြယ်ကိုလာဖို့ စီစဥ်နေတုန်းမှာ မင်းတို့ကိုယ်တိုင် ရောက်လာမယ် မထင်ထားဘူး"
ယဲ့ချန်၏အရှိန်အဝါက ပြင်းထန်စွာ ထွက်ပေါ်လာသည်။
"ရင်ယွမ်ကြယ်ကို လာမယ် ဟုတ်လား။ မင်း ဘာတွေကြံစည်နေတာလဲ"
တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသဖြင့် ယုရင်က သတိကြီးကြီးထားလိုက်သည်။
"ငါ့ကြယ်ပေါ်က ယာဥ်တွေကို ယူမယ့်အစား မင်းတို့ယာဥ်ကို ငါ ယူထားလိုက်မယ်"
ယဲ့ချန်က အေးစက်စက် တုံ့ပြန်လိုက်လေသည်။