ကံဆိုးမှု
Vol. 82 Ch. 4.741
"လုံထန်းရှောက် မင်း သေသင့်ပြီ!"
ရှဲ့ယွင်ထျန်း လုံးလုံး ဒေါသထွက်သွားသည်။ အခု လုံထန်းရှောက်ရဲ့ လုပ်ရပ်တွေက သူဟာ လျှို့ဝှက်ချက်ကို ပေါက်ကြားစေသူ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားစွာ ထုတ်ဖော်လိုက်ပါပြီ။
ဒါ့ပြင် သူ့မှာ နောင်တရတာမျိုး လုံးဝ မရှိဘူးဆိုတာ သိသာပါ၏။ ဒီအပြုအမူက ပိုဆိုးလာသလို ဒီမှာရှိတဲ့လူတိုင်းကို သူ့ပြဿနာရဲ့ အလျှော့အတင်း ဖြစ်လာစေချင်နေသည်။
ဤသူသည် လုံးဝ လူမဟုတ်တော့သည်။ သူသည် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သော်လည်း သူသည် ပြီးပြည့်စုံသော လူယုတ်မာတစ်ယောက် ဖြစ်လေသည်။
"သူ့ကိုသတ်!"
ရှဲ့ယွင်ထျန်း ဟစ်အော်လိုက်သည်။ သူ နောက်ပြန် လှည့်မကြည့်ဘဲတောင် သူ့နောက်မှာ ဘာတွေဖြစ်နေလဲ သူသိပြီးသားပင်။ ဤဖရိုဖရဲ အသံများနှင့် နေရာတိုင်းတွင် မီးရောင်များ တောက်လောက်နေသည့် အသံများကို နားထောင်ရင်း သူ့နောက်ကွယ်ရှိ ကြေကွဲဖွယ်အခြေအနေကို စိတ်ကူးကြည့်နိုင်သည်။
ဒါတွေအားလုံးကို လုံထန်းရှောက်က တမင်တကာ လုပ်ခဲ့တာပဲ။
လော့ချောင်ဖုန်းဟာ ဒီလူယုတ်မာကို သတ်ချင်နေတာ ကြာပါပြီ။ ဒီအချိန်မှာတော့ သူ့ဓားကို ချက်ချင်း ဆွဲထုတ်ပြီး ဓားစွမ်းအင်များကို ပစ်လွှတ်လိုက်သည်။ ကျန့်ဝူဝေါ်၏ ဓားသည် ပို၍ပင် လျင်မြန်လေ၏။ သူသည် ဤခွေးကောင်ကို သတ်ပစ်ရန် ပြင်းထန်သော ဓားလှုပ်ရှားမှုများကို သုံးလိုက်သည်။
လုံထန်းရှောက်သည် ၎င်းတို့သုံးဦးနှင့်အတူ ကျွန်း၏ ကာကွယ်ရေး အခင်းအကျင်းဆီသို့ ပျံသန်းလာခဲ့သည်။
ဤအခင်းအကျင်း ဖွဲ့စည်းပုံသည် ပြင်ပမှ ချိုးဖျက်ရန် အလွန်ခက်ခဲသော်လည်း အတွင်းမှ ကွဲထွက်ရန်တော့ လွယ်ကူပေသည်။ အထူးသဖြင့် အခင်းအကျင်း၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် ရှဲ့ယွင်ထျန်းသည် အခင်းအကျင်း ဗဟိုချက်ကို ဂိုဏ်းချုပ်ရှစ်ဦးအား တမင်တကာ ပေးဆောင်ထားသည်။ ဒါကလည်း တစ်ဦးချင်းက ရှုံးနိမ့်ခြင်းမှ ကာကွယ်ရန်သာ ဖြစ်သည်။
အခုတော့ ဒါက လုံထန်းရှောက် လွတ်မြောက်ဖို့ သော့ချက်ဖြစ်လာပါပြီ။
သူ့ပါးစပ်ထဲက သွေးတွေ ထွက်လာပြီး ခန္ဓာကိုယ်က လှုပ်ခါသွားပေမယ့် အခင်းအကျင်း နံရံနဲ့ နီးကပ်လာခဲ့သည်။ သူသည် လက်စည်းတံဆိပ်များကို လျင်မြန်စွာ ပုံဖော်လိုက်၏။ ထိုအခါ အကာအကွယ်ရဲ့ ရောင်ဝါများက တိတ်ဆိတ်စွာ ကွယ်ပျောက်သွားပြီး အခင်းအကျင်းနံရံ တစ်ခုလုံး ကျိုးပဲ့သွားခဲ့သည်။
ကျန့်ဝူဝေါ်ကတော့ လုံထန်းရှောက် ခါးပေါ်ရှိ အိတ်ငယ်လေးကို အာရုံစူးစိုက်ထားသည်။ ၎င်းသည် ရိုးရှင်းသော ပုံစံများဖြင့် တဖျပ်ဖျပ် တောက်နေသည်။ ၎င်းက သူတို့ရခဲ့ဖူးတဲ့ ချန်ခွမ်အိတ်ပါပဲ။
ဒါက သူတို့ မျက်စိစုံမှိတ် ဖန်တီးထားတဲ့ နာမည်တစ်ခုပါပဲ။ နောက်ပိုင်းမှသာ သူတို့လည်း ဒီအိတ်က မှော်ဆန်တယ်လို့ နားလည်လာကြသည်။ ဒါပေမဲ့ အကြိမ်ပေါင်းများစွာ လေ့လာကြည့်ပြီးနောက် အလဟဿ ဖြစ်လာခဲ့၏။ နောက်တော့ လုံထန်းရှောက်က သိမ်းထားခဲ့လေသည်။
အိတ်က ဖောင်းပွနေပြီး အတွင်းဘက်က ဖုန့်ချောင်မင်သည် ပြင်ပကမ္ဘာမှ တုန်ခါမှုကို ခံစားနေရတာကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရတာ ထင်ရှားပေသည်။
ကျန့်ဝူဝေါ်၏ ဓားချက်သည် လုံထန်းရှောက်ကို မပစ်ခတ်တော့ဘဲ ချန်ခွမ်အိတ်ပေါ်သို့ ဓားစွမ်းအင်ဖြင့် ပစ်ချလိုက်သည်။ လုံထန်းရှောက်ခမျာတော့ အိတ်ပြုတ်ကျသွားတာကို လုံးဝ သတိမထားမိပေ။
အခင်းအကျင်း အပြင်ဘက်ရှိ ပင်လယ်သားရဲများသည် အစပိုင်းတွင် အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း ထိုကျွန်းထဲမှာ ပရမ်းပတာ ဖြစ်နေကြောင်း မကြာခင်မှာပဲ သတိပြုမိလိုက်ကြသည်။ အားလုံး စိတ်လှုပ်ရှားလာ၏။ မကြာမီတွင် ပင်လယ်သားရဲ အများအပြားသည် အပြင်ဘက်က အနီးတစ်ဝိုက်တွင် စုရုံးလာကာ ကျွန်းငယ်လေးဆီသို့ အပြေးအလွှား ထွက်လာကြသည်။
လုံထန်းရှောက်လည်း ကျယ်လောင်စွာ ရယ်မောရင်း ပြေးထွက်သွားသည်။
"ငါ့ရဲ့ပင်လယ်သားရဲ ညီအစ်ကိုတို့ သူတို့ကို သတ်ပစ်လိုက်တော့!"
သူက ဟောက်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်က ပင်လယ်သားရဲတွေ အပေါ်မှာ ပျံဝဲနေလိုက်သည်။ သူက ရှဲ့ယွင်ထျန်းနဲ့ တခြားသူတွေကို လှည့်ကြည့်လိုက်၏။ သူ့အနောက်မှ လှောင်အိမ်လူသား နှစ်ယောက်ကလည်း ပြေးထွက်သွားပြီး ရှဲ့ယွင်ထျန်းနဲ့ တခြားသူတွေကို လှောင်ပြောင်နေကြသည်။
"ရှုံးသွားပြီ လုံးဝကို ရှုံးသွားပြီ!"
"အပြင်က သူခိုးတွေကို နေ့ရောညပါ ထိန်းထားနိုင်ပေမယ့် အိမ်က သူခိုးတွေကိုတော့ တားဖို့ခက်တယ်နော်!"
"ဒီလိုဘဝင်မြင့်တတ်တဲ့ လူယုတ်မာ လုံထန်းရှောက်က ပင်လယ်သားရဲတစ်ကောင်ကို သူ့အဖေနေရာ ထားရတဲ့အထိ အရှက်မဲ့မယ်လို့ ဘယ်သူက ထင်မှာလဲ?"
လုံထန်းရှောက်ကတော့ ကျယ်လောင်စွာ ရယ်မောပြီးရင်း ရယ်မောနေ၏။ သူက နဂါးရေငွေ့တောင်နဲ့ ဖီးနစ်အသိုက်က တပည့်များအား ကြည့်၍ ဆိုလိုက်သည်။
"လာကြ... ဒီလူသားတွေက ငါတို့ကို လူသားတွေလို့ ဘယ်အချိန်ကများ ထည့်တွေးကြလို့လဲ? ဒါပေမဲ့ သူတို့ မှားတာတော့ မဟုတ်ပါဘူး... ငါတို့က လူသားမျိုးနွယ်တွေ မဟုတ်ဘူး နဂါးမျိုးနွယ်နဲ့ ဖီးနစ်မျိုးနွယ်တွေလေ"
လေထုထဲမှ ရုတ်တရက် အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာ၏။
"လုံထန်းရှောက် နင် ကောင်းကောင်း သေစေရပါမယ်!"
သူမ ချန်ခွမ်အိတ်ထဲမှာ ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်ဆိုတာ သိသာထင်ရှားပါ၏။
"ငါ့တပည့်တွေ အားလုံး ငါ့အမိန့်ကို နာခံကြ... ဘယ်သူမှ ကမူးရှူးထိုးလုပ်ဖို့ ခွင့်မပြုဘူး.... ငါတို့က ပင်လယ်သားရဲရဲ့ လက်ပါးစေတစ်ယောက်နဲ့ မတူတဲ့ လူသားမျိုးနွယ်တစ်ခုပဲ။ နဂါးရေငွေ့တောင်က တပည့်တွေ... မင်းတို့ရဲ့ ဂိုဏ်းချုပ် လုံထန်းရှောက်က စက်ဆုပ်ရွံရှာစရာ ကောင်းပြီး အရှက်မရှိတဲ့လူပဲ... သူက ပင်လယ်သားရဲတွေဆီ လက်နက်ချပြီး သားရဲတွေရဲ့ လက်ပါးစေဖြစ်သွားပြီ!"
"ငါ သဘောမတူခဲ့ဘူး.... ဒီသစ္စာဖောက်က ငါ့ကို မမျှော်လင့်ဘဲ တိုက်ခိုက်၊ ထောင်ချပြီး စွဲချက်တွေ အားလုံးကို ငါ့ဆီပုံချတယ်...သူက စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့လူ အရှက်မရှိတဲ့လူပဲ.... ခေတ်အဆက်ဆက်မှာ ဒီလို အရှက်မဲ့တဲ့ လူယုတ်မာမျိုး တစ်ခါမှတောင် မတွေ့ဖူးဘူး"
"လုံထန်းရှောက်က လုံထန်းရှောက်... မင်းတို့က မင်းတို့ပဲ ငါ့ဒေါသတွေကို မင်းတို့အပေါ် ပုံမချဘူးလို့ ကတိပေးတယ်... မင်းတို့လည်း ဒီလိုလူယုတ်မာရဲ့ သစ္စာဖောက်မှုကို ခံနေရတာပဲမလား? အခု မင်းတို့သာ ငါတို့နဲ့ အတူရှိနေသရွေ့ အားလုံး အတူတူ ရုန်းကန်ပြီး ဖြတ်ကျော်သွားနိုင်လိမ့်မယ်... နဂါးရေငွေ့တောင်က ငါတို့ရဲ့အဓိက ဂိုဏ်းရှစ်ခုထဲက တစ်ခုဖြစ်နေသေးတာပဲလေ.. အခုအချိန်က မင်းတို့ရဲ့ကိုယ်ပိုင် ရွေးချယ်မှုပေါ်မှာပဲ မူတည်တယ်"
ဖုန့်ချောင်မင်သည် ခဏတာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး သူမစိတ်ထဲက ဒေါသများကို ဖြေဖျောက်လိုက်သည်။ လုံထန်းရှောက်ကို လက်စားချေတာက သူ့ကို သတ်ရုံတင်မကဘဲ သူ့ဂုဏ်သိက္ခာကိုပါ ဖျက်စီးပစ်ချင်တာပါပဲ။ သူမလွတ်မြောက်ရင်တောင် ကြီးမားလှတဲ့ ဝမ့်ရှန်းကမ္ဘာမှာ ခြေကုပ်ယူဖို့ နေရာ မရှိတော့အောင် လုပ်ပစ်ချင်တာပင်။
သူမ သူ့ကို သတ်ပစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာကြီးရဲ့ မုန်းတီးမှုနဲ့ လှောင်ပြောင်မှုတွေကို ထာဝရ ခံစားစေမှာဖြစ်ပြီး ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံးကို တစ်ယောက်တည်း အရှက်ခွဲကာ ကုန်ဆုံးသွားစေမှာ ဖြစ်သည်။
လုံထန်းရှောက်ရဲ့ အမူအရာလည်း ပြောင်းသွားပြီး သူ့လက်များက သူ့ခါးကို ထိကြည့်လိုက်သည်။
ဤချန်ခွမ်အိတ်သည် အရာရာတိုင်း အတွက် ကောင်းမွန်၏။ ၎င်း၏ မှော်စွမ်းအားများသည် ပို၍ပင် မှော်ဆန် ထူးဆန်းလှသည်။ သို့သော် အားနည်းချက် တစ်ခုကတော့ ရှိလေသည်။ ၎င်းသည် ဖယ်မထားဘဲ ခါးတွင်သာ ချိတ်ဆွဲထားရမည်။ ပြုတ်ကျသွားပါက ၎င်းရဲ့စွမ်းအင်တွေ လျှော့သွားလိမ့်မည်။
သူ့ခါးတစ်ဝိုက်ရှိ အဝတ်များပေါ် ဓားစွမ်းအင်ကို ခံစားလိုက်ရချိန် ကျန့်ဝူဝေါ်က သူ့ကို လှောင်ပြောင်တော့သည်။
"ကောင်းမှုလုပ်ရင် မင်း အသက်ရှင် နေနိုင်ပါသေးတယ် ဆိုပေမယ့် မကောင်းမှု လုပ်ရင်တော့ မင်းအသက်မရှင်နိုင်တော့ဘူးနော်!"
လုံထန်းရှောက်လည်း သူ့စိတ်ထဲတွင် အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရကာ မဝေးလှသော ကျွန်းကို ဖြတ်ကူးတော့မည့် တပည့်များကို ကြည့်လိုက်သည်။
ဒီအချိန်မှာ လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
အရာအားလုံး ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း သူရုတ်တရက် သဘောပေါက်သွားခဲ့သည်။ အကြောင်းရင်းမှာ ကျန့်ဝူဝေါ်သည် ချန်ခွမ်အိတ်ကို ဓားတစ်ချက်တည်းဖြင့် ဖျက်စီး၍ ဖုန့်ချောင်မင်ကို လွှတ်ပေးလိုက်ခြင်းကြောင့် ဖြစ်ပေသည်။
"ဘာရပ်လုပ်နေတာလဲ? သတ်ပစ်တော့!"
လုံထန်းရှောက်သည် သူ့အနောက်က လှောင်အိမ်လူသား နှစ်ယောက်ဘက် လှည့်၍ အော်လိုက်သလို ပင်လယ်သားရဲ အုပ်စုတစ်စုကလည်း ကျွန်းဆီသို့ ပြေးတက်လာ၏။
အရင်က လှောင်အိမ်လူသားတို့ကို ဆန့်ကျင်ဖို့ နှလုံးစားပိတ်ပင်မှု ထိန်းချုပ်နိုင်သူ ကောင်လေးကို သူတို့ဘာသာ မောင်းထုတ်မိခဲ့တာကြောင့် အခု အချိန်မှာတော့ ကူကယ်ရာမဲ့ကုန်ပြီ။
“မြန်မြန် ပြေးကြ ပင်လယ်သားရဲတွေ လာနေကြပြီ!!”
လူတိုင်းသည် လုံး၀ ကမောက်ကမ ဖြစ်ကုန်ကြပြီး မတားဆီးနိုင်ကြတော့ချေ။
လော့ချောင်ဖုန်း၊ ကျန့်ဝူဝေါ်နှင့် တခြားသူများသည် လှောင်အိမ်လူသားများကို တွန်းလှန်ရန် အလျင်စလို ပြေးထွက်လာကြ၏။ အားလုံးကို မရှင်းပစ်နိုင်ရင်တောင် အနည်းဆုံးတော့ သူတို့၏ တပည့်များ လုံးလုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှာ မဟုတ်ကြောင်း သေချာစေသည်။
ဒီပင်လယ်သားရဲတွေရဲ့ တိုက်ခိုက်မှုကြားကနေ ဘယ်လောက် ကောင်းကောင်း ရှင်သန်နိုင်မလဲ ဆိုတာက ကိုယ့်ရဲ့ကံကောင်းခြင်း အပေါ်မှာပဲ မူတည်သွားပြီ။
အရပ်ရပ်မှ ပင်လယ်သားရဲများသည် သေခြင်းတရားကို ဂရုမစိုက်ဘဲ အသည်းအသန် တိုက်ခိုက်လာကြရာ လူသား ကျင့်ကြံသူတွေလည်း လုံးဝကို ထိတ်လန့်သွားကြ၏။ ကျန်တာတွေ အားလုံးက သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ဘာမှအဓိပ္ပာယ်မှ မရှိတော့ပေ။
သို့သော်လည်း လေထဲတွင် လှောင်အိမ်လူသားများကို ရင်ဆိုင်နေကြရသော ဂိုဏ်းခေါင်းဆောင်များကတော့ အလွန်ဝမ်းနည်းနေပုံရသည်။
ဂိုဏ်းတွင် ကျန်ခဲ့သောသူများနှင့် နှိုင်းယှဉ်ပါက ဤလူများမှာ မများသော်လည်း ၎င်းတို့အားလုံးသည် အဆင့်မြင့် ကျင့်ကြံသူများဖြစ်ပြီး ၎င်းတို့အားလုံး ဤနေရာတွင် ပျက်စီးသွားခဲ့ရသည်။
အရှေ့ဘက်က အနီရောင် နေရောင်သည် တဖြည်းဖြည်း မြင့်တက်လာပြီး ကျွန်းငယ်လေးပေါ်တွင် တောက်ပနေ၏။ ၎င်းရဲ့ အရောင်က အေးချမ်းသည့် အသွင်ကို ဆောင်သော်လည်း လူသေတွေနဲ့ ပြည့်နှက်နေတဲ့ သေမင်းရဲ့ အေးချမ်းမှုလို ဖြစ်နေရှာသည်။
ပင်လယ်ရေ မျက်နှာပြင်သည် အနီရောင် ဆိုးနေလေပြီ။ သောင်းနှင့်ချီသော ကျင့်ကြံသူများအနက် ရာဂဏန်းမျှသာ လွတ်မြောက်သွားခဲ့ကြသည်။