ဆရာနှင့် တပည့်၏ ရန်ကြွေး
Vol. 56 Ch. 787
ယဲ့ချန်၏ အတွေးတစ်ချက်တွင် အရှေ့ပိုင်းတိုက်ကြီးတစ်နေရာမှ တုန်လှုပ်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို တုန်ယင်သွားစေသည်။ ယုရင်က မျက်လုံးများပြူးကျယ်လာပြီး လက်ရှိတွင် သူ၏စိတ်အတွင်း ထွက်ပြေးရမည်ဟူသော အတွေးတစ်ခုသာ ကြီးစိုးနေသည်။ ကံမကောင်းစွာဖြင့် နောက်ကျသွားပြီး အနက်ရောင်အလင်းတန်းတစ်ခုက ရင်ယွမ်ကြယ်၏ကျင့်ကြံသူများထံ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
"ဘုန်း"
ကျယ်လောင်သော အသံတစ်ခု ကြားလိုက်ရပြီး ကြောက်မက်ဖွယ်အင်အားတစ်ခုက သူတို့ကို ထိမှန်သွား၍ စစ်ဧကရာဇ်အားလုံး ပြာကျသွားကာ နတ်အစေခံငါးယောက်တွင် လေးယောက်သေသွားပြီး ရင်ယုတစ်ယောက်သာ သွေးများအန်ထွက်ပြီး ကျန်ရစ်ခဲ့သည်။ သူ၏ကိုယ်ထက်တွင် မီးလောင်မှုကြောင့် မည်းနက်နေပြီး ရင်ဘတ်ကိုကိုင်၍ မျက်လုံးဖွင့်နိုင်အောင်ပင် အနိုင်နိုင်ကြိုးစားနေရသည်။
"မင်း မင်းကများ ရင်ယွမ်ကြယ်ရဲ့ ကျင့်ကြံသူတွေကို တိုက်ခိုက်ရဲတယ်"
သူက စစ်ဧကရာဇ်နန်းတော်ထံ စိုက်ကြည့်ပြီး မောက်မာစွာဖြင့် အော်ငေါက်လိုက်သည်။
"ရင်ယွမ်ကြယ်က ခွေးမသားတွေ အကုန်လုံး အတူတူပါလား။ ယွမ်ချင်းယုလည်း အတူတူပဲ။ မင်းလည်း အတူတူပဲ"
ယဲ့ချန်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
"မင်းသမီးလေးကို မင်း သတ်လိုက်တာလား"
ထိုစကားကြောင့် ယုရင်က ခေါင်းကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ထူပူသွားကာ မယုံနိုင်ဖြစ်နေခဲ့သည်။
"မင်း ဘယ်လိုထင်လဲ"
"မင်း ရူးနေပြီလား။ အရှင်က မင်းကို လုံးဝခွင့်လွှတ်မှာမဟုတ်ဘူး။ သူက ကောင်းကင်မူလကြယ်ကို ဖျက်ဆီးပြီး မြက်တစ်ပင်တောင် မပေါက်နိုင်အောင် လုပ်လိုက်လိမ့်မယ်"
ရင်ယုက မပြန်လမ်းသို့ ဦးတည်နေရကြောင်း နားလည်သွားသောအခါ အော်ဟစ်ခြိမ်းခြောက်ရန် ကြိုးစားလိုက်သည်။
"ယွမ်တ လာရဲရင်လည်း လာပါစေပေါ့ကွာ"
ယဲ့ချန်၏မျက်နှာက တင်းမာသွားပြီး ညာလက်တစ်ချက်ယမ်းလိုက်သောအခါ အနက်ရောင်အလင်းတန်းတစ်ခု ထပ်မံရောက်ရှိလာပြီး ရင်ယုကို ဘုန်းခနဲ ထိမှန်သွားကာ နာကျင်မှုကိုခံစားရင်း ပြာဖြစ်စေခဲ့သည်။ ရင်ယုသည် ကောင်းကင်မူလကြယ်သို့ မောက်မာစွာလာရောက်မိခြင်းက မပြန်လမ်းဟု မထင်ထားခဲ့သည့်အပြင် ကောင်းကင်လှေတစ်စီးကိုပင် လက်လွှတ်ခဲ့ရသည်။ နတ်ဆိုးကိုယ်ပွားထံမှ စကြဝဠာ၏ရက်စက်မှုကို နားလည်လာသော ယဲ့ချန်၏စိတ်ထားက တစ်နည်းတဖုံပြောင်းလဲသွားသည်။ ကောက်ကျစ်သူများကို သတ်ပစ်ရန်သာ လိုအပ်ပြီး စိတ်ထားပျော့ပြောင်းနေလျှင် အသတ်ခံရမည့်သူက ကိုယ် ဖြစ်သွားနိုင်သည်။
ယွမ်တက ကောင်းကင်မူလကြယ်သို့ သဲလွန်စများအခြေခံ၍ ရောက်လာရန် မဝေးတော့ပေ။ အချိန်ကျလျှင် ကြယ်နှစ်လုံးကြားတွင် မဟာစစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်ပြီး မရဏအလင်းမျှော်စင်က သူ့ကို သတ်နိုင်မသတ်နိုင် မသေချာပေ။ သူ့အနေဖြင့် တိုက်ပွဲမစခင် နတ်အစေခံအဆင့်တစ်ဆယ်သို့တက်နိုင်ရန် အရေးတကြီး လိုအပ်နေသည်။ ကောင်းကင်မူလကြယ်နှင့် ရင်ယွမ်ကြယ်က တစ်ခုခုပျက်စီးရမည်ဖြစ်သောကြောင့် အဆင့်မြင့်ကြယ်သခင်တစ်ယောက်ကို ယှဥ်နိုင်ရန် ခေါင်းကိုက်နေရသည်။ သူက ပြည်ထောင်နှစ်ခုကြားတွင် ကုန်သွယ်ရေးကို စတင်နိုင်ပြီဖြစ်သော်လည်း အချိန်တိုအတွင်း ငွေများစွာမရှာနိုင်သကဲ့သို့ အဆင့်သုံး မရဏမျှော်စင်ကိုလည်း မရယူနိုင်သေးပေ။ ထို့ကြောင့် သူ့အတွက် ဖြေရှင်းနည်းမှာ ကျောက်စိမ်းနန်းတော်အတွင်းမှ ရတနာများကို ထုတ်ယူနိုင်ရန်ဖြစ်သည်။ သူသာ ကောင်းကင်ငွေချပ်ဝတ်တစ်စုံကို ရယူနိုင်လျှင် ယွမ်တနှင့် တိုက်ခိုက်ရာတွင် အနည်းဆုံး ကိုယ့်အသက်ကို ကာကွယ်နိုင်ပေလိမ့်မည်။ အဆင့်မြင့်ကြယ်သခင်၏အစွမ်းဖြင့် ၎င်းကိုထိုးဖောက်ရန် ခက်ခဲပြီး ၎င်းက နတ်စစ်သူကြီးချပ်ဝတ်အောက် အားနည်းသော်လည်း ကောင်းကင်အဆင့် ကြယ်သခင်တစ်ယောက်ကိုပင် ခုခံနိုင်သည်။
ယဲ့ချန်ကျင့်ကြံနေစဥ် ပုံရိပ်တစ်ခုက စစ်ဧကရာဇ်နန်းတော်အတွင်း ရောက်ရှိလာသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရှောင်ရိဖြစ်နေသဖြင့် ပြုံးပြလိုက်သည်။ ရှောင်ရိက သူ၏ညီအရင်းပမာ ဖြစ်သည်။
"ရှောင်ရိ ဘာကိစ္စရှိလို့လဲ"
အသက်ရှစ်နှစ်ပြည့်ပြီးဖြစ်သော ရှောင်ရိ၏မျက်နှာက ချစ်စဖွယ်ကောင်းနေပြီး ဆံပင်များကို ထောင်၍ စည်းထားသည်။
"အစ်ကိုကြီးက ညီလေးကိုလာမတွေ့တော့ ကျနော်က ကစားဖို့ လာခေါ်ရတာပေါ့"
သူက အနည်းငယ် စိတ်ဆိုးနေခဲ့သည်။ ယဲ့ချန်တစ်ယောက်တည်းသာမက ယဲ့မျိုးနွယ်ဝင်အားလုံး ကျင့်ကြံခြင်းကို အာရုံစိုက်နေသောကြောင့် သူက အဖော်မရှိပေ။ ကောင်းကင်မူလကြယ်၏ လက်ရှိအခြေအနေက အလွန်အန္တရာယ်များနေသည်။
"စိတ်ချပါ ရှောင်ရိရယ်။ အစ်ကိုကြီးက ကြယ်သခင်အဆင့်ကိုရောက်ရင် မင်းနဲ့အတူ ဆော့ကစားပေးပါမယ်"
ယဲ့ချန်က ရှောင်ရိ၏ခေါင်းကို ပုတ်၍ နှစ်သိမ့်ပေးလိုက်၏။
"ဟုတ်ကဲ့။ တကယ်တော့ ကျွန်တော်က အစ်ကိုကြီးကို မနှောင့်ယှက်ချင်ပေမယ့် ဆရာက စေခိုင်းလိုက်လို့ပါ"
ရှောင်ရိက ခေါင်းညိတ်သည်။
"အကြီးအကဲထွင်ထျန်း"
ယဲ့ချန်က အနန္တရှေးဟောင်းကျောက်စာအကြောင်း ရုတ်တရက် တွေးလိုက်မိသည်။ ရှောင်ရိက လက်ဝါးဖြန့်လိုက်သောအခါ တဖိတ်ဖိတ်တောက်ပနေသော ဝိညာဥ်ပုလဲရှိနေပြီး အဘိုးအိုတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။ ထွင်ထျန်းက ဝတ်ဆင်နေကျအတိုင်း အရိုးခေါင်းပုံရေးထားသော ဝတ်ရုံနက်ကို ဆင်မြန်းထားကာ ခန္ဓာကိုယ်ပတ်လည်၌ မျက်ဝန်းများ မီးတောက်နေသော အရိုးခေါင်းများ လှည့်ပတ်နေကြ၏။
"အကြီးအကဲ"
ယဲ့ချန်က ရိုသေစွာ ပြောလိုက်သည်။ သူ၏ကျင့်ကြံဆင့် မည်မျှမြင့်မားနေပါစေ၊ အကြီးအကဲများနှင့် ဆက်ဆံရာတွင် ရိုသေလေးစားမြဲဖြစ်သည်။
"မင်း မရဏကြယ်ကို ရောက်ခဲ့တယ်လို့ ကြားတယ်"
"ဟုတ်ပါတယ်"
ယဲ့ချန်သည် ထွင်ထျန်း၏အမူအရာကြောင့် တစ်ဖက်လူက မရဏကြယ်မှဖြစ်ကြောင်း နားလည်သွားပြီး အနန္တရှေးဟောင်းကျောက်စာနှင့် ပတ်သက်နေပုံရသည်။
"မရဏကြယ်မှာ ဘာတွေကြုံခဲ့ရလဲ။ ပြောပြစမ်းပါဦး"
ထွင်ထျန်း၏ မျက်လုံးများတွင် စိတ်ဝင်စားမှုများ ထင်ဟပ်နေပြီး အလောတကြီး မေးလာခဲ့သည်။
"ဒါကို ရလာတယ်"
ယဲ့ချန်က လိုရင်းကို တိုက်ရိုက်သွားလိုက်ပြီး အနန္တရှေးဟောင်းကျောက်စာကို ထုတ်ပြလိုက်၏။ ၎င်းကို မည်သည့်အရာဖြင့် ပြုလုပ်ထားကြောင်း မသိရသော်လည်း သက်တမ်းကြာမြင့်နေကာ တစ်ချက်ကြည့်ရုံဖြင့် နှစ်ပေါင်းမနည်းကြောင်း ပြောနိုင်သည်။ ၎င်းအထက်တွင် စာလုံးတစ်လုံးမှမရှိဘဲ ရှုပ်ထွေးသော သင်္ကေတများသာ ရေးထွင်းထားထားသော်လည်း ရှေးကျသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"အနန္တရှေးဟောင်းကျောက်စာ"
ထွင်ထျန်းက အံ့သြတကြီးအော်ဟစ်ရင်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူက ယဲ့ချန်ထံမှ မရဏကြယ်၏ လက်ရှိအခြေအနေကို စုံစမ်းလိုက်သည်။ ကျောက်စာခုနစ်ချပ်ရှိပြီး မည်သည့်နေရာနှင့် သက်ဆိုင်ကြောင်းမသိရသော်လည်း တစ်ခုတည်းကပင် စိတ်ကူးမရနိုင်လောက်အောင် အစွမ်းထက်သည်။
"စီနီယာ ဒီကျောက်စာအကြောင်း ဘာတွေသိထားလဲ"
ယဲ့ချန်သည် ထွင်ထျန်း၏မျက်နှာထားကို မြင်သောအခါ သူ၏ခန့်မှန်းချက် မှန်ကန်သွားသဖြင့် ဆက်လက်စုံစမ်းလိုက်သည်။
"ငါ့နတ်ဆိုးကျင့်စဥ်ကို ဒီကျောက်စာကနေ ရခဲ့တယ်"
ထွင်ထျန်းက ချောင်းဟန့်လိုက်ပြီး အိန္ဒြေပြန်ဆည်ကာ ဖြေလိုက်သည်။
"ဒီကျောက်စာရဲ့ ဇစ်မြစ်က ဘာများလဲ"
"ဒါတွေက အရမ်းဆန်းကျယ်ပြီး အရေအတွက်ခုနစ်ခု ရှိတယ်။ ဒါတွေက သွေးပြည်ထောင်ရဲ့ ရှေးဟောင်းသင်္ချိုင်းတစ်ခုကနေ ထွက်လာတာဖြစ်ပြီး နတ်ဆိုးတာအိုကို ကျင့်ကြံနိုင်သူတွေရှိသလို သေကုန်တာလည်း မနည်းဘူး။ နောက်ပိုင်းမှာ မျိုးနွယ်ကြီးတစ်ခုက ဒါတွေကို အပိုင်စီးလိုက်ပေမယ့် တစ်ညတည်းနဲ့ အကုန်လုံးအသတ်ခံလိုက်ရပြီး ခုနစ်ချပ်လုံးက ပြန့်ကြဲသွားတယ်။ တစ်ခုက ငါ့လက်ထဲကိုရောက်လာပြီး မင်း အခုပိုင်ဆိုင်ထားတဲ့ ကျောက်စာဖြစ်တယ်"
ထွင်ထျန်းက ကျောက်စာကို တစ်ချက်လှမ်းကြည့်၍ ဖြေလိုက်သည်။
"ဒါဆိုရင် စီနီယာက ဘာကြောင့် ဒါကို စွန့်ပစ်ခဲ့တာလဲ"
"ဒါက ပြောရရင် အရှည်ကြီးပဲ။ ငါ နတ်ဆိုးကျင့်ကြံခြင်းမှာ အောင်မြင်လာတော့ တပည့်တစ်ယောက် ရခဲ့တယ်။ ငါက သူ့ကို ဂရုတစိုက်သင်ကြားပေးခဲ့ပေမယ့် ကျေးဇူးမသိတဲ့ ခွေးကောင်က လုပ်ကြံခဲ့တယ်။ သူ့နာမည်က ရှဲ့ချောင်လို့ခေါ်ပြီး ဒီကောင်က ငါ့ကို ဝိညာဥ်ပုလဲထဲမှာ ချိတ်ပိတ်ထားခဲ့တယ်"
သူ၏မျက်နှာက မည်းနက်သွားကာ အကြောင်းစုံရှင်းပြလိုက်သည်။ ထိုစကားကြောင့် ယဲ့ချန်က ပါးစပ်အဟောင်းသားဖြစ်သွား၍ အရာရာက တိုက်ဆိုင်လွန်းနေသည်။ ထိုအချိန်၌ ကျောက်စာကိုစိုက်ကြည့်နေသော ထွင်ထျန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ အဖြူရောင်ဆံပင်ရှည်များနှင့် အနက်ရောင်ဝတ်ရုံက လေမတိုက်ဘဲ လွင့်ပျံလာခဲ့သည်။ လက်ဝါးအရွယ်ကျောက်စာက လေပေါ်သို့ မြင့်တက်လာကာ နတ်ဆိုးပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"တပည့်မိုက် မင်းမှာ ဒီလိုနေ့မျိုးရှိလာမယ်လို့ ငါ မထင်ထားဘူး"
ထွင်ထျန်းက ဒေါသတကြီးအော်ဟစ်၍ အရှိန်အဝါကို ထုတ်ဖော်ကာ အနန္တရှေးဟောင်းကျောက်စာအား ဖိနှိပ်လိုက်သည်။ နတ်ဆိုးနှစ်ယောက်၏တိုက်ပွဲမှ တန်ပြန်အားလှိုင်းများက ပြင်းထန်သောကြောင့် ယဲ့ချန်က ရင်ထိတ်သွားပြီး ရှောင်ရိကို ပွေ့ချီကာ ဘေးထွက်ရပ်နေလိုက်သည်။
"ဘုန်း"
နတ်ဆိုးချီနှစ်ခု အားပြိုင်မှုအောက်တွင် စစ်ဧကရာဇ်နန်းတော်က ပြိုကျသွားပြီး ဖုန်များ၊ မီးခိုးများ ထွက်ပေါ်လာသည်။ ကျောက်စာထက်တွင် သွေးနီရောင်ပုံရိပ်တစ်ခု ထင်ရှားစွာ ဖြစ်တည်လာ၍ ရှဲ့ချောင် ဖြစ်နေခဲ့သည်။ ယဲ့ချန်၏အလိုလိုသိစိတ်က မှန်ကန်နေပြီး ထိုလူက အလွယ်တကူသေဆုံးသွားခြင်းမရှိဘဲ ကျောက်စာအတွင်း ပုန်းအောင်းနေခဲ့သည်။ သူက ဓားပျံကို ကြောက်လန့်သောကြောင့် ခန္ဓာကိုယ်ကို အပိုင်ယူရန် မကြံစည်ရဲသဖြင့် ကျောက်စာ၏ပိုင်ရှင် ပြောင်းသွားမည့် အချိန်ကို စောင့်ဆိုင်းနေရသည်။ သို့သော် ကံဆိုးစွာဖြင့် ထွင်ထျန်း၏ ထုတ်ဖော်ခြင်းခံလိုက်ရသည်။
"ကျုပ်တို့တွေ့ကြပြန်ပြီ ဆရာ။ ခင်ဗျား အသက်ရှင်နေမယ်လို့ မထင်မိဘူး"
ရှဲ့ချောင်က အေးစက်စက်ပြောလိုက်ပြီး ဖြူဖပ်ဖြူရော်မျက်နှာက ပြုံးနေခဲ့သည်။ သူရော ထွင်ထျန်းရောက ထိပ်တန်းအဆင့် ကြယ်သခင်များဖြစ်သော်လည်း ထွင်ထျန်းက နတ်ဆိုးကျမ်းစာကို တတ်မြောက်ထားသဖြင့် ပို၍အစွမ်းထက်သည်။
"ကံကြမ္မာက တကယ့်ကို ဝဋ်လည်ပြီ။ အတိတ်တုန်းက မင်းကြောင့် ငါက ဝိညာဥ်ပုလဲထဲမှာ ချိတ်ပိတ်ခံခဲ့ရတယ်။ အခုတော့ မင်းလည်း ငါ့လိုမျိုး ရုပ်ခန္ဓာ ပျက်စီးသွားပြီ"
ထွင်ထျန်း၏ ခန္ဓာကိုယ်ထက်မှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်နေကာ မူလအခြေအနေနှင့် ကွဲပြားနေသည်။
"တကယ်တော့ ကျုပ်တို့က ရန်သူတွေမဖြစ်သင့်ဘူး။ အတိတ်တုန်းက ခင်ဗျားဟာ ကျုပ်ကို နတ်ဆိုးကျမ်း၁၂စောင် မသင်ပေးခဲ့တဲ့အတွက် ဝိညာဥ်ပုလဲထဲကို ရောက်သွားခဲ့တယ်။ ခင်ဗျားသာ သင်ပေးမယ်ဆိုရင် ကျုပ်က ရုပ်ခန္ဓာတစ်ခု ပြန်လည်တည်ဆောက်ပေးမှာပေါ့။ သွေးနတ်ဆိုးမျိုးနွယ်ရဲ့ ရုပ်ခန္ဓာနဲ့ဆိုရင် ကျုပ်တို့က ကြယ်ဒေသတစ်ခုကိုတောင် အုပ်စိုးပြီး ခင်ဗျားလည်း အောင်ပွဲအလီလီ ရနိုင်လိမ့်မယ်"
ရှဲ့ချောင်က အပြစ်တင်လိုက်ခြင်းဖြစ်သည်။
"ခွေးကောင် နတ်ဆိုးကျမ်းကို လူတိုင်း မကျင့်ကြံနိုင်ဘူး။ ငါ မင်းကို မသင်ပေးခဲ့တာက မင်းပေါက်ကွဲသွားမှာ စိုးရိမ်လို့ကွ။ မင်းက ဒီလောက်ကျေးဇူးကန်းမယ်လို့ မထင်ထားဘူး"
ရှဲ့ချောင်၏ လောဘကြောင့် ထွင်ထျန်းက ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့လေသည်။