ဆုံးဖြတ်ချက်
Vol. 16 Ch. 224
သင်းရနံ့တစ်ရာ အိမ်တော်။
သည်နေရာက အပြင်ဘက် တောင်များ ဧရိယာတွင် ရှိသော စားသောက်ဆိုင် တစ်ဆိုင်ဖြစ်သည်။ အပြင်ဘက် တပည့်များ အတွက် ထိုနေရာက အလွန်ကို ဝန်ဆောင်မှု ကောင်းသော နေရာဖြစ်သည်။ လေပြည်ညင်းများ တိုက်ခတ်မှုကို ခံစားနိုင်သည့် နှစ်ထပ် အဆောက်အဦများကို ဧည့်သည်ဆောင်များ အဖြစ် အသုံးပြုထားပြီး အစားအသောက် များကလည်း သင်၏ စားချင်စိတ်ကို ကျေနပ်နှစ်သိမ့် စေရုံသာမက ကျင့်ကြံခြင်း ကိုလည်း အကျိုးရှိစေသည်။
တကယ့်ကို သည်နေရာ၏ ကျေနပ် နှစ်သက်ဖွယ် ကောင်းသော ဝန်ဆောင်မှုကို ရရှိရန် မူလကျောက်စိမ်းကို ပေးချေဖို့ လိုအပ်ပေသည်။ ထို့ကြောင့် အနည်းငယ်သော တပည့်များသာလျှင် သည်နေရာတွင် လာရောက် ဖြုန်းတီးရန် တတ်နိုင်ပေသည်။
သည်အချိန်တွင် ဇူယွမ်က မူလစဦး အဆင့်သို့ ရောက်ရှိခြင်း အထိမ်းအမှတ် စားပွဲလုပ်ရန် ယောင်ယောင်၊ ထန်ထန်၊ ရှန့်ဝမ်ကျင်၊ ရှောင်ထျန်းရွှမ်နှင့် ကန်မင်တိုက်ကြီးမှာ ပါရမီရှင်များကို ခေါ်ဆောင်ကာ ရောက်လာခဲ့ကြသည်။
ပိုမိုအ ရေးကြီးသော အကြောင်းအရင်းမှာ သူတို့ သည်စားသောက်ဆိုင် တံခါးဝသို့ ရောက်သည်နှင့် ထန်ထန်က ရုတ်တရက် ရူးသွပ်သွားဟန်ဖြင့် သူ၏ သေးငယ်သော သတ္တဝါလေး အသွင်မှ ထိန်းသိမ်း မရနိုင်သော ပြောင်းလဲသွား သောကြောင့် ဖြစ်သည်။
“ဟီး ဟီး … မနေ့က ကျွန်တော် ဒီနေရာကို မြင်သေးတယ် ဒါပေမဲ့ ဆိုင်ထဲ မဝင်ရဲခဲ့ဘူး။ အစ်ကိုလေးယွမ်ကို ကျေးဇူးတင်ရမယ်။ နောက်ဆုံးတော့ ဒီနေရာက အစားအသောက်ရဲ့ အရသာကို ဒီနေ့ ခံစားရတော့မယ်”
ရှန့်ဝမ်ကျင်က ရယ်မောလိုက်သည်။ သူ၏မျက်နှာက ဝင်းလက် တောက်ပနေသည်။
ကန်ရွှမ်းတိုက်ကြီးမှ ထွက်လာပြီး နောက်ပိုင်းတွင် လူတိုင်း ဆင်းရဲနေပြီ ဖြစ်သည်။ ယခင်လို အလိုလိုက်ပြီး ချစ်ခင်နှစ်သက်ခြင်း ခံရသော ပါရမီရှင်များ မဟုတ်တော့ပေ။ ထို့ကြောင့် သူတို့အားလုံး သည်နေရာလိုမျိုး နေရာကို မလာနိုင်တော့ပေ။
ဇူယွမ်က ပြုံးပြခဲ့သည်။ သူ့အပြုံးတွင် နာကျင်မှုများ ပါဝင်နေသည်။ သူအစောပိုင်း အစားအသောက် မှာချိန်တွင် လက်ရှိ အဓိက စားပွဲအဖြစ် အဆင့်လေး မူလသားရဲအသား ဟင်းများ မှာခဲ့ပြီး။ ဟင်းရည်များမှာ ရှားပါးသော မူလ အရင်းအမြစ်များ အသုံးပြုထားသည့် အနံ့အရသာနှင့် ပြည့်စုံသော စွပ်ပြုတ်တစ်ခွက် ဖြစ်သည်။
သူ ချီစုဆောင်းမှု အပေါက်များ ဖွင့်သည့် အဆင့်က စားသောက်ခဲ့သည့် တော်ဝင်ကလန်၏ သားရဲကိုးကောင် စွပ်ပြုတ်နှင့် သည်နေရာရှိ စွပ်ပြုတ်နှင့် နှိုင်းယှဉ်ပါက သားရဲကိုးကောင် စွပ်ပြုတ်သည် သမုဒ္ဒရာ အတွင်းမှ ပုစွန်ဆိတ်ငယ်လေး တစ်ကောင်နှင့် တူပေသည်။
တကယ်တော့ အစားအစာ ကောင်းများသည် လွန်စွာ ဈေးကြီးပေသည်။ အသားပွဲ တစ်ပွဲလျှင်ပင် ဇူယွမ်က မူလကျောက်စိမ်း အပိုင်းအစ ဆယ်ခု ပေးချေရပေသည်။
သည်အချိန် အရောက်တွင် သူက ပါးစပ်ဟပြီး သရေယိုလျက် ပျော်ရွှင်စွာ အမြီးယမ်းနေသည့် ထန်ထန်ကို အငြိုးတကြီးနှင့် စိုက်ကြည့် လိုက်သည်။
“အစ်ကိုလေးယွမ်က အရမ်းမိုက်တာပဲ။ သူတို့အားလုံး ငါတို့ ကန်မင်တိုက်ကြီးကို အပေါ်စီးမှ မကြည့်ရဲတော့ဘူး”
ဘဲဥဇောက်ထိုး သဏ္ဌာန် မျက်နှာလေးနှင့် အတော်ပင် လှပသော မိန်းကလေး တစ်ယောက်က ပြောလိုက်သည်။
သူမ၏ နာမည်ကား ဆွေရှီးဟုခေါ်ပြီး ကန်မင်တိုက်ကြီးမှ သခင်မလေး တစ်ယောက် ဖြစ်သည်။
အခြားသူများ ကလည်း ပြုံးကာ ခေါင်းညိတ် လိုက်ကြသည်။
သူတို့အားလုံးမှာ ယခုအချိန်တွင် ဇူယွမ်ကို သူတို့၏ ပင်မထောက်တိုင်ကြီး အဖြစ် ရှုမြင်လာပြီ ဖြစ်သည်။ ပြီးခဲ့သော နှစ်ရက်ကတည်းက သူတို့အားလုံး ကန်ရွှမ်းကလန်၏ ကြီးမားသော ယှဉ်ပြိုင်မှုများကို သိမြင်ခဲ့ပြီး ဖြစ်သည်။ သူတို့အားလုံး စည်းစည်းလုံးလုံး မနေထိုင်ပါက သူတစ်ပါး၏ အနိုင်ကျင့် နင်းချေခြင်းကို ခံရပေလိမ့်မည်။
ကန်မင်တိုက်ကြီးမှ ပထမတန်း တပည့် နှစ်ယောက် ဖြစ်သည့် ဇူယွမ်နှင့် ယောင်ယောင်မှာ သူတို့ထဲတွင် စွမ်းအား အကြီးဆုံး ဖြစ်သည်။ သူတို့နှစ်ယောက်က ပုံမှန်အားဖြင့် သည်အုပ်စု၏ ပင်မထောက်တိုင်များ ဖြစ်လာပေသည်။
ဇူယွမ်က လူတိုင်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ရှန့်ဝမ်ကျင်က လွန်ခဲ့တဲ့နှစ်ရက်က အခြားတပည့်တွေ အုပ်စုတွေ ဂိုဏ်းတွေ ထူထောင်နေတဲ့ အကြောင်း ပြောပြခဲ့တယ် ငါတို့ ကန်မင်တိုက်ကြီးက တပည့်တွေ ကတော့ သူတိုထဲမှာ မပါဝင်သေးဘူး။ တွေးကြည့်ရင် မင်းတို့တွေ အုပ်စုထဲ မဝင်သေးတာက ငါ အုပ်စုတွေထဲ မဝင်သေးတာနဲ့ သက်ဆိုင်မယ် ထင်တယ်”
သူက ညင်သာစွာ ရယ်မောလိုက်ပြီး ဆက်ပြောခဲ့တယ်။
“ရိုးရိုးသားသား ပြောရရင် ငါ အုပ်စုတစ်ခုကို ဝင်ဖို့ရော တည်ထောင်ဖို့ရော စိတ်မဝင်စားဘူး ဒါပေမဲ့ ငါတို့အားလုံးက ကန်မင်တိုက်ကြီးက လာတဲ့အတွက်ကြောင့် ငါက မင်းတို့အားလုံးကို တက်နိုင်သလောက် ဂရုစိုက် စောင့်ရှောက် ပေးပါ့မယ်”
ရှန့်ဝမ်ကျင်က သူ့ရဲ့ခွက်ကို မြှောက်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“အစ်ကိုလေး ဇူယွမ်က ဒီလို ပြောပေးရုံနဲ့တင် လုံလောက်ပါပြီ”
ပြောပြီးနောက်တွင် သူက နံဘေးရှိ ရှောင်ထျန်းရွှမ်ကို တံတောင်နှင့် တို့လိုက်သည်။
ရှောင်ထျန်းရွှမ်၏ အမူအရာက ခဏမျှ တောင့်တင်းသွားသည်။ ထို့နောက် ခေါင်းမော့ကာ ဇူယွမ်ကို ကြည့်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းနေ ပြီးနောက် ပြောလိုက်သည်။
“ငါတို့ ကန်မင်တိုက်ကြီးမှ မထွက်လာခင်က ငါ့ရဲ့အဖေက ကြီးမြတ်သော ဇူအင်ပါယာနဲ့ ပူးပေါင်းဖို့ တမန်တော် တစ်ယောက် လွှတ်ခဲ့တယ်လို့ ငါ့ကို ပြောပြခဲ့တယ်”
ဇူယွမ်က ချက်ချင်း အံ့အားသင့် သွားခဲ့သည်။ သူတော်စင် အကြွင်းအကျန်မြို့မှ မြို့စားမင်းက ထိုသို့ လုပ်ဆောင်သည်ကို ယုံကြည်ရန်မှာ ခက်ခဲပေသည်။ သူတော်စင် အကြွင်းအကျန်မြို့မှာ ကန်မင်တိုက်ကြီးတွင် အားကောင်းသော အင်အားစုများထဲမှ တစ်ခုဖြစ်ပြီး ကြီးမြတ်သော ဝူအင်ပါယာထက် အားနည်းခြင်း မရှိသည်ကို လူတိုင်း သိကြပေသည်။
သည်သို့ လုပ်ရသော အကြောင်းပြချက်မှာ ရှောင်ထျန်းရွှင်၏ အဖေက ဇူယွမ်နှင့် သူ၏သားကြားမှ ပြဿနာများကို သိရှိသွား သောကြောင့် ဖြစ်ပေမည်။ ထိုကြောင့် သည်နည်းလမ်းဖြင့် ဖြေရှင်းရန် စီစဉ်ခြင်း ဖြစ်ပေမည်။
“ဘယ်လောက် သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့လူလဲ သူက တကယ်ကို အံ့အားသင့်ဖို့ ကောင်းတဲ့လူပဲ”
ဇူယွမ်က မိမိဘာသာ တွေးတောလိုက်သည်။ သူတော်စင် အကြွင်းအကျန် ဒေသ၏ သခင်က ကြီးမြတ်သော ဇူအင်ပါယာနှင့် မဟာမိတ်ဖွဲ့ရန် ရွေးချယ်လိုက်သည်မှာ သူ့ကြောင့် ဖြစ်ပေလိမ့်မည်။ သူတော်စင် အကြွင်းအကျန် မြို့တော်နှင့် ကြီးမြတ်သော ဇူအင်ပါယာ၊ ကြီးမြတ်သာ ဝူအင်ပါယာတို့ တည်ရှိနေသော နေရာများသည် အလွန်ဝေးကွာ နေသော်လည်း တစ်စုံတစ်ခု ဖြစ်ပွားပါက သူတော်စင် အကြွင်းအကျန်မြို့မှ မျိုးနွယ်များ အင်းအားစုများသည် သည်အတိုင်း နေလိမ့်မည် မဟုတ်ပေ။ ထိုကြောင့် ကြီးမြတ်သေ ဝူအင်ပါယာ အနေဖြင့် ကြီးမြတ်သော ဇူအင်ပါယာကို တစ်စုံတစ်ခု ပြုလုပ်ရန် ကြိုးစားပါက သူ၏ နောက်ကျော အတွက်လည်း သေချာပေါက် စဉ်းစားဖို့ လိုအပ်ပေလိမ့်မည်။
ဒါကြောင့် ဇူယွမ်အနေဖြင့် သူတော်စင် အကြွင်းအကျန်မြို့၊ မြို့စားမင်း၏ လုပ်ရပ်ကို အလွန်ကျေးဇူး တင်မိပေသည်။
ဇူယွမ်က သူ့စိတ်ထဲမှ နေ၍ သက်ပြင်း ကျိတ်ချမိသည်။ မြို့စားမင်း၏ ဦးဆောင်မှု အောက်တွင် သူတောင်စင် အကြွင်းအကျန်မြို့ စွမ်းအား ကြီးမားလာသည်မှာ အံ့ဩစရာ မဟုတ်ပေ။
ဇူယွမ်က သူ၏ခွက်ကို ကောက်ကိုင်လိုက်ပြီး ခဏမျှ တိတ်ဆိတ် နေပြီးနောက် ရှောင်ထျန်းရွှမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဒီနေရာမှာပဲ ငါတို့ရဲ့ အတိတ်က အာဃာတတွေ အငြိုးတွေကို သင်ပုန်းချေ လိုက်ရအောင်”
ရှောင်ထျန်းရွှမ် အနေဖြင့် သူတော်စင် အကြွင်းအကျန် ဒေသတွင် ဇူယွမ်ကို ခက်ခဲအောင် လုပ်သည်မှာ ဂူလင်း၏ အားပေးအားမြှောက် လုပ်မှုကြောင့် ဖြစ်သည်။ သို့သော်လည်း အဆုံးတွင် သူတို့ မည်သည်မှ မရရှိလိုက်ပဲ ဇူယွမ်၏ သေလောက်အောင် နှိပ်စက်ခြင်းကိုသာ ခံခဲ့ရသည်။
ကန်မင်တိုက်ကြီးမှ ထွက်ခွာပြီး ကန်ရွှမ်း ကလန်သို့ ရောက်ရှိ ပြီးနောက်တွင် ဇူယွမ်၏ ကမ္ဘာကြီးအပေါ် ရှုမြင်သည့် အမြင်မှာ ပြောင်းလဲသွား ခဲ့သည်။ သူ၏ မျက်လုံးထဲတွင် ရှောင်ထျန်းရွှမ်မှာ မည်သည့် ပြဿနာမှ မဟုတ်တော့ပေ။
မြို့စားမင်းက သူတို့ နှစ်ယောက်ကြားမှ ပြဿနာများကို ဖြေရှင်းပေးရန် ဆန္ဒရှိသည် ဆိုမှတော့ သူ့အနေဖြင့် မလိုအပ်ပဲ ရေးကြီးခွင်ကျယ် မလုပ်ချင်ပေ။
ရှောင်ထျန်းရွှမ်၏ နှုတ်ခမ်းများမှာ လှုပ်ရှားသွား သော်လည်း အဆုံးတွင် မည်သည့် စကားမှမဆိုပဲ သူ၏ ခွက်ကိုသာ မြှောက်လိုက်ပြီး တစ်မော့တည်းနှင့် သောက်လိုက်သည်။
သူတို့ နှစ်ယောက်ကြား အငြိုးများကို ဖြေရှင်းပြီး နောက်တွင် လေထုမှာ ပိုမိုပေါ့ပါး လာခဲ့ပြီး ဆူညံသံများနှင့် ပြန်အသက်ဝင် သွားသည်။ သည်နေရာရှိ လူတိုင်းသည် လူငယ်များဖြစ်ပြီး အားလုံးက အိမ်နှင့်ဝေးကွာ နေကြသူများ ဖြစ်သည်။ ထိုကြောင့် သူတို့အားလုံး မကြာမီပင် တစ်ယောက်နှင့် တစ်ယောက် နွေးထွေးမှုများ ရရှိသွားကြသည်။
အရသာရှိသော စားသောက် ဖွယ်ရာများ တစ်ခုပြီးတစ်ခု ရောက်လာ ချိန်မှာတော့ လူတိုင်းက တဝတပြဲ စားသောက် ကြတော့သည်။
ထန်ထန်ကတော့ သူတို့ အုပ်စုထဲတွင် အလွန်အမင်း စားသောက်သူ ဖြစ်သည်။ သူ့ရဲ့ပါးစပ် ဖွင့်လိုက်သော အချိန်တိုင်းတွင် သူ၏ ခန္ဓာကိုယ်လေးထက် ကြီးမားသည့် အစားအသောက် များကို ဝါးမျိုနေသည်။
ယောင်ယောင်ကတော့ ဣန္ဒြေအရှိဆုံး ဖြစ်သည်။ သူမက အသီးအရွက် အနည်းကိုသာ သုံးဆောင်ပြီး အခြား အလွန် အနံ့အရသာနှင့် ပြည့်စုံသော အစားအစာကိုမှ စိတ်ဝင်စားခြင်း မရှိပေ။
အစားအသောက်များ ပိုပြီးပိုပြီး သူတို့၏ အစာအိမ် အတွင်းသို့ ဝင်ရောက်နေသည်။ လူတိုင်း၏ နှလုံးသား ဆူပွက်နေပြီး မျက်နှာများမှာ နီမြန်းလျက် ရှိသည်။ သူတို့၏ မူလချီများသည် လောင်မြိုက်နေပြီး သူတို့ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေကာ နောက်ဆုံးတွင် လျင်မြန်စွာ သူတို့၏ ချီသိုလှောင်ခန်း အတွင်းသို့ စီးဆင်းသွားသည်။
လူတိုင်းက ပျော်ရွှင်စွာ ခံစားနေစဉ်တွင် ရယ်ရယ်မောမောနှင့် ပြောသံ ကြားလိုက်ရသည်။
“ညီတော်ဇူယွမ်က အရမ်းကို ရက်ရောတာပဲ။ သည်လို အချိန်မျိုးမှာ သင်းရနံ့ တစ်ရာအိမ်မှာ စားသောက် နိုင်တဲ့သူ သိပ်မရှိဘူး”
ဇူယွမ် ခေါင်းမော့ ကြည့်လိုက်လျှင် နံဘေးနားတွင် ပြုံးလျက် သူတို့ကို ကြည့်နေသည့် လူငယ် တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက မူလတောင်တွင် ဇူယွမ်အတွက် ပြောဆိုပေး ခဲ့သော ချောင်းရှိုးဆိုသူ ဖြစ်သည်။
အရင်က ကောင်းသော စိတ်ခံစားချက်များ ရှိသည့်အလျောက် ဇူယွမ်က သူ၏ လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး…
“ဒါအစ်ကိုတော် ချောင်းချုး ထင်တယ်”
သူတို့ နှစ်ယောက်လုံး၏ တပည့် အဆင့်အတန်း တူညီသော် ညားလည်းပဲ အသက်အရွယ်အရ ချောင်းရှိုးက ဇူယွမ်ထက် ကြီးသည်မှာ ထင်ရှားပေသည်။
ဇူယွမ်က သူ၏ နံဘေးကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
“ရောက်လာ ပြီးမှာတော့ ဒီမှာ ထိုင်သွားပါဦး…”
ချောင်းရှိုးက ရွှင်ပြစွာ လက်ခံပြီးနောက် ထိုင်ပြီး ဇူယွမ်တို့ လူစုနှင့် အာလာပ သလ္လာပ စကားများ ပြောဆိုနေသည်။ ထိုနောက် ဇူယွမ်ကို ကြည့်ကာ မေးလိုက်သည်။
“ညီတော် ဇူယွမ် မင်းငါတို့နဲ့ ပူးပေါင်းပြီး ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားလား”
သူက သွယ်ဝှက်နေခြင်း မရှိပဲ သူလိုချင်သည် အရာကို တိုက်ရိုက် ပြောခဲ့သည်။
ရှန့်ဝမ်ကျင်၊ ရှောင်ထျန်းရွှမ်တို့ လူစုမှာ တိတ်ဆိတ်သွားသည်။
ဇူယွမ်၏ မျက်နှာ အမူအရာမှာ သိပ်ပြီး အံ့အားသင့်ခြင်း မရှိပဲ ချောင်းရှိုး၏ လာရောက်သော ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီး ဖြစ်သည်။
ချောင်းရှိုးက ပြုံးကာ ဆက်ပြောသည်။
“အပြင်ဘက် တောင်တွေမှာ ယှဉ်ပြိုင်မှုတွေက ကြီးမားတာ ညီတော် ဇူယွမ်သိပြီးသား နေမှာပါ ပြီးတော့ တပည့်အများစုက အမျိုးမျိုးသော အုပ်စုတွေ ဂိုဏ်းတွေကို တည်ထောင် နေကြတယ်”
“အုပ်စုဖွဲ့ပြီး တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုစောင့်ရှောက် ပေးတာက တစ်ယောက်တည်း တိုက်ခိုက် နေရတာထက် ပိုကောင်းတယ်”
“ဒါ့အပြင် ရှန်ဇူတိုက်ကြီးက တပည့်တွေက အရမ်းကို အသာစီးရ လွန်းတယ်။ သူတို့က စွမ်းအား ကြီးမားလွန်းပြီး အခြား တပည့်တွေက သူတို့ကို တော်ရုံ မယှဉ်နိုင်ဘူး”
ရှောင်ထျန်းရွှမ်က ဇူယွမ်ကို စိုက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ဆက်ပြောသည်။
“ငါ ကြားခဲ့တာတော့ တောင်ထွတ်များ ရွေးချယ်ခြင်း အခန်းအနား ရောက်ရင် ကလန်က ရွှေခါးစည်း ဆယ်ယောက်ကို ရွှေးချယ်လိမ့်မယ်။ ပြီးတော့ ရှန်ဇူတိုက်ကြီးက တပည့်တွေက သူတို့ကို သူတို့ အဟုတ်ကြီး ထင်ပြီး ဆယ်နေရာလုံးက သူတို့ အတွက်လို့ ကြေညာထားတယ်”
“ရွှေခါးစည်းက ဘာလဲ”
ဇူယွမ်က မျက်ခုံးနှစ်ခု ထိစပ်လုနီးပါး မျက်မှောင်ကြုတ် လိုက်သည်။
“ညီတော် ဇူယွမ်က အခုထိ မကြားဖူးသေးဘူး ထင်တယ်”
ချောင်းရှိုးက ရယ်မောလိုက်သည်။
“ငါတို့က အခုအပြင်ဘက် တောင်ရဲ့ တပည့်တွေ ဖြစ်နေပေမဲ့ ငါတို့ တောင်ထွတ် ခုနစ်ခုကို ဝင်ရောက်ပြီးတဲ့ အချိန်ရောက်ရင် ငါတို့က အတွင်းတောင်ရဲ့ တပည့်တွေ ဖြစ်လာလိမ့်မယ်”
“အတွင်းတောင် တပည့်တွေမှာလည်း သူတို့ရဲ့ အဆင့်အတန်း တွေကို ခရမ်းရောင် ခါးစည်းတပည့်၊ ရွှေရောင် ခါးစည်းတပည့်နဲ့ အနက်ရောင် ခါးစည်းတပည့် ဆိုပြီး အမြင့်မှ အနိမ့် ခွဲခြားထားတယ်”
“သူ့ရဲ့ အဆင့်မြင့်မားရင် တောင်ထွတ် ခုနစ်ခုမှာ သူ့ရဲ့ အဆင့်အတန်း ကလည်း မြင့်မားလိမ့်မယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ကျင့်ကြံခြင်း ဆိုင်ရာ အရင်းအမြစ်တွေ ရရှိတာလည်း ကွဲပြားတယ်။ တောင်ထွတ် ရွေးချယ်ခြင်း အခမ်းအနားမှာ အတော်ဆုံး ပထမ ဆယ်ယောက်က အနက်ရောင် ခါးစည်းတပည့် အဆင့်ကို ဖြတ်ကျော်ပြီးတော့ ရွှေရောင် ခါးစည်းတပည့် အဆင့်ကို တန်းရရှိလိမ့်မယ်”
“ဒါ့အပြင် ပထမ ဆယ်ယောက်က သူတို့စိတ်ကြိုက် တောင်ထွတ်တွေကို ဝင်ရောက်ခွင့် ရရှိလိမ့်မယ်။ အခြားသော သူတွေကတော့ ကလန်က ခွဲခြားသတ်မှတ် ပေးလိမ့်မယ်”
သည်အချက် အရောက်တွင် ဇူယွမ်နှင့် ယောင်ယောင်တို့ နှစ်ယောက်လုံး မျက်မှောင်ကြုတ် သွားသည်။ သူတို့ ကန်ရွှမ်းကလန်သို့ လာခြင်းမှာ မူလသူတော်စင် တောင်ထွတ်ကို ဝင်ရောက်ပြီး မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း ချိတ်ပိတ်ထားသည့် ဒုတိယမြောက် သူတော်စင် စာလုံးကို ယူရန်ဖြစ်သည်။
ကလန်က ရွေးချယ်ပေးသည့် အခြားတောင်ထွတ် များကိုသာ ဝင်ရောက်ရပါက သူတို့၏ ရည်မှန်းချက် ပြည့်မြောက်တော့မည် မဟုတ်ပေ။
ဇူယွမ်၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်း သွားသည်။ ကြည့်ရသည်မှာ သူနှင့် ယောင်ယောင်တို့ နှစ်ယောက်လုံး တောင်ထွတ် ရွေးချယ်မှု အခမ်းအနားတွင် ပထမနေရာ ဆယ်ခုအတွင်း တစ်နေရာရရန် လိုအပ်ပေပြီ…
ယင်းကဲ့သို့ ဆိုလျှင် သူတို့က ရှန်ဇူတိုက်ကြီးမှ တပည့်များထံမှ ထိုနေရာများကို ကျားပါးစပ်ထဲမှ အစာကို လုယူရသလိုမျိုး ယူရပေတော့မည်။