← Chapters

ဟိုဘက်ဒီဘက်

Vol. 81 Ch. 4.722

ဟိုဘက်ဒီဘက်

Vol. 81 Ch. 4.722

"အော်မီတော်ဖော်... ဂိုဏ်းချုပ်ရှုံ ဒါ ခင်ဗျားပြောသင့်တဲ့ စကားတွေ မဟုတ်ဘူး!"

ဆရာတော်ထန်ယီးက အော်လိုက်သည်။ ရှုံထျန်းပါ့က သူ့လက်များကို လေးလေးနက်နက် ဆုပ်လိုက်ပြီး။

"ဆရာတော်က အရမ်းသနားတတ်လွန်းနေတာပဲ... ဒါပေမဲ့ ဆရာတော်ရဲ့ တပည့်တွေ ပင်လယ်သားရဲတွေနဲ့ တိုက်ပွဲတွေ ထပ်ခါထပ်ခါ ဆင်နွှဲပြီး ဖမ်းချုပ်ခံလိုက်ရတာကို မြင်ရင် ကူကယ်ရာမဲ့ ကြည့်နေမှာလားလို့ မေးချင်ပါတယ်... အဲဒီအချိန် ရောက်ရင်ရော ဒီလိုကရုဏာရှိဦးမှာလား? ရန်သူကို သနားနိုင်ဦးမှာလား?"

"ဒီကလေးမလေးက သူပြောပုံအရဆို ပင်လယ်သားရဲတွေကြားမှာ သူ့အဆင့်အတန်းက ထူးထူးခြားခြားပဲ... ကျုပ်တို့က သူ့ကို သတ်တာမ ဟုတ်ဘူး ကျုပ်တို့က တစ်သက်လုံး မမေ့မလျော့ဘဲ သေခြင်းတရားကို မမေ့နိုင်တဲ့ တပည့်တွေနဲ့ လဲလှယ်ဖို့ပဲ သုံးမှာ... အခုတပည့်တွေကို ပင်လယ်သားရဲတွေက ဖမ်းမိသွားပြီ... ဆရာတော်က ဒီစကားကို လွန်လွန်းတယ်လို့ ထင်နေတာလား?"

ဆရာတော်ထန်ယီးက သက်ပြင်းချလိုက်ပြီး လက်အုပ်ချီလျက် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သော်လည်း စကားရပ်သွားခဲ့သည်။

ထျန်းရှား လုရွှမ်ကို ထိတ်လန့်စွာ ကြည့်လိုက်စဥ် လုရွှမ် သူမကို ဆွဲထုတ်ကာ သူ့နောက်တွင် ပိတ်ဆို့ထားလိုက်သည်။ ထို့နောက် လူတိုင်းကို တစ်ချက် ကြည့်လိုက်သည်။ ရှုံထျန်းပါ့သည် သူ့မျက်နှာပေါ်တွင် ဆိုးရွားသော အပြုံးတစ်ခု ရှိနေပြီး လုံထန်းရှောက်ကတော့ မိမိ၏ လျစ်လျူရှုမှုကြောင့် ရွံရှာဖွယ်နေသည့် အရိပ်အယောင်ကို ပြသနေကာ ဖုန့်ချောင်မင်ကလည်း လုံထန်းရှောက်ကဲ့သို့ နှာခေါင်းပေါက်မှ ဒေါသမီးခိုးများကို လုံးလုံးလျားလျား မှုတ်ထုတ်နေသည်။

ဟွားဝူချင်းရဲ့ အမူအရာမှာ ယခုအချိန်တွင် မှန်းဆ၍ မရသော်လည်း ကန့်ကွက်ချင်သည့် ပူံစံမျိုး တစ်စုံတစ်ရာ မပြဘဲ သူမ၏ မျက်လုံးများထဲတွင် အရိပ်အမြွက်မျှပင် ရှိနေသည်။

လုရွှမ် လော့ချောင်ဖုန်းကို ကြည့်လိုက်ရာ သူ့အား ခေါင်းညိတ်ပြလာတာကြောင့် လုရွှမ်အား စိတ်သက်သာရာ ရသွားစေသည်။ လော့ချောင်ဖုန်းသာ မအောင်ခဲ့လျှင် ကောင်းကင်အောင်ခြင်း ဂိုဏ်းတွင် သူရခဲ့သော ပိုင်ဆိုင်မှု ခြေရာများ ပျောက်ကွယ်သွားပေလိမ့်မည်။

ကံကောင်းထောက်မစွာ လော့ချောင်ဖုန်းက သူ့ကို စိတ်မပျက်​စေခဲ့ပါဘူး။ ထိုအခိုက် ကျန့်ဝူဝေါ်ကလည်း ကဲ့ရဲ့ပြီး

"မိန်းကလေးကို ဓားစာခံအဖြစ် အတင်းအကျပ် လုပ်ခိုင်းတာမျိုး ငါမလုပ်နိုင်ဘူး!"

"ဟမ့် မင်းက မလုပ်နိုင်ဘူးပေါ့... မင်းရဲ့ တပည့်တွေက မင်းကို ကယ်ဆယ်ဖို့ စောင့်နေတုန်းပဲနော်...သူတို့လေးတွေကတော့ သနားစရာပဲ မင်းပြန်ထိုင်ပြီး သူတို့ကို လျစ်လျူရှုထားနိုင်တယ်ပေါ့?"

ကျန့်ဝူဝေါ်က သက်ပြင်းချရင်း "ငါ့တပည့်တွေက သိပ်စိတ်မပျော့ဘူး... သူတို့က သူတို့ဘဝမှာ သူရဲကောင်းတွေပဲ သေတဲ့အချိန်ထိလည်း သူရဲကောင်းတွေ ဖြစ်သွားကြမှာ... စစ်မတိုက်ခင်မှာ သေဖို့ အသင့်ပြင်ထားပြီးသား လက်ထဲမှာရှိတဲ့ လက်နက်တွေလိုပဲ... ဓားရှည်ဆိုတာ ကိုယ့်ရဲ့ နှလုံးသားထဲက ဓားတစ်လက်... မင်း ငါတို့ဓားတစ်သောင်းဂိုဏ်းက တပည့်တွေကို အနိုင်ယူနိုင်ပေမယ့် သူတို့ရဲ့ ရည်မှန်းချက်ကိုတော့ မင်းမဖျက်ဆီးနိုင်ဘူး"

လုရွှမ်၏ မျက်လုံးများ တောက်ပသွားသည်။ ဤဓားတစ်​သောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်သည် အလွန်အစွမ်းထက်သလို ဂုဏ်ကျက်သရေနှင့် သူရဲကောင်းဆန်မှုတို့က လေးစားဖွယ် ကောင်းလှသည်။

"ကြားရတာ ဝမ်းသာပါတယ်... အခုက ငါးမဲ နှစ်မဲရှိပြီ.... အစ်ကိုယွင်ထျန်းရော ဘယ်လိုထင်လဲ?"

ရှုံထျန်းပါ့ လှည့်မေးလိုက်သည်။

လူတိုင်း၏ မျက်လုံးများသည် ရှဲ့ယွင်ထျန်းဘက်သို့ လှည့်သွားကြသည်။ အဓိက ဂိုဏ်းကြီးရှစ်ခုတွင် နံပါတ်တစ်ဂိုဏ်း ခေါင်းဆောင်အဖြစ် ရှဲ့ယွင်ထျန်းရဲ့ ရာထူးက ကြီးမြင့်ခဲ့သည်။ ကျင့်ကြံမှုနဲ့ ပတ်သက်၍ ရှဲ့ယွင်ထျန်းသည် တခြားသူတွေကို အချိန်အတော်ကြာအောင် အမြဲအထင်ကြီးစေခဲ့သည်။

ကျန့်ဝူဝေါ်က သူ့ကို တစ်ကြိမ် စိန်ခေါ်ခဲ့တယ် ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပေမယ့် အဲဒီနောက်မှာတော့ ကျန့်ဝူဝေါ်ဟာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့သလို သူ့အနီးဆုံးလူတွေကိုတောင် စကားတစ်ခွန်းမှ မပြော​ပြခဲ့ပါဘူး။

ဒါပေမဲ့ ကျန့်ဝူဝေါ် ရှဲ့ယွင်ထျန်းကို စိန်ခေါ်ပြီးကတည်းက တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဂုဏ်သတင်းတွေ အတိုင်းအတာ တစ်ခုအထိ တစ်ပြေညီတည်း ပါဝင်လာမယ်လို့ ပြင်ပလူတွေက မထင်ထားခဲ့ကြချေ။

အကယ်၍ ကျန့်ဝူဝေါ် အနိုင်ရခဲ့ပါက သူကိုယ်တိုင် မပြောလျှင်ပင် ဓားတစ်သောင်းဂိုဏ်းမှ တပည့်များဟာ ၎င်းအား လူသိရှင်ကြား ထုတ်ဖော်ပြသလိမ့်မည်။

စိန်ခေါ်မှုအပြီးတွင် ကျန့်ဝူဝေါ်သည် တံခါးပိတ်ကျင့်ကြံမည်ဟု ကြေညာခဲ့သည်။ သူရှုံးခဲ့သည်မှာ သိသာထင်ရှားပြီး ဆိုးရွားသော ရှုံးနိမ့်မှု ဖြစ်သွားနိုင်ချေများသည်။

နှစ်တွေ ကြာလာတာနဲ့အမျှ ရှဲ့ယွင်ထျန်းရဲ့ ဂုဏ်သတင်းဟာ တနေ့တခြား တိုးပွားလာခဲ့ပြီး သူဟာ ဝမ့်ရှန်းကမ္ဘာရဲ့ နံပါတ်တစ် လူတစ်ယောက် အဖြစ်တောင် တဖြည်းဖြည်း လူသိများလာခဲ့ပါတော့သည်။

ထုံးစံအတိုင်း အရာများစွာကို မဆုံးဖြတ်နိုင်သောအခါ ရှဲ့ယွင်ထျန်းသည် လူတိုင်းအတွက် ဆုံးဖြတ်ချက်ချသူ ဖြစ်လာခဲ့သည်။

အခုအချိန်မှာတော့ လူတိုင်းက သက်ပြင်းချလိုက်ပြီး။

"အားလုံးက ကျုပ်တို့ အများကြီး အခက်တွေ့စေတာပဲဗျာ...!"

“အခုအခြေအနေက အရေးကြီးတယ်... ကျုပ်တို့ဂိုဏ်းတွေရဲ့ တည်ရှိမှုကလည်း အရေးကြီးတယ်လို့ ပြောလို့ရတယ်.... အခု ဂိုဏ်းဂဏစွဲ မှန်သမျှ အချင်းချင်း သတ်တာနဲ့ အတူတူပဲ ကျုပ်တို့ အရေးတကြီး လုပ်စရာကတော့ အတတ်နိုင်ဆုံး စည်းလုံးဖို့ပါပဲ... တတ်စွမ်းသမျှ စည်းလုံးညီညွတ်မှု စွမ်းအားက ကယ်တင်ရမယ့်သူ အားလုံးကို ကယ်တင်နိုင်လိမ့်မယ်”

ဒါကိုကြားတော့ ရှုံထျန်းပါ့က ရယ်မောလိုက်ပြီး ကျန့်ဝူဝေါ်ရဲ့ မျက်နှာကလည်း ပြောင်းလဲသွားလေသည်။ သူက ရှဲ့ယွင်ထျန်းကို မယုံကြည်နိုင်စွာ ကြည့်ရင်း သူ့မျက်လုံးထဲမှာ စိတ်ပျက်သွားတဲ့ အရိပ်အမြွက်လည်း ပြသလိုက်သည်။

ရှဲ့ယွင်ထျန်းသည် ကျန့်ဝူဝေါ်နဲ့ လော့ချောင်ဖုန်းတို့ရဲ့ မျက်လုံးများထဲက စိတ်ပျက်သွားတဲ့ အရိပ်အယောင်ကို ​မြင်လိုက်ရသောအခါ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသောကြောင့် လှည့်မကြည့်ခဲ့ချေ။

"ဒါဆို ဂိုဏ်းချုပ်ရှဲ့ယွင်လည်း သဘောတူသွားပြီ... ဟမ့် ဒီလိုဆိုရင်တော့ ကောင်မလေး မင်း ဒီကို လာခဲ့!"

ရှုံထျန်းပါ့က လှမ်းအော်ပြီး ထျန်းရှားဆီကို လက်ဖဝါးတစ်ဖက် ဆန့်တန်းလျက် ပြေးထွက်လာခဲ့သည်။ လုရွှမ် သူ့​လက်ဖဝါးကို လှန်ကာ ဓားဖြင့် ခုတ်ထစ်လိုက်သည်။ တောက်လောင်နေသော မီးတောက်များသည် ရှုံထျန်းပါ့ရဲ့ လက်ဖဝါးကို နောက်ပြန်ဆုတ်စေ၏။

"ဒါက ဘယ်လိုဓားသိုင်းလဲ? မင်းရဲ့ ကောင်းကင်အောင်ခြင်း ဂိုဏ်းမှာ ဒီလိုဓားသိုင်းမျိုး မရှိဘူးမလား"

ရှုံထျန်းပါ့သည် တစ်ဖက်လူက ချန်ကွေကို သတ်ရန် ဓားကျွမ်းကျင်မှုကို အသုံးပြုခဲ့ကြောင်း မတွေ့ရသေးမီတွင် ဓားသိုင်းစွမ်းရည်က ဘယ်လိုရှိမလဲ တွေးတောနေဆဲ ဖြစ်သည်။ အံ့သြစရာကောင်းတဲ့ ထိုးနှက်ချက်တွေကို အခုမှ မြင်လိုက်ရတော့ သူ ယုံသွား​ပြီ။

ဒီကောင်လေးရဲ့ ဓားပညာက တကယ်ကို ထူးထူးခြားခြားပါပဲ။

လုရွှမ်က "ဂိုဏ်းချုပ်ရှုံလို သခင်မျိုးမှာ ဘယ်လိုလုပ် ဒီလို တပည့်တစ်မျိုး ရှိနေတာလဲ ဆိုပြီး စဥ်းစားနေတာ...လတ်စသတ်တော့ ခင်ဗျားတပည့်ရဲ့ အမူအရာက ခင်ဗျားအတိုင်းပဲကိုး!"

ရှုံထျန်းပါ့၏ မျက်နှာသည် အနည်းငယ် နီလာပြီး။

“ကောင်လေး... မင်းက ဒီအချိန်မှာတောင် ဒီပင်လယ်သားရဲကို ကာကွယ်ချင်သေးတာလား? ဟမ့် မင်းဘာသာ လူလား ပင်လယ်သားရဲလား မင်းအရင်ဆုံး သိအောင်လုပ်ရမယ်ကွ! မင်း ကိုယ့်ဘက်ကိုယ်ရွေး! အမှားမလုပ်မိစေနဲ့!"

လုရွှမ်က လက်နှစ်ဖက်လုံးမှာ ဓားတစ်ချောင်းစီကို ကိုင်ထား၏။ သူ့စိတ်နှလုံးက အေးစက်နေပြီမလို့ ရှုံထျန်းပါ့ကိုလည်း အေးစက်စွာ စိုက်ကြည့်နေကာ။

"ကျွန်​တော့်မျက်လုံးထဲမှာ လူတွေနဲ့ ပင်လယ်သားရဲတွေကြား ကွာခြားမှုမရှိဘူး... သူငယ်ချင်းနဲ့ ရန်သူတွေပဲ ရှိတယ် ထျန်းရှားက ကျွန်တော့်သူငယ်ချင်း.... အသက်ကို ပေးချင်ရင်တောင်မှ ကျွန်တော်က ကယ်တင်ဦးမှာ.. သူလည်း ကျွန်တော့်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးတယ်... ဒီလိုပါပဲ ခင်ဗျားဒီမှာ သေသွားရင်တောင် သူမကို နည်းနည်းလေးမှ ထိခိုက်နစ်နာခွင့်​ပေးမှာ မဟုတ်ဘူး"

ထျန်းရှား စိတ်ထဲတွင် တုန်လှုပ်သွားပြီး လူတိုင်းကို လှောင်ပြောင် ရှုတ်ချသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"ကျွန်မတို့ ပင်လယ်သားရဲတွေက ပညာကို နားမလည်ဘူး အကောင်းနဲ့ အဆိုးကို မခွဲခြားတတ်ဘူး ယဉ်ကျေးမှုမရှိဘူးလို့ အမြဲပြောနေကြတယ်... ဟမ့် ဒီနေ့တော့ စက်ဆုပ်စရာကောင်းတဲ့ အရေခြုံလူဆိုတာ ဘာလဲ ကျွန်မတကယ် နားလည်သွားပြီ"

"ပါးစပ်ပိတ်ထားစမ်း! ကောင်မလေး မင်း ဒီမှာ ပြောပိုင်ခွင့်မရှိဘူး!"

ဖုန့်ချောင်မင်က ဟစ်အော်လိုက်သည်။ သူမ မျက်ခုံးကို လှည့်ကာ ကျန့်ဝူဝေါ်နဲ့ လော့ချောင်ဖုန်းတို့ကို ကြည့်ပြီး လှောင်ပြောင်လေ၏။

"ဂိုဏ်းချုပ်ဝူဝေါ်... ရှင်က တကယ့်ကို ဖြောင့်မတ်တာပဲနော်... ရှင့်ရဲ့ တပည့်တွေကို လျစ်လျူရှုနိုင်ပေမယ့် ဂိုဏ်းချုပ်လော့ကရော... ရှင့်ရဲ့ တူမလေးကို ဂရုမစိုက်တော့ဘူးလာ ရှင့်ညီမနဲ့ ကျန့်ချောင်ယန်တို့ရဲ့ သမီးလေ?"

လော့ချောင်ဖုန်းက တုန်လှုပ်သွားပြီး "ငါ့မှာ သားသမီးတွေ မြေးတွေပဲ ရှိတယ်.... သူမက သီးသန့်ထွက်ပြေးဖို့ သတ္တိရှိလို့ ပင်လယ်သားရဲတွေ ဖမ်းဖို့ ပြင်ဆင်ထားတာနဲ့ တိုးသွားရုံပဲ"

"ဒါက သိပ်ကောင်းတာပဲ... တရားမမျှတမှုအတွက် ဆွေမျိုးတွေကို သတ်လိုက်တာက တကယ်ကို ဖြောင့်မတ်လွန်းပါပေတယ်!"

ဖုန့်ချောင်မင်က ကြိမ်ဖန်များစွာ ကြိမ်းမောင်းပြီး ပြောလိုက်ပါ၏။ လော့ချောင်ဖုန်း၏ ဓားစွမ်းအင်သည် ပွက်ပွက်ဆူနေပြီး လှုပ်ရှားခါနီးနေပြီ ဖြစ်သော်လည်း ကျန့်ဝူဝေါ်က သူ့ကို ပြန်တားထားသည်။

"အစ်ကိုယွင်ထျန်း မင်းတကယ် ဒီလိုလုပ်မှ ဖြစ်မှာလား?"

ကျန့်ဝူဝေါ် ရှဲ့ယွင်ထျန်းကို စိုက်ကြည့်လိုက်သည်။ ရှဲ့ယွင်ထျန်းရဲ့ မျက်လုံးများက နောက်ဆုံးတော့ သူတို့ဘက်ကို တစ်ချက် ကြည့်လာ၏။ သူစကားမပြောရမီတွင် ဖုန့်ချောင်မင်က လှောင်ပြောင် ပြောဆိုလိုက်ပြန်သည်။

"သူတို့က ဂိုဏ်းချုပ်ရှဲ့ရဲ့ တစ်ဦးတည်းသောမြေးကို ဖမ်းမိသွားပြီလေ... ဂိုဏ်းချုပ်ကျန့်ဆိုရင်ရော ဂရုမစိုက်တော့ဘူးလား?"

ဟမ့်?

ကျန့်ဝူဝေါ်သည် ခဏတာ အံ့အားသင့်သွားသော်လည်း သူ့ပါးစပ်ထောင့်မှ မထီမဲ့မြင် အရိပ်အမြွက်များ ထွက်ပေါ်လာသည်။

"ဝူဝေါ် ချောင်ဖုန်း... ငါတို့က သူမကို ဓားစာခံအဖြစ် လဲလှယ်လိုက်တာပါ သူမဘဝက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး... ဒါက ဆိုးဆိုးရွားရွားတော့ မဟုတ်ဘူးလေ ဒါတင်မကသေးပါဘူး ဒီကောင်မလေးက ပြန်သွားချင်နေတာလည်း ဖြစ်နိုင်တယ်"

All Chapters